23 August 2009

မင်္ဂလာလှည်း မှသည် အုတ်တင်ပွဲ

ဆရာမခင်ခင်ထူးရဲ့ မင်္ဂလာလှည်းကို ကိုအောင်ဖြိုးရဲ့ အညွှန်း၊ ကိုရုပ်ဆိုး ကုသိုလ်ကောင်းမှုနဲ့ ဖတ်ခဲ့ရပါတယ်။ အညာဒေသရဲ့ အငွေ့အသက်တွေနဲ့အတူ ကျနော့ကြုံခဲ့ဖူးတဲ့ အုတ်တင်ပွဲလေးကိုလည်း အရိပ်ထင်လာမိခဲ့တယ်။

ကျနော်ခုနှစ်တန်းစာမေးပွဲဖြေအပြီးမှာပါ။ ဖေ့အလုပ်ထဲက ကိုရန်နောင်စိုး တစ်ယောက် စက်ရုံပေါင်းစုံအားကစားပြိုင်ပွဲကို သွားရင်းက ခြောက်မြို့သူတစ်ယောက်နဲ့ မေတ္တာမျှခဲ့ပါတယ်။ အဆိုပါမြို့သူကလည်း ဌာနထဲက ဦးတင်ဝင်း အမျိုးသမီးရဲ့ ညီမဖြစ်နေပြန်တယ်။ သွားရင်းလာရင်း ငြိစွန်းခဲ့ဟန်တူပါရဲ့။

မိသားဖသားပီပီ အုတ်တင်မင်္ဂလာနဲ့ လာရောက်တောင်းရမ်းပါဆိုတဲ့ ခွင့်ပြုချက်ကို ရခဲ့တဲ့နောက် ကိုရန်နောင်စိုးတစ်ယောက် တစ်ကယ့်ကို ပီတိတွေ ဂွမ်းဆီထိတော့တာပါပဲ။ အညာအရပ်မှာ ငှက်ပျောပွဲ အုန်းပွဲနဲ့ တင်တောင်းတာကို အုတ်တင်တယ်လို့ ခေါ်ကြပါတယ်။ အသေးစိတ်မရှင်းပြနိုင်တာကိုတော့ (ကျနော့ ဗဟုသုတ မပြည့်စုံမှုအဖြစ်)့ ခွင့်လွှတ်ပါခင်ဗျာ။ အစ်ကိုရော အစ်မရော လိုက်တောင်းပေးပါတဲ့။ အုတ်တင်အခန်းအနားကို လင်စုံမယားဖက် တက်ကြရတယ်တဲ့။ ဦးတင်ဝင်းတို့ တစ်စုံတွဲ၊ ဖေတို့မေတို့ တစ်စုံတွဲ ပေါင်းပြီးသွားရောက် တောင်းရမ်းကြမယ်ဆိုပါတယ်။ ဆိုတော့…

နွေရာသီကျောင်းပိတ်ရက်ကလည်း ဖြစ်ပြန် ခြောက်မြို့ကိုလည်း မရောက်ဖူးတာမို့ ကျနော်လည်း ကန့်လန့် ကန့်လန့်လိုက်ခဲ့တော့တာပါ။ စက်ရုံက ကားကြုံနဲ့ မကွေးကို လိုက်ဖို့ မနက်ငါးနာရီကို ဂဂျီဂဂျောင်နဲ့ ထခဲ့ရတယ်။ မနက်စောစောထဖို့ အမြဲပျင်းရိနေကြမို့ပါ။

မကွေးကနေ ခြောက်ကိုတော့ ထွက်ခါနီး ကားဂိတ်တစ်ခုကနေ ကမန်းကတန်း လက်မှတ်ဝယ်ပြီး ပြေးတက်ခဲ့ကြတယ်။ ဂွေးချိုအထိက မကွေး-ကျောက်ပန်းတောင်းလမ်းအပိုင်း ထဲပါနေတာမို့ ကျနော်သွားနေကြခရီးတစ်ခု ဖြစ်နေခဲ့ပြီ။ ဂွေးချို ဓါတ်ဆီဆိုင်လမ်းခွဲမှာ ကားခဏရပ်ပါတယ်။ ခြောက်၊စလေ သွားမယ့် လမ်းနဲ့ ကျောက်ပန်းတောင်းသွားမယ့် လမ်းအခွဲနေရာပေါ့။ ကြက်လည်ချောင်းရိုးကြော်တွေ ဝယ်စားခဲ့တာ အမှတ်ရမိပါရဲ့။

