09 September 2008

မနေ့ည


မနေ့ညက ကျနော်အိပ်လို့မပျော်။ သူများတွေကို ဒုက္ခပေးသလို လက်ဖက်သုတ်ပို့စ်ကိုရေးရင်း ကိုယ်တိုင်က လက်ဖက်တွေတ၀တပြဲစားရင်း အိပ်လို့မပျော်တာလားမသိ။ အားလုံးကလည်း ၀ိုင်းဝန်းဆုတောင်းကြမှာပါ။ မမိုးချိုသင်းဆို ထတောင်သုတ်စားရင်းနဲ့ ဒီကောင်လေးနှယ်ဆိုပြီး ညည်းနေမှာ။ အမရေ အိယောင်ဝါးသုတ်ထင်တယ်နော် ။ ကိုဗီလိန်ကတော့ သနားပါတယ်ဗျာ ဒညင်းသီးပါလို့မစားရရှာဘူး။ သူက မွှတ်ဆိုတော့ ဒညင်းသီးရှောင်ရတယ်လေ။ ကိုရုပ်ဆိုးကတော့ ဗိုက်တလံလောက်ထွက်အောင်စားမယ့်လူ အိမ်လည်ခေါ်လို့မဖြစ်ဘူးဗျ။ မောင်မျိုး ကိုတောင်ငူနဲ့ကိုဂျူလိုင်ကလည်း ကြိုက်တယ်တဲ့ဗျာ ဒီလူတွေရှောင်မှ။ မပန်းခရမ်းပြာကတော့ အရမ်းရိုးတော့ လက်ဖက်ထဲ ဒညင်းသီးထည့်စားရတာမသိပြန်ဘူးလေ(အမချိုရေ စတာပါဗျာနော်)။ ကော့မန့်တွေအများကြီးရတော့ ရွာသားလေး တော်တော်ပျော်ပါတယ်ဗျာ။ အိပ်လို့မပျော်တဲ့အတူတူ မထူးဘူးဆိုပြီး ကျနော့ရဲ့လက်တည့်စမ်းအစီအစဉ်ကို စလိုက်ပါတယ်။ စလိုက်တာကနေ အဆုံးသတ်တော့ ၁နာရီထိုးနေပြီ။ သတိထားမိရင်လည်း ထားမိမယ် ကျနော်နှစ်သက်တဲ့ သီချင်းလေးတွေ ဆိုတာ လေးပါ……

သီချင်းတွေကို ဘယ်အချိန်ကနှစ်သက်မိသလဲမသိ။ မိထ္တီလာကန်တော်အောက်က စမလား အိုးအိုးအေးအေးက စမလားပါပဲ။ အိမ်မှာက မေရော ဖေရော ဂီတ၀ါသနာပါကြတယ်။ ဆိုတတ်ပင်မယ့် အသံမကောင်းတဲ့ အဖေ၊ အသံမကောင်းပင်မယ့် ဆိုတတ်တဲ့ အမေ ဒီနှစ်ယောက်လေ။ အမေငယ်ငယ်ကတော့ အကပါဝါသနာပါတယ်တဲ့။ မန္တလေးသင်္ကြန်ဆိုရင် ဦးဝင်းဦးကို ငှားခိုင်းပြီး သွားသွားကတာ နှစ်စဉ်။ တီးလုံးသံကြားတာနဲ့ သူက ကချင်နေပြီ။ အဲလို။ အဖေကတော့ အဆို ရေချိုးရင်းလည်း ဆို အလုပ်လုပ်ရင်းလည်းဆို။ သီချင်းလေးတအေးအေးနဲ့ အိပ်ခါနီးရင် သီချင်းကိုဖွင့်ပြီးမှကို ကျကျနန အိပ်တာဗျာ။ သူတို့ကမွေးလာတဲ့မောင်ရွာသား သီချင်းမကြိုက်ပဲခံနိုင်ရိုးလား။ ဘမျိုးဘိုးတူ ဂျိုကလေးနဲ့ပေါ့ဗျာ။

