ဒီအကြောင်းကို ရေးဖို့ တကယ့်ကို ချီတုံချတုံ ဖြစ်ရပါတယ်။ TAG တွေကို တာဝန်တစ်ခုလိုပဲ တတ်နိုင်သလောက် မြန်မြန်ရေးပေးနေကြလေ။ ကျနော်က အိမ်စာပါရင် မနေတတ်ဘူးခင်ဗျ။ ဒီပို့စ်ကို ရေးဖို့တော့ အတော် တွန့်ဆုတ်ပါတယ်။ ရေးဖို့ မရေးဖို့ ချိန်ဆရင်း တောင်းဆိုသူကလည်း အလေးထားရတဲ့ အစ်မတစ်ယောက်မို့ ရေးပေးလိုက်ပါတယ်ခင်ဗျာ…..
ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဆူးတစ်ပင်အကြောင်းပါ။ ဆူးတစ်ပင်လုံးကို သူကိုယ်တိုင်ပဲ စိုက်ပျိုးမိခဲ့တာ။ အခုတော့ အမှတ်တရပေါ့…………………………………….
ကျောင်းစတက်တဲ့ သူငယ်တန်းမှာ သူ ဒုတိယဆု ရခဲ့တယ်။ နေကြာပန်းတံဆိပ်စောင်လေးတစ်ထည်၊ ရွှေဝါဆပ်ပြာ နှစ်တုံး၊ စက်မှု ၁ ထုတ် ကြွေ ပန်းကန် အ၀ါရောင် တစ်ချပ် ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ။ ကျောင်းအုပ်ဆရာမကြီးနာမည်က ဒေါ်သိန်းသိန်းဆွေ။ အခုအထိ အဲ့ဒီ နေကြာပန်း စောင်ကလေး ရှိသေးတယ်။
မေကပြောတယ် ဘာကြောင့် ပထမ မရသလဲတဲ့။ ငါ့သိက္ခာကျသတဲ့။ သူများလည်း ထမင်းစားတယ် နင်လည်း ထမင်းစားတယ်။ ဘာကြောင့် သူများရတဲ့ ပထမ နင်မရခဲ့သလဲ။ ဝေးပါသေးတယ် ဒါနဲ့များ ဆရာဝန်ဖြစ်ချင်သတဲ့။
ဆတ်ဆတ်ခါနာတဲ့ စိတ်နဲ့ ဆူးတစ်ပင်ကို စပျိုးခဲ့မိတာ။
နောက်တစ်နှစ်ကနေစပြီး နှစ်တိုင်းကို မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ။ သူက စကားလုံးတွေရဲ့ ထိရှမှုကို နှလုံးသားနဲ့နာကြားခဲ့တာ။ စကားလုံးတိုင်းကို အခုထက်ထိမှတ်မိနေအောင် နာကျင်ခဲ့ရတာပါ။
လေးတန်းနှစ်မှာ ဆူးပင်ပိုမိုရင့်သန်စေခဲ့တယ်။ အဲ့အကြောင်းကို ဒီမှာရေးခဲ့ဖူးပါတယ်။ ပြီးတော့ ဖေနဲ့မေက သူ့ကို ကတိတစ်ခုပေးခဲ့ဖူးတယ်။ သူက ကတိတွေပေးပြီး လုပ်မပေးခဲ့ရင်လည်း မကြိုက်တတ်ပါဘူး။ သူတို့အလိုဆန္ဒတွေကို နှစ်တိုင်းဖြည့်နိုင်ခဲ့ရင် အဲ့ဒီ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အသေအချာ ဘောင်ခတ်ပေးမတဲ့လေ။ ဒါပေမယ့် ယနေ့ထက်ထိ ယနေ့ထက်ထိ လုပ်မပေးခဲ့ကြပါဘူး။ သူ မကျေမနပ်ပြောတိုင်း အခုထိ မမေ့နိုင်သေးပဲကိုးဆိုပြီး ရယ်မောပစ်လိုက်ကြတယ်။
