28 September 2008

အချစ်


လူ့ဘ၀တစ်လျှောက်မှာ ကြုံကိုကြုံရမှာပါ။ များပြားလှတဲ့အချစ်တွေထဲမှာ ဘယ်အချစ်နဲ့ကြုံပြီး ဘယ်အဖြစ်နဲ့ဆုံစေမလဲ ဘယ်သူမှကံသေကံမ မပြောနိုင်။ တကယ်တမ်း ဒီTopic က ကျနော်မပိုင်တဲ့ အရာ။ ဒါပေမယ့် Painted skin ဆိုတဲ့ဇာတ်ကားလေး ကြည့်အပြီးမှာ ဒီခေါင်းစဉ်ကိုတင်ကြည့်မိတာ။

လူတစ်ယောက်ကို တစ်ချိန်လုံးသတိရရင်အချစ်တဲ့လား။ လူတစ်ယောက်ကို အမြဲတမ်းစွဲလမ်းနေရင် အချစ်တဲ့လား။ တကယ်ချစ်တယ်ဆိုတာက အဲဒီလူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာအရာအားလုံးကို ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာတဲ့လား။ အချစ်စစ်ဆိုရင် ဘယ်တော့မှမပျက်ယွင်းတော့ဘူးပေါ့။ နောက်ထပ်အချစ်တစ်ခု ဖြစ်တည်လာရင် ဒါဆိုအချစ်စစ်မဟုတ်လို့ပေါ့။ အချစ်နောက်မှာ မနာလိုမှုတွေ သ၀န်တိုမှုတွေ ပြည့်နှက်နေမယ်ထင်ပါတယ်။ ကိုယ့်ကိုပဲ ဂရုစိုက်စေချင်မိတယ်၊ ကိုယ့်အနားမှာပဲရှိစေချင်မိတယ်။ သူ့ရဲ့လွတ်လပ်ခွင့်ဆိုတာကိုလည်း အမေ့မေ့ အလျော့လျော့။ သူ့အနားမှာ တစ်စုံတစ်ယောက်ရှိတယ်ဆိုရင်တော့ နှလုံးသည်းပွတ်တွေ ကြွေမတတ်ဖြစ်ရမှာပါ။ အနားမှာနေပြီး ကိုယ့်စိတ်နဲ့ကိုယ် အကျဉ်းကျနေရမှာ။ ကိုယ့်အနားမှာ မရှိတဲ့အခိုက်အတန့်တွေမှာ အရာရာကို လက်လွှတ်ဆုံးရှုံးရသလိုပါပဲ။

တကယ်လို့ကိုယ့်နောက်မှာ နောက်တစ်ယောက်ဆိုတာ ပေါ်လာခဲ့ရင် မျှဝေခံစားပေးနိုင်ဖို့ခက်ပါလိမ့်မယ်။ အရမ်းကိုနားလည်ပြီး မျှဝေခံစားခဲ့မယ်ဆိုရင်လည်း မွှမွှကြေနေတဲ့ နှလုံးသားနဲ့ပဲဖြစ်မှာပါ။ အပူတွေကို မြစ်ချောင်းတွေအဖြစ် ပါးပြင်မှာစီးဆင်းစေခဲ့မှာ။ အဖြည့်ခံချစ်တတ်သူတွေကော အများကြီးရှိနိုင်ပါ့မလား။

တိုးတိတ်စွာချစ်တတ်သူတွေကျတော့ရော။ ဖွင့်မပြောဖြစ်ခဲ့လို့နောက်ကျတဲ့ အသိတွေကို နောင်တတွေ ရင်မှာပိုက်ပြီး အသံတိတ်ရှိုက်နေရတဲ့ မျက်ဝန်းတွေကိုပိုင်ဆိုင်မှာပေါ့။ သူတို့ရဲ့ အားငယ်စိတ်တွေကို နားလည်ပေးနိုင်ခဲ့ရင်တော့ ကောင်းပါလေရဲ့။

ဇွတ်တရွတ်ချစ် မိုက်ရူးရဲချစ်တတ်သူတွေကော။ အရမ်းကို ကမ်းကုန်အောင်ချစ်ပစ်လိုက်လို့ နောက်ထပ် အချစ်တွေ မရှိနိုင်လောက်တော့ဘူးလားလို့မေးချင်နေမိတယ်။

အချစ် အချစ်တွေကို အသစ်အသစ်တည်ထောင်သူတွေကိုရော။ သူတို့တွေရဲ့ နှလုံးသား refresh rate က သိပ်မြန်တာကြောင့်လား။ အချိုးအကွေ့များတဲ့ လောကကြီးမှာ သူတို့အတွက်တော့ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်နေသလားလို့။ ဒါမှမဟုတ် ဘာမှမခံစားတတ်တော့တဲ့ ထုံပေပေနှလုံးသားကို ပိုင်ဆိုင်ကြသူများပဲလား။

တစ်ယောက်တည်းကိုပဲ စွဲမြဲစွာချစ်ပြီး ကျန်ရစ်ဖြစ်နေသူတွေတော့ ရှိကောင်းရှိမယ်ရှားမယ်ထင်ပါတယ်။ တစ်သက်လုံးမှာ ဒီအချစ်ကိုပဲ ဖက်တွယ်ရင်း မိုးလင်းသွားတဲ့ ညပေါင်းတွေများလာတဲ့အထိလေ။

