14 September 2008

ကျနော့ရဲ့ ထာဝရ


တကယ်ကိုထာဝရ။ သူမပါရင် ကျနော့ဘ၀ အဓိပ္ပါယ်မပြည့်စုံနိုင်တော့။ ကျနော်ရှိသောအရပ်မှာ သူရှိမှကိုဖြစ်မှာ……

သူနဲ့စတင်မိတ်ဆက်ပေးတာ မေမေပါ။ မေက အိမ်တွင်းမှုတွေလုပ်တတ်လေတော့ အိမ်နောက်ဖေးက လဲမှို့ပင်ကြီးကနေကောက်ထားတဲ့ လဲသီးတွေကို ပုံးလေးထဲထည့် တုတ်ချောင်းလေးနဲ့လှည့်ရင်း ရလာတဲ့လဲတွေနဲ့ သိပ်ချစ်စရာကောင်းတဲ့သူ့ကို လုပ်ပေးခဲ့တာ။ သူကငယ်ဖော်ဆိုလည်းဟုတ်။ သူငယ်ချင်းဆိုလည်းဟုတ်။ တိုင်ပင်ဖော်လည်းဟုတ်။ ကျနော့အကြောင်းတွေကို သူသာအသိဆုံး။ ကျနော်ငိုရင်လည်း သူရင်ဘတ်ထဲမှာ အမြဲ။

ကျနော့ရဲ့အိပ်ချိန်တိုင်းမှာ သူကပါတယ်လေ။ သူမပါရင်တော်တော်နဲ့အိပ်လို့မပျော်။ သူများအိမ်သွားအိပ်လို့ကတော့ အဲဒီညက မိုးလင်းခါနီးမှအိပ်လို့ပျော်တတ်တယ်။ ဒါမှမဟုတ်သူ့အစားထိုးတစ်ခုခုပေါ့ (တစ်လွဲမတွေးပါနဲ့ဗျာ တွေးနေရင်လည်း အတည်လို့မှတ်ပါ)။ အခုအိမ်ကနေ အပြင်ကိုထွက်လာတော့လည်း ရောက်ရောက်ချင်းနေ့မှာ သူကိုလိုက်ရှာရတယ်။ သူငယ်ချင်းကတောင် မင်းကလည်း ဒါကသိပ်မလိုအပ်ပါဘူးကွာတဲ့။ မဟုတ်ဘူး သူမသိသေးဘူးလေနော့။

စဉ်းစားကြည့်ပါဗျာ။ သူက စိတ်လည်းမကောက်။ တကယ့်ကိုထားရာမှာနေ စေရာမှာသွား။ ဖိထားလည်း နာတယ်လို့ မအော်။ အပြင်ကို ခေါ်မသွားလည်း မညူဆူ။ ကုတင်ပေါ်ကနေ ကန်ချလည်း အပြုံးမပျက် ပြန်တက်လာတယ်။ ပြောင်းပြန်ထားထား အတည့်ထားထား ဘာ ကွန်ပလိန့်မှမလာ။ ဖုန်းဆက်စရာလည်း မလို။ အနားလာခဲ့ဆို ချက်ချင်းရောက်လာတတ်တယ်။ ထွက်သွားဆိုလည်း ဟုတ်ကဲ့ဆိုပြီး အနားကတိတ်တိတ်လေး ထွက်သွားပြန်တယ်။ အသက်မရှိလို့လားတော့မသိ။ သက်ရှိတွေလို ဒေါသ မောဟ လောဘ တွေမရှိတော့ ဘာပဲကြုံကြုံ အလိုက်သင့်အေးဆေးနေနိုင်တာဖြစ်မယ်။

နားအလည်နိုင်ဆုံးအဖော်ဆိုတာ ကျနော့ရဲ့ထာဝရ ဒါမှမဟုတ် ခွခေါင်းအုံလေးတစ်လုံးအဖြစ် အခုချိန်ထိမပြောင်းလဲပဲ ရပ်တည်နေဆဲပါ ကိုရုပ်ဆိုးနဲ့ကိုဂျူလိုင်ရေ……..

တကယ့်ခွခေါင်းအုံးက အပေါ်ကပုံလေးတွေအတိုင်းမဟုတ်ပါ။ လှလို့ထည့်ပေးလိုက်တာပါဗျာ။

4 comments:

ရွှေပြည်သူ (ShwePyiThu) said...

ကျွန်မမှာလည်း အဲဒီလိုမျိုးပဲ ခေါင်းအုံးလေး တစ်လုံးရှိတယ် ကိုရွာသာလေးရေ... ပျော်တဲ့အချိန်တွေ ငိုတဲ့အချိန်တွေ သူနဲ့အများကြီး ဖြတ်ကျော်ဖူးတယ်။ တကယ့်ကို အဖော်ကောင်းပါပဲ။ ဒါကြောင့် ဘယ်နေရာကို ပြောင်းပြောင်း မရ ရအောင်သယ်လို့ လူကြီးတွေကတောင် ပြောတယ်။ အပျိုကြီးမို့ တွယ်မိတွယ်ရာ တွယ်တယ်လို့ ပြောလည်း ခံရမှာပါပဲ။ ဒါပေမယ့် ကျွန်မသူ့ကို စရတုန်းက ငယ်ပါသေးတယ်း)) အပေါဆုံးဈေးနဲ့ ၀ယ်ခဲ့ပေမယ့် တန်ဖိုးအထားဆုံး ပစ္စည်းတွေထဲက တစ်ခုပါပဲ။ ဘာပဲပြောပြော ကိုယ်ချင်းစာပါတယ် ကိုရွာသားလေးရေ...

RePublic said...

ဒေါသ မောဟ လောဘ တွေမရှိတော့ ဘာပဲကြုံကြုံ အလိုက်သင့်အေးဆေးနေနိုင်တဲ့ ခေါင်းအုံး လေး တောင် ညစ်ပေရင် တစ်ခါ တစ်ရံ လျှော်ဖွတ် နေလှမ်း ရတာ .. ကျနော်တို့တွေရဲ့ အညစ်အကြေးတွေ များ ဘယ်တော့များမှ ကင်းစင်နိုင် ပါ့အုံးမလဲ ကိုရွာသားလေးရေ ၊၊

JulyDream said...

သေးပေါက်ချရင် သူ့ ထာဝရ အဖော်လည် နံစော်နေမှာပဲ။ လျှော်တာ မပြောင်တော့လို့ မလှတော့တာ နေမယ်။ ဒါကြောင့် တခြားပုံတွေ ထည့်ထားတာ။ ဒွတ်ခ... အဟက်

Unknown said...

တကယ်ပဲ လောဘ မောဟ ဒေါသ ကင်းတဲ့ နားလည် နိုင်ဆုံးအဖော်က ခွခေါင်းအုံးလေးပေါ့
ကောင်းလိုက်တဲ့အတွေး