အထက်တန်းကျောင်းမရှိသေးတဲ့ စက်ရုံမြေမှာမို့ ကိုးတန်းကိုတော့ အထက်မင်းလှအထက်တန်းကျောင်းကို ပြောင်းခဲ့ရတယ်။ ကိုယ့်ရွာကြက်ဖ သူများရွာ ကြက်မတဲ့။ နှိမ်လိုက်ကြတာလည်း မပြောပါနဲ့တော့ဗျာ။ အစမ်းစာမေးပွဲ အမှတ်တွေ မထွက်ခင် အထိပေါ့။ အမှတ်ထွက်လာပြီးတဲ့နောက် မုန်းတီးတဲ့ မျက်လုံးတွေကို နေ့တိုင်း ရင်ဆိုင်ခဲ့ရတယ်။ အခန်းဝင်ဝင်ချင်း ဒေါင့်စွန်းမှာ ထိုင်တာမို့ လွယ်အိတ်နဲ့တစ်မျိုး စကားနဲ့တစ်သွယ် မျက်စောင်းနဲ့အမျိုးမျိုး ရန်စသွားခဲ့ကြတာ။ သူများရပ်ရွာ ကျောင်းတက်ရတာလည်း ဆူးပင်ကို ရင့်သန်စေခဲ့တာပါပဲလေ။
ကိုးတန်းစာမေးပွဲမဖြေခင် သင်္ချာဆရာမ ဒေါ်အေးအေးကျော်က သူ့ဇာတိမုံရွာမှာ ဆယ်တန်းတက်ဖို့ အိမ်ကို တိုက်တွန်းခဲ့တယ်။ ဒါနဲ့ ဆယ်တန်းကို သူ့ဇာတိမြို့မှာ တက်ခဲ့ရပြန်တယ်။ မေက အထက ၁ ထွက်မို့တစ်ကြောင်း၊ ကျောင်းအုပ်ကြီးကလည်း သူ့ကို ငယ်ကတည်းက ထိန်းကျောင်းခဲ့ဖူးတဲ့ ဦးဆန်းဖြစ်တာတစ်ကြောင်း အထက ၁မှာ ထားမယ်ပြောတယ်။ အဒေါ်အကြီးဆုံးကတော့ သူလက်ရှိအလုပ်လုပ်နေတဲ့ အထက ၃မှာပဲ ထားရမယ်တဲ့။ လက်ရှိသူငယ်ချင်းတွေနဲ့ တက်နေတဲ့ ၀ိုင်းက အထက ၂၀ိုင်း။ တော်သေးတယ် သုံးကျောင်းပဲရှိလို့။ တက်ဖြစ်ခဲ့တာ အထက ၃ပါ။
သူ့အသိုင်းအ၀ိုင်းက ဆရာမ အသိုင်းအ၀ိုင်း။ အတန်းထဲ ၀င်သမျှ ဆရာဆရာမတွေက သူ့နာမည်ကို မသိဘူး။ ဘယ်သူ့သားလေး ဘယ်သူ့တူလေး ထပါဦးဆိုပြီး စာမေးတော့တာ။ လူလည်ခေါင် အရှက်မကွဲချင်တာနဲ့ ကျက်လိုက်ရတဲ့ စာတွေ။ နေ့လည် အိမ်ပြန် ထမင်းစားရင် ပန်းကန်ရှေ့ချပြီးတော့ ကို ကျက်ခဲ့ရတာ။ ကျောင်းပြန်တက်ရင် ဖြေရဦးမှာလေ။
စာမေးပွဲကြီးနီးလာတဲ့ ဆောင်းတွင်းတစ်ခုမှာပဲ BIO ဆရာမအိမ်မှာ ပြဿနာတစ်ခုဖြစ်ခဲ့ရတယ်။ သူစာမေးပွဲဖြေဖို့ သီးသန့်ဝယ်ထားတဲ့ စာရွက်တွေကို သူငယ်ချင်းတွေက သုံးပစ်ခဲ့ကြတယ်။ စိတ်ဆိုးလွန်းမက စိတ်ဆိုးပြီး စာမေးပွဲမဖြေပဲ အိမ်ပြန်လာခဲ့တယ်။ နောက်တော့ အဲ့ဒီစာသင်ဝိုင်းက ထွက်ပစ်ခဲ့တဲ့အထိ။