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့သမိုင်းမှာ အချစ်ဆိုတဲ့ စာမျက်နှာတွေပါကိုပါဝင်နေမှာပါ။ စာမျက်နှာအရေအတွက်တွေ များမများ။ စာမျက်နှာတွေလှမလှကိုတော့ ကံဇာတ်ဆရာကပဲ ရေးချယ်မလား ကိုယ်ကိုတိုင်ကပဲ ခြယ်မှုန်းနိုင်မလား ဘယ်သူမှမသိ။ အေးငြိမ်းတဲ့ အချစ်ကိုပိုင်ဆိုင်ရင်တော့ သင်ဟာ ကံကောင်းသူတစ်ယောက်ဖြစ်နေပါပြီ။ ပူပြင်းတဲ့ အချစ်တွေဖြစ်ခဲ့ရင်တော့ ဆုတောင်းရုံပဲပေါ့ဗျာ။ သြော် အချစ်… အချစ်……ကျိန်စာတစ်ပုဒ်ဖြစ်လေမလား ကဗျာတစ်ပုဒ်ဖြစ်လေမလားနော်

မှော်ဇာကအပြန်


Bonjour လို့နှုက်ဆက်ရပါတဲ့ ဒီသင်တန်းကို တက်ဖြစ်ခဲ့တာ ဘာကြောင့်ပါလိမ့်။ မူလဦးတည်ချက်တွေနဲ့ အကွဲကွဲအလွဲလွဲဆိုတော့ လုပ်သလိုမဖြစ်တော့လည်း ဖြစ်သလိုလုပ်လိုက်ဟန်တူပါရဲ့။ အတန်းထဲကစာတွေကို မမှတ်မိနိုင်တော့ပေမယ့် ဒီမှော်ဇာခရီးစဉ်လေးကတော့…

A1 အတန်းရဲ့ w1/2 section တွေရဲ့ လေ့လာရေးခရီးစဉ်လေးပါ။ တစ်နှစ်လုံးကျောင်းကို မှန်အောင်မတက်ခဲ့ပေမယ့် ဒီခရီးစဉ်ကိုတော့ သူငယ်ချင်းတွေ အစီအစဉ်နဲ့လိုက်ဖြစ်ခဲ့တယ်။ မနက် ၇နာရီလောက် ကျောင်းရှေ့မှာလူတွေပုံနေပြီ။ ကိုယ့်အဖွဲ့နဲ့ကိုယ် စကားတွေဖောင်ဖွဲ့နေကြပြီ။ ကားကမလာသေး။ ကားရောက်တော့တော်တော်နောက်ကျနေပါပြီ။ ဆရာ၊ ဆရာမတွေအပြင် ကျောင်းက အုပ်ချုပ်သူတစ်ချို့ပါလိုက်ပါလာတယ်။ မူကြိုကလေးတွေ အပြင်ထွက်သလို ရှေ့ဆုံးကနေပြီး တစ်နှစ်သုံးလူရေ။ မပြည့်မချင်းကားမထွက်တာမို့ တကယ့်ကို ရီစရာဖြစ်ခဲ့တဲ့ ခရီးစဉ်ပါ။ လမ်းမှာမှောက်အိပ်တဲ့လူတစ်ယောက်ကို ကျော်ရီသွားပြီး လူလိုသေးတယ်နှဲ့ ကားမထွက်ပဲထိုင်စောင့်နေတာကိုတော်တော်ကြာမှသိကြလို့ လူပြည့်ပါတယ်ဆိုပြီး အော်ကြရတဲ့အဖြစ်တွေပေါ့။ အင်ဒရေထင်ပါရဲ့ နာမည်တောင်မေ့လုလု။

လမ်းမှာခဏရပ်ပြီး လက်ဖက်ရည်သောက်ဆင်းကြတယ်။ ကျနော်တို့ပြည်မှာ လိုအပ်နေသေးတာက သပ်ရပ်တဲ့အိမ်သာလေးတွေ။ တန်းစီပြီးစောင့်နေရတဲ့ မဖြစ်ညစ်ကျယ် အဖြစ်ဆောက်ထားတဲ့ အိမ်သာလေးတွေမှာ နိုင်ငံခြားသားတွေကလည်း အလိုက်သင့် တန်းစီနေတာ တွေ့ရတော့ စိတ်တော့အေးသွားပါတယ်။ တိုးတက်စေချင်လိုက်တာလို့ တစ်ချိန်လုံးအော်နေတဲ့လူတွေ ဘယ်တွေရောက်နေပါလိမ့်။

ပြည်ကိုသွားတဲ့ ခရီးစဉ်တစ်လျှောက် ဖဲရိုက်သွားကြပါတယ်။ တလွဲမထင်ပါနဲ့ ဖဲဗေဒင်လည်း မေးကြပါသေးတယ်။ ငွေကြေးလောင်းကစားမဟုတ်ပဲ ဆရာခေါ်ကြေးလား နဖူးတောက်ကြေးလားရယ်ပါ။ ဖဲလိမ်ရိုက်လေတဲ့ မမစုတို့ မမယုတို့ကျေနပ်အောင်လည်း အရှုံးပေးလိုက်ပါသေးတယ်။

