19 May 2009

အမှန်တရား ပျောက်ဆုံးခြင်း

ငယ်တုန်းက စိတ်အနာကြီးနာကျည်းမိတဲ့ အကြောင်းအရာပေါ့။ သေရာပါသည်အထိ စွဲမြဲနေဦးမယ့် အမုန်းတွေနဲ့ ဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး။ ပြန်တွေးတိုင်း ဒေါသထွက်မိတယ်။ လေးတန်းတုန်းကပါ။

ကျနော်တို့လေးတန်းရောက်တော့ အစိုးရစစ်မဟုတ်တော့ပါဘူး။ မြို့နယ်စစ်တော့ ကျန်နေပါသေးတယ်။ ပြီးတော့ အဲ့ဒီအချိန်မှာ ကျူရှင်ဆိုတဲ့ ပညာရေးဆိုးကျိုးတစ်ခုက ပေါ်ပေါက်ထွန်းကားနေခဲ့ပြီ။ ကျနော်တို့လေးတန်း အခန်းပိုင်ဆရာကိုယ်တိုင် ကျူရှင်သင်ပါတယ်။ ဆရာက အင်္ဂလိပ်စာနဲ့ သမိုင်းကို သင်ပြီး တစ်ခြားဆရာမ တစ်ယောက်က သချင်္ာနဲ့မြန်မာကိုသင်ပါတယ်။ ဆရာမက ကျူရှင်မပြပါဘူး။ ကျူရှင်ပြခြင်းဟာ ဝန်ထမ်းဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ စားဝတ်နေရေးမလုံလောက်မှုအတွက် လိုအပ်နေတဲ့ အရာတစ်ခုလည်း ဖြစ်နေခဲ့ပြန်တာကိုး။ ဝန်ထမ်းသားသမီးဖြစ်တဲ့ ကျနော့အနေနဲ့ နားလည်ခံစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်….

ဆရာက ကျောင်းမှာ ဒီနေ့သင်မယ့် သင်ခန်းစာကို ကျူရှင်မှာ ကြိုသင်ထားပြီးဖြစ်နေတယ်။ ကျူရှင်တက်တဲ့ ကျောင်းသူကျောင်းသားတွေက သင်ခန်းစာတွေကို မျက်စိမှိတ်ပြီးဆိုနေကြချိန်မှာ ကျန်တဲ့ ကျောင်းသူကျောင်းသားတွေက ဆရာပြောနေသမျှကို နားစိုက်ထောင်နေရတာပေါ့။ သူတို့တွေ ဟီလာတိုက်နိုင်နေပြီလေ။ အဲ့ဒီအထိ ကျနော်လက်ခံနိုင်ပါသေးတယ်။

နောက်တော့ အတန်းထဲမှာ သမိုင်းတွေ ဖြေရတဲ့ အချိန်ပေါ့။ ကျနော့အကျင့်က ဆရာပေးထားတဲ့မှတ်စုကို ၏ သည်မရွေးကျက်တတ်တယ်။ အတန်းတွင်း စာမေးပွဲဖြေရတယ်ဆိုပါတော့ဗျာ။ အမှတ်ရလာတော့ ပေးမှတ် ၉မှတ်မှာ ကျနော့အမှတ်က ၈မှတ်။ ဆရာ့ကျူရှင်တက်တဲ့ ကျနော့သူငယ်ချင်းက ၉မှတ်ရတယ်။ ဒါတော့ ကျနော်သည်းညည်းမခံနိုင်တော့ဘူး။ အမှတ်နဲ့ပတ်သတ်ရင် ကျနော်ဘယ်လိုမှမရဘူး (ငယ်ငယ်တုန်းကပါ၊ အခုဆို ဘာကိုမှ ဂရုမစိုက်တော့ဘူး)။

