ကျုပ်တို့က လှေကြီးထိုးရိုးရိုးကြီးတွေပါ။ ရေငန်သောက်မြက်ခြောက်စားတယ်ပဲ ပြောပြော ဒီမြေမှာမွေး ဇာတိချက်မြုပ်ဆိုလေတော့ ခေါင်းချရင်လည်း ဒီမြေမှာပဲခေါင်းချ ချင်ခဲ့တာ။ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတာနဲ့ပဲ အဘတို့တွေ အိုကြီးအိုမနားပါစေတော့ ဆိုပြီး လယ်နှစ်ကွက်ကို ရောင်းတဲ့ငွေကို ပွဲခဆိုလားဘာဆိုလားအရင်းပြုပြီး သူတကာတွေ မက်မောလေတဲ့ နိုင်ငံခြားဆိုတဲ့ အရပ်ကို အရဲစွန့်ပြီးထွက်လာခဲ့တာပါ။ ကျုပ်အဖြစ်ကတော့ မပြောချင်တော့ပါဘူးဗျာ…….
မမြင်ဘူးမတွေ့ဘူးတာတွေမြင်ရတာတော့ ကောင်းပါရဲ့။ အိုး…….တိုက်ကြီးဆိုတာ ဟီးလေးကိုထနေတာ ရွာက ကောက်ရိုးပုံတွေ အားလုံးပုံကြည့်ရင်တောင် အမြင့်ကမမှီနိုင်လောက်ဘူးဗျ။ ပုံစံတွေကလည်း ဟိုဘက်ထောင်လိုက် ဒီဘက်ထိုးလိုက်နဲ့ တောထဲက သစ်ပင်တွေ အလေ့ကျပေါက်သလိုကို ဆောက်ထားတာကိုး။ ကားတွေဆိုတာ ကလည်း တောက်ပသစ်လွင်နေတော့တာ။ ရှိသေးတယ်ရှိသေးတယ် သူတို့ရဲ့ရထားဆိုတာ လှည်းလမ်းကြောင်းနှစ်ကြောင်းစာလောက်လေးပေါ်မှာ ရွှတ်ကနဲနေတစ်စီး ရွှတ်ကနဲနေတစ်စီး သွားနေတဲ့ ဟာကြီးတွေရှိသေးရဲ့။
ကျုပ်တို့က ရွာမှာဆို ရွာထိပ်က ဘုန်းကြီးကျောင်းက ကန်ရေကို သောက်ချိုးချက်ပြုတ်ခဲ့တာကလား။ တစ်ရွာလုံးက အားထားရတဲ့ကန်ပေါ့ဗျာ။ မိုးတွင်းမှာဖြည့်ရတဲ့ ကုန်းတွင်းကန်လေး။ မိုးရေတွေကို ကျုပ်တို့အိမ်တွေကလည်း လှောင်ထားတတ်ပါတယ်။ ဒါပေမယ့်စဉ့်အိုးလေးတွေနဲ့ဆိုတော့ ဘယ်ခံလိမ့်မတုန်း။ အညာလေနဲ့ပြောရရင် နှာလောက်ရှိတာ သုံးလိုက်ရင် နှစ်ရက်တစ်ပိုင်းတောင်ခံပါလိမ့်မယ် အားကြီးကြီး။ အင်းပျိုးရင်းက မိုးလင်းတော့မယ် လိုရင်းကို မရောက်သေး။
ကျုပ်က အလုပ်လုပ်ကိုင်ပြီးလို့ အိမ်ပြန်ရောက်တာနဲ့ ခဏနား။ အမတည်ထားတဲ့ အကြမ်းအိုးလေးကိုသောက် ချွေးတိတ်အောင်နေရတာပ။ ပူတယ်အိုက်တယ်ဆိုပြီး ရေများသွားမချိုးလိုက်ပါနဲ့ လူဆိုတာ အပူအအေးမျှအောင်နေရတယ် အပူထဲကပြန်လာလာချင်း ရေမချိုးရဘူး အပူရှပ်တတ်သတဲ့ ရွာတောင်ပိုင်းက သာအေး အဲလိုချိုးလိုက်လို့ ချက်ချင်း ဆုံးသွားပါရောလား။ ရွာလယ်က ဒေါ်ခွေး လေဖြတ်သွားတယ်လေ။ ဆောင်းတစ်ဆယ် နွေကိုး မိုးဆယ့်တစ် ရေချိုးစနှစ် ဆိုပြီး အဲဒီဲ့ ဓါတ်ပြားဟောင်းကို ကျုပ်အမက အဆက်မပြတ်ပြောတော့မှာ။
