28 September 2008

မှော်ဇာကအပြန်


Bonjour လို့နှုက်ဆက်ရပါတဲ့ ဒီသင်တန်းကို တက်ဖြစ်ခဲ့တာ ဘာကြောင့်ပါလိမ့်။ မူလဦးတည်ချက်တွေနဲ့ အကွဲကွဲအလွဲလွဲဆိုတော့ လုပ်သလိုမဖြစ်တော့လည်း ဖြစ်သလိုလုပ်လိုက်ဟန်တူပါရဲ့။ အတန်းထဲကစာတွေကို မမှတ်မိနိုင်တော့ပေမယ့် ဒီမှော်ဇာခရီးစဉ်လေးကတော့…

A1 အတန်းရဲ့ w1/2 section တွေရဲ့ လေ့လာရေးခရီးစဉ်လေးပါ။ တစ်နှစ်လုံးကျောင်းကို မှန်အောင်မတက်ခဲ့ပေမယ့် ဒီခရီးစဉ်ကိုတော့ သူငယ်ချင်းတွေ အစီအစဉ်နဲ့လိုက်ဖြစ်ခဲ့တယ်။ မနက် ၇နာရီလောက် ကျောင်းရှေ့မှာလူတွေပုံနေပြီ။ ကိုယ့်အဖွဲ့နဲ့ကိုယ် စကားတွေဖောင်ဖွဲ့နေကြပြီ။ ကားကမလာသေး။ ကားရောက်တော့တော်တော်နောက်ကျနေပါပြီ။ ဆရာ၊ ဆရာမတွေအပြင် ကျောင်းက အုပ်ချုပ်သူတစ်ချို့ပါလိုက်ပါလာတယ်။ မူကြိုကလေးတွေ အပြင်ထွက်သလို ရှေ့ဆုံးကနေပြီး တစ်နှစ်သုံးလူရေ။ မပြည့်မချင်းကားမထွက်တာမို့ တကယ့်ကို ရီစရာဖြစ်ခဲ့တဲ့ ခရီးစဉ်ပါ။ လမ်းမှာမှောက်အိပ်တဲ့လူတစ်ယောက်ကို ကျော်ရီသွားပြီး လူလိုသေးတယ်နှဲ့ ကားမထွက်ပဲထိုင်စောင့်နေတာကိုတော်တော်ကြာမှသိကြလို့ လူပြည့်ပါတယ်ဆိုပြီး အော်ကြရတဲ့အဖြစ်တွေပေါ့။ အင်ဒရေထင်ပါရဲ့ နာမည်တောင်မေ့လုလု။

လမ်းမှာခဏရပ်ပြီး လက်ဖက်ရည်သောက်ဆင်းကြတယ်။ ကျနော်တို့ပြည်မှာ လိုအပ်နေသေးတာက သပ်ရပ်တဲ့အိမ်သာလေးတွေ။ တန်းစီပြီးစောင့်နေရတဲ့ မဖြစ်ညစ်ကျယ် အဖြစ်ဆောက်ထားတဲ့ အိမ်သာလေးတွေမှာ နိုင်ငံခြားသားတွေကလည်း အလိုက်သင့် တန်းစီနေတာ တွေ့ရတော့ စိတ်တော့အေးသွားပါတယ်။ တိုးတက်စေချင်လိုက်တာလို့ တစ်ချိန်လုံးအော်နေတဲ့လူတွေ ဘယ်တွေရောက်နေပါလိမ့်။

ပြည်ကိုသွားတဲ့ ခရီးစဉ်တစ်လျှောက် ဖဲရိုက်သွားကြပါတယ်။ တလွဲမထင်ပါနဲ့ ဖဲဗေဒင်လည်း မေးကြပါသေးတယ်။ ငွေကြေးလောင်းကစားမဟုတ်ပဲ ဆရာခေါ်ကြေးလား နဖူးတောက်ကြေးလားရယ်ပါ။ ဖဲလိမ်ရိုက်လေတဲ့ မမစုတို့ မမယုတို့ကျေနပ်အောင်လည်း အရှုံးပေးလိုက်ပါသေးတယ်။