နောက်တော့ နီးစပ်ရာ ဆရာတွေက ဟိုဝိုင်းလာပါ ဒီဝိုင်းလာပါခေါ်ကြပေမယ့် ၀ိုင်းခေါင်းဆောင် အတန်းသားတွေက သူ့ကိုလက်မခံကြဘူးတဲ့။ အဆိုးဆုံးဝိုင်းကဆို သူ့ကို လက်ခံရင် သူတို့ ဒီဝိုင်းက ထွက်ပါမယ်ဆိုပဲ။ သူ့အတွက် ဆူးပင်ကြီးကို အကြီးကြီး ဖြစ်စေခဲ့တာပေါ့။ သူရဲ့ စိတ်က သူ့ကို ကြည်ဖြူစွာ လက်သင့်မခံတဲ့ အရပ်ဆို တစက္ကန့်တောင် မနေချင်ခဲ့ဘူးလေ။
ပြီးတော့ အဲ့ဒီနှစ်က သူ့ကျန်းမာရေး။ မေ့ဆီက အမွေကို သူမတောင်းပဲ ရခဲ့တယ်ထင်ပါတယ်။ အိပ်ဆေးတွေနဲ့ အဲ့ဒီဆေးတွေသောက်ရင်း ဒီနှစ်ကို မုန်းတီးနေခဲ့မိတယ်။ သူ့ကိုယ့်သူ သိလို့မဖြေပါရစေနဲ့ဆိုတော့ မေက အိမ်ရဲ့စီးပွားရေးက နောက်တစ်နှစ်ကျောင်းမထားနိုင်တော့ဘူးတဲ့။ ကဲ………
ရသလောက်အမှတ်ကလေးနဲ့ နှစ်သိမ့်ခဲ့ပါတယ်။ သူ သူ့ပြိုင်ဘက်တွေကို အရှုံးမပေးချင်ဘူး ဆိုတဲ့ စိတ်နဲ့ ရန်ကုန်မြေကို ခြေချခဲ့တယ်။ နယ်မှာ မရှိသေးတဲ့ ကွန်ပြူတာသင်တန်းကို တက်ခဲ့တယ်။ မြန်မာ့ကွန်ပြူတာ စင်တာဆိုတဲ့ အရပ်မှာပါ။ ယောင်လည်လည် တောသားလေးမို့ အားလုံးကအထင်သေးကြမှာပါ။ ဒါပေမယ့် အဲ့ဒီနှစ်မှာ သူဆုရခဲ့ပါတယ်။ ရခဲ့တဲ့ ဆုက နောက်တစ်နှစ်သင်တန်းကြေးပေါ့။
သူနေတဲ့ အိမ်က သူ့ကိုပြောတယ် NCC သင်တန်းမှာ ဂုဏ်ထူးရဖို့ အတော်ခက်သတဲ့။ နင်လိုလူမျိုး ဘယ်ဖြစ်နိုင်မှာလဲ တော်တော်ကို ထူးချွန်မှ ထက်မြက်မှတဲ့။ ဆူးတွေကို ချွန်အောင်လာသွေးနေကြ ပြန်တယ်။ နောက်တစ်ခေါက် သင်တန်းမှာ ဆုထက်ရပြန်တော့ ဆူးပင်ကို ချိတ်မိပြန်ရော။ IDCS ဆိုတဲ့ ခြေလှမ်းကို စလှမ်းမိပြန်ရော။ နေတဲ့ အိမ်က ကောင်းချီးပေးပါတယ်။ အကျနာမယ်တဲ့။ အဲ့ဒီ IDCS သင်တန်းတွေ ဆုံးတဲ့အထိ ပညာသင်စရိတ်ထောက်ပံ့ကြေး သူရခဲ့တယ်။ အတန်းဆုံးအောင် တက်ဖြစ်ခဲ့ပါတယ်။