ဒီရောက်တော့ နေရတာ အခန်းကျဉ်းလေးထဲ မှာပေါ့ဗျာ။ ဒါပေသိ တောသားဆိုတာ ဒေါင်ကျကျပြားကျကျ ထုသားပေသားက ကျပြီးသားဗျ။ အလုပ်ကို ပင်ပင်ပန်းပန်းတစ်နေကုန်လုပ် အိမ်ရောက်တော့မှ အတိုးချပြီး အားရပါးရစား အိပ်စက်ခြင်းနဲ့ အနားယူတတ်လေရဲ့။ ပြဿနာက ရေချိုးခြင်းပဲ။ ရေချိုးခန်းဆိုလို့ မရိုသေ့စကား အိမ်သာနဲ့ပါတွဲထားသေးဗျာ။ အခန်းကတော့ ရှိလှ ငါးပေ ခြောက်ပေလောက်အကျယ်။ ရွာမှာလို စဉ့်အိုးနားကျောက်ပြားခင်းဖို့ နေနေသာသာ အခန်းအကျယ်အလိုက် သူ့ဘာသာ အဆင်ပြေအောင်လုပ်ထားရတာကိုး။ ကျုပ်ဆိုလိုတာက ရေကန်တွေဘာတွေမရှိဘူးဗျ။ ရေလှောင်တဲ့ အလေ့အကျင့်လည်းမရှိဘူးကိုး။ အဲဒီအထိက ပြဿနာမဟုတ်သေး။ ပြဿနာရဲ့ အရင်းအမြစ်တော့ သေချာပေါက် ဒင်း…တရားခံ။ မြေကြီးလက်နဲ့ပုတ်လွဲရင်လွဲမယ် ဒီကိစ္စမှာ သူတရားခံဆိုတာ မလွဲနိုင်။ ဘာလည်းဆိုတာ သိချင်နေပြီမလား။
ရေချိုးတိုင်း ကျုပ်ကြုံရတဲ့ဒုက္ခက ရေဖလားဗျ ရေဖလား။ ဒန်ဖလားဖြစ်ဖြစ် စတီးဖလားဖြစ်ဖြစ် လက်မှာပိုင်ပိုင်ကိုင်ပြီး ဒူးကနေစလောင်းလိုက်ချင်တာ။ ပြီးတော့မှ အပူတွေငြိမ်းအောင် ခေါင်းကနေ တဗွမ်းဗွမ်းအားရပါးရချိုးလိုက်ချင်တာဗျာ။ ခုတော့ဗျာ ဟိုတစ်ပေါက် ဒီတစ်ပေါက်ကျတဲ့ ဟိုငေါက်တောက်လေးကနေ ဟိုဒင်း ဟိုဟာမျှော်သလို စောင့်ချိုးနေရတာကို ကျုပ်ဖြင့်အားမရလိုက်သာပြောမနေပါနဲ့တော့။ အပူအအေးတွေ လိုသလောက်ရတယ်သေလောက်အောင် ကောင်းပါစေ။ ကျုပ်တော့ ကျုပ်လက်နှစ်ဖက်နဲ့ အားရပါးရကိုင်ပြီး ချိုးလိုက်ရမှ ရေချိုးရတယ်ထင်တာ။ ဖလားက၀ယ်ရလွယ်ပါတယ်။ ခက်တာက ရေကန် ရေကန်။ အိမ်မှာရေကန်များဆောက်လိုက်လို့ကတော့ အိမ်ရှင်အဖိုးကြီး ခါးတောင်းကျိုက်ပြီး ရိုက်မထုတ်ရင်ကြိုက်သလိုပြော။ ဒါများလွယ်ပါတယ်ကွာလို့ ကပ်သပ်မပြောပါနဲ့ဗျာ။ ပလတ်စတစ်ရေတိုင်ကီဝယ်ထား ဆိုပြီးတော့လေ။ တစ်ထွာလောက်ရှိတဲ့ရေချိုးခန်းထဲမှာ တစ်လက်မလောက်တောင် ထပ်ထည့်ဖို့နေရာမရှိတော့ပါဘူးဗျာ။ မြင်ယောင်ကြည့်လိုက်ပါဗျာ။ ရေတိုင်ကီကို အထဲထည့်ရင် လူတွေက အပြင်ကနေခပ်ချိုးနေရမယ့်ပုံကို။
အဲဒီတော့ဗျာ ရေချိုးတိုင်း ဖလားတစ်လုံးကို တမ်းတနေရတဲ့ ကျုပ်ဘ၀ကို ကျုပ်ပါကျုပ်ပဲ သနားနေရတော့တာပါ။
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
9 comments:
ကြံကြံဖန်ဖန် တွေးရေးတတ်တဲ့ ကိုရွာသားလေး ၊၊ မျက်လုံးထဲထင်းကနဲ ပေါ်လာအောင် ရေးချက်ကတော့ ၊၊
တစ်ခုပဲ နားမလည်တာ .."ဟိုဒင်း ဟိုဟာမျှော်သလို " ဆိုတာ ဘာလဲဗျ ၊၊ ဟီး ..စတာ
ခင်မင်စွာဖြင့်...