ကားပေါ်မှာကစားတဲ့ ဂိမ်းလေးတစ်ခုကလည်း ရခဲ့တဲ့ တီရှပ်တစ်ထည်အတွက်ပျော်ရွှင်ဖွယ်။ ကားရဲ့ဘယ်ဘက်ခြမ်းကနေ ညာဘက်ခြမ်းအထိ တစ်ယောက်စီရဲ့ နာမည်တိုင်းကို လက်ညှိုးထိုးပြီး ရွတ်ပြရတဲ့ ကစားနည်းပါ။ ပြီးရင်ရှေ့ထွက်အားလုံးကို တန်းစီလက်ညှိုးထိုး မှားသွားလို့ကတော့ မရ။ နာမည်ပြောင်တွေ နာမည်အမှားတွေထွက်လာတာမို့ တော်တော်လေးကို ပျော်စရာကောင်းခဲ့တယ်။ အမှားမပါအောင်ရွတ်နိုင်တဲ့အတွက် ကျောင်းတံဆိပ်နဲ့ တီရှပ်တစ်ထည်လက်ဆောင်ရခဲ့ပါတယ်။

လမ်းမှာ ဘုရားတစ်ဆူဝင်ခဲ့တယ်။ နာမည်ကျော်ဘုရားပေမယ့် ကျနော့မှတ်ဉာဏ်မကောင်းတာမို့ ဘွဲ့နာမည်မေ့နေပြီ။ (ရွှေဘုံသာမုနိပါတဲ့)ဖြတ်ရမယ့်တံတားကြိုးသွားတာမို့ လမ်းလျှောက်ရင်း ဘုရားကိုဖူးကြရတယ်။ အမောအပန်းတွေက ပြောင်းဖူးပြုတ်စားရတာနဲ့ ကျေပါတယ်။ ပြောင်းဖူးပြုတ် အင်းပြောရင်းနဲ့တောင်စားချင်လာပြီ စီးစီးလေးပေါ့။

ပြည်ကိုရောက်တော့ ဗိုက်ကဆာလောင်နေပါပြီ။ ဟိုတယ်မှာ check in ဝင်ရင်း တန်းစီရပြန်ရော။ ဒါတောင်ကား ၂စီးစာမို့သာပဲ။ ကျနော်တို့ သူငယ်ချင်းသုံးယောက်ကို တစ်ခန်းကျပါတယ်။ သုံးယောက်လုံးနာမည်တွေက လေးလုံးစီပြီးတော့ ဆင်တူတွေမို့အာလုံးက ရီနေကြပြန်ရော။ တဟားဟားနဲ့တစ်ချိန်လုံး ရီနေကြတာမို့ ကျောင်းအုပ်ချုပ်သူက သူတို့တွေဘာတွေဒီလောက်ပျော်စရာကောင်းနေပါလိမ့်ဆိုပြီး ပြောနေသမျှစကားတိုင်းကို ဆရာမကို ဘာသာပြန်ခိုင်းတဲ့အထိစိတ်ဝင်စားစေခဲ့တာ။

ဟိုတယ်အခန်းလေးက ကျဉ်းပေမယ့် တော်တော်လေး စီစဉ်တကျလုပ်ထားတဲ့ မင်္ဂလာဟိုတယ်ကို ဖြစ်နိုင်ရင် နောက်တစ်ခေါက်အေးအေးလူလူ သွားနားချင်မိတယ်။ ပစ္စည်းတွေချပြီး ကားပေါ်မှာအဆင်သင့်စောင့် လူစုံပြီဆိုတော့ ရွှေဆံတော်ဘက်ကို ဦးလှည့်ခဲ့ကြတယ်။ ကျနော်အရမ်းကြိုက်တဲ့ ချဉ်ပေါင်ဖူးယိုကိုလည်း မှတ်မှတ်ရရဝယ်ခဲ့ပါတယ်။ ဘုရားကအဆင်းမှာ တောင်းရမ်းလေတဲ့ ကလေးတွေ လူကြီးတွေကို ကြည့်ရင်း ရင်ဘတ်တွေကိုတင်းကြပ်စေခဲ့တဲ့ ညနေခင်းပါ။ တကယ်တမ်းတော့ ပြည်က ကျနော်နဲ့မစိမ်းပါဘူး။ ပြည်မှာ ငယ်တုန်းက တလကိုးသီတင်းနေခဲ့ဖူးတယ်တဲ့။ ကျနော့ခြုံစောင်လေးပျောက်သွားဖူးတဲ့ ပြည်ကိုမမေ့သင့်ပါဘူး။