ဟိုဘက်လမ်းခွဲမှာတော့ အညာနွေပီသစွာ ခြောက်သယောင်းနေခဲ့ပြီ။ ထန်းပင်တွေနဲ့ ထန်းလျက်ကျိုတဲတွေဆီက မီးခိုးငွေ့တွေ တစ်ချက်တစ်ချက် လေနဲ့အတူပါလာတတ်တဲ့ ထန်းရည်အနံ့တွေ နဲ့ တစ်လမ်းလုံးပြည့်နှက်နေခဲ့သည်လေ။ လမ်းအပိုင်းကတော့ တကယ့် ပီဘိလမ်းကျဉ်းငယ်သာသာ။

ရောက်လိမ့်နိုး ရောက်လိမ့်နိုးနဲ့ ဟိုတစ်ကွေ့လည်း မရောက် ဒီတစ်ကွေ့လည်း မရောက်။ အေးစေတီအရင်လား GTI အရင်လား မမှတ်မိတော့ပါ။ ခြောက်မြို့ဆိုင်းဘုတ်ကို ကျော်တော့ မြို့ကြီးရယ်မို့ ညာဘက်ကြည့်လိုက် ဘယ်ဘက်ကြည့်လိုက် အလို တောင်ကုန်းတွေချည်းပါလား ဟရို့။ တောင်ကုန်လေးတွေရဲ့ ခပန်းလေးတွေမှာ အိမ်လေးတွေ ဟိုနားတစ်စု ဒီနားတစ်စု။ ချင်းပြည်နယ်လိုဘာလိုလို။

နောက်တော့ သတို့သမီးအိမ်ကို အရင်ဝင်ကြတယ်။ လူကြီးတွေတည်းဖို့ ဆိုပြီး တောင်ထိပ်ဆုံးက အိမ်လေးမှာ သီးသန့်ထားပါတယ်။ တကယ့်ကို အိမ်က ထိပ်ဆုံးမှာပါ။ အိမ်ကနေကြည့်ရင် ခြောက်စက်ရုံကိုတောင် မြင်ရသေးရဲ့။ ဟိုတစ်ဖက်ကမ်းလည်း လွမ်းမိခဲ့တယ်။

ညနေခင်းမှာတော့ ခြောက်မြို့ရဲ့ နာမည်ကျော် ခေါက်ဆွဲသုတ်ဆိုင်ကို ပို့ပေးတယ်။ ပြီးတော့ ဖေ့သူငယ်ချင်း ဦးမြင့်အောင်တို့ ဆီကို သွားလည်ကြတယ်။ ဦးမြင့်အောင်က နိုင်ငံခြားထွက်မယ်ဆိုပြီး အလုပ်က ထွက်သွားခဲ့တာ။ အဲ့ကတည်းက ကွဲသွားကြတဲ့သူတွေပေါ့။ နိုင်ငံခြားဆိုတာ လေယာဉ်ဂိတ်မှာ ခြေချပြီးပြန်လာခဲ့ရတဲ့ သူ့အတွေ့အကြုံကို ပြောရင်း တဝါးဝါး တဟားဟား ဖြစ်နေကြတာ။ အဲ့အိမ်က ပြန်တော့ မိုးအတော်ချုပ်နေပါပြီ။

နောက်နေ့မနက် မင်္ဂလာဆောင် အခမ်းအနားကို ပြင်ဆင်ကြပြီ။ သတို့သမီးရဲ့ အမျိုးတွေက အုတ်တင်မယ့် အုန်းပွဲငှက်ပျောပွဲတွေ ခေါင်းပေါ်မှာ ရွက်ပြီး ဝတ်ကောင်းစားလှတွေနဲ့။ အညာနွေပူပင်မယ့် သူတို့တွေကို မထိသလိုပါပဲ။ တန်းစီးပြီး ဝင်ကြဖို့ အရေး အပြင်ဖက်မှာလည်း တအုန်းအုန်းတရုန်းရုန်း။ အိမ်တွေကလည်း အသီးအသီး အသက ထွက်ကြည့်ကြလေရဲ့။