ကားပေါ်မှာကစားတဲ့ ဂိမ်းလေးတစ်ခုကလည်း ရခဲ့တဲ့ တီရှပ်တစ်ထည်အတွက်ပျော်ရွှင်ဖွယ်။ ကားရဲ့ဘယ်ဘက်ခြမ်းကနေ ညာဘက်ခြမ်းအထိ တစ်ယောက်စီရဲ့ နာမည်တိုင်းကို လက်ညှိုးထိုးပြီး ရွတ်ပြရတဲ့ ကစားနည်းပါ။ ပြီးရင်ရှေ့ထွက်အားလုံးကို တန်းစီလက်ညှိုးထိုး မှားသွားလို့ကတော့ မရ။ နာမည်ပြောင်တွေ နာမည်အမှားတွေထွက်လာတာမို့ တော်တော်လေးကို ပျော်စရာကောင်းခဲ့တယ်။ အမှားမပါအောင်ရွတ်နိုင်တဲ့အတွက် ကျောင်းတံဆိပ်နဲ့ တီရှပ်တစ်ထည်လက်ဆောင်ရခဲ့ပါတယ်။

လမ်းမှာ ဘုရားတစ်ဆူဝင်ခဲ့တယ်။ နာမည်ကျော်ဘုရားပေမယ့် ကျနော့မှတ်ဉာဏ်မကောင်းတာမို့ ဘွဲ့နာမည်မေ့နေပြီ။ (ရွှေဘုံသာမုနိပါတဲ့)ဖြတ်ရမယ့်တံတားကြိုးသွားတာမို့ လမ်းလျှောက်ရင်း ဘုရားကိုဖူးကြရတယ်။ အမောအပန်းတွေက ပြောင်းဖူးပြုတ်စားရတာနဲ့ ကျေပါတယ်။ ပြောင်းဖူးပြုတ် အင်းပြောရင်းနဲ့တောင်စားချင်လာပြီ စီးစီးလေးပေါ့။

ပြည်ကိုရောက်တော့ ဗိုက်ကဆာလောင်နေပါပြီ။ ဟိုတယ်မှာ check in ဝင်ရင်း တန်းစီရပြန်ရော။ ဒါတောင်ကား ၂စီးစာမို့သာပဲ။ ကျနော်တို့ သူငယ်ချင်းသုံးယောက်ကို တစ်ခန်းကျပါတယ်။ သုံးယောက်လုံးနာမည်တွေက လေးလုံးစီပြီးတော့ ဆင်တူတွေမို့အာလုံးက ရီနေကြပြန်ရော။ တဟားဟားနဲ့တစ်ချိန်လုံး ရီနေကြတာမို့ ကျောင်းအုပ်ချုပ်သူက သူတို့တွေဘာတွေဒီလောက်ပျော်စရာကောင်းနေပါလိမ့်ဆိုပြီး ပြောနေသမျှစကားတိုင်းကို ဆရာမကို ဘာသာပြန်ခိုင်းတဲ့အထိစိတ်ဝင်စားစေခဲ့တာ။

ဟိုတယ်အခန်းလေးက ကျဉ်းပေမယ့် တော်တော်လေး စီစဉ်တကျလုပ်ထားတဲ့ မင်္ဂလာဟိုတယ်ကို ဖြစ်နိုင်ရင် နောက်တစ်ခေါက်အေးအေးလူလူ သွားနားချင်မိတယ်။ ပစ္စည်းတွေချပြီး ကားပေါ်မှာအဆင်သင့်စောင့် လူစုံပြီဆိုတော့ ရွှေဆံတော်ဘက်ကို ဦးလှည့်ခဲ့ကြတယ်။ ကျနော်အရမ်းကြိုက်တဲ့ ချဉ်ပေါင်ဖူးယိုကိုလည်း မှတ်မှတ်ရရဝယ်ခဲ့ပါတယ်။ ဘုရားကအဆင်းမှာ တောင်းရမ်းလေတဲ့ ကလေးတွေ လူကြီးတွေကို ကြည့်ရင်း ရင်ဘတ်တွေကိုတင်းကြပ်စေခဲ့တဲ့ ညနေခင်းပါ။ တကယ်တမ်းတော့ ပြည်က ကျနော်နဲ့မစိမ်းပါဘူး။ ပြည်မှာ ငယ်တုန်းက တလကိုးသီတင်းနေခဲ့ဖူးတယ်တဲ့။ ကျနော့ခြုံစောင်လေးပျောက်သွားဖူးတဲ့ ပြည်ကိုမမေ့သင့်ပါဘူး။

အညာဘုရားပွဲကို ပတ်ရင်း တကယ့်ကို နှစ်ထောင်းအားရရှိလှပါတယ်။ ရုပ်ရှင်ရုံထောင့်က ကြံရည်ဆိုင်မှာထိုင်ရင်း အားလုံးပျော်ပျော်ပါးပါး ထိုင်ခဲ့ကြတယ်။

ညဘက်ဒင်နာကို ဟိုတယ်ကကျွေးပါတယ်။ ပြည်မှာဆောင်းဆိုတဲ့အတိုင်းတော်တော်လေး အအေးဓါတ်ဝင်နေပြီ။ ထုံးစံအတိုင်း အရေပြားပါးတဲ့ ကျနော့ပါးနှစ်ဖက်ကတော့ ဆောင်းတွင်းအသားပတ်နေခဲ့ပြီ။ ဒီတညပဲတည်းရမှာဖြစ်တဲ့အတွက် ကျနော်တို့တော့ ဟိုတယ်တစ်ခုလုံးလျှောက်လည် ဓါတ်ပုံရိုက်။ ကျောင်းသားရေးရာက အမကြီးကို အကောက်တောင်လိုက်ပို့ဖို့ အရေးဆိုမိကြတယ်။ အမကြီးလည်း ကြောက်ကြောက်နဲ့ ကျမဆီးစဉ်ပေးပါ့မယ်အထိ စကားမှားသွားလို့ ရယ်ချင်ပက်ကျိဖြစ်ကြရတယ်။ ဒါပေမယ့် မသွားဖြစ်ခဲ့ဘူး အကောက်တောင်ဆီကို။