အညာဘုရားပွဲကို ပတ်ရင်း တကယ့်ကို နှစ်ထောင်းအားရရှိလှပါတယ်။ ရုပ်ရှင်ရုံထောင့်က ကြံရည်ဆိုင်မှာထိုင်ရင်း အားလုံးပျော်ပျော်ပါးပါး ထိုင်ခဲ့ကြတယ်။

ညဘက်ဒင်နာကို ဟိုတယ်ကကျွေးပါတယ်။ ပြည်မှာဆောင်းဆိုတဲ့အတိုင်းတော်တော်လေး အအေးဓါတ်ဝင်နေပြီ။ ထုံးစံအတိုင်း အရေပြားပါးတဲ့ ကျနော့ပါးနှစ်ဖက်ကတော့ ဆောင်းတွင်းအသားပတ်နေခဲ့ပြီ။ ဒီတညပဲတည်းရမှာဖြစ်တဲ့အတွက် ကျနော်တို့တော့ ဟိုတယ်တစ်ခုလုံးလျှောက်လည် ဓါတ်ပုံရိုက်။ ကျောင်းသားရေးရာက အမကြီးကို အကောက်တောင်လိုက်ပို့ဖို့ အရေးဆိုမိကြတယ်။ အမကြီးလည်း ကြောက်ကြောက်နဲ့ ကျမဆီးစဉ်ပေးပါ့မယ်အထိ စကားမှားသွားလို့ ရယ်ချင်ပက်ကျိဖြစ်ကြရတယ်။ ဒါပေမယ့် မသွားဖြစ်ခဲ့ဘူး အကောက်တောင်ဆီကို။


ပြီးတော့ ဘောလုံးပွဲတစ်ပွဲကြည့်ကြတယ် (ဘာပွဲလဲတော့မမှတ်မိတော့ဘူး)။ ဆရာမသားလည်းလာရင်း မမယု မမစုမှသည် တော်တော်များများက ကျနော်တို့အခန်းထဲမှာ။ ညဉ့်အတော်နက်မှ ပြန်သွားကြသည်လေ။ ကျနော်တို့ရဲ့ တစ်ယောက်တည်းစွမ်းတဲ့ အစ်ကိုကြီးကတော့ ရွှေပတ်တစ်လုံးကို တစ်ယောက်တည်းသောက်ရင်း ကုတင်ပေါ်ကိုလေးဘက်ထောက်တက်ခဲ့တယ်ဆိုတာ မသိတော့အောင် အိပ်ပျော်သွားခဲ့တယ်။

မနက်မိုးလင်းတော့ ဖုန်းတွေကိုပြောင်နောက်ရင်း မောနင်းကောခေါ်တယ်ဆိုပြီး ရှိသမျှ အခန်းတိုင်းကို ကျနော်တို့သုံးယောက်ပေါင်းပြီး လိုက်နိုးကြတယ်။ တကယ်ထင်တဲ့လူတွေကတော့ ဧည့်ကြိုကောင်တာမှာစောင့်နေတဲ့အထိ။ အဲလိုက်ဆိုးခဲ့တာ။ မနက်စာကို ကမန်းကတမ်းစား ဟိုတယ်ကစီစဉ်ပေးတဲ့ B600 လေးထဲကို ရှိသမျှသူငယ်ချင်းတွေ အကုန်ထည့် အပြင်ဘက်မှာ တွယ်စီးရင်း ရန်ကုန်ဘတ်စ်ကားစီးရတဲ့ အရသာကို အလွမ်းပြေပေါ့။