နောက်တော့ အထဲမှာ ဘိသိက်သွင်းမယ့် ဆရာနဲ့ ဖေ။ သူ့တပည့်တွေက ဘိသိက်ဆရာကို ပြောထားတယ်တဲ့ ဆရာက ဒေါသသိပ်ကြီးတာလို့။ ဘိသိက်ဆရာက ကြောက်ရွံ့ရွံ့နဲ့ ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ဆရာ လုပ်နေတာ ကျနော်က ရယ်ချင်ပက်ကျိဖြစ်နေပြီ။ ဒါတောင်ဖေက ဘိသိက်ဆရာကို တစ်ခွန်းပဲ ပြောခဲ့တာ။ ခင်ဗျား သိပ်အရစ်မရှည်နဲ့ ကျုပ် မနေတတ်ဘူးတဲ့။ သူတစ်ခါမှ အဲ့လိုပွဲလမ်းသဘင်အခမ်းအနားတွေ မှာ စင်ပေါ်လိုနေရာကနေ မထိုင်ဖူးဘူးလေ။ အခုဟာက အုတ်တင်ပွဲတက်လာတဲ့ အထဲက ဖေတို့စုံတွဲက သတိုးသားဖက်က ထိုင် သတို့သမီးဖက်က သတို့သမီး မိဘများဆိုတော့ စင်ပေါ်တက်ရတော့တာပေါ့။ ဘိသိက်ဆရာက ကြောက်တတ်တယ်ထင်ပါရဲ့ အတိုဆုံးလေးတွေ ရွေးပြောရှာတယ်။ ပြောနေရင်း ဖေ့မျက်နှာတကြည့်ကြည့်လုပ်နေသေးတာ။ ပွဲပြီးပြီ ဆိုတော့ လာပြောသေးတယ် ကျနော် ပြောတာ တိုပါတယ်နော်ဆရာတဲ့။ ဖေရဲ့ ပြုံးစိစိ မျက်နှာကို သူက သူ့ဟောပြောချက်တွေ သဘောကျလို့ မှတ်ယူသွားလောက်တယ်ရယ်။

လက်ဖက်ရည်နဲ့ စမူဆာပဲကျွေးတဲ့ မင်္ဂလာပွဲလေးပါ။ သူတို့နိုင်သလောက်ပဲထင်ပါရဲ့။ သာမန်ဝန်ထမ်းမို့ ဇာပဝါ အနားတွေလည်း မချဲ့နိုင်တော့ဘူးလေ။ သူ့အိုး သူ့ဆန် တန်ရုံ သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်တယ်ဆို ဗေဂျိဆိုပြီး ပွဲတစ်ခု ပြီးတာပါပဲ။

စိုင်းဘုန်းထူးတို့ ဝဏ္ဏခွာနီးတို့လည်းမပါ ဓါတ်ပုံလေး တစ်ပုံနှစ်ပုံရိုက်ပြီး ပတ်စာခွာ ဖျာသိမ်းလိုက်ကြပါတော့တယ်။ နေ့လည်ဆို ကျနော်တို့လည်း ပြန်ကြရတော့မယ်လေ။ သတို့သမီးအမေလည်း မျက်ရည်လည်နေလောက်ပြီ။

ခြောက်မြို့ကို မနှံ့စပ်ပဲ ပြန်ခဲ့ကြရတယ်။ မနက်ဖြန်ဆို ဖေက ရုံးပြန်တက်ရတော့မယ်။ တကယ်ဆို အနားတဝိုက်လည်ပတ်ချင်သေးရဲ့ စလေရုပ်စုံကျောင်းတော့ ရောက်ခဲ့ချင်သေးတယ်။ ဆိပ်ဖြူဘက်လည်း ကူးခဲ့ချင်သေးတယ်။


စိတ်သွားတိုင်းရယ် ကိုယ်ကလည်း ပါဦးမှလေ………….

37 comments:

WWKM said...