ပြီးတော့ ဘောလုံးပွဲတစ်ပွဲကြည့်ကြတယ် (ဘာပွဲလဲတော့မမှတ်မိတော့ဘူး)။ ဆရာမသားလည်းလာရင်း မမယု မမစုမှသည် တော်တော်များများက ကျနော်တို့အခန်းထဲမှာ။ ညဉ့်အတော်နက်မှ ပြန်သွားကြသည်လေ။ ကျနော်တို့ရဲ့ တစ်ယောက်တည်းစွမ်းတဲ့ အစ်ကိုကြီးကတော့ ရွှေပတ်တစ်လုံးကို တစ်ယောက်တည်းသောက်ရင်း ကုတင်ပေါ်ကိုလေးဘက်ထောက်တက်ခဲ့တယ်ဆိုတာ မသိတော့အောင် အိပ်ပျော်သွားခဲ့တယ်။

မနက်မိုးလင်းတော့ ဖုန်းတွေကိုပြောင်နောက်ရင်း မောနင်းကောခေါ်တယ်ဆိုပြီး ရှိသမျှ အခန်းတိုင်းကို ကျနော်တို့သုံးယောက်ပေါင်းပြီး လိုက်နိုးကြတယ်။ တကယ်ထင်တဲ့လူတွေကတော့ ဧည့်ကြိုကောင်တာမှာစောင့်နေတဲ့အထိ။ အဲလိုက်ဆိုးခဲ့တာ။ မနက်စာကို ကမန်းကတမ်းစား ဟိုတယ်ကစီစဉ်ပေးတဲ့ B600 လေးထဲကို ရှိသမျှသူငယ်ချင်းတွေ အကုန်ထည့် အပြင်ဘက်မှာ တွယ်စီးရင်း ရန်ကုန်ဘတ်စ်ကားစီးရတဲ့ အရသာကို အလွမ်းပြေပေါ့။

ပြည်မှာနာမည်ကျော်လေတဲ့ ထမင်းသုတ်ကိုလည်း စားဖူးတယ်ရှိအောင် သွားစားတော့ ဆိုင်ကဖွင့်ကာစ ကိုယ်တိုင်စားပွဲထိုးပြီးစားခဲ့ကြတယ်။ ဆိတ်သားကျော်မွမွရယ်နဲ့ တကယ့်ကို အရသာရှိခဲ့ပါတယ်။ကမ်းနားဘက်လမ်းလျှောက်ရင်း နွားလှည်းမမြင်ဘူးလေတဲ့ ရန်ကုန်သူတွေ ဓါတ်ပုံရိုက်နေကြလေရဲ့။ ပြီးတော့ နာမည်ကျော်လေတဲ့ နဝဒေးတံတား။ တံတားအောက်က အအေးဆိုင်လေးမှာ စိတ်ရှိလက်ရှိမြစ်ပြင်ကြီးကို ကြည့်ပြီး လွမ်းချင်တဲ့ စိတ်ကို ကန့်သတ်ထားတဲ့ အချိန်ကခွင့်မပြုပြန်ဘူး။

ဟိုတယ်ကိုပြန်ရောက်တော့ ကမန်းကတမ်းပစ္စည်းတွေကိုသိမ်း Check out လုပ်ပြီးတော့ မှော်ဇာမြို့ဟောင်းကို ဦးတည်ခဲ့ကြတယ်။ ပြတိုက်အထိပဲ ကားကသွားနိုင်ပြီး သရေခေတ္တရာမြို့ဟောင်းဆီကို နွားလှည်းတွေနဲ့ သွားကြရတယ်။ ခိုင်ခန့်တဲ့ မြို့ရိုးကြီးအနောက်မှာ ဘာဆိုဘာမှမမြင်ရအောင် ခြုံနွယ်ပိတ်ပေါင်းတွေ ကြီးစိုးနေတာတော့ နှမြောစရာ။ တကယ်ဆိုသေသပ်စွာ ဖော်ထုတ်သင့်တယ်နော်။ တစ်လမ်းလုံးလည်း နွားလှည်းဆရာရဲ့ ထန်းလုံးလောက်မြွေကြီးတွေ အကြောင်းရယ် အညာစကားလုံးအသစ်အဆန်းတွေက အားလုံးကို ဖမ်းစားထားတာပါပဲ။