ပြည်မှာနာမည်ကျော်လေတဲ့ ထမင်းသုတ်ကိုလည်း စားဖူးတယ်ရှိအောင် သွားစားတော့ ဆိုင်ကဖွင့်ကာစ ကိုယ်တိုင်စားပွဲထိုးပြီးစားခဲ့ကြတယ်။ ဆိတ်သားကျော်မွမွရယ်နဲ့ တကယ့်ကို အရသာရှိခဲ့ပါတယ်။ကမ်းနားဘက်လမ်းလျှောက်ရင်း နွားလှည်းမမြင်ဘူးလေတဲ့ ရန်ကုန်သူတွေ ဓါတ်ပုံရိုက်နေကြလေရဲ့။ ပြီးတော့ နာမည်ကျော်လေတဲ့ နဝဒေးတံတား။ တံတားအောက်က အအေးဆိုင်လေးမှာ စိတ်ရှိလက်ရှိမြစ်ပြင်ကြီးကို ကြည့်ပြီး လွမ်းချင်တဲ့ စိတ်ကို ကန့်သတ်ထားတဲ့ အချိန်ကခွင့်မပြုပြန်ဘူး။

ဟိုတယ်ကိုပြန်ရောက်တော့ ကမန်းကတမ်းပစ္စည်းတွေကိုသိမ်း Check out လုပ်ပြီးတော့ မှော်ဇာမြို့ဟောင်းကို ဦးတည်ခဲ့ကြတယ်။ ပြတိုက်အထိပဲ ကားကသွားနိုင်ပြီး သရေခေတ္တရာမြို့ဟောင်းဆီကို နွားလှည်းတွေနဲ့ သွားကြရတယ်။ ခိုင်ခန့်တဲ့ မြို့ရိုးကြီးအနောက်မှာ ဘာဆိုဘာမှမမြင်ရအောင် ခြုံနွယ်ပိတ်ပေါင်းတွေ ကြီးစိုးနေတာတော့ နှမြောစရာ။ တကယ်ဆိုသေသပ်စွာ ဖော်ထုတ်သင့်တယ်နော်။ တစ်လမ်းလုံးလည်း နွားလှည်းဆရာရဲ့ ထန်းလုံးလောက်မြွေကြီးတွေ အကြောင်းရယ် အညာစကားလုံးအသစ်အဆန်းတွေက အားလုံးကို ဖမ်းစားထားတာပါပဲ။

တည်ထားတဲ့ ဘုရားရဲ့ ဒီဇိုင်းတွေကို ဆောက်လုပ်မယ့်သူတွေက မိဖုရားကို သွားမေးလို့ မိဖုရားပြတဲ့ အတိုင်းတည်ထားတဲ့ ဘုရားပုံတွေလို့ပြောကြတယ်။ ဟုတ်မဟုတ်တော့ မသိပါ အပြောင်အပြက်လဲဖြစ်နိုင်တယ်လေနော်။ ငြမ်းဆင်ထားတဲ့ ဘုရားပေါ်ကိုထုံးစံအတိုင်း မြန်ဆန်တဲ့ ခြေထောက်တွေနဲ့ အပေါ်ဆုံးအထိတက်သွားမိတယ်။ ကျောင်းအုပ်ချုပ်သူက စိုးရိမ်မှုကြီးစွာနဲ့ ပြန်ခေါ်မှပဲ ပြန်ဆင်းလာခဲ့တယ်။ နိုင်ငံခြားသူကလည်း ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတာ အဲဒီကျမှ အံသြတကြီးသိလိုက်ရတယ်။

ပြန်လာတဲ့လမ်းတစ်လျှောက်မှာ အညာမြေကို လွမ်းစိတ်တွေကြီးစိုးနေမိတယ်။ ဖုန်တွေကထူ လှည်းတန်းကြီးနဲ့ဆိုတော့ ငယ်တုန်းက ကျောက္ကာဘုရားဖူးသွားကြတဲ့ ပုံတွေကို ပြန်မြင်ယောင်နေမိတော့တာ။

အပြန်လမ်းမှာတော့ ရွှေမျက်မှန်ဘုရားကိုလည်း ဝင်ခဲ့ပါသေးတယ်။ ရွှေတောင်တိုက်ပွဲဆိုတာလည်း ဘယ်လောက်များကြီးကျယ်ခဲ့ပါလိမ့်နော်။ ရန်ကုန်ကိုပြန်ရောက်တော့ တော်တော်လေး အမှောင်လုနေပြီ။ မြို့ပြဆန်လွန်းတဲ့ ရန်ကုန်မြို့ဟာ ပြည်မြို့လောက် မအေးဆေးပြန်ဘူး။