သူငယ်ချင်းအဖြေစာရွက်ရယ် ကျနော့အဖြေစာရွက်ရယ် တိုက်ကြည့်တယ်။ နှစ်ယောက်လုံး အမှားမရှိဘူး။ ဒါဆိုဘာအတွက်လဲ။ ကျနော်အမှတ်လျော့ခံရတာ ဘာကြောင့်လဲ။ အဖြေစာရွက်နှစ်ရွက်နဲ့ ဆရာ့စားပွဲကိုသွားခဲ့တယ်။ ဆရာ့ အနားကိုတိုးသွားတယ် ဆရာ့ကိုမေးခဲ့တယ်။ နှစ်ယောက်စလုံးအဖြေတွေ မှန်ပါလျက် ဘာကြောင့်အမှတ်တူတူမရသလဲလို့။ ဆရာက ကျနော့ကိုမော့ကြည့်တယ်။ ကျနော့ ကိုတစ်ခွန်းပြောတယ်။ ၈မှတ်နဲ့ ၉မှတ်က သိပ်မကွာပါဘူးတဲ့။ ကျနော်ဒေါသထွက်သွားသလား မသိဘူး။ ရှေ့ဆက်တိုးပြောမိတယ်။ ဒါဆို ကျနော်က ဘာဖြစ်လို့ ၉မှတ်မရတာလဲ ဆရာလို့။ ဒီမေးခွန်းကို ဆရာမျှော်လင့်မထားဘူး ထင်ပါတယ်။ ခဏတွေသွားတယ်။ နောက်တော့ ဆရာကပြောတယ် သူ့လက်ရေးကသေသပ်လို့တဲ့ တစ်မှတ်ပိုပေးတယ်တဲ့။ ကျနော်ရီမိသွားတယ်။ အခုအချိန်ဆိုရင်တော့ တစ်ဟားဟား အော်ရယ်မိကောင်းရယ်မိလိမ့်မယ်။ ဒါဆို တစ်တန်းလုံးကို မေးကြည့်မယ်လေဆရာ ဒီအဖြေစာရွက်နှစ်ခုမှာ ဘယ်တစ်ခုက လက်ရေးသေသပ်လဲဆိုတာလို့ ပြောပြီး ကျနော်ချာခနဲလှည့်ထွက်ခဲ့တယ်။ ဆက်ပြောနေလို့ အကျိုးမရှိတော့ဘူးဆိုတာ သေချာနေခဲ့ပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော့သူငယ်ချင်းလက်ရေးက တစ်ခါတစ်ခါ သူကိုယ်တိုင်တောင်ဖတ်လို့မရတတ်ဘူးလေ။

တနုံ့နုံ့ထွက်နေတဲ့ ဒေါသကိုမနည်းထိန်းခဲ့ရတယ်။ မုန်းတီးနားကျည်းမိတာလည်း မပြောပါနဲ့တော့။ ဆရာကလည်း ကျနော့ကို မမေ့တော့ဘူးဆိုတာ သေချာသွားပြီလေ။ စာမေးပွဲမှာ သေချာဖြေခဲ့တယ်။ ဒါပေမယ့် သိပ်လည်းမမျှော်လင့်တော့ဘူး။ ကျနော်တို့ အဖြေလွှာတွေကို ဆရာ့ကျူရှင်တပည့်တွေက အမှတ်ခြစ်ပေးသတဲ့။ အင်း မညီမျှမှုတွေ…..စိတ်ကိုလျှော့ထားတယ်။ ထင်တဲ့အတိုင်းပါပဲ အမှတ်တွေထွက်လာတော့ ကျနော့အမှတ်တွေ သိပ်နည်းနေခဲ့ပြီ။

ဆရာက မေနဲ့ဆုံတော့ ပြောတယ်တဲ့။ အစ်မကြီးသားက ကျနော့ကို အဲ့လို အတန်းထဲမှာ ပြန်ပြောတယ်ဆိုပြီး။ မေက ကျနော့အကြောင်းသိတော့ ရီတာပေါ့။ သူကငယ်ငယ်လေးထဲက မဟုတ်မခံဆရာရဲ့ ဆိုပြီး ရီရီမောမော ပြန်ပြောခဲ့တာပေါ့။ အိမ်ရောက်တော့မှ မေက နင့်တော့ ဒီနှစ်သွားပြီလို့ ပြန်ပြောခဲ့တယ်။ သေချာပါတယ်။