တည်ထားတဲ့ ဘုရားရဲ့ ဒီဇိုင်းတွေကို ဆောက်လုပ်မယ့်သူတွေက မိဖုရားကို သွားမေးလို့ မိဖုရားပြတဲ့ အတိုင်းတည်ထားတဲ့ ဘုရားပုံတွေလို့ပြောကြတယ်။ ဟုတ်မဟုတ်တော့ မသိပါ အပြောင်အပြက်လဲဖြစ်နိုင်တယ်လေနော်။ ငြမ်းဆင်ထားတဲ့ ဘုရားပေါ်ကိုထုံးစံအတိုင်း မြန်ဆန်တဲ့ ခြေထောက်တွေနဲ့ အပေါ်ဆုံးအထိတက်သွားမိတယ်။ ကျောင်းအုပ်ချုပ်သူက စိုးရိမ်မှုကြီးစွာနဲ့ ပြန်ခေါ်မှပဲ ပြန်ဆင်းလာခဲ့တယ်။ နိုင်ငံခြားသူကလည်း ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတာ အဲဒီကျမှ အံသြတကြီးသိလိုက်ရတယ်။

ပြန်လာတဲ့လမ်းတစ်လျှောက်မှာ အညာမြေကို လွမ်းစိတ်တွေကြီးစိုးနေမိတယ်။ ဖုန်တွေကထူ လှည်းတန်းကြီးနဲ့ဆိုတော့ ငယ်တုန်းက ကျောက္ကာဘုရားဖူးသွားကြတဲ့ ပုံတွေကို ပြန်မြင်ယောင်နေမိတော့တာ။

အပြန်လမ်းမှာတော့ ရွှေမျက်မှန်ဘုရားကိုလည်း ဝင်ခဲ့ပါသေးတယ်။ ရွှေတောင်တိုက်ပွဲဆိုတာလည်း ဘယ်လောက်များကြီးကျယ်ခဲ့ပါလိမ့်နော်။ ရန်ကုန်ကိုပြန်ရောက်တော့ တော်တော်လေး အမှောင်လုနေပြီ။ မြို့ပြဆန်လွန်းတဲ့ ရန်ကုန်မြို့ဟာ ပြည်မြို့လောက် မအေးဆေးပြန်ဘူး။

မှော်ဇာမြို့အပြန်မှာ အတွေးတွေ အဆွေးတွေ အလွမ်းတွေ အပြင် ဒီလောက်ခိုင်ခံ့တဲ့ မြို့ကြီးတွေတောင် ပျက်စီးခဲ့သေးတာပဲ တစ်နေ့ကျ အရာအားလုံးဟာ ပျက်စီးကြအုံးမှာပါလားဆိုတဲ့ အသိက ရင်ထဲမှာ……

27 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၄)

နောက်တစ်ပတ်ကိုတော့ ဟိုတယ်အသစ်ကိုရွှေ့ရပါတော့မယ်။ ရှင်းရတဲ့ဟိုတယ်ခထဲမှာ ရေသန့်ဗူးဖိုးက မတန်ဆုံးပါ။ ပထမဆုံးနေ့ပဲ အလကားပေးပြီးနောက်နေ့ကစလို့ သောက်သမျှပေးခဲ့ရတာ။ နောက်တစ်ပတ်က စက်ရုံကိုသွားလေ့လာရမှာမို့ စက်ရုံနဲ့နီးတဲ့ နေရာမှာပါ။ စက်ရုံကိုသွားဖို့ ကားလာကြိုပေးပါတယ်။ ဒီဟိုတယ်ကမနက်စာ မကောင်းပေမယ့် တော်တော်များများ အင်္ဂလိပ်လိုပြောနိုင်ကြတယ်။ ဟိုတယ်ရောက်တဲ့ ပထမဆုံးညမှာတော့ အိပ်လို့မပျော်တာမို့ တစ်ယောက်တည်း စလောင်းကိုကြည့်ရင်း Ring 2 ကိုကြည့်လိုက်မိတယ်။ ဇာတ်ကားလာတာကလည်း ၁၂နာရီကျော်ပြီဆိုတော့ ညဉ့်နက်နက်မှာတစ်ယောက်ထဲ ကြည့်ရင်းသွေးပျက်ခဲ့တဲ့ညတစ်ည အဖြစ်အမှတ်ရမိတယ်။

စက်ရုံထဲမှာပဲ ကန်တင်းရှိပြီး ကန်တင်းရဲ့ အစားအစာတွေကိုပြင်ပထက်စျေးချိုအောင် ဖြည့်စွမ်းပေးထားတဲ့ အစီအစဉ်ကို နှစ်ခြိုက်မိတယ်။ Table Tennis ခုံကိုလည်း စနစ်တကျ လုပ်ပေးထားတာ တွေ့တော့ ရုံးမှာခုချိန်ထိ အရေးဆိုနေတာ မအောင်မြင်သေးဘူးဆိုတာ သတိရမိပြန်ရော။ အအေးခန်းဆိုတဲ့ အနုတ်၄ဒီဂရီအခန်းကို ဝင်ကြည့်ပြီး ပြန်ထွက်လာတော့ နှာခေါင်းမကောင်းတဲ့ကျနော့အတွက် ဟတ်ချိုးချီနေခဲ့တာ တော်တော်လေးပင်ပန်းတယ်။ တော်သေးတယ် မြန်မာပြည်သားဖြစ်ပေလို့ ရုရှားမှာများနေရရင် ချီရတာနဲ့တင် အသက်ပါနိုင်တယ် အဟုတ်။