ဘယ်သီချင်းတွေကို နှစ်သက်သလဲ။ ကျနော်သိသလောက် နားထောင်လို့ကောင်းမယ် စာသားလေးက ရင်ဘတ်ထဲပြေးဝင်မယ်ဆို ကြိုက်ပြီပဲ။ ဘယ်ပုံစံမဆိုပေါ့ဗျာ။ အိမ်မှာက ဗားရှင်းတွေက အမျိုးမျိုးကိုး။ အမေကြိုက်တာက ကိုတင်လှိုင်ကိုသန်းလှိုင် ကိုစောညိမ်း ၀င်းဦး။ စံပယ် စံပယ်ပန်းရယ် သင်းရနံ့ကြူဖြူဖြူဖွေးတယ် မွှေးမွှေးလေးပေးချင်အောင်ကွယ် ဆိုရင်ကို မျက်စိထဲမှာ မြင်နေတော့တာ။ ပွင့်ဦးကြွေမှဖြင့်ကွယ်ဆိုတဲ့ သီချင်းသံကြားတာနဲ့ကို သနားလာတော့တယ်။ မြန်မာ့စိတ်ရင်း မြန့်မာ့ရှုခင်းဆိုတာနဲ့ နှုတ်ခမ်းမွှေးပဲဆွဲရမလို ပုခုံးပဲလှုပ်ရမလိုကို ဖြစ်ဖြစ်နေအောင်လေ နားထောင်ခဲ့ရတာပါ။

အဖေကတော့ စိုးပိုင် ခင်ဝမ်း ကျော်ဟိန်း ခင်မောင်ထူး ခင်မောင်တိုး ခိုင်ထူး ပြီးတော့ country song တွေကြိုက်တတ်တယ်။ သူနားထောင်နေကြက Olivia Newton John ရဲ့ Take me home country road ဗျ။ မိချောင်းနဲ့ မျောက်ရဲ့ ဒဏ္ဍာရီကို ကြားဖူးသလားအချစ်ရေ့ဆိုတဲ့ သီချင်းက သူ့အမြဲညည်းနေကြ။ သူတို့နှစ်ယောက်ပေါင်းဆိုတဲ့ သီချင်းလေးကတော့ အချစ်ညရင်ခုန်သံတဲ့ဗျ။ ကျနော်ဆို အလွတ်ကိုရရော။ ကြယ်ကလေးတွေမရှက် ကျနော်ပဲ ရှက်နေရတာပေါ့။

အိမ်မှာ ငါးတန်းတည်းက လာနေတဲ့ အစ်ကို က စိုင်းထီးဆိုင် ဇော်ဝင်းထွဋ် လွှမ်းမိုး ထူးအိမ်သင် ထွက်သမျှ အခွေအကုန်ဝယ်။ အမေ့အိမ်ဆိုတာ အဲဒီနေရာက တိတ်ကိုပါးယူရော။ ရွက်လွှင့်ခြင်းဆိုတာ မူရင်းဆိုတာပဲလို့ ကိုထင်ခဲ့တာ။ တောမှာဆိုတော့ နိုင်ငံတကာ ဂီတလောကနဲ့က ဝေးကွာချက်တော့။ ကိုထီးကြီးကိုတော့ အမြဲကိုအားပေးခဲ့ပါတယ်။ ပျောက်ဆုံးနေသောနိဗ္ဗါန်ဘုံ ဆိုရင် အခုချိန်ထိဆိုမိတုန်း။ ကျနော်တို့ ညီအစ်ကို နှစ်ယောက် နားထောင်တာက တရုတ်ကက်ဆက်လေး အပြာရောင်ရင့်ရင့်လေး။ ၅၀၀လား ၆၀၀လားပဲပေးရတာ မန္တလေးက ၀ယ်ခဲ့တာပါ။