No 1 :D

WWKM said...

ဘိုးဘိုးရွာသားလေးဆီ တရေးနိုးလာလည်သွားပါတယ်။
မွေးနေ့ဆုတောင်းအတွက်ကျေးဇူးပါ မောင်ရွာသားရေ.း)

ကောင်းကင်ပြာ said...

ရွာသား ဘယ်ဇာတိပါလိမ့် ၊ မကွေးရော၊ ချောက်တွေရော၊ တို့ အမျိုးများလားပဲး)

ဖိုးသင်္ကြန် said...

ဒီဓလေ့ရှိသေးသကိုး

ကိုလူထွေး said...

ထူးဆန်းပါပေ့ ဆရာတွတ်ရယ်...
ဗမာလူမျိုးတွေမှာတင် အထက်ကဓလေ့နဲ့ အောက်ကဓလေ့ မတူကြဘူးနော်...

အမှန်တော့ အဓိကက အဓိကမို့ အကျယ်မချဲ့လည်း အဓိကပါပဲ...

ကောင်းကင်ပြာကြီး တယောက် အမျိုးလိုက်စပ်နေပြီ... သတိသာထားနေရော့...း)

ညီလင်းသစ် said...

စလေရုပ်စုံကျောင်းတော့ သွားသင့်တယ်ဗျ၊ ကျနော် ခဏခဏ ရောက်ဖြစ်တယ်၊ ပန်းပုရုပ်တွေကို မပြောဘဲနဲ့ ဘုန်းကြီးကျောင်းရဲ့ typical and traditional ကျမှုရယ် နဲ့တင် တန်နေပြီ၊ ရောက်မှတော့ အကြီးဆုံးမံဘုရားကြီး ကိုလည်း သွားဖူးသင့်တာပေါ့၊ ရုပ်စုံကျောင်းရဲ့ မျက်နှာ ချင်းဆိုင်မှာပါပဲ...။

ThuHninSee said...

ချောက်၊ဆိတ်ဖြူ၊ ပြည်မန်းသံပုရာကန်နားတစ်ဝိုက်ဆို ငယ်ငယ်တုန်းက ရင်းနှီးတယ်။အဘိုးရဲ့အလုပ်ကြောင့်ပါ။။ သူ နောက်ဆုံးလုပ်ခဲ့တာ အစာစပ်စက်ရုံမှာ။

yangonthar said...

ကျနော့်အတွက်တော့ ဓလေ့က ဗဟုသုတ ဗျ ခင်ဗျား မြန်မာစာအရေးလေးကတော့ ကျနော် တုရမယ့် သုတရသ ဗျ ကိုရွာသားရ ကောင်းတယ်ဗျာ အရေးအသားက

အေးမြသာယာပါစေ :D

Anonymous said...

ချစ်ပြုံးနှင်းဆီပြီးတော့ အုတ်တင်ပွဲဆိုလို့ မြန်လိုက်တာလို့ တွေးမိလိုက်တယ်။ :)
ဇာပ၀ါအနားမသတ်တာတွေ၊ သူ့အရပ်နဲ့သူ့ဇာတ်ကိုက်တယ်ဆို ဗေဂျိဆိုပြီး ပွဲတခုပြီးတာတွေ၊ ပတ်စာခွာ ဖျာသိမ်းလိုက်တာတွေက အုတ်တင်ပွဲကို အသက်ဝင်စေတယ်။
ချောက်၊ ဆိတ်ဖြူ၊ ဂွေးချို၊ စလေ အကုန်ရင်းနှီးတယ်။ ကိုယ့်အမျိုးသားက ပုဂံသားလေ၊ ချောက်မှာလည်းနေတာမို့။
ကုန်းတွေပေါ်မှာ အိမ်ဝိုင်းအကျယ်ကြီးတွေနဲ့လေ၊

(စကားမစပ် ပန်းလေးအကြောင်းရေးထားပြီးပြီလေ)

မေဇင် said...