အဲဒီမှာ ကျနော့ရဲ့ ideal တစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူ့အသက်က ၃၂လောက်တော့ ပျော့ပျော့ရှိရော့မယ်။ အော်တိုမေးရှင်းအင်ဂျင်နီယာဆိုတော့ ကျနော့အိပ်မက်ကို သူကလက်တွေ့အကောင်အထည်ဖော်သူပေါ့။ ကျနော်တို့သင်ယူလာတဲ့ စာတွေကို သူ့ကိုမေး လက်တွေ့တွေ စမ်းခိုင်းနဲ့ တော်တော်အဆင်ပြေပါတယ်။ တော်တော်လေး သဘောကျတဲ့အချက်က သူ့အလုပ်ကို ရုံးလာစရာမလိုပဲ သူအင်တာနက်ကနေလည်းလုပ်လို့ရတယ်လေ။ စက်ရုံကပေးထားတဲ့အိမ်လေးမှာနေ ကားနောက်မှာ စက်ဘီးတစ်စီးတင်ပြီး ကမ္ဘောဒီးယားကိုပတ်စီးနေတတ်တယ်။ မြန်မာနိုင်ငံကိုလည်းလာလည်ဦးမယ်တဲ့ ။ကျိုက်ထီးရိုးကိုလည်း သိပြန်သေးသဗျ။ သူ့လိုအခြေအနေမျိုးကိုရောက်ဖို့ ကျနော်တော်တော်ကြိုးစားရဦးမယ်။ သူကလည်းအားပေးပါတယ် မင်းငယ်သေးတာပဲ ကြိုးစားပါတဲ့။ ဖြစ်နိုင်ဘူးထင်ပါရဲ့။

စက်ရုံထဲက အလုပ်သမားတော်တော်များများက အင်္ဂလိပ်လိုမတတ်ကြပါဘူး။ Supervisor လောက်ကနေသာ ပြောတတ်ကြတာ။ ကျနော်တို့ဆီမှာတော့ တော်တော်များများ ပြန်မပြောရင်သာနေမယ် နားလည်ကြပါတယ်။ တစ်ချို့ကလည်း နိုင်ငံအကြောင်း၊ ဘာသာရေးအကြောင်းတွေ မေးမြန်းစူးစမ်းကြတာပေါ့။

ဒီတစ်ပတ်ရုံးပိတ်ရက်ကိုတော့ ကျနော့သူငယ်ချင်းတွေဆီမှာပဲ အိပ်ဖြစ်တယ်။ ပြပွဲတွေအကြီးအကျယ်လုပ်တဲ့နေရာပါ (မောင်ထောင်နီဆိုလားဘာဆိုလား) ခွေးပြပွဲနဲ့တိုးလို့ ကြည့်ဖြစ်ခဲ့သေးတယ်။ ခွေးတွေကို အလှထားပြီး ဂရုတစိုက်ပြုစုနေလိုက်ကြတာ ပိုက်ဆံတွေပိုနေလို့ထင်ပါရဲ့။

နောက်တစ်ခုရောက်ဖြစ်တာက မာဘွန်ခယောင်းပါ။ ငယ်ငယ်တုန်းက တူတူနေခဲ့ဘူးတဲ့ အသိဦးနဲ့အန်တီက နယ်ကနေတက်လာပြီး လာတွေ့ပါတယ်။ သူတို့က ယိုးဒယားမှာနေတာကြာပြီဆိုတော့ သူတို့ခေါ်တဲ့နောက်ပေါ့။ ဂျပန်စာသိပ်ကောင်းတယ်ကွဆိုပြီး အားရပါးရကျွေးခါကျမှ ကိုယ့်မြန်မာလျှာနဲ့က မတွေ့။ lagguage ရယ် အမေ့ဖို့ပိုက်ဆံအိတ်ရယ် ဝယ်ဖို့ အန်တီ့ကိုပဲ အကူအညီတောင်းရတယ်။ ကံကောင်းချင်တော့ Lagguage ဆိုင်က မြန်မာဖြစ်နေပြန်တယ်။ ဘယ်လောက်လဲလို့ ယိုးဒယားလိုမေးတာကို မြန်မာလိုပြန်ဖြေတော့ ကျနော်တို့နှစ်ယောက်လုံး အူကြောင်ကြောင်ဖြစ်သွားတဲ့အထိ။

မပြန်ခင်ညမှာတော့ ဘယ်ကနေအစားမှားတယ်မသိ။ ထုံးစံအတိုင်းဝမ်းမခိုင်လေတော့ ဝမ်းလျှောတော့တာပါပဲ။ အထုတ်တွေထုတ်လိုက် အိမ်သာတက်လိုက်နဲ့ တညလုံးချာလပတ်လည်နေတော့တာ။

မနက်မှာတော့ ဟိုတက်ခဲ့လေတဲ့ သင်တန်းမှာ ကွန်ပြူတာနှစ်လုံးသွားယူရသေးတယ်။ ကွန်ပြူတာက တစ်ဖက် မြဘုရားကလည်းပင့်လာ ကျောပိုးအိတ််ကတစ်လုံး Lagguage ကလည်းပါ။ တကယ့်ကို ရှုပ်ယှက်ခပ်နေတော့တာ။ လေဆိပ်ထဲမှာ စစ်ဆေးတော့ မေ့ပြီး ကျောပိုးအိတ်လွယ်ရက်သား ဝင်သွားလို့ ကျနော့ကို ဝိုင်းရီကြသေးတယ်။ တောသားမှန်းလူသိသာတာပေါ့။