ကျနော့အဖြေလွှာတွေကို အမှတ်စစ်တဲ့သူက ကျနော့ပြိုင်ဘက်တဲ့။ အဲ့ဒီကျူရှင်တက်နေတဲ့ သူငယ်ချင်းကပဲပြန်ပြောခဲ့တာ။ ကျနော့ခုံနံပါတ်ကိုမြင်တာနဲ့ သူယူသွားတာတဲ့။

ကျနော်ဘာပြောခွင့်ရှိသလဲ။ အခန်းထဲမှာလို ပြန်ပြောခွင့်လည်းမရှိတော့။ မဟုတ်မခံပင်မယ့် ကျနော်ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။ သိနေတယ် မဟုတ်တာအလုပ်ခံရတယ်ဆိုတာကို သိနေတယ်။ ကျေလည်းလုံးဝမကျေနပ်ဘူး။ ဒါပေမယ့်….ဘယ်မှာလဲ အမှန်တရား?

အခုထိတော့ မေ့မရဘူး။ နာကျည်းတုန်းပဲ….

27 comments:

တန္ခူး said...

ရွာသားလေးက လေးတန်းကတည်းက အာဂသတ္တိပဲ…
ဒီပို့ စ်လေးဖတ်ပြီး အမငယ်ငယ် လူရည်ချွန်ဖြေတုန်းက အကြောင်း သွားသတိရတယ်…
အားကစားကို ဖြေတဲ့နေ့ ပေါ့.. လူရည်ချွန်က ဘက်စုံရမှ လူရည်ချွန်ဖြစ်တာလို့  နားလည်ထားတဲ့ ကလေးအတွေး… ချမ်းချမ်းစီးစီး မနက်တွေမှာ အိပ်ယာထဲမကွေးနိုင်ပဲ အမေနဲ့ အတူ အားကစားလေ့ကျင့်ခဲ့ရတာလေ…
အမက ငယ်ငယ်က အဆော့သန်တော့ အားကစားကို မကြောက်ဘူး… အိပ်ထမတင် ဒိုက်ထိုး အကုန်ရတယ်… ပြိုင်ဘက်ကျောင်းက ပိုက်ဆံရှိကျောင်း… ပျော့ဖတ်ဖတ်ကောင်မလေး မထိုးနိုင်ထိုးနိုင်နဲ့  ဒိုက်ထိုးတာကို ရေတွက်နေတဲ့ လူက ၁၀ ကနေ ၁၁ မဟုတ်ပဲ ၂၀ ကျော်ရေတယ်… ၂၀ကနေ ၂၁ မဟုတ်ပဲ ၂၅ ကျော်ရေတယ်… အသားတွေ တဆတ်ဆတ်တုန်အောင် မခံနိုင်ဖြစ်တယ်… အဲဒီလူကို ဘာလို့ ကျော်ရေတာလဲလို့  သွားမေးပစ်လိုက်တယ်… အဲဒီတုန်းက ကိုယ့်ပုံစံက ယောင်္ကျားလေးလိုဆိုတော့ ဒီကောင်မလေးပြိုင်ဘက်လို့  မထင်ဘူး… ဒီလူက ရူးချင်ယောင်ဆောင် ခေါင်းလေးပုတ်ပြီး ဘယ်မှာ ကျော်ရေလို့ လဲ ချာတိတ်ရဲ့တဲ့… အိမ်ရောက်တော့ အမေက အဖေ့ကို ပြောတယ်… ရိုးရိုးလေးနဲ့  လူရည်ချွန်မရဘူးတဲ့… ပိုက်ဆံအိတ်ချိုင်းကြားညှပ်လိုက်မှတဲ့… အဖေက မရရင်နေပစေတဲ့… လူရည်ချွန်တိုင်းကို ပြောတာတော့ မဟုတ်ပါဘူး… ဒါပေမယ့် အဲဒီအဖြစ်က ကိုယ်တွေ့ ပဲ… အဲဒီကစ ယုံကြည်ချက်တွေ နည်းလာတယ်ဆိုပါတော့… ဒါက ရင်ထဲက အနာထဲက တခု… နောက်ရှိသေးတယ်…အမှန်တရားဆိုတာ စမ်းတ၀ါးဝါးရှိတုန်းပါ ရွာသားလေးရယ်…