ဓလေ့ချင်းတွေ ကွာတယ်နော်.... နောင့် တို့ဘတ်မှာတော့ အဲ့လို မဟုတ်ဘူး.... ဘယ်သူမှ ဘာပွဲမှ မကိုင်ဘူး.... ဘိသိပ် ဆရာလဲ မရှိဘူး... မင်္ဂလာဆောင် ဆို... အသံချဲ့စက် ဖွင့်ထားပြီး.... ခပ်မြူးမြူး(စိုင်းထီးဆိုင်) သီချင်းလေး ဖွင့်ထားရင် သိပြီ... ၀င်စားလို့ရတယ်...အဟဲ...။

SongChanMoe said...

ချစ်စရာကောင်းတဲ့အရေးအသားလေးနဲ့ ချစ်စရာကောင်းတဲ့အကြောင်းအရာလေးပါပဲ
ဟုတ်တယ်ဗျာ..ရပ်ဓလေ့ ရွာဓလေ့လေးတွေက ချစ်စရာကောင်းတယ်. ပြန်ပြောရင်လဲလွမ်းစရာကောင်းတယ်..
အညာသားမို့လားမသိဘူး..ဒီလို အကြောင်းလေးတွေ ဖတ်ရရင် အညာကို လွမ်းမိတယ်..
ကျနော်တို့ အညာမှာလေ..

ပုံ့မေ said...

အညာဓလေ့ လေ့လာသွားပါတယ် အစ်ကိုရေ့ 

ခင်တဲ့
မေသူ

ပုံ့မေ said...

အစ်ကို့ လင့်ခ်သွားပါတယ်။ တကယ်တော့ လင့်ခ်ထားတာကြာပါပြီ။ ခုမှပြောဖြစ်တာ။ ခွင့်လွှတ်တော်မူပါ။ :P

ခင်တဲ့
မေသူ

မိုးခါး said...

အညာ ဓလေ့ကိုတော့ စာတွေ့နဲ့ပဲ သိရတာပါပဲ .. ကိုယ်တိုင် အတွေ့အကြုံမရှိသေးဘူးလေ .. မျက်စိထဲ ပုံဖော်သွားပါတယ် ..း)

တောင်ပေါ်သား said...

ဓလေ့လေးခံစားသွားတယ် အကိုး) ကျနော်လဲ အညာကို တခါမှ မရောက်ဖူးသေးဘူးဗျာ တခါတလေတော့ အဲ့လို အေးချမ်းပြီး ပူပင်မူ ကင်းတဲ့ နေရာလေးမှာ နေချင်တယ်


လေးစားလျက်
တောင်ပေါ်သား

Unknown said...

အညာလေသံလေးနဲ့ များ ရေးမယ်ဆို ဒိထက်တောင် ဖတ်ကောင်းဦးမယ် မောင်ရွာသားလေးရော ဘယ်တော့ အုတ်တင်အခန်းအနားကျင်းပမတုန်း (မှတ်ဉာဏ်သိပ်ကောင်းတာပဲ)

ကြည်ဖြူပိုင် said...

ဒီပို့စ်လေးဖတ်ပြီးတော့ ဆမူဆာစားချင်လိုက်တာတော့

Rita said...

ချောက် ကို ဘာဖြစ်လို့ စာလုံးပေါင်းမှန်အောင် မရေးရတာလဲဟင် အညာသား။

ကိုယ်တော့ အညာသူ စစ်စစ်ဖြစ်ပါရက်နဲ့ အနီးတ၀ိုက်က မြို့တွေဆို ဖြတ်သွားဖြတ်လာပဲ သိခဲ့ရတာ။ မန္တလေးတောင် အခေါက်ခေါက်ရောက်လဲ တကယ့်ဖြတ်သွားဖြတ်လာပဲ။

WWKM said...

ဟုတ်တယ်.. ညီမလေးရီတာပြောသလိုပဲ အစ်မလည်း
ဒီတခါ စကားလုံးပြင်ပေးမယ်.. ငယ်ငယ်ကသင်ရတာ
ခြောက် မဟုတ်ဖူး ချောက်မြို့။ မြန်မာစာပါမောက္ခက
စတိုင်ထုတ်နေပြန်ပါပြီ။ စဖတ်ကတည်းက ပြောချင်နေတာ ဆရာကြီးဆိုတော့ မပြောတော့ဘူး။း)

Pan Ei said...

