21 August 2009

ချစ်ခြင်းမှ အပ

ပန်းနှင်းဆီရေ….

ကျနော့ရဲ့ ၀န်ခံခြင်းတွေပါ။ ရေတွက်လို့ မရနိုင်တဲ့ အကောင်အထည်ရယ် မရှိလေတဲ့ ဒီချစ်ခြင်းဆိုတာကို ကျနော် သက်ဝင်ယုံကြည်ခဲ့မိပြီ။ ဒီအငွေ့နဲ့မူးမေ့စေခဲ့တာလေ။ ဒီအတွေ့နဲ့ ရူးစေခဲ့တာတွေ။ အဲ့ဒီနေ့ကမှ ချစ်ခြင်းတွေနဲ့ တွေ့ကြုံခဲ့ရတာပါ။ မယုံဘူးလို့ ဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲနော်။




ပန်းနှင်းဆီရေ

ချစ်တတ်လာတဲ့နောက် ဖောက်ပြန်ခြင်းဆိုတဲ့ စကားလုံးကို ကြောက်ရွံ့လာခဲ့မိတယ်။ ချုပ်ချယ်ခြင်းမမြည်တဲ့ ချစ်ခြင်းတွေဖြစ်စေဖို့ ရည်ရွယ်ရင်း။ ဒါပေမယ့်လေ စက္ကန့်တစ်ချက်တစ်ချက်မှာတင် ပန်းအနားကပ်တဲ့လေကို ငြိုငြင်မိတယ်။ ဖြစ်နိုင်ရင် ထွက်သက်တိုင်းမှာ ကပ်လျက်ပါလို့ ဒီအပါးမှာပဲ အမြဲနေချင်မိတယ်။


ပန်းနှင်းဆီရေ

လေတိုးတာကို တစ်မျိုးထင်မိတယ်။ လေတိုက်လို့ ပွင့်ဖတ်တွေလှုပ်ရင် ပျော်ရွှင်နေသလား မေးချင်မိတယ်။ မရဲတရဲ လေတိုက်ရာ မပါစေကြောင်း လက်နှစ်ဖက်နဲ့ ကာကွယ်ပေမယ့် အရပ်ရယ် ရှစ်မျက်နှာမို့ မလုံခြုံစိတ်နဲ့ မချင့်မရဲ။


ပန်းနှင်းဆီရေ

ပင်ခြေရင်းကိုလည်း မကြည့်ချင်။ ပင်မြင့်ထက်ကိုလည်း မမော့ရဲ။ ရွက်စိမ်းစိမ်းတွေကိုတောင် သူတစ်စိမ်းရယ် စွပ်စွဲချင်လာတယ်။ စိတ္တဇဆန်တယ်ပြောချင်ပြောပါ တကယ့်ကို အရူးမီးဝိုင်း ဖြစ်နေခဲ့တာ။ သနားမငဲ့လို့ ထားခဲ့ရက်တယ်ဆိုပေမယ့် မဝေးရဲတဲ့သူဖြစ်နေပြန်တယ်။ အတွေးနဲ့တင် စိုးထိတ်လို့ တိုးတိုးတိတ်တိတ် ကြိုတင်ကြေကွဲဖူးတယ်လေ။


ပန်းနှင်းဆီရေ

ရက်သတ္တပတ်တွေမှာ တွေ့ရမယ့်ရက်ကို လက်ချိုးရေရင်း မျှော်လိုက်ရတာ။ အခွင့်မသာတဲ့ လမိုက်ညတွေကလည်းများ၊ ကံတရားအလှည့် ဆိုတာကလည်း ယုံတမ်းစကားလိုပါပဲလေ။ ဟင့်အင်းလို့ သူငြင်းရင် ရင်တွင်းမှာ မြှားအစင်းတစ်ရာ။ မရေရာလို့ သူဆိုရင် နေတစ်ရာပင် ပူသလိုထင်မိတယ်။


ပန်းနှင်းဆီရေ

သူတစ်ကာလို မူယာတွေလည်း မပိုတတ်ပါဘူး။ အချိုသတ်ပြီး အပျော့ဆွဲနဲ့ ချော့ပွဲတွေလည်း မခင်းတတ်။ ဥစ္စာရယ် ပစ္စည်းလည်း မရှိ။ ဆန္ဒရယ် ပြည့်စေတော့လို့ ဖြည့်နိုင်စွမ်းလည်း မရှိ။ ကျနော်ပိုင်ဆိုင်တဲ့ ချစ်ခြင်းဆိုတာ ကလွဲရင် ကျနော့မှာ အခြားမရှိတော့တာမို့ပါ……….

31 comments:

purplemay said...

ပုံလေးတွေအရမ်းလှလို့ အကြာကြီးကြည့်သွားပါတယ်။
second last ပုံလေးရိုက်ထားပုံကိုအကြိုက်ဆုံးပဲ...:)

WWKM said...

:D
ရွာထဲကို ဂျပန်ဝင်သွားတယ် ကောင်ကလေး။
တွေ့တဲ့နေရာ အကုန်ရိုက်တာ ၀ါသနာပါတယ်ထင်ပါရဲ့.
(ဓါတ်ပုံ)း))

Anonymous said...