ကောင်းကင်ပြာ said...

ကိုက မှန်နေပေမဲ့ ခံရတဲ့ အကြောင်းလေးတွေ ကိုယ်စီ ရှိလိမ့်မယ်လို့ အမ ထင်ပါတယ်၊ တော်တော် သတ္တိကောင်းတဲ့ ရွာသားပေါ့:)

Maung Myo said...

အမှန်တရားလား သူမီးဖိုးချောင်ထဲမှာ ပုန်းနေတယ် ။

မဆုမွန် said...

ဆရာတိုင်းကို သင်ဆရာ မြင်ဆရာ ကြားဆရာတွေကို အာစိယဂိုဏ်းဝင်တွေအဖြစ် ထားပေမယ့် ငယ်ငယ်က မှတ်ထားတဲ့ အဖြစ်တွေ ရွာသားလေးလို အများကြီးရှိဖူးတယ်...
ငယ်ငယ်က ဆီးစေ့ကို ဒူးအောက်ထားပြီး လေယာဉ်ပျံစီးခိုင်းတာ ထိုင်ထ အကြာကြီးလုပ်ခိုင်းတာ နားရွက်ဆွဲပြီး ခြေတောင့်အောင် မတ်တပ်ရပ်ခိုင်းတာ အပေါ့သွားချင်လို့ ခွင့်တောင်းတာ ပေးမထွက်လို့ ခံရခက်တဲ့ ဝေဒနာနဲ့ ဒီအတိုင်း ကြိတ်မှိတ်နေရတာ..
ပိုက်ဆံတောင်းတာ ပါမလာလို့ မတ်တတ်ရပ်ရတာ အမိုက်ထွက်ကောက်ရတာ စာမရလို့ တစ်တန်းဝင် တစ်တန်းထွက် လူကို နားရွတ်ဆွဲပြီး လိုက်ပြခိုင်းတာ.နောက် အိမ်နဲ့အဆင်မပြေတိုင်း ကျောင်းသားကို မဲရိုက်တာ ကျူရှင်မတက်နိုင်တဲ့သူကို အမှတ်ကောင်းကောင်းမပေးတာ...အများကြီးပဲ

ဆရာမတစ်ယောက်ရေးဘူးတဲ့ အကျင့်ပျက်ကျောင်းသားတွေအကြောင်း ပို့စ်ဖတ်ပြီး ကတည်းက ကင်ပေတိုင်ထက် ရက်စက်တဲ့ ဆရာတွေအကြောင်း ရေးချင်နေတဲ့ အကြောင်းအရာတွေပါ

Phyo Evergreen said...

ကျုပ်တို့များတော့ ဒါမျိုးတွေ ရိုးဟိုးဟိုးဟိုးနေပြီ...
စိတ်ထဲမထားနဲ့ အကုသိုလ်များတယ်..

မဆုမွန် said...

နောက် ကျောင်းသားတွေ စကားများရင် မှတ် ခိုင်း ပြန်ရိုက် သူတို့အချင်းချင်း အတင်းချချင်ရင် ကျောင်းသားတွေကို အတင်းအဓမ္မ ခေါင်းငုံ့အိပ်ခိုင်း ခေါင်းမော့ရင် မော်နီတာကို မှတ် ခိုင်း စကားပြောရင် ကြိမ်စာကြွေး.. ပြန်တွေးရင် စိတ်နာတယ်

Phyo Evergreen said...