အဒေါ်တစ်ယောက်ကြိုက်တာက အောင်သူ နဲ့ မင်းအောင်။ စလည်ဝင်အိုးလေးဆိုရင် နားထောင်ရင်းမျက်ရည်တောင်ကျတယ် တကယ်။ မကွေးမြို့စွန်မြသလွန်ဆိုတာ အဆိုကောင်းလို့ ကျနော်တို့သူငယ်ချင်းက နင်တို့ နိုင်ငံတော်သီချင်းဆိုနေတာလားလို့မေးယူရလောက်တဲ့အထိ။ နောက်အဒေါ်တစ်ယောက် က မာမာအေးမှ မာမာအေးပဲ။ ဆံချည်စေ့မျှ မေ့မရလေဘူးကနေ ၀ါဆိုတောင်မှ ပြာသိုနားတွင်ထားလိုက်ချင်ရဲ့ ထိလို့မိုးဆီတိမ်တို့ဆီဆိုတဲ့အထိ။ သစ်ပင်တွေလဲတဲ့သီချင်းဆိုရင် မြန်မာ့အသံကမလွှင့်တော့လို့ သူ့မှာ တစ်ပြောပြောနဲ့မပြီးတော့။ ဟိုတစ်လောက အန်တီမာမာအေးနေမကောင်းဘူးဆိုလို့ သူကမေးနေသေးတယ်။ လူချင်းများတွေ့ရင်ဘယ်လိုနေမယ်မသိဘူး။ နောက်တစ်ယောက်ကတော့ မေချို။ သီချင်းတွေဆိုတဲ့မချို မချိုဆိုပြီး ဖွင့်နေကြ။ ရွှေစည်းခုံစေတီပါးမှာ မောင့်သက်ထားချစ်သက်ဝေ ဆိုတဲ့အထဲက ရွှေစည်းခုံက ကျနော်တို့အရပ်ကရွှေစည်းခုံပါတဲ့ဗျာ သူပြောတာ။ အသည်းမကွဲဘူးတဲ့ အပျိုကြီးပေမယ့် သူတို့လိုပဲကို့ရင်ထဲမှာ အသညှ်းရှိတော့လည်းခက်တယ်ခက်တယ် အချစ်ရယ်အသက်ရယ် ပလီပလာချွဲ ဒီမှာလည်း ကျမျက်ရည်ချစ်စိတ်တွေဝေတယ် ဆိုပြီး လုပ်တတ်သေးတာဗျ။

အမတစ်ယောက်ကတော့ ဟေမာနဲ့မေဆွိပါဗျာ။ ဟေမာက ၀တ်တာစားတာကိုက ဘယ်လို။ အရီအပြုံးနည်းလို့တဲ့ သူ့မှာပူရတယ်။ နဂိုပါရမီကောင်းတဲ့ မဟေမာသီချင်းတွေက သူမပြောနဲ့ ကျနော်တို့တောင်ကြိုက်လားကြိုက်ရဲ့လေ။ မောင်ဆိုတဲ့ သီချင်းသံကြားရင် အောင်မြင်လွန်းတဲ့ မေဆွိဆိုတာကို သိကြမှာပါ။ တစ်ခေါက်ပြန်လာပြီး အခွေထုတ်တော့တောင် ဆိုရင်းမျက်ရည်အ၀ိုင်းသားနဲ့။

အနှီ အိမ်သူအိမ်သားတွေကြိုက်သမျှသီချင်းတွေကို ဒိုင်ခံနားထောင်ပေးတာ ကတော့ မောင်ရွာသားလေးပါဗျာ။ သီချင်းတွေအားလုံးအလွတ်ရတဲ့အထိကို သနားစရာကောင်းအောင်နားထောင်ခဲ့ရတာ။ ဒါပေမယ့် ကျနော်ကလည်း တစ်ဘာသာ။ တော်တော်လေးအရွယ်ရောက်မှသိတာက တူရိယာသံတွေကို တော်တော်လေးနှစ်ခြိုက်တယ်ဆိုတာပါ။ ကျနော်အကြိုက်ဆုံးက စောင်းပါ။ စောင်းသံကို အရူးအမူးစွဲလမ်းတပ်မက်ခဲ့သူပါ။ တီးတတ်လားဆိုတော့ လုံးဝမတီးတတ်။ ဘယ်တူရိယာကိုမှ ဖြစ်မြောက်အောင်မတီးတတ်။ ဒါပေမယ့် ကြိုက်ခွင့်ရှိတယ်ဟုတ်။

အခုလည်း ကျနော်အရမ်းကြိုက်တဲ့ မကွေးစောင်းလှိုင်ဝင်းမောင်ရဲ့ စောင်းသီချင်းလေးတွေ ဝေမျှထားပါတယ်။ နှစ်သက်ရင် ခံစားနားဆင်နိုင်ပါတယ်ဗျာ။ အသံတော့မပါဘူးဗျာ။ နားထောင်မယ်ဆိုရင် ဆိုပြမယ်လေ အဟက် (ကိုဂျူလိုင်ရီသံ ခဏသုံးပါတယ်)။ မနေ့ညက သီချင်းတွေ upload လုပ်ရင်း မနက်၁နာရီထိုးသွားခဲ့တာပါ။ အဆင်ပြေရင်ထပ်တင်ပေးပါဦးမယ်။

ကိုရုပ်ဆိုးနဲ့ ကိုဂျူလိုင်ရေ …………………


မြန်မာ့စောင်းအကြောင်း Wikipedia မှာရေးထားတာလေးပါဗျာ။ ပုံကို အဲဒီကယူပါတယ်။

7 comments:

တန်ခူး said...