IDCS သင်တန်းတက်ပြန်တော့လည်း သင်္ချာဆရာက သင်ရိုးစာအုပ်အစား ရှေ့ batch က the whole burma တစ်ယောက်ရဲ့ စာအုပ်ကို ကိုင်တယ်။ အဲ့ဒီစာအုပ်နဲ့ မတူရင် အဖြေမှန်မဟုတ်ဘူးဆိုပဲ။ သူက လက်မခံဘူးဆိုတော့ ဆရာက ပြောတယ် အဲ့ဒီ ကောင်မလေးက ၉၃မှတ်နဲ့ လက်ရှိ အမှတ်အများဆုံးရထားတဲ့သူတဲ့။ ဒါနဲ့ လက်ခံရရောလား။ ဆူးတွေကလည်း များလှချည်လားကွယ်ရို့။ သူသိပ်ကြိုက်တဲ့ သင်္ချာကို ၉၅ မှတ်ရအောင် ဖြေပြီး ဆူးပင်ကြီးကို ဘွားခနဲပြခဲ့ဖူးတယ်။
သူနောက်ထပ်ကျောင်းတစ်ခု အပြိုင်တက်ရပြီဆိုတော့ သူ့မှာ ဆူးပင်ကြီးကို ကြည့်မနေအားတော့ပါဘူး။ ကျောင်းနှစ်ကျောင်းကြားမှာ ဆူးတွေကို မေ့နေခဲ့ပြီလေ။ နှစ်ကျောင်းလုံး အောင်ဖို့အရေးထက် ဆူးပင်ကြီးက အရာမတွင်တော့ဘူးပေါ့။
သူအခု ဆူးတွေကို မေ့ပျောက်နေခဲ့တာ ကြာလှပြီ။ ဆူးပင်ကြီးရဲ့ အရိပ်နဲ့ ဆူးတွေကို မေ့နေခဲ့ပြီလေ။ အခုတော့ ဆူးတစ်ပင်အကြောင်း အမှတ်တရပါ………..

17 comments:
အကိုကသိပ်တော်တာပဲ။ကောင်းပ။ တစ်ခါတစ်ခါကျနာကျင်စွာနဲ့ကြိုးစားရင်အောင်မြင်မှုကိုရစေတယ်။ တခါတခါကျ နာကျင်မှုလေးရှိမှအောင်မြင်လို့ အရာရာခံစားတတ်သူဖြစ်ရတာကောင်းတယ်။
တခါတခါကျပြန်တော့ ထိရှလွယ်သူဖြစ်ရတာမောလိုက်တာ။
အရာရာကိုဥပက္ခာပြုနိုင်တဲ့လူပဲဖြစ်ချင်တော့တယ်။ စိတ်နာကျင်ရတာပင်ပန်းလွန်းလို့
Thesis လုပ်နေတဲ့ မအူမလည်တစ်ယောက်ကို ဆူးပင်ကြီး စာရှင်းပြဖူးတာလည်း ဘယ်တော့မှ မမေ့ရမယ့် ကျေးဇူးတွေပါး)) အစအဆုံး ပညာသင်စရိတ် ထောက်ပံ့ကြေးရတာကို ခုမှ သိပါတယ်။ အားကျလိုက်တာ။
စာဖတ်ပြီး လွယ်အိတ်တကားကားနဲ့ ဆူးပင်တပင်ကို လှမ်းမြင်ယောင်လိုက်မိတယ်။
ဆူးတွေကြောင့် ဒီလိုဘဝမျိုးရောက်လာခဲ့တယ်ဆိုတာလဲ မမေ့ပါနဲ့..
အဲဒီဆူးတွေကြောင့် အောင်မြင် ခဲ့တာပါ..
အမရှိတဲ့ ဆူးကတော့ ..မခံချင်စိတ်ဟုတ်ဘူးးး
အမက စာကို အဲလိုမခံချင်စိတ်နဲ့ မကြိုးစားခဲ့ဘူးပေမဲ့..
အကောင်းဆုံးဖြစ်အောင်တော့ လုပ်တတ်တာပါ။
အမမှာရှိတဲ့ ဆူးက မေတ္တာငတ်နေတဲ့ဆူးးး
ဒါပေမဲ့ အမက ဆူးကိုကြိုက်တယ်..။ ဆူးဆိုတာ ကိုင်တွယ်တဲ့သူပေါ်မူတည်ပီး ဆူး ကနေစူး ဖြစ်သလို အကိုင်မတွယ်တတ်ရင် ဆူး ဖြစ်သွားစေလို့ပဲ..။ ခပ်ရှင်းရှင်း ပြောရရင် နှင်းဆီတပွင့်ရဲ့ ဆူး ကို အမ အရမ်းကြိုက်တယ်..