လှပါတယ်ဆိုနေမှ၊ ဒီထက်ပိုလှချင်နေသလိုပဲ။
အတော်ရေးနိုင်တယ်၊ စောင့်ပါအုံး။
စာအဖွဲ့တွေကို အရမ်းစုနိုင်တာပဲနော်။ အလင်္ကာတွေနဲ့ ဖွဲ့တယ်။
အပေါ်ဆုံးက နှစ်ပွင့်ခူးသွားတယ်။
ဒီမှာ ပန်းတစ်ပွင့်ကို ဘယ်လိုဖန်ဆင်းရမလဲ စိတ်ကူးနေတုန်း။ အလှဆုံးပန်းတစ်ပွင့်ဖြစ်ဖို့ရယ်လေ။

SongChanMoe said...

ကိုရွာသားရေ..
ရေးပီးကြောင်း သတင်းပို့စ်
စံပယ်ပန်းလေးကိုလဲ ရိုက်ပေးပါအုံးဗျာ
:)

မင်္ဂလာပါ .... said...

စာကျက်ရင်း အိပ်ငိုက်လာလို့ လာလည်တာ...နှင်းဆီတွေမြင်လိုက်တာ မျက်လုံးကျိန်းသွားတာပဲ...။
နှင်းဆီပန်း လုံးဝမကြိုက်တက်တာတောင် ဒုတိယမြောက် အပွင့်လေးတော့ လိုချင်သွားတယ်...။
ပိုင်ရှင်အသိပေးပြီး ယူသွားပါတယ်...။
အရေးအသားလေးတွေကတော့ မဟူရာ (လွိုင်ကော်)ကတောင် ဖျားသွားလောက်တယ် ... အရမ်းဂွတ်တယ်။

စကားမစပ် တစ်ခါတစ်လေလာလည်ဖော်ရတာ ကျေးဇူးပါလို့ ( ခနဲ့တာ ) ;)

ခင်မင်လေးစားလျှက်
နှင်းဟေမာ

ကောင်းကင်ပြာ said...

နှင်းဆီတွေ ကြည့်ပြီး ပိတောက်တခက် ပေးသူကို လာရှာပါတယ်၊ လာခဲ့ပါဦး ၊ ကူရှာပေးဖို့း)

tg.nwai said...

နှင်းဆီချစ်သူ ထင်ပါရဲ့ ကိုရွာသားရေ..ပန်းလေးတွေက လှသလို စာသားလေးတွေကလည်း လှ လှချည့်လား.. ကြွေကုန်တော့မှာပဲ.. ပန်းကလေးတွေတော့...:)

ThuHninSee said...

ဘယ်သူ့နှင်းဆီဖြစ်ဖြစ် အကုန်ယူမယ်ဟေ့။

ပန်းခရမ်းပြာ said...

နှင်းဆီပုံလေးတွေ အရမ်းလှတယ်။
အပေါ်ဆုံးက ပုံကို အကြိုက်ဆုံးပဲ။

ညီလင်းသစ် said...

ပန်းအနားကပ်တဲ့ လေကိုတောင် ငြိုငြင်မိတယ်တဲ့လား၊
ဖွဲ့ချက်ကတော့ နွဲ့လျက်ပဲဗျို့.... :D

အပေါ်ဆုံးပုံကို အကြိုက်ဆုံးပဲ၊ Sharpness, bokeh, frame အကုန်ကောင်းတယ်၊ နှင်းဆီရဲ့ မျက်နှာမူရာ ဖက်မှာ space လေးချန်ထားပေးတာဟာ အဲဒီနှင်းဆီကို ပိုပြီး အသက်ဝင်သွားစေတယ်၊ သူ့ရဲ့အလှ၊ သူ့ရဲ့ လွတ်လပ်မှု၊ သူ့ရဲ့ ပွင့်လန်းဝေဆာမှု... ဒါတွေအားလုံး ကိုအဲဒီ space လေးက ဖြည်ချ ခင်းကျင်းပေးလိုက်တာ ပါပဲ၊ Excellent....!

yangonthar said...

ကိုရွာသားရေ ... အကြွေးဆပ်ပြီးပါကြောင်း။
ကျေးဇူးတင်ပါတယ်ဗျာ ..... နှင်းဆီပန်းတွေ
လည်း လှတယ် ဓါတ်ပုံရိုက်သူရဲ့ အယူအဆတွေ
လည်း ကောင်းတယ် စာသားတွေတော့
ပြောစရာမလိုတော့ဘူးထင်ပါတယ် ... အမြဲကောင်းနေလို့ ဗျာ.....

ပျော်ရွှင်ပါစေ
:D ရန်ကုန်သား

ကိုလူထွေး said...

နှင်းဆီတွေကို အပိုင်စားရထားတဲ့ ကိုရွာသားရေ...
ရေးပြီးပါကြောင်း...

းဝ)

မျှော်လင့်ခြင်း said...

နှင်းဆီမနမ်း လွမ်းမြဲလွမ်းလျှက်
ငါ့လမ်းငါသာ လျှောက်တော့မည်။

Unknown said...