ကိုရွာသားရေ
ဒေါ်ခွေးက ဘာမှားလို့ လေဖြတ်တာလဲ။ နေပူထဲက ပြန်လာပြီး ရေချိုးလို့တော့ မဖြတ်နိုင်ဘူးနဲ့တူတယ်။
“အမတည်ထားတဲ့ အကြမ်းအိုးလေးကိုသောက် ချွေးတိတ်အောင်နေရတာပ” ဆိုတာမှာ “ပ” နဲ့ဆုံးချင်တာလား။ “ပဲ” လို့ရေးတာ “_ဲ” ကျန်ခဲ့တာလား။ အညာသံဖြစ်အောင် “ပ” နဲ့ဆုံးထားတာဆိုရင်တော့ကာ
တစ်ပုဒ်လုံးမှာ တစ်နေရာပဲ “ပ” နဲ့ဆုံးနေတော့ ဖတ်ရတာ သိပ်မလှဘူး။
ဒါပေမယ့် အားလုံးခြုံဖတ်ရင် ပြောချင်တဲ့ခေါင်းစဉ်ကို ပါအောင် ဆွဲခေါ်နိုင်စွမ်းရှိတဲ့အရေးအသားမျိုးမို့ တောင်ငူ စာကြည့်တိုက်ထဲ ထည့်လိုက်ပါတယ်။
မေတ္တာဖြင့်
ရွာသားလေးရေ… စိတ်ကူးလေးရော… အရေးလေးပါ သဘောကျတယ်…
ဒါများ လွယ်လွယ်လေး
ေ၇ချိုးကန်ထဲရေအပြည့်ဖြည့်ထည့် ပီးရင် ပလပ်စတစ်ရေဖလားခွက် နဲ့လောင်းပီးချိုးပေါ့..
ခက်တာမှတ်လို့
အရေအသား ကောင်းချက်က လွှတ်ပဲဗျို့။ ဆရာမ ခင်ခင်ထူး နဲ့ နင်လားငါလားပဲ.အားပေးနေတယ်ဗျို့.
ရေချိုးတာတောင် ရွာကိုပဲ သတိရတော့တာပဲကိုး။
အဲဒီတိုက်ကြီးတွေ ဟီးလေးထနေတဲ့နေရာမှာ ဘ၀အတွက်အရေးပါတဲ့ မေတ္တာတို့ ဖေးမမှုတို့တော့ ကျွန်မတို့ရွာလို မပေါဘူး။ တော်တော်ရှားတယ် ကိုရွာသားလေးရေ...း) စကားမစပ် ဖလားနဲ့ချိုးချင်ရင် ရေပုံးအလတ်စားလေး ၀ယ်ထားပါလား။ ရေတိုင်ကီတို့ ရေကန်တို့လောက် အားရပါးရ မဆန့်ပေမယ့် ဖလားတော့သုံးလို့ရဦးမှာပါ (အကြံပေးခြင်းသက်သက်သာ ဖြစ်ပါကြောင်းး)))
ဒါများ ... လွယ်ပ ရွာသားရာ။ နေရာမလောက်လို့ကတော့ အိမ်သာကမုတ်ပေါ်မှာ ထိုင်၊ ပြီးတော့ ရေအပြည့်ဖြည့်ထားတဲ့ ပလပ်စတစ်တိုင်ကီထဲကနေ ဖလားနဲ့ အားပါးတရ လောင်းချိုးပေါ့ဟ။ မြန်မာပြည်က ဆေးရုံလိုင်းခန်းတွေမှာလည်း ရေချိုးခန်း၊ အိမ်သာတွဲလျက် ... ဆင့်ကာပူ (စင်္ကာပူကို တောင်ပေါ်သားခေါ်သလို အညာသံနှင့်ခေါ်) က အခန်းထက်တောင် ကျဉ်းသေး၊ အိမ်သာမှာ ပျဉ်ပြားခင်း၊ အ၀တ်လျှော်လည်း အဲဒီပျဉ်ပြားပေါ်လျှော်၊ ရေချိုးချင်လည်း အဲဒီအတိုင်းချိုး ... လွယ်ပါတယ် ရွာသားရ။ ဒါမှမဟုတ် တိုင်ကီထဲဝင် အဲဒီအထဲကရေကိုပဲ ခွက်နဲ့ ပြန်ခပ်ချိုး မကောင်းဘူးလား .... ဟား .. ဟား ... :)
ရွာသားလေး ပီသပါတယ် ရေးထားတာလေးက
ပြီးတော့ အားလုံးကိုယ်စား ခံစားရေးနေတာကျနေတာပဲ
အမပြောတဲ့စကားလေးမျိုး တို့ လည်းကြားဖူးတယ် လက်ဆင့်လည်းကမ်းဖြစ်တယ် အင်း ရေချိုးတိုင်း ဖလားတစ်လုံးကိုတမ်းတတဲ့ အဖြစ်ကို ကိုယ်ချင်းစာ သနားမိတယ်
Post a Comment