မေ့လို့ပြောအုံးမယ်.. အမှတ်ပြည့်ရရင် ... ကျောင်းသားအချင်းချင်းအမှားပြန်ရှာခိုင်းတာရှိသေးတယ်..။ လေးငါးယောက်ဝိုင်းရှာတော့ တစ်ခုလောက်တော့ တွေ့တာဘဲ.. ရှာမယ့်ရှာ တစ်တန်းလုံးပြန်စစ်ခိုင်းပါလား.. ဟီးဒီမှာလာပေါက်ကွဲနေတယ်.. သြော်..စိတ်ကိုထိန်းမှလေ.. =D

yehtutnaung said...

အမှန်တရားတွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ ?? အရင်းစစ်တော့ ခေါင်းမှာ ချာချာတော့ မလည်ပါဘူး..။ စနစ်ရဲ့  ဒဏ်ပါပဲဗျာ။ စား ၀တ် နေရေးမှ ကောင်းစွာ မပြေလည်တော့ အကြံအဖန်တွေ လုပ်ရတယ်..။ အကြံအဖန်တွေ လုပ်ရင်းနဲ့ သိက္ခာတွေ ငွေနဲ့ လဲ။ ကြာတော့လဲ ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့ ဘ၀တွေ ရောက်ကုန်ကြတာပါပဲဗျာ။ လူတိုင်း ဒီလို မဖြစ်တာပဲ ကံကောင်းတဲ့ ဆုလာဘ်လို့  ယူဆရမှာပါပဲဗျာ။

WWKM said...

အိုးးး ဒီလိုမျိုးတွေရှိတယ်လား... အစ်မတော့ အခုမှသိ
တယ်ရွာသားလေးရေ... စိတ်နာစရာကြီးပေါ့နော်...
ကိုယ်ချင်းစာမိပါတယ်.... ရွာသားလေးက အာဂသတ္ထိ
ပဲ...တော်တယ်...
အစ်မတို့ငယ်ငယ်တုန်းကတော့ .. အစ်မမေမေက ၃ တန်းမှာ အတန်းပိုင်လေ... မောင်လေးက ၃ တန်း။အစ်
မမောင်လေးက စာသိတ်မကြိုးစားချင်တော့ ၃ တန်းမှာ
မောင်လေးကို စာမေးပွဲ ချပစ်ခဲ့တယ်....း)

ဂရေစ့် said...

အဲဒီလောက်စိတ်ကြီးရလားကိုရွာသားရယ်။
နာကျည်းစိတ်၊ မုန်းတီးစိတ်က တခါတလေ လူကိုနာကျင်စေတယ်။ ဒီနေ့ကိုရွာသားရယ်လို့ဖြစ်တည်လာရတာ ၄တန်းတုန်းကဆရာရဲ့တွန်းအားတွေကလဲမြူတမှုံဖြစ်ဖြစ်တော့ပါနေပါလိမ့်မယ်။ အဆိုးထဲကအကောင်းတွေးပြီးစိတ်ဖြေလိုက်နော်။ ဘာဖြစ်လို့လဲဆိုတော့သူကဆရာဖြစ်နေလို့လေ။

ဝေလေး said...

အင်းး.....
အဲဒီလိုအမှတ်တရတွေရှိခဲ့ဖူးပါတယ်။ နာကျည်းခဲ့ဖူးတယ်။ ဆရာမရယ်လို့ လေးစားလို့မရအောင်ကို ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက အဖေပြောဖူးတဲ့စကား.....
သမီးရယ်.... သူက ဆရာမလေတဲ့။ ဘာပဲဖြစ်နေနေ ဆရာဟာ ဆရာပဲတဲ့။
ဟုတ်တယ်။ အမှန်တရားတွေက အဲဒီစကားလုံးအောက်မှာ ပုန်းနေကြတယ်။ နောက်ထပ်လည်းရှိဦးမှာပါ။ ဘယ်မှာလဲ အမှန်တရားလို့ ရေရွတ်မိတဲ့အခါတွေ.....