ချစ်ခြင်းတွေအပြည့်နဲ့  ပန်းနှင်းဆီကို စိတ်ကူးယဉ်ပြီး နုလှတဲ့အရေးအသားနဲ့  မောင်ရွာသား ဖွဲ့ ဆိုထားပုံလေးမှာ နှစ်မြောသွားပါရောလား ပန်းနှင်းဆီလေးတွေကလည်း တမျိုးအားဖြည့်ထားလို့  စိတ်ကြည်နူးမိတယ် (ကျနော်ပိုင်ဆိုင်တဲ့ ချစ်ခြင်းတွေနဲ့  ပန်းနှင်းဆီလေးကို ပိုင်ဆိုင်နိုင်ပါစေနော်)

Htoo Aung Lwin said...

ဟွန်းနော်
သူများကို အားကျအောင် လာလာလုပ်နေတယ်။
ကိုက်စားလိုက်တော့မယ်

တောင်ပေါ်သား said...

နှင်းဆီလေးတွေ လှတယ်ဗျာ...း) ပန်းနှင်းဆီထဲက ထွက်သေးဘူးလား ငါ့အကို

လေးစားလျက်
တောင်ပေါ်သား

Vista said...

YTU ကမိုလို့ ပဲမြန်မာစာမေဂျာဆိုလို.ကတော့ဟွန်းဟွန်း

ATN said...

သည် ရွာသားလည်း လင်းဒီပလို ရင်ဘတ်ထဲမှာ နှင်းခင်းကြီး ဖြန့်ထားတယ်ထင်ပါ့... နှင်းဆီတွေ အတော် ဓါတ်ကျနေပုံရတယ်...
ဒါမယ့် နှင်းဆီဖြူကတော့ မရဘူးနော်... ကော်ပီရိုက် လုပ်ထားတယ်...း)

သက်ဝေ said...

နှင်းဆီတွေနဲ့အတူ ချမ်းမြေ့ပါစေ...

မြစ်ကျိုးအင်း said...

မခင်နှင်းဆီ ဆိုတဲ့သီချင်းလေးတောင် သတိရမိသေး။

မမသီရိ said...

နှင်းဆီ ပုံလေးတွေ လှလိုက်တာ မောင်လေးရေ
ဒါနဲ့ ဆူးတွေ ပါတဲ့ နှင်းဆီ တပွင့်လောက်များ ရမလား
မမ ဆီမှာ ကဗျာ တပုဒ်ရှိနေတယ်
အဲဒီထဲ ထည့် သုးံ ချင်လို့ ပါ

ရွှေပြည်သူ (ShwePyiThu) said...

စာပိုဒ်တိုင်းကို ကြိုက်မိတယ် အစ်ကိုရွာသား။ ပျော်ပျော်ကြီး ချောင်းဆိုးသွားပါတယ်... အဟွတ် အဟွတ် အဟွတ်...း))

မေဇင် said...

စာရေးကောင်းတဲ့ ကိုရွာသား.......... ချစ်တတ်လာတဲ့ နောက် ဆိုတဲ့ အပိုဒ်လေး ကိုတော်တော်နှစ်သက်မိတယ်... စာပိုဒ်တိုင်းလဲ ဖတ်လို့ ကောင်းတယ်..။

မေငြိမ်း said...

အလို.. တယ်နုနယ်ခံစားနေပါ့လား.. ငါ့မောင်... :)

မောင်ဖားကြီး said...

ရိုစီ အစ်ကို့ကို ကြင်နာနေတာ မဖြစ်နိုင်ဘူး... ဆူးသွားများစွာ နစ်မြုပ်နေပြီ... :)

မိုးခါး said...

ချစ်တတ်ပုံများနော်
လေတိုးတာတောင် ရန်လိုက်ရှာတယ် :P

ချစ်ပန်းနှင်းဆီတော့ ပွင့်လွှာတွေ တရွက်ချင်းကို ကြွေကျလာတော့မှာပဲ ..း))

ကြည်ဖြူပိုင် said...

၁ ကြိုက်တယ်...၂..၃...၄...၅.
.အဲဒိ ၅ ခုမြောက်ပုံလေး အကြိုက်ဆုံး...လိမ္မော်လေး

ကြည်ဖြူပိုင် said...

2 ပုံမြောက်လေးလဲလှတာပဲ...၄ ခုမြောက်နဲ့ ၆ ခုမြောက်ကိုတော့သိပ်ကြိုက်ဘူး

မေလေး said...

အကို ရွာသား တော်တော်ချစ်တတ်တာကိုး

sait phay yar said...

ဓါတ်ပုံရိုက်သတိထားနော် စလုံးမှာဖမ်းနေတယ်

Phyo Evergreen said...

သူတစ်ကာလို မူယာတွေလည်း မပိုတတ်ပါဘူး.. အပျော့ဆွဲ အမာဆွဲတွေလည်း မလုပ်တတ်ပါဘူးဆိုသေး..
ရေးထားတာကတော့ ချွဲပြစ်နေတာဘဲ.. ဖတ်ပြီးရေနဲ့ မနည်းဆေးလိုက်ရတယ်..။