ပြီးတော့ အုတ်မဟုတ်ဘဲ အုပ် လားလို့
ဆွမ်းအုပ်၊ ဌက်ပျောအုပ်ဆိုတဲ့အဓိပ္ပါယ်နဲ့ သုံးတယ်ထင်တာပဲ

puluque said...

ကိုရွားသားရေ..အရီးတာပြောတာဟုတ်သဗျ.. ချောက် လို့ပေါင်းတယ်လေ.. ဆရာမခင်ခင်ထူး ရဲ့ မင်္ဂလာလှည်းကို ကျတော်လည်း နာမည်ကြီး ဘလော်ဂါ အစ်ကိုကြီး တစ်ဦးရဲ့ စေတနာနဲ့ ဖတ်ခဲ့ရတယ်ဗျ. အဲ့ဒီလူကြီးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ...

Unknown said...

အစ်ကိုရွာသားရယ်... အညာကိုအပြေးအလွှားပြန်သွားချင်လောက်အောင်ကို လွမ်းသွားမိတယ်.... ။

မောင်ဖားကြီး said...

ထန်းတောနားဖြတ်တော့ ထန်းရည်သောက်ချင်စိတ်လေးရော မပေါ်ခဲ့ဘူးလားအစ်ကိုရ ... အင်းငယ်သေးလို့ထင်ပါ့ :) အညာနံ့လေးကိုသင်းနေအောင်ရေးတတ်ပါပေတယ်ဗျာ

သီဟသစ် said...

အင်း ...
ကိုရွာသား ကြီး အလှည့်ကျရင် အုပ်တင်မလား ဘယ်ထုံးစံနဲ့ဆောင်မတုန်း..

ဓါတ်ပုံဆရာ စိုင်းဘိုဘိုတို့ ဘိသိတ်ဆရာ ကိုကိုဆောင်းတို့ ရှိပါတယ်..
လုပ်လိုက်တော့

မေလေး said...

အကိုသီဟမေးသလိုဘဲ
အကိုရွာသားအလှည့်ကျရင်ရော အဲလိုဘဲဆောင်မှာလားဟင်
သတို့သမီးက ဆောင်တဲ့အချိန် ကွမ်းစားချင်တယ်ဆို
ဘီလိုလုပ်ကြမတုန်း.။ဟိ (နောက်တာနော်။ လာပြန်ရန်မတွေ့နဲ့)

အဲဒီစာအုပ်လဲ ငှားအုန်းနော်။

Unknown said...

ကျွန်မလည်း အုပ်တင်တယ်လို့ ရေးရတယ်ထင်ပါတယ်။ ကျွန်မတို့ဒေသမှာတော့ မြန်းတယ်လို့လည်းရှိပါသေးတယ်။ စေ့စပ်တဲ့သဘော ပါပဲ။ အုန်းပွဲ၊ ငှက်ပျောပွဲ နဲ့အတူ အုပ်တွေ ပွေ့၊ရွက်ပြီး သတို့သမီးအိမ်ကို လူကြီးစုံရာနဲ့ သွားမြန်းရတာပါ။

ကောင်းကင်ပြာ said...

အန် မေလေးမ ဒုခပဲ ၊ ရွာသားကို စိတ်တိုအောင်လုပ်ပြန်ပြီ၊ တို့မောင်လေးက စိတ်ကြီးတယ်နော်၊ တော်ရုံ စပါအေ၊ ငိုနေမယ်၊း)

ကောင်းကင်ပြာ said...

အန် မေလေးမ ဒုခပဲ ၊ ရွာသားကို စိတ်တိုအောင်လုပ်ပြန်ပြီ၊ တို့မောင်လေးက စိတ်ကြီးတယ်နော်၊ တော်ရုံ စပါအေ၊ ငိုနေမယ်၊း)

ဆောင်းနှင်းဝေ said...

ပြန်လိုက်လည်ပါတယ်.....စာတွေလည်းခံစားသွားပါတယ်.....ကောင်းသောနေ့လေးတွေဖြစ်ပါစေနော်...

ဆောင်းနှင်းဝေ

ကာရံဆူး said...