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီးတော့ စိတ်ထဲမှာ ခံစားချက်ကြီးတစ်ခုပဲ ကျန်တယ်... “မကျေနပ်ဘူး!!!”

kay said...

ရွာသားလေးရေ- အားလုံးရှိ ခဲ့ဘူးကြတဲ့.. ကျောင်း နဲ့ ဆရာ..တပည့် အဖြစ်လေးတွေပါပဲ။ အခု - ၉ မှတ် ပေးရင်ကော ယူအုံးမလား။း)

Unknown said...

ရွာသားလေးရေ..
အမှန်တရားဆိုတာကတော့ နေရာတိုင်းမှာ မရှိတတ်ပါဘူး..ဒါပေမဲ့  မီးခဲကိုင်တဲ့ လူက အပူရှိန်ကို ပိုသိတာပေါ့နော်..ဘေးလူက မီးခဲပူတာပဲသိမယ်.. အပူရှိန်ကို ကာယကံရှင်လောက်သိမှာ မဟုတ်ဘူးပေါ့..။
ကျမကတော့ မရင့်ကျက်သေးတာလား၊ မဟုတ်မခံတာလား မသိဘူး..အဲဒီလို စိတ်ဓာတ်နဲ့ လူတွေကို အပေါင်းအသင်း မလုပ်ဘူး..။

Moe Cho Thinn said...

အခုတော့ ၉မှတ်ထက် ဆိုးတာ ကြုံနေရပါပေါ့။

မမှန်တာ မတရားတာကို မတရားကြောင်း၊ မဟုတ်ကြောင်း ပြန်ပြောတယ်၊ မခံဘူးဆိုကတည်းက ရွာသားက မဆိုးဘူး။ တော်တာပေါ့။
အမလဲ လူဖြစ်ပြီးမှတော့ မတရားလုပ်တာ ခံလဲခံရသေး၊ ပြန်လဲ မပြောရဲ ဆိုရင်တော့ လူညွန့်တုံးတယ်လို့ ကိုယ့်ကိုယ်ထင်လို့ ဒီလိုကိစ္စမျိုးတွေမှာ ဘယ်တော့မှ မခံဘူး။
နောက်ပြီး အဲဒီလို မတရားလုပ်သူသာ ရှက်စရာလို့ အောက်မေ့တယ်။

Unknown said...

ရွာသားလေးရေ..
အတိတ်ကို သလိပ်လို ထွေးပစ်လိုက်.. ပစ္စုပ္ပန်မှာ ဆက် ခံစားမနေနဲ့ တော့.. မမေ့တာ ကောင်းတယ်..နာကျင်တာ မကောင်းဘူး..ကိုယ်အရှုံးပဲ.. :P

ဖိုးသင်္ကြန် said...

ကျွန်တော်လည်း ခံဖူးတယ်။
ပြောရရင် ပညာရေးမှ မဟုတ်ပါဘူးလေ။
အားလုံးနီးနီးမှာ ဒါမျိုးတွေရှိတက်တာပါပဲ။
အရေးကြီးတာက ကိုယ့်ဖာသာပြန်ပေးတဲ့ အမှတ်ပဲလို့ ကျွန်တော်တော့ထင်တာပဲ။

Dr. Yi Yi Win said...

No pain, no gain! ပဲမောင်လေး။ နာကျင်ခဲ့ရပါရက်နဲ့ ဘာမှလက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင်..ဘာမှအောင်မြင်ခဲ့ရတာမျိုးမရှိရင်တော့....ဘာဆက်ပြောရပါ့..

khin oo may said...

စိတ်ကြီးတယ်ဆိုတာရယ် လက်ရေးလှတယ်ဆိုတာရယ်။။ အမှတ်သည်းခြေကြီးတတ်တယ်ဆိုတာရယ်ကို မှတ်သွားတယ်။

မေငြိမ်း said...

