12 September 2008

အစ်ကိုကြီးတို့အစ်မကြီးတို့

စိတ်မရှိပါနဲ့ဗျာ။ စာဖတ်သူတွေကို ခေါ်တာမဟုတ်ပါဘူး။ အခုတလောသူတို့တွေကို သတိရစိတ်ပေါ်ပေါ်လာလို့ပါ။ ကျနော်တို့အရပ်က လူတွေဆိုရင်တော့ သိကြမှာပါ။ အစ်ကိုကြီးတို့ အစ်မကြီးတို့ဆိုတာ……

ကျနော်တို့အရပ်က နေ၀င်ပြီလို့ မိုးစုန်းစုန်းချုပ်ခဲ့ရင် သူတို့တွေရဲ့ အသံကို ကြားရပါပြီ။ သူတို့ အမြဲအော်အော်နေတာက အစ်ကိုကြီးတို့အစ်မကြီးတို့ရယ် ထမင်းလေး ဟင်းလေးကျန်သနားပါ့ဗျာဆိုတာလေးပါ။ ကျနော်တို့အိမ်တွေက ပိုတဲ့ထမင်းဟင်းတွေကို စုပေါင်းစပ်ပေါင်းလုပ်ပြီး သူတို့မှာ စားကြရတာ။ ကလေးတွဲလောင်းတွေလည်းပါတယ်။ အ၀တ်အစားတွေဆိုတာ တကယ့်ကို အရှက်လုံတယ်ဆိုရုံ။ ဆံပင်တွေကလည်း မလျှော်ပဲထားလို့ထင်ပါရဲ့ ပီကေနဲ့ကပ်သလို အုံလိုက်ကြပ်ခဲနေတတ်တယ်။ တစ်ချို့ကတော့ သားသည်အမေ တစ်ချို့က သားလောင်းမိခင် အိုကြီးအိုမ အဘိုးကြီးအဖွားကြီးတွေလည်းလက်ဆွဲလို့ ပါတတ်တယ်။ သူတို့တွေဘယ်လိုကြောင့် ဒီလိုဖြစ်နေရတာလဲ။ ငါတို့က ဘာဖြစ်လို့ ဒီလိုအမြဲပေးနေရတာလဲ လို့ မသိစိတ်နဲ့ ငယ်ငယ်ကတော့ အဖြေမထွက်ခဲ့ဘူး။

သူတို့ကို ကျနော်ပိုသနားမိသွားတာက ကိုပေါက်စီနဲ့မမယ်သုန်ကြောင့်ဖြစ်မယ်ထင်တယ်။ မယ်သုန်ရဲ့ ပုဗ္ဗေစ အခြေမလှတဲ့သူကို သဒ္ဒါတတ်အားနည်းများမဆို ပေးကမ်းစေလို ဆိုတဲ့ သနားစဖွယ်အသံလေးက နားထဲရောက်ရောက်လာတတ်တယ်။ သူတို့ရဲ့ အစ်ကိုကြီးတို့အစ်မကြီးတို့ဆိုတဲ့ အသံကလည်း ဤနည်းနှင်နှင်။ ငယ်ငယ်က ဘုမသိဘမသိနဲ့ အဲဒီ အသံနှစ်ခုကို ရွတ်မိရင်အခေါက်ခံရပါတယ်။ အိမ်မှာ အလှူဖြစ်ဖြစ် သူများ မင်္ဂလာဆောင်တွေမှာ အကူဖြစ်ဖြစ်လုပ်ဖြစ်ခဲ့ရင် တန်းစီစောင့်နေတဲ့ သူတို့ကို လက်မလည်အောင်ထည့်ပေးနေကြက ကျနော်ပါ။

အခုသူတို့ကို သတိရမိတာက ဒီကစားသောက်ဆိုင်တွေကြောင့်ပါ။ အပိုတွေမှအများကြီးဗျာ။ စားလျက်တန်းလန်းတွေ စားလို့မကုန်ပဲကျန်နေတာတွေ။ အစ်ကိုကြီးတို့အစ်မကြီးတို့တွေလည်း ဒီမှာမရှိ။ အားလုံးကို ပုံးတွေထဲသွန် အကုန်သွန်။ ဘာဖြစ်လို့အစ်ကိုကြီးတို့ အစ်မကြီးတို့က ဒီမှာမရှိတာလည်း။ ကျနော်တို့အရပ်ကနေ သူတို့ကို ဒီကို ခေါ်လိုက်ရင် ကောင်းမလားစဉ်းစားနေမိတယ်။ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။ ဒါဆို ဒီကဆိုင်တွေကို အဲဒီမှာလည်းဖွင့်ရင်ရော။ ဖြစ်နိုင်မယ်ထင်လားဗျာ။

အိမ်မှာ ထမင်းတွေဟင်းတွေပိုပြန်ရင်လည်း အစ်ကိုကြီးတို့ အစ်မကြီးတို့သာရှိရင်ဆိုပြီးတွေးနေမိတယ်။ ဒါပေမယ့် သူတို့တွေကော ဟိုမှာရှိသေးရဲ့လား မသိ……….