၁၈ရက်အကြာမှာတော့ ကျနော်ချစ်တဲ့မြေကိုပြန်ရောက်ပါတယ်။ ပြန်ရောက်ရောက်ချင်းမြင်မိတာတော့ မှောင်နဲ့မည်းမည်းပေါ့။ စစ်ဆေးရေးကိုလည်း ရုံးက အစီအစဉ်နဲ့ အေးချမ်းစွာကျော်ဖြတ်နိုင်ခဲ့တယ်။ အဲဒီနေ့ကမိုးတွေကလည်း ရွာလို့။

ပြန်ရောက်ပြီဆိုပြီး စိတ်မချနိုင်သေးပါဘူး။ သင်လာတဲ့ စာတွေကို ပရောဂျက်မှာ အသုံးချရမယ်။ လူကြီးတွေကို Presentation လုပ်ရမယ်။ ကြောက်စိတ်ဆိုတာတွေကို ဘေးချိတ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုလုပ်ရမယ်လေ။ အဲဒီပထမဆုံးပြည်ပခရီး ရဲ့ အမြတ်အစွန်းအဖြစ်ကျနော်ရလိုက်တာက အကြောက်တရားဆိုတာတွေ ဇာတ်သိမ်းသွားတာပါပဲ။ ခုတော့လည်း….

ဆက်ရန်မရှိတော့ပါ

နင်လွှတ်ချခဲ့တဲ့ အရာတစ်ခုရဲ့ တွယ်ငြိရာ


ဒီဇာတ်လမ်းကို စခဲ့တာ သူပါဆိုရင် အားလုံးကယုံနိုင်ကြပါ့မလား…..

ဖျတ်ခနဲတစ်ချက်အတွေ့မှာ သူကိုယ့်ကို စိတ်ဝင်စားသွားခဲ့တယ်ထင်ပါရဲ့။ ရှေ့ကိုလှမ်းနေတဲ့ ခြေလှမ်းတွေ တုံ့ခနဲရပ်တန့်သွားတယ်ဆိုတော့လေ။ အဲဒီနောက်မှာတော့ သူခေါ်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့ရတယ်။ သူရဲ့လက်ချောင်းတွေနဲ့ ကိုယ်ခန္ဓာကို တို့ထိတိုင်းမှာ ကိုယ်ဟာ တကယ့်ကို နှစ်သက်ပျော်ရွှင်ခဲ့ရတယ်။ သူက ကိုယ့်မျက်နှာကို ကြည့်နေခိုက်မှာ ကိုယ်ကလည်း သူ့မျက်နှာကို မမှိတ်တမ်း ကြည့်နေမိတယ်။ သူအရီအပြုံးဟာ ကိုယ့်အတွက် ကျေနပ်စေသလို သူ့ရဲ့ မှိုင်တွေဆွေးမှုတွေအတွက်လည်း ကိုယ်စိတ်မကောင်းဖြစ်ရတယ်။ တနေ့ထက်တနေ့သူဟာ ကိုယ့်ရဲ့ ကြည့်မှန်တစ်ချပ်ဖြစ်မှန်းမသိဖြစ်ခဲ့တယ်။

တစ်ချက်တစ်ချက် သူ့ရင်ဘတ်ပေါ်မှာ ကိုယ့်ကို ထားပြီး အိပ်ပျော်သွားလေတိုင်း ရင်ခုန်လှိုက်မောစွာနဲ့ သူ့ရင်ဘတ်ပေါ်မျက်နှာအပ်ပြီး အိပ်စက်ခဲ့တာလည်း များပါပြီ။ သူ့ရင်ခုန်သံကို စည်းချက်တစ်ခုလို နားထောင်ရင်း သတိလက်လွတ်ဖြစ်ခဲ့ရတဲ့ ညတာတွေလဲ များပြီပဲ။ ကိုယ်တစ်ချက်လှုပ်ရင် သူများနှိုးသွားလေမလားဆိုတဲ့ ကြောက်စိတ်နဲ့ ငြိမ်သက်စွာမတုန်မလှုပ် ကျောက်ရုပ်လို နေမိတတ်ခဲ့ပြီ။ မနက်မိုးလင်းလို့ သူကိုယ့်ကိုရှာဖွေစမ်းသပ်တော့မှ သူ့ရဲ့ လက်တစ်ဖက်နောက်ကို အလိုက်သင့်လိုက်ဖို့အကျင့်ပါနေခဲ့ပါပြီ။

အပြင်ကိုထွက်တိုင်းမှာလည်း သူသွားလေရာကို သူ့လက်ထဲမှာ ကိုယ့်လက်နှစ်ဖက်ကို ထည့်ရင်းခလေး တစ်ယောက်လို ခံစားကြည်နူးမိတတ်တယ်။ သူက သူ့သူငယ်ချင်းတွေနဲ့ စကားပြောဆိုနေတဲ့အခါမျိုးမှာ သူ့အတွက်အနှောင့်အယှက်မဖြစ်ရအောင် သူ့လက်ထဲမှာပဲ ငြိမ်သက်စွာအမြဲရပ်နေခဲ့သူဟာ ကိုယ်ပါ။ သူနေဆိုတဲ့နေရာမှာ နေ သူထိုင်ဆိုတဲ့ နေရာမှာထိုင် တကယ့်ကို သူ့စိတ်နဲ့နေခဲ့တာကြာလို့ ကျင့်သားရနေခဲ့ပါပြီ။ ကျဉ်းကျပ်တယ်ဆိုတဲ့ အနေအထားလို့တောင်မတွေးထားတတ်ခဲ့ပါဖူး။