အမကကျတော့ စိတ်ပုတ်လို့လားမသိဘူး။ အဲလို မှားတဲ့သူတွေကိုဆိုရင် မမေ့တမ်း နာမည်နဲ့ တကွ မှတ်ထားပြီး လူတကာကို ပြောပြတာပဲ..။ အမှန်အတိုင်းပြောရရင်းသူတို့အမှားအတွက် အပြစ်ပေးတာ။ သူတို့ကို ဘယ်တော့မှလည်း မမေ့တော့ဘူး.. ဆရာရောဘာရော.. သိပ်တော့ မချန်ဘူး..:(

Talkii said...

မင်းခိုက်စိုးစန်ရေးတာလား မသိဘူး။ လူတော်လူကောင်းဆိုတာလေ။ ဆရာကိုလည်း ရိုသေလေးစားပါတဲ့ လူကောင်းတစ်ယောက်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လူတော်ဖြစ်ချင်ရင်တော့ ကိုယ်တိုင်ကြိုးစားမှပဲရမယ်တဲ့။ ပြောချင်တာက ဆရာဟာ ဆရာပဲ ဆိုတာကို တွေ့လိုက်လို့ပါ။ ကျွန်တော်ကတော့ ဆရာလည်း ဆရာ့တာဝန် ကျောင်းသားလည်း ကျောင်းသားတာဝန် အားလုံး ကိုယ့်လုပ်ရမယ့်အလုပ် တာဝန်ကျေသင့်တယ်လို့ ထင်တယ်။ ကျောင်းသား တာဝန်မကျေရင်တော့ စာမေးပွဲကျမယ် ဆရာတာဝန်မကျေရင်တော့ ... ။

မိုးခါး said...

အကုန်လုံးလဲ ပေါက်ကွဲကုန်ပါရောလား ..း)
ကိုယ့်တာဝန်တော့ ကိုယ်ကျေသင့်တယ်ထင်တာပဲ .. ကြားမိပါတယ် .. ဒီလိုအဖြစ်မျိုးတွေ .. ကိုယ်တိုင်တော့ မှတ်မှတ်ရရအဖြစ် မရှိခဲ့ဘူးပါဘူး .. ဆရာ ခေါင်းစဉ်နဲ့ ဆရာ့တာဝန်မကျေသူတွေကို ဆရာလို့ သတ်မှတ်သင့်လားတော့လည်း မပြောတတ်ပါဘူး .. ပြုသူအသစ် ဖြစ်သူအဟောင်းလို့ပဲ မှတ်လိုက်ပါတယ် ..

ဂျူနို said...

၉မှတ်နဲ့ ၈မှတ် တစ်မှတ်ထဲကွာလဲ မတရားတာပဲ။


ဆရာဆရာမဆိုတာနဲ့  သိတ်မြင့်မြတ်တယ်လို့ ထင်ထားတာက မှားတာ ထင်တာပဲ။

သူတို့ လည်း လူတွေပဲမို့ လူတွေမှာ ရှိတတ်တဲ့ အကျင့်စရိုက်တွေ ရှိကြမှာပဲလေ။

ဒါ့ကြောင့် ကောင်းတဲ့လူ ရှိသလို ကောင်းတဲ့ ဆရာဆရာမလည်းရှိတာပေါ့။

Talkii said...

မဆက်တော့ဘူးလို့ စိတ်ကူးထားတာပဲ။ ဒါပေမယ့် သူငယ်ချင်းပြောတာလေး ပြန်ပေါ်လာလို့။ ကျောင်းသားမှားတော့ ဗျောတီး ဆရာမှားတော့ sorry တဲ့။ :D

ကြည်ဖြူပိုင် said...

အဲဒိတော့ ကိုရွာသားကို သူတို့လေးတန်းမှာ ဘာလုပ်ပစ်လဲဟင်။ အမှတ်လျှော့လား။ ဘာလုပ်လိုက်ကြလဲဟင်။ ပြောပြပါဦး

Unknown said...

