20 September 2008

ကုန်စည်ဒိုင်မြင်ကွင်း

ကုန်စည်ဒိုင်ဆိုတဲ့စကားကို ကျနော်တို့အရပ်သားမဟုတ်ရင် စိမ်းနေပါလိမ့်မယ်။ ကုန်စည်ဒိုင်ဆိုတာ ကုန်သည်တွေကို စုဝေးထားတဲ့ အရပ်ပေါ့။ ရန်ကုန်သားတွေ မြင်လွယ်အောင်ပြောရရင် ကားပွဲစားတန်းလိုပေါ့ဗျာ..

အဲဒီကုန်စည်ဒိုင်က ကျနော်တို့အိမ်နဲ့မျက်စောင်းထိုးမှာပါ။ အခုတော့ ရွှေ့သွားကြပြီ။ နွေအဖွားအိမ်ပြန်တိုင်း ဒီကုန်စည်ဒိုင်ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့ရတာ။ ကျနော်တို့ရဲ့ ကစားကွင်းကြီးပေါ့။

အိပ်ရာကမျက်လုံးဖွင့်တာနဲ့ အသံတွေက ဆူညံနေပြီ။ မျက်နှာသစ်ရင်း စဉ်းစားမိတာက ဒီနေ့မနက်စာ ဘာစားရင်ကောင်းမလဲ။ အန်တီဒေါ်မြသီရဲ့ ငါ့တူကြီးအတွက် စပယ်ရှယ်ဆိုတဲ့ အသုတ်စားရင်ကောင်းမယ်။ ဟာဒီနေ့ အကြော်မှမစုံတာ မဖြစ်သေးပါဘူးပေါ့။ နောက်ထပ် ဦးတူးရဲ့ရွှေညာမြေဆီချက်။ ကောင်လေးလူကျနေလို့ စားပွဲကူထိုးပေးပါဦးဆို မှဗိုက်ပိုဆာနေဦးမယ်။ မီးအတွက် ထူးရှယ် မြင်လုံးဆိုပြီး ကျွေးတတ်တဲ့ ဦးတရုတ်ကြီး ထုတ်ထိုးစားရင်ကော။ ထုတ်ထိုးက ဗိုက်မှမ၀တာ။ ၀အောင်စားရင်လည်း တစ်ဗန်းလုံးသာပြောင်သွားမှာ အသေချာ။ ဒါမှမဟုတ် ဟိုညားခါစ လင်မယားရောင်းတဲ့ မြီးရှည်ပဲစားဖို့ကောင်းတယ်။ မြီးရှည် မှာ အီကြာကွေးလေးတွေထည့်မယ်။ အာလုံးကို မိုးလင်းတိုင်းစိတ်ကူးယဉ်ခဲ့ရပေမယ့် နောက်ဆုံးမှ ဆနွင်းဝါ၀ါလေးနဲ့ကြော်လေတဲ့ အိမ်က ထမင်းကြော်ကို ကော်ဖီနဲ့စိမ်ပြီးသောက်ခဲ့ရတဲ့ မနက်တွေက နေ့တိုင်းရက်ဆက်။

ဟိုဘက်ကလှုပ်လှုပ်ဒီဘက်ကလှုပ်လှုပ်နဲ့ သတင်းစာစက္ကူထုပ်လေးတွေ ကိုယ်စီကိုင်ပြီး ကိုယ်ရောင်းမယ့် ပဲတွေ ဂျုံထုပ်လေးတွေကို နမူနာထုတ် လာတတ်ကြတယ်။ ပြီးရင်လည်း ဟိုနေရာတင် ဒီနေရာတင်နဲ့ မေ့သွားတတ်ကြပါလေရော။ အရောင်းအ၀ယ်တွေ ဈေးတည့်လေလား ဈေးကွက်တွေ အေးစက်နေပြီလား ကျနော်တို့က ကလေးပီပီ စိတ်မ၀င်စား။ ကျန်ခဲ့လေတဲ့ အဲဒီအထုတ်တွေကို လိုက်သိမ်း။ တူရာတူရာလေးတွေ စုပြီး အန်တီဝင်းဆီမှာ ပြန်သွင်းနေကြ။ မုန့်ဖိုးပဲဖိုးလေးတော့ ရတာပေါ့ဗျာ။

ပြီတော့ ကလေးလူကြီးအားလုံးအာရုံစိုက်ရာ လက်တောက်ခုံ။ တခြားအရပ်တွေမှာ လက်တောက်ခုံက သိပ်မထင်ရှားပေမယ့် ကျနော်တို့အရပ်မှတော့ လက်တောက်ခုံကို အမျိုးစုံအောင် ကစားကြတယ်။ မိုးသီးထိုးတယ်ဆိုပြီး ဂဏန်းတွေနှိုက်ပြီးတောက်ခြင်း၊ ချန်ပီယံကွက်တောက်ခြင်း အို မျိုးစုံအောင်ဆော့ကြတယ်။ ပိုက်ဆံကြေးကနေ ရှုံးထွက်အထိပေါ့။ အကွက်တွေကတော့ ယုန်လေးကုန်းကွက်ဆိုပြီး အော်အော်တောက်ကြတာပါပဲ။ ယုန်လေးကုန်းကလူတွေက လက်တောက်ခုံ သိပ်တော်ကြတယ်ဆိုပဲ။ လက်တောက်ခုံကို ရန်ကုန်မှာမြင်ရတတ်တဲ့ ဖြစ်ကတတ်ဆန်း လက်တောက်ခုံမျိုးမဟုတ်ဘူးလေ။ ကျွန်းသားကို ချောနေအောင်တိုက်ထားတာဗျ။ အပေါ်မှာ ဖြူးတတ်တာတော့ ဂျုံမှုန့်အနုစားထင်တာပဲ။ ဇယ်တွေကလည်း သစ်သားဇယ်တွေ ပိုက်တွေကလည်း အပျံစားနဲ့။ လက်တောက်ခုံအောက်က ခုံနဲ့ ထိုင်ခုံတွေကလည်း ဒီလက်တောက်ခုံယဉ်ကျေးမှုကို အထင်းသားပြနေတော့တာ။