ဘာမှလဲဆိုင်ဘူးနော်..။ ပို့စ်နဲ့..ဆောတီးးး
ဘာလို့လဲ မသိ၊ ဆူးတခါမှ မပေါက်ဖူးဘူး။
ဆူးမလိုတဲ့ တောပန်းလေးပဲ ဖြစ်နေလို့လားမသိ...
ငယ်ငယ်က chemistry အားနည်းတယ်။ကျူရှင်မှာ ဘေးကကောင်လေးတစ်ယောက်ရဲ့အကြည့်ကိုမခံနိုင်လို့ကြိုးစားတာ ဂုဏ်ထူးထွက်သွားတယ် အခုတော့လည်းဘာဆူးမှ မရှိလိုက်တာ။ ဘယ်လိုတို့တို့မဖြုန်တော့ဘူးဖြစ်နေလို့တိုးတက်မှူ မရှီဖြစ်နေတယ်။
ဆူးက မြုံနေတာဖြစ်မယ်ဗျ :)
ရွာသားလေးက အနေအေးတယ်..ရိုးသားတယ်..ဒါပေ
မယ့် ရွာသားလေးရင်ထဲမှာ မာနဆူးလေးတွေရှိတယ်.
မာနဆိုတာ လိုအပ်တဲ့နေရာမှာတော့ ရှိသင့်တယ်လို့
အစ်မတော့ထင်တာပဲ... မလိုအပ်တဲ့နေရာမှာတော့
မထားမိအောင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရတာပေါ့လေ..
အဲဒီမာနဆူးလေးတွေရှိလို့ အတန်းတိုင်းမှာ သူများထက်သာခဲ့တာပေါ့ကွယ်.နဂိုကတည်းကစာတော်တာလည်းပါပါတယ်...း)အစ်မကတော့ ပထမနေရာကို ဘယ်တုန်းကမှ မရခဲ့တာ အမှတ်တရကြီးကို ရင်ထဲမှာ ဆူးတစ်ချောင်းစိုက်ဝင်ခဲ့မိတာလေ.း)
တကယ်တော့ ပြီးတာတွေလည်းပြီးသွားပါပြီနော်.
သူများတက်ဂ်ရေးခိုင်းလို့ ကိုယ့်ရင်ထဲကဆူးတွေ ပေါ်
ကုန်ပြီလေ.း)))အခုတော့ အသက်တွေလည်းရလာ
ကြပြီဖြစ်တော့ မာနဆိုတာ ရှိသင့်သလောက် အနည်း
ငယ်သာ ချန်ထားပြီး ကိုယ့်ရဲ့ဘ၀ကြီးကို အများအတွက်
ပေးဆပ်ခွင့်ရှိသလောက် ကံရှိသလောက် အတ္တမဲ့စွာနဲ့
ပေးဆပ်ခွင့်တွေရနိုင်စေဘို့ပဲ ဆုတောင်းမိနေပါတယ်.း)
အခုအချိန်မှာတော့ သူများတွေအတွက် ဘာမှမဖြည့်ဆည်း မပေးဆပ်လိုက်ရပါပဲ အတ္တတွေနဲ့
သေဆုံးသွားမှာကို အကြောက်ဆုံးပါပဲ..
ကျေးဇူးတင်ပါတယ်ရွာသားရေ.
ဘ၀မှာ အောင်မြင်မှုတွေ ၊ပျော်ရွှင်မှုတွေနဲ့အတူ၊အများ
ကောင်းကျိုးအတွက် မာနမပါပဲ တတ်နိုင်သလောက်
ပေးဆပ်နိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေလို့ ရင်
ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်.