သိပ်ကို စိတ်ကြီးလွန်း အမှတ်သည်းခြေကြီးလွန်းတာပဲ ကိုးကွဲ့ 
ဖြစ်တတ်တဲ့ သဘာဝလေးတွေပဲ
အဲ့ဒီ့အချိန်တုန်းက သိပ်ကို စိတ်ပင်ပန်းဆင်းရဲ ခဲ့မှာပဲနော် (ကိုယ်ချင်းစာပေးပါတယ်)
တခါတလေ သိပ်မှတ်ဉာဏ်ကောင်းလွန်းတာ မကောင်းဘူးလားလို့ 
တို့ တုန်းက ကြုံခဲ့ဖူးပေမယ့် အတိတ်ကို မေ့ပစ်ဖို့  ကြိုးစားရင် မေ့ကိုသွားရော (ခုထိစိတ်ထဲ ထည့်ထားရင် ကိုယ်ပိုရှုံးသွားမှာပဲလို့  ခံယူရင်း မေ့ပစ်လိုက်တာပဲ)
ကိုယ် မချစ် မနှစ်သက်သူ အမြင်မကြည်တဲ့သူ တယောက်ကို ငယ်၂ကနေ ခုထိ စိတ်ထဲ ထည့်ထားတာ သိပ်ကို ပင်ပန်းတာပဲ ပြီးတော့ တခြားကောင်းတာ လေးတွေ ထည့်ဖို့  နေရာလွတ်မရှိသလို ဖြစ်နေမှာပေါ့ မလိုအပ်တဲ့ အမှိုက်လေးတွေကို တဖြည်း၂ချင်း ရှင်းထုတ်မှ စိတ်အခန်းလေးက ပိုပြီး ကြည်လင်သန့် သွားမယ်လို့ ထင်တာပဲလေ
အမှန်တရားက မပျောက်ဆုံးပါဘူး
ခု ကိုယ်တိုင် အမှန်တရား ရှာဖွေဖို့ ပိုလွယ်အောင် စိတ်လေးကို ရှင်းအောင်ထား
(စကားမစပ် တို့ ဖြစ်ခဲ့တာတွေက သူ့ လို ၁ ခုတောင်မကဘူး သက်စေ့လောက်ကြုံဖူးတယ်)

ဇွန်မိုးစက် said...

တို့လည်း ရှစ်တန်းတုန်းက အဲလိုအဖြစ်မျိုး ခပ်ဆင်ဆင်ကြုံဖူးတယ်။ သမိုင်းဘာသာမှာ အကုန်မှန်ပါရက်နဲ့ သတ်မှတ်ထားတဲ့အမှတ်ပြည့်မရဘဲ(တစ်မှတ်လို) ကွက်လပ်တစ်ခုမှားတဲ့ ကိုယ့်အတန်းဖော်က အမှတ်ပြည့်ရနေထားတယ်။ ဆရာမကိုသွားမေးတော့ ကိုယ့်လက်ရေးက သူ့လောက်မလှလို့ တမင်တစ်မှတ်လျှော့ထားတာတဲ့။ တို့လည်းတော်တော်စိတ်မျက်သွားပေမယ့် ဘာမှတော့ပြန်မပြောဖြစ်လိုက်ဘူး။ ဒါပေမယ့် အဲဒီ့အကျိုးဆက်က ကိုယ့်လက်ရေးလှအောင် ပြန်ကျင့်ဖို့တွန်းအားပေခဲ့တယ်။ ဆရာမကိုလည်း စိတ်မဆိုးတော့ဘူး။ ရွာသားလည်းစိတ်ထဲမှာ မထားနဲ့တော့လေ။ မိဘဘယ်လောက်ဆိုးဆိုး မိဘ၊ ဆရာဘယ်လောက်ပီပီ မပီပီ ဆရာပါပဲလေ။