လမ်းဒေါင့်မှာ ရှိနေတဲ့ ကုန်စည်ဒိုင်ဝင်းထဲမှာလည်း ဆိုင်ကယ်တွေက ပြည့်လို့။ ပွဲစားမှန်ရင် ကျောက်စိမ်းဆိုင်ကယ်စီးရမတဲ့ ပလေကပ်ပုဆိုးကို အဆင်မျိုးမျိုးဝတ်ရမတဲ့လေ။ ကျောက်စိမ်းဆိုင်ကယ်ဆိုတာ ဆိုင်ကယ်အရောင်ကို ပြောတာပါ။ ဆိုင်ကယ်ဈေးကွက်က အရောင်ကိုလိုက်ပြီး ဈေးစကားပြောတာတော့ အဆန်းသား။ စက်ကောင်းလား ရွှီးဒေါက်လား (သော့ဖွင့်လိုက်တာနဲ့ စက်တခါတည်းနှိုးတာကို ရွှီးဒေါက်လို့ ခေါ်ပြန်ရော) မသိ မကြည့် ကျောက်စိမ်းဖြစ်ရင်ပြီးရော။ ဟိုတစ်လောကလည်း ရွှေအိုရောင်ဆိုပြီး တစ်ခေတ်ဖြစ်လိုက်သေးတာ။

ဒီနှစ်ပဲတွေကောင်းရဲ့ဆို အိမ်ရှေ့မှာလည်း ရွာတွေက တက်လာတဲ့ ကားတွေက အပြိုင်။ ကလေးတွေကလည်း မြို့လေးရယ်မို့ရောက်ဖူးတယ်ရှိအောင်ခေါ်ခဲ့ပြန်သေးတာဗျ။ အပြန်ကြရင် သူတို့အတွက်ကျောင်းတစ်နှစ်စာလိုအပ်တာတွေ ၀ယ်သွားပေးမယ်ထင်တယ်။ ရာသီဖျက်လို့ ပဲပျက်တဲ့နှစ်တွေဆို အားလုံးတိတ်ဆိတ်လို့ ကျနော်တို့ရတတ်တာက မအောင်ပင်မယ့် ပဲရယ်လို့ သိနိုင်တဲ့ အထုတ်လေးတွေ အလေးချိန်တွေက ပေါ့လို့။

လေးနှစ်လောက် အိမ်ရှေ့မှာ ပျော်ရွှင်စည်ကားလေတဲ့ ကုန်စည်ဒိုင်လေး ရွှေ့အပြီးမှာတော့ ကျနော်တို့အိမ်နားတစ်ဝိုက် တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ခဲ့ရော။ ကိုယ့်ဆွေကိုယ်မျိုးတွေနဲ့ပဲမတွေ့ရတော့သလို ရင်ထဲမှာသာ ဟာတိဟာတာ။ သြော် အောင်မြင်စွာရောင်းဝယ်ဖေါက်ကားလို့ နေရာအသစ်မှာ ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးတဲ့ ကုန်စည်ဒိုင်လေးဖြစ်ပါစေလို့သာ လွမ်းရင်းနဲ့ဆုတောင်းနေရတာ…

4 comments:

RePublic said...

ကိုရွှာသားလေး ကိုယ့်အရပ်ဒေသ အကြောင်းလေးတွေရေးတိုင်း ကျနော် နေခဲ့တဲ့ ပတ်ဝန်းကျင်လေးကိုပြေးပြေးမြင်မိတယ် ၊၊ လွမ်းမွေ့ဖွယ်ရာလေးတွေပါပဲဗျာ ၊၊

မိုးမြင့်တိမ် said...

ဗဟုသုတရစရာလေးတွေ ပြန်လည်မျှဝေပေးတဲ့ အတွက် ကျေးဇူးပါဗျာ ဖတ်လို့ကောင်းတယ်။

ဇင်ယော် said...

မြင်ကွင်းလေးကို မျက်လုံးထဲပေါ်အောင် ရေးထားတာ ကိုယ်ကိုတိုင် ရောက်နေသလိုပဲဗျ။ မနက်စာ ဘာစားရင် ကောင်းမလဲ စဉ်းစားတာကတော့ အကြိုက်ဆုံးပေါ့ဗျာ။ သိတယ်မလား အစားအသောက် မီးလို တောက်လေ။

Unknown said...

ငယ်ငယ်တုန်းကဘ၀လေးကို မှတ်မိနေသေးတာ ဖတ်ရတဲ့သူအတွက် ဗဟုသုတရတယ်ကွယ်
လောလောဆယ်တော့ မနက်စာတွေအားလုံးကို စားချင်စိတ်ပေါက်မိတယ်