10 comments:

RePublic said...

ကိုရွာသားလေး တွေးရေးချက်ကတော့ဗျာ ၊၊ဟီး

အစ်ကိုကြီး အစ်မကြီးလို့ မခေါ်မိအောင် သတိပေးလိုက်သလို ၊၊ ဟူး ..တော်ပါသေးရဲ့

ခင်မင်လျက်ပါ...

Taungoo said...

မဟုတ်သေးဘူးဗျ ကိုရွာသားရ.........
......................

ဝေလေး said...

သူတို့ကိုဒီခေါ်မလား ဒီကဆိုင်တွေသွားဖွင့်မလား...
:)
ကျန်တာတွေထုပ်ပြီးပို့ပေးရင်ရော.. :P
ဟီးး ပေါက်ကရအတွေးတွေလျှောက်ရေးသွားတယ် စိတ်ဆိုးနဲ့

ကိုရုပ်ဆိုး said...

အကိုကြီးတို့၊ အမကြီးတို့ရေ ...ဆိုတဲ့အသံတွေ နည်းနည်းပျောက်သလောက် ဖြစ်နေပြီကွ။ အခုက ကျမတို့မိသားစု နာဂစ်စာမိသွားတဲ့အတွက် နေစရာ၊ စားစရာ မရှိတော့လို့ နည်းနည်းလောက် စွန့်ကြဲခဲ့ကြပါတဲ့.... ပိုရတယ်ကွ ..။

Moe Cho Thinn said...

ရွာသားရေ
ဒီစာဖတ်ပြီး လှိုက်ကနဲ ဖြစ်သွားတယ်။ ထိခိုက်လိုက်တာ။

Anonymous said...

ရင်ထဲထိတယ် စိတ်လည်းမကောင်း အဲ့ဒီမှာ မရှိပဲ ဟိုမှာမှ ဘာလို့ ရှိနေရတာလဲဆိုတဲ့ မေးခွန်းကို ညလည်းစဉ်းစားလာတာ အသက်တောင် ၂၀ ကျော်ပေါ့ အခုထိအဖြေမတွေ့  ( တွေ့ ပေမယ့်လည်းမပြောရဲတာလည်းပါတယ်)

စူး said...

မညီမျှတဲ့ လူ့ဘဝ မောင်လေးရေ..
အတွေးလေးက ဟာ့တ်ထိသွားတယ်..။

ဂျပန်မှာဆိုရင်တော့ အစားအသောက်မပိုဘူးကွ..။

kay said...

နည်းတော့ရှိပါတယ်။ အဲဒီကနေ..ကောက်ထားပေးပြီး- ဒေါ်သန်းသန်းနု ဆီက နေ ပို့ပေးလိုက်ပေါ့။
အဟဲ.. နောက်တာနော်-

ဂျူနို said...

ဟုတ်ပါ့။ ဒီမှာတော့ တော်တော်များများကလုံးဝ မပစ်ကြဘူး။
နိုင်သလောက်ပဲ မှာစားပါ။ ပန်ကန်ထဲ ရောက်ရင်တော့ ကုန်အောင်စားပါတဲ့။ ဗိုက်မဆာပဲတော့ မစားနဲ့ တဲ့။ အမေလိုဖြစ်နေတဲ့ မိတ်ဆွေကပြောတာ။ ဗိုက်မ၀ကြတဲ့သူတွေကို သတိရပါတဲ့။ သူက ချမ်းသာတဲ့ ဥရောပသူပါ။
ဒေါ်လေးကတော့သူ့ စကားကိုနိုင်သလောက်လိုက်နာတယ် ငါ့တူရေ။

Unknown said...

ရွာသားလေးတို့ ကတော့လေ တကယ့်ကိုပဲ
သနားစရာလည်းပါအောင် ပြုံးမိအောင်လည်းရေးတတ် တာ အကိုကြီးတို့  အမကြီးတို့ လေးတွေသာသိရင် ရွာသားအကိုကြီးကို လွှတ်ပြီး ကျေးဇူးတွေတင်နေမှာ (အင်းတို့ လည်း ထမင်းဟင်းကျန်များရှိတဲ့အခါ နှမြောစိတ်လေးနဲ့ အဲ့လိုတွေးမိတယ်)ကိုယ်တွေက ပိုနေတယ် သူတို့ လေးတွေမှာ လိုနေကြတယ် မမျှတ တာလား ကံတရားကြောင့်လား အတိတ်ကုသိုလ်ကြောင့်လားးးးးး???