လာလည်ပါတယ်...အရေးအသား ကောင်းသလို ဗဟုသုတလည်း များစွာရပါတယ်...အညာကို အလည်သာ ရောက်ဖူးပေမဲ့ ဘုရားဖူးကားတွေရဲ့ ထုံးစံအရ ခဏသာ ဖြတ်ဖူးပါသည်..ခုလိုသိရတာ ဗဟုသုတ ရပါသည်...နောက်လည်း မကြာလာလည်ပါမယ်..လင့်ခ်လဲ ယူသွားပါတယ်..

တန်ခူး said...

အဲဒီနောက် မရောက်ဖြစ်တော့ဘူးလား… ချောက်မြို့ ကို အမ ခဏခဏ ရောက်ဖူးတယ်…ဘာရယ်မဟုတ် အညာဆန်လွန်းတဲ့မြို့ လေးမို့  ချစ်မိတာ အမှန်ပဲ…ရေနံချောင်း၊ချောက်…အဲဒီဘက်ရောက်ရင် အမအကြိုက်ဆုံးဝတ္ထုဖြစ်တဲ့ ပင်လယ်နဲ့ တူသောမိန်းမများထဲက ဇာတ်ကောင်တွေများ တွေ့ မလား လိုက်ရှာမိသေးတယ်… ဂွေးချိုလမ်းခွဲက ကြက်ကြော်ကို KFC နဲ့ မလဲနိုင်ပါဘူး… ဆီနဲ့ ရေပါပဲ…အမလဲ အုတ်တင်တာ ကြုံဖူးတယ်… လွမ်းလိုက်တာ အညာရေ…

ရွှေပြည်သူ (ShwePyiThu) said...

အုတ်တင်တဲ့ အခေါ်အဝေါ်ကို ခုမှ ကြားဖူးရပါတယ်။ ဘဝမှာ အတွေ့အကြုံတွေ ပြန်ပြောပြစရာတွေ များလွန်းတဲ့ ကိုရွာသားကို အမြဲအားကျမိတယ်။ ချောက်ကိုလည်း ရောက်ဖူးချင်သွားပါတယ်...

ကိုရွာသားကြီး အုတ်တင်ရင်တော့ ကိုယ့်ရှိသမျှထဲက ဝတ်ကောင်းစားလှလေးတွေ ရှာဖွေဝတ်ပြီး အုန်းပွဲငှက်ပျောပွဲ ရွက်ပေးဦးမှာ...း))

Htoo Aung Lwin said...

ဟဟ
ဗိုက်ကလွတ်တော့လွတ်တယ်
မလွတ်တာက နှဖူးဗျ............

Anonymous said...

မရောင်လည်း ချောက် ကို ၁၉၉၇ ခုနှစ်ကရောက်ဘူးတယ်။ ကန်ပွန်းချုံ ရပ်မှာနေခဲ့တာ။ ညနေဆိုရင် အေးစေတီဘုရားမှာ သွားထိုင်နေခဲ့တာကို သတိရနေမိတယ်။
အော် ဒီလို ဓလေ့တွေရှိသေးတယ်နော်။

ခင်မင်လျှက် မရောင်

မမသီရိ said...

စာလုံးပေါင်း ပြင်မလို့ ၀င်တာ မောင်လေးရ ..း)
ကိုယ့်ထက် ဦးအောင်ပြင်ထားကြသူတွေ အများကြီးရယ်..း)
ပြီးတော့ အုပ် တင် တဲ့ အကြောင်းလေး..
အုတ်.. မဟုတ်ဖူး...

အရေးအသားလေးက ဖတ်လို့ကောင်းနေတော့ စာလုံးပေါင်း က အကြောင်းမဟုတ်ပါဘူးလေ နော့

ဝါသနာပါလို့သာ ဆရာ ၀င်လုပ်တာပါ မောင်လေး ရေ
ခွင့်လွှတ်ပါ..း)

မင်းကျန်စစ်။ said...

ကြက်လည်ချောင်းရိုးကြော်ကိုတော့ တကယ်ပြန်သတိရမိတယ်း)
TGRmg

yangonthar said...

ကိုရွာသားနဲ့ ပျောက်ချက်ကယ် အဆင်ပြေတယ်ဟုတ်