မကြီးဝါ
ရင်မောလိုက်ရတာ။
ဆူးပင်ကြီး ရင်ထဲထားတော့
ယားကျိ ယားကျိ ဖြစ်မနေဘူးလား။
ရင်မောလိုက်ရတာ။
ဆူးပင်ကြီး ရင်ထဲထားတော့
ယားကျိ ယားကျိ ဖြစ်မနေဘူးလား။
ဆူး တော်တော်လေး စိတ်ပင်ပန်းခဲ့မှာပဲ
ကိုယ်ချင်းစာတယ် ကိုယ်တိုင်ဆူးတချောင်းစူးခဲ့လို့ 
ခုချိန်မှာတော့ အဲ့လိုဆူးတော့မရှိတော့ဘူးလို့ ထင်တာပဲ
ဒါပေမယ့် မမ၀ါပြောတဲ့ မာနဆူးတချောင်း စိုက်ဝင်
နေတုန်းပဲ ထုတ်ဖို့ ကြိုးစားရဦးမယ်
ဆူး တစ်ချောင်းဆိုတာ စိုက်ဝင်ခံရစဉ်ကလဲ နာကျင်ခံစား ရတာပါပဲ။
သတိတရ ရှိတိုင်းလဲ စူးခံရစဉ်က နာကျင်မှုကို အနည်းနဲ့ အများတော့ ခံစားရတတ်တာပါပဲ။
ကိုယ်ကတော့ ဆူးတွေကိုလဲ မစူးခင်သလို ကိုယ်တိုင်ကလဲ ဆူးပင်ကြီး မဖြစ်ချင်ဘူး။
စနေသား အဖြစ်နဲ့တင် ဆူးခဲ့တဲ့ စူးတွေက အများကြီး၊ နှိမ်ချခံရလို့ သိမ်ငယ်ခဲ့တဲ့ ငယ်စဉ်ဘ၀က စိတ်တွေကို ထူမတ်နေခဲ့ ရချိန်တွေ... အများကြီးမှ အများကြီး... ဆူးတွေ ဆူးတွေ.....
ဖူးတွေ တ်ုတုပြတတ်တဲ့ ရွာစားလေးး.. ကိုယ်တိုင်က ဆူးတွေ မမွေးမြူမိစေနဲ့ပေါ့ဗျာ။
အင်းးး
ခု ပိတ်ရက်မှာ ဆူးတွေ အကုန် ထုတ်နိုငခဲ့ပြီး ရည်ရွယ်ရာလမ်း... ဆိုက်မြိုက်စွာ ရောက်နိုင်ပါစေ....
မေတ္တာဖြင့်
တန်ဖိုးရှိတဲ့ ဆူးလို့ပဲ ထင်တယ်
လူဆိုတာ အတိုက်အခံရှိမှ အောင်မြင်တိုးတက်တယ်ဆိုတာ တကယ်ပဲ လက်ခံပါတယ် ..
ပြောလို့ပြောတာမဟုတ်ဘူး
ကိုရွာသားကိုကြည့်ရတာ အရာရာကို မှတ်မှတ်သားသား ထားတတ်ပုံပေါ်တယ်း)
တချိန်က ဆူးက ယူတတ်တော့လည်း ဆု ဖြစ်သွားတာပေါ့နော်
တော်လှပါရားရို့ အထုမှတိရတယ် တော်တော်တော်တယ်ဆိုတာ.....
ဖတ်ရင်း ဖတ်ရင်းနဲ့ မင်းကို လန့်လာပြီ ရွာသားရေ ........။
ကိုယ့်ဘလော့ဂ်ထဲမှာ ဘယ်လိုဆူးပင်ပျိုးမိသလဲလို့ ရေးရဲတော့မှာလဲ .......... :)
ဆူး အဖြစ်ထက် .. ဘ၀ကို တိုးတက်စေမယ့် တွန်းအားတွေလို့ တွေးရင် ပိုသက်သာမလား ..
တပြိုင်ထဲ နှစ်ကျောင်းဆိုတော့ ပင်ပန်းတာပေါ့...
အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တော့ ဆူးတွေလဲ အဆိပ်ပြယ်ရတာပေါ့...
အရာရာကိုခံစားပြီးနာကျင်လွန်းလှသူဖြစ်နေခဲ့လို့
ခံစားမှုတွေကိုမေ့ပျောက်ထားခဲ့တယ်။
နာကျင်မှုတွေပျောက်ကွယ်နေပြန်တော့..အောင်မြင်မှုတွေဝေးနေပြန်ရော.....
လမ်းတစ်ခုကိုရွေးချယ်ပြီးပြီမို့ အရှုံးကြီးနဲ့တော့မလျှောက်ချင်ဘူး။
အကို့လိုပဲဆူးပင်လေးပြန်ပေါက်ချင်လာပြန်တယ်
အောင်မြင်မှုလေးရလိုရငြားအားဆေးလေးပေါ့
ဒါကြောင့်ပြန်လာဖတ်တယ်
အားယူတယ်။တာ့တာ
Post a Comment