သူ့အတွက်အမြဲအဆင်သင့်ဖြစ်ခဲ့ပေမယ့် အပြောင်းအလဲများတဲ့လောကကြီးမှာ ကိုယ့်ထက်စိတ်ဝင်စားစရာတွေတွေ့ပြီး လွှတ်ချထားခံရတော့မှ ကိုယ်ဟာ တကယ်တမ်းတော့ မစွဲလမ်းသင့်တာကို စွဲလမ်းမိနေတဲ့ သူဖတ်နေကြစာအုပ်လေးတစ်အုပ်ပါလား ဆိုတာကို သိလိုက်ရချိန်မှာတော့ ကိုယ့်ရဲ့တွယ်ငြိခြင်းက ပြန်လည်မရုပ်သိမ်းနိုင်တော့သော အဆုံးစွန်ထိလေ……………

26 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၃)

မနက်စာက ဟိုတယ်ခထဲမှာပါပြီးသားဖြစ်လေတော့ မနက်စာကို အခန်းနံပါတ်လေးပြောပြီး သွားစားလိုက်ရုံပါပဲ။ ထမင်းကနေ ခေါက်ဆွဲကြော် ပလာတာ ဂျပန်စာ ပေါင်မုံမျိုးစုံ အစုံစုံကို မြည်းရင်းစမ်းရင်း ဗိုက်ပြည့်အောင်စားလိုက်တယ်။ လာကြိုတဲ့ကားကနောက်ကျတာမို့ ဧည့်ကြိုခန်းကနေ ပေါ်တီကိုအောက်ကိုသွားပြီး တစ်စောင့်စောင့်နေရတယ်။ ရောက်လာတော့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်တဲ့။ ကားကတော်တော်ကြပ်လို့ပါတဲ့။ ဟုတ်မှာ ဟိုတယ်ရှေ့က ကားတန်းကြီးက ခပ်လှုပ်လှုပ်ရယ်။ စက်ဘီးသမားတောင်ကျော်တက်လို့ရတယ်လေ။ သင်တန်းကျောင်းကိုရောက်တော့ သင်မယ့်ဆရာကနောက်ကျနေသေးတယ်။ သူလည်းကားကြပ်တာပဲပေါ့။ သင်တန်းဆရာက ညိုမင်းလွင်းနဲ့တူတာမို့ ကျနော်က ညိုမင်းလွင်လို့ပဲနာမည်ပေးထားလိုက်တယ်။ အနှီညိုမင်းလွင်နဲ့ တစ်ပတ်လောက်စာသင်ရတာပေါ့ဗျာ။

နေ့လည်စာတွေတိုင်းက သူကပဲ အကုန်ကျခံကျွေးမွေးပါတယ်။ တရက်ကွေ့သယိုကျွေးတော့ ကျနော်တို့မှာ ဒုက္ခရောက်ကြသေးတယ်။ ကွေ့သယိုအရည်ဖျော်ကို အဆာပြေလိုတစ်ပန်းကန်လောက်ပဲစားလာမိလို့ နေ့လည်မှာ ဗိုက်ဆာတဲ့ဒဏ်ကိုနှစ်ယောက်သား ကြိတ်မှိတ်ခံစားခဲ့ကြရတယ်။ ယိုးဒယားထမင်းဟင်း ကျွေးတဲ့နေ့ကလည်း မျက်ရည်ဖြိုင်ဖြိုင်ကျမိလို့ လိုက်ကျွေးတဲ့လူကတောင် အားတွေနာသွားတဲ့အထိ။ အသားတွေကို ကင်လေတဲ့ စတိမှာလည်း ဂွကျတာပါပဲ။ မကျက်ပါဘူးဆိုပြီး နှစ်ယောက်လုံးမြိုချလို့မရလို့။ အင်းကိုယ့်ထမင်းဟင်းကိုပဲ အရမ်းတမ်းတကြတာ။ ညနေဆိုရင် ဖောက်သည်ဆိုင်ကိုပြေးရတော့တာပါပဲ။

ဘန်ကောက်မှာက ဘာသာစကားတော်တော် အခက်တွေ့ပါတယ်။ ကျနော်တို့နှစ်ယောက်မှာ တစ်ယောက်တစ်မျိုးအခက်ကြုံရတယ်။ ရေကူးကန်တွေ့ရင်ရေကူးချင်ပါတဲ့ ကျနော့အတွက် ကလည်းတစ်မျိုး။ အခန်းထဲမှာ ရေးထားတာက အခန်းထဲက တာဝါကို ရေကူးကန်ကိုသယ်မသွားရတဲ့ ရေကူးကန်ကကောင်တာမှာ တာဝါတောင်းယူပါတဲ့။ အဲသာနဲ့ ရေကူးကန်ကိုဆင်း ရေကူးပြီး ကောင်တာမှာတာဝါတောင်းတော့ ဧည့်ကြိုကောင်တာကို ဖုံးဆက်ပါတဲ့။ ဧည့်ကြိုကောင်တာကို ဖုံးဆက်ပြန်တော့ တာဝါဆိုတဲ့ စကားက ဘယ်လိုများ ဘာသာပြန်ခက်လေတယ်မသိ လုံးဝနားမလည်ဘူးထင်ပါရဲ့။ အခန်းထဲကိုပြန်တက်လာရင်း နောက်နေ့တော့ အခန်းထဲကတာဝါကို မဖြစ်မနေယူသွားဖို့ ