19 September 2008

တတိယလူတစ်ယောက်ရဲ့ နေရာ


လောကမှာ နေရာဆိုတာအများဆိုမှအများကြီး။ ဒါပေမယ့် တတိယနေရာဆိုတာကော။ ပထမနဲ့ဒုတိယလူနှစ်ယောက် ရှိပြီးသားဆိုရင် နောက်ဝင်လာတဲ့လူဟာ တတိယလူပေါ့။ တကယ်တမ်းဆို တတိယလူဖြစ်ခွင့်ကို ဘယ်သူကလိုချင်ခဲ့မှာလဲ။ ရွေးချယ်ခွင့်သာရှိခဲ့မယ်ဆိုရင်………………..

တကယ်ဆို ငယ်ရေ နင်တို့နှစ်ယောက်အဆင်ပြေနေသားနော်။ နင်ကလည်း သူ့ကိုဆိုဂရုစိုက် သူကလည်း နင့်ရဲ့အနွံတာကိုခံနေတာ ငါမြင်သားပဲ။ ဒါပေမယ့် ငယ်ရယ်။ နင့်ကိုတွေ့စကလို မဟုတ်ပဲ ငါ့စိတ်တွေပြောင်းသွားရတာကိုပဲ ငါ့ကိုယ်ငါ အပြစ်တင်မိတယ်။ တကယ်တမ်းဆို စာရေးဆရာမတစ်ယောက်ပြောတဲ့စကားကို နင်ဆန့်ကျင်ခဲ့ဖူးသလို ပန်းလေးတွေကို နမ်းတဲ့အမူအယာဟာ မိန်းမမာယာမှမဟုတ်တာလို့ နင်ငြင်းနိုင်ပေမယ့် ငါမငြင်းနိုင်ခဲ့ဘူး။ နင်ဟာငါ့ကို မြူဆွယ်ခဲ့ပါတယ်လို့ ငါမစွပ်စွဲရက်ပါဘူး။ တကယ်တမ်းက အဲဒီဖြစ်ခွင့်ကို ရွေးချယ်ခဲ့တာ ငါကိုယ်တိုင်ရယ်လေ။ ငါကိုယ်တိုင်ရယ်ပါ။

ဒီလိုမျိုးဖြစ်ရပ်တွေကို အမြဲတမ်းခါးသီးစွာလက်မခံနိုင်ခဲ့တဲ့ လူတစ်ယောက် အဲဒီအဖြစ်မှာတရားခံကိုယ်တိုင်ဖြစ်ခဲ့ရတာတော့ လူရီစရာကောင်းလှပါတယ်။ နင်ကတော့ ဖြစ်နိုင်ချေရှိတယ်လို့ပြောခဲ့သားနော်။ လူတွင်ပါမှနွားကျားကိုက်တယ်လို့ ပြောခဲ့တဲ့စကားက အခုအချိန်မှာ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာသလိုပဲနေမှာ။ လက်တွေ့ဘ၀ဆိုတာ မထင်မှတ်တဲ့ မျက်လှည့်ပွဲတစ်ခုတဲ့လားငယ်။

အရင်နင့်ကိုစတွေ့တော့ ဂျပန်ဆံတောက်ရယ်နဲ့ ဂါဝန်နဲ့။ ငယ်ရယ် အိမ်ပစ်တမ်းဆော့နေတဲ့ နင့်ကို အဲဒီအချိန်တုန်းက ဘယ်ရင်ခုန်ခဲ့မှာလည်း။ နင့်မှာ ချစ်ရမယ့်လူရှိလာတော့လည်း ပွင့်ပွင့်လင်းလင်းရှိတဲ့နင့်ဆီက ငါကြားခဲ့ရတယ်။ ဒါပေမယ့်လည်း မတုန်လုပ်မိပြန်ဘူး။ ခက်တယ်ငယ်ရယ် ခက်တယ်။ တရက်နင်ပန်ပြလေတဲ့ အကြော်ပန်းရယ်ကြောင့် ငါ့ရင်တွေတဖျပ်ဖျပ်ခတ်ခဲ့ရတယ်။ အကြော်ပန်းရယ်နှောင့်တာကြောင့်လို့ ပြောရမလိုပါပဲ။ ငယ်....အခုချိန်မှာရိုးသားစွာငါ့ကိုပြောခွင့်ပေးပါ။ ချစ်တယ်…ငယ်။

ငါလေ နင့်ဆံစတွေအောက်က သိမ်မွေ့တဲ့ နဖူးပြင်လေးကို နမ်းရှိုက်ခွင့်အကြိမ်တစ်ရာလောက်မက်ချင်မိတယ်။ ဒါပေမယ့် ပိုင်ဆိုင်ခွင့်မရှိတဲ့ ဓာတ်ပုံထဲက ပန်းးပွင့်တစ်ခုပါလေ။ အေးချမ်းတဲ့ ဘ၀တွေကို ဖျက်ပြီး ငါ့အစွဲတွေကို ချုပ်ငြိမ်းဖို့ဘယ်လိုမှ မဖြစ်နိုင်။ နောက်ကျလေတဲ့ ငါ့ဖြစ်ရပ်ကို နေရာမှာရပ်ပြီး ပြန်သုံးသပ်မိတယ်။ တကယ်တော့ အားလုံးက ငါ့အပြစ်ပဲလား ကံကြမ္မာလေပဲလား။ ၀ိပတ်ကြမ္မာမလွတ်သာတဲ့။ ကံကြွေးရှိတယ်ဆိုကြပါစို့။

နင့်ကို ဖွင့်ပြောဖြစ်ရင် နင်ဘယ်ဘက်ကရပ်မလဲ။ တတိယလူတစ်ယောက်အတွက် နင်ထည့်စဉ်းစားဦးမှာဟင်…ငယ်။ နင်ပြန်ချစ်ခဲ့ရင်လည်း သနားချစ်ဖြစ်မယ်ဆိုပြီး စိတ်မလုံခြုံသူဟာ ငါဖြစ်နေဦးမှာပါ။ ငယ်ရယ်.......

မထူးတော့တဲ့ ဘ၀မှာ ငါလေ နင်နဲ့ဝေးရာကိုပြေးထွက်ခဲ့တာပါ။ နင့်ဘေးမှာဆက်နေရင် ငါရဲ့မြိုသိပ်နိုင်စွမ်းတွေ မရှိနိုင်တော့မှာ ငါကြောက်တယ်။ တကယ်လို့နင်သိခဲ့ရင် ဘာဆုံးဖြတ်မလဲဆိုတာ ငါရင်မဆိုင်ရဲဘူး။ သတ္တိနည်းလိုက်တာဆိုပြီး ရီနေမှာလား ငယ်ရယ်။ ဟိုဘက်ကိုလိုက်ရင် ငါရင်ကွဲရမှာ ငါ့ဘက်ကိုလိုက်ရင်လည်း ငါဟာ ဒဿဂီရိအဖြစ်ကိုရောက်ရဦးမယ်။

အဲဒီတော့ လမင်းကြီးကို နင်က ညဘက်ဆိုပြီးကြည့်နေချိန်မှာ ငါကနေမင်းကြီးကို နေ့ဘက်ဆိုပြီးကြည့်ရတဲ့ အရေးကိုရွေးချယ်လိုက်ပါတယ်။ ငယ်ရေ……..အကြော်ပန်းကြွေတစ်ပွင့်လောက်ပန်ပါဦးလား…………..ငါလွမ်းလို့ပါ….

9 comments:

ကိုရုပ်ဆိုး said...

တတိယနေရာ၏ ပထမဝေဒနာကို ခံစားနေရပြီပေါ့။

ဂျူနို said...

ရွာသားလေးကလည်းခံစားစရာနဲ့ ပါလား။
တတိယလူတော့ မဖြစ်ချင်ပါဘူး။ တတိယနိုင်ငံတော့....။
တတိယ အရွယ်ရောက်ရင်တော့ ဒုတိယဝေဒနာ မခံစားချင် နဲ့ နော်။
ဟင်းတွေကလည်းကောင်းလိုက်တာ။
အယ်ဇီ

လင်းဒီပ said...

ရွာသားဂီရိတော့ လုပ်ပါနဲ့...:)

တန်ခူး said...

အချစ်ဆိုတာလဲ ခက်သားလား… အဆုံးသတ်လေးအတိုင်းပဲဖြစ်သင့်ပါတယ်လို့  ဆိုရင် ကိုယ်ချင်းမစာတတ်ဘူးလို့  မပြောနဲ့ နော်… ခဏတော့ ခံစားရပေမယ့် တတိယလူဘ၀က ကျွတ်တာပေါ့… ပထမလူဖြစ်နို်င်တဲ့ အခွင့်အရေးတွေက ရှိနေသေးတာ သေချာတယ်လေ… အကြော်ပန်းလေးတွေ ပန်ပြဦးမယ့် ငယ်မဟုတ်တဲ့ နောက်တယောက်ပေါ့…

RePublic said...

တတိယ လူအဖြစ်နဲ့ ကျေကျေနပ်နပ် အမြဲတမ်းလက်ခံနိုင်ဖို့ ဆိုတဲ့ မေးခွန်းကို အရေအတွက်ပေါင်းမြောက်မြားစွာ ကိုယ့်ကိုကိုယ် အရင်ဆုံး လက်တွေ့ကျကျ အဖြေရှာဖို့ လိုမယ်ထင်တယ်နော် ကိုရွာသားလေးရေ ၊၊
(ကိုယ့် ကိုကိုယ် ချစ်တဲ့ လူ့အတ္တတွေရှိနေကြတာကိုး)

ဇင်ယော် said...

ဟို သီချင်းလေး သွားသတိရမိတယ်။ တတိယလူ အဖြစ်နဲ့  ကိုယ်အချစ်က မင်းနှလုံးသားနဲ့  လွဲချော်ခဲ့ ။ အချိန်တန်ပြီ ဆိုရင် ကိုယ်ပြန်သွားရတော့မယ် တဲ့ ။ အကြော်ပန်းကြွေတစ်ပွင့်လောက်ပန်ပြဦးမယ့် ကောင်မလေးတစ်ယောက် ပြန်တွေ့နိုင်ပါစေလို့ ။

Moe Cho Thinn said...

ရွာသားရေ
လာတော့လဲ အလွမ်းတွေနဲ့ပါလား။
ဘာပဲဖြစ်ဖြစ် သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပေါ့နော်။ စိတ်ချမ်းသာဖို့သာ ဆုတောင်းပါတယ်။

မိုးမြင့်တိမ် said...

ဘာပြောရမလဲ စိတ်ထဲမကောင်းဘူး ဖြစ်သွားတယ် တတိယလူ တစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်နေတဲ့ အတွက် ပိုပြီးစိတ်မကောင်းဖြစ်မိတယ် တကယ်တော့ ဘယ်သူကမှ ပထမလူ၊ ဘယ်သူကမှ တတိယလူ မဟုတ်ပါဘူး အားလုံးဟာ ပထမပါ။ ဘာကြောင့်လဲဆိုတော့ ရင်ထဲမှာ ဖြစ်တည်ခဲ့တဲ့ အချစ်ဆိုတဲ့ အရာဟာ အဖြူစင်ဆုံးနဲ့ အပြစ်အကင်းဆုံး ဖြစ်နေခဲ့လို့ပါ။ ပိုင်ဆိုင်ရခြင်း မရခြင်းဆိုတာထက် ချစ်နေရခြင်းသည်သာ အချစ်ဖြစ်ပါတယ်။ဒါကြောင့်မို့ အချစ်နဲ့ တိုင်းတာရင် မြတ်နိုးစွာ ချစ်တတ်တဲ့ လူတိုင်းဟာ ပထမပါဘဲဗျာ။ အမြဲ အားပေးနေမယ်။

Unknown said...

တတိယလူတယောက်ရဲ့  ခံစားချက်လေးကို ထိထိမိမိ ဖြစ်အောင် ရေးထားတာပဲ (ဟိုဘက်လိုက်ရင် ငါရင်ကွဲ ငါ့ဘက်ကိုလိုက်ရင် ငါဟာ ဒဿဂီရိ ဆိုတဲ့စကားလေး ကိုတော့ သဘောကျမိတယ်) ဒါပေမယ့် တခါတလေ ကောင်းကင်က ကြယ်လေးတွေကို မော့်ကြည့်မိတဲ့ခံစား မှုမျိုးကို နှစ်သက်မိရင်တော့ ----------