အိုး… တဆွေလုံးတမျိုးလုံး သီချင်းချစ်သူတွေပါ့လား… အဲဒီထဲ တို့ ပါ ပေါင်းထည့်လိုက် ရွာသားလေးရေ… တို့ လဲ စောင်းသံကို နှစ်သက်တယ်… ကျောင်းတုန်းက အတူတွဲတဲ့ သူငယ်ချင်းက စောင်းတီးအရမ်းတော်တာ… ကိုယ်ကိုယ်တိုင်ကတော့ ဒိုရေမီတောင် ခပ်လည်လည်…

ဗီလိန် said...

အင်းစောင်းသံတောင်မကြားရတာကြာပေါ့။
ရွာမှာတုန်းကဆို မနက်မနက် MRTV ကနေ မကြာမကြာလာလို့ နားထောင်ရသေးတယ်။

ကိုရုပ်ဆိုး said...

အင်း ... သူဆိုနေကျ ... Rဇာနည်တို့၊ Lလွန်းဝါတို့၊ ဇော်ပိုင်တို့ကျ ထည့်မရေးထားပါလား။ ငါကတော့ IC ပရိသတ်ကွ ... သိလား။ ဘာတဲ့ “စောင်း တီး”တာ ၀ါသနာပါတယ် ... ဟီး..ဟီး..ဟီး (မမယုရယ်သံငှားပါ၏)။

Anonymous said...

သီချင်းတွေက ခေတ်တုန်းကြီးတွေ ကြိုက်ဘူး ဟိဟိ ညီကတော့ ခေတ်ပေါ် မရိုးလွန်း မဆန်းလွန်းလေးတွေပဲ ကြိုက်တယ် အငယ်တုန်းကတော့ အလှူမှာဖွင့်တဲ့ ဦးထွန်းရင် ဦးသိန်းတန်း တို့  သီချင်းတွေပဲ ကြိုက်တယ်း) ကိုတောသားက စောင်းကြိုက်တာကိုးးး တီးတက်တဲ့ ကောင်မလေးတစ်ယောင်ရှာလိုက် :P

JulyDream said...

ဘမျိုး ဘိုးတူ ဂျိုကလေးနဲ့ ဆိုတော့ တော်သေးတာပေါ့ဗျာ။ စာလုံးပေါင်းမှားပြီး ချိုးကလေးနဲ့ဆို ဘေးအိမ်က အပျိုကြီးတွေ လက်နဲ့ အတောက်ခံရမှာ မြင်ယောင်မိတယ်။ အဟတ်...

၁ နာရီမှ အိပ်တာကိုများ တကူးတက စာဖွဲ့နေသေးတယ်နော်။ ကျွန်တော်ဆို ၁ နာရီ ၂ နာရီ မအိပ်ဖြစ်သေးဘူးဗျ။ အလုပ်တွေ လုပ်ရင်းနဲ့ ဘလော့တွေ ဖတ်ရင်းနဲ့ပေါ့ဗျာ။

RePublic said...

စုံလင်လှချေလား ကိုရွာသားလေးရေ ၊၊

Unknown said...

ရွာသားတို့  သီချင်းကြိုက်ပုံများကွယ် ရေးထားတာလေးများ သီချင်းစာသားလေးတွေနဲ့  ဖတ်လို့ သိပ်ကောင်းတာပဲ တို့ များဆို ကြိုက်တာပဲရှိတာ ခုလိုပေါ်လွင်အောင်များ ပြောပြတတ်ပါဘူးကွယ် (မဟေမာကိုများကြိုက်လိုက်တာ တို့ များ ယောက်ျားလေးမဖြစ်တာ သူကံကောင်းတာပဲ )
ကဲ လုပ်စမ်းပါဦး ဆရာ နားထောင်ကြည့်ချင်ပါတယ် ဆိုပြပါဦး တပုဒ်လောက်