မှော်ဇာမြို့အပြန်မှာ အတွေးတွေ အဆွေးတွေ အလွမ်းတွေ အပြင် ဒီလောက်ခိုင်ခံ့တဲ့ မြို့ကြီးတွေတောင် ပျက်စီးခဲ့သေးတာပဲ တစ်နေ့ကျ အရာအားလုံးဟာ ပျက်စီးကြအုံးမှာပါလားဆိုတဲ့ အသိက ရင်ထဲမှာ……

7 comments:

ဇင်ယော် said...

ပျော်စရာကြီးဗျာ။ ဘယ်လောက် သောင်းကျန်းမလဲဆိုတာတော့ လူပုံကိုကြည့်ပြီး ယုံလိုက်ပြီဗျို.။

ဂျူနို said...

ပြည်ကပြောင်းဖူးက ကောင်းတယ်။ နတ်ပြည်မွှေးဆိုတာလဲရှိတယ်။ထမင်းသုတ်က ငါးသလောက်ဥနဲ့ ရတယ်။ စွယ်တော်လည်းလှည့်တတ်တယ်။
ဆယ်ထပ်ကြီးခြေရင်းကမုန့် ဟင်းခါး ဒီနေ့ ထိလွမ်းတုန်း။
မလိုင်တို့ ယိုတို့ လည်းပေါတယ်လေ။
ပျော်စရာကြီး

capricorn said...

အံမယ်....ဆရာမသားလာလည်တာတော့ပါတယ်
ညီမ နဲ့ ယုမွန်တို့ လည်းရှိပါတယ်နော်...
ဘုရားက group ပုံလေးရှိသေးရဲ့လား..
အရမ်းပျော် ပြီး ဘယ်တော့မှပြန်မရတော့မဲ့
AF ရဲ့ခရီးလေးနော် :(

ကိုရုပ်ဆိုး said...

ဟား ဟား အရမ်းစွမ်းတဲ့ အကိုကြီးက ရွှေပတ်နဲ့ ဇိမ်ကျပြီး အမူးလွန်လို့ လေးဖက်ထောက်ပြီး ကုတင်ပေါ်တက်တာတောင် မမှတ်မိဘူးတဲ့ .... ဟား ... ဟား .... ဟား ... နာကွ

RePublic said...

အမှတ်တရတွေ များတဲ့ ကိုရွာသားလေးရဲ့ စာလေးတွေ ကိုပဲ ဖတ်နေမိတော့တယ် ၊၊ ကောင်းတယ်ဗျာ၊၊

မောင်ဖားကြီး said...

ဘာကိုပြန်လည်ခံစားတာလည်း အစ်ကို။ ကျွန်တော်လည်း
အထက်တန်းကျောင်းသားဘ၀ က ပြည်ကိုသွားလည်ဖူးတယ်။ အပြန်ကြတော့ ရန်ကုန်က တစ်ကယ်ကို ပြည်လောက်မအေးတာဗျ ။ ပြည်မှာဆောင်း ကတော့ နာမည်ကြီးပဲ...:-)
ဟီး... ကိုခင်ဝမ်းသီချင်းပါ။

Unknown said...

ပျော်စရာကောင်းလိုက်တာနော် နောက်တခါသွားရင် တို့ ကိုလည်းခေါ်ပါကွယ် ပျော်ဖူးတယ်ရှိအောင်လို့ 
ပြည်ကို သတိယသွားတယ် တို့ လည်း အဲ့မှာ ခဏနေဖူးတယ် ဘာဝယ်ဝယ် ပလတ်စတစ်သိပ်မသုံးပဲ အင်ဖက် ကြာဖက်နဲ့ ထုပ်ပေးတာလေးကို သတိယမိတယ် ပြီး ကြက်ဟင်းခါးသီး ပေါက်စနလေးတွေရော ပြည်လက်ဖက်ခေါ်လား သီလရှင်လက်ဖက်ဆိုတာရော ဈေးထဲက အသုတ်စုံရော ပြောရင်းစားချင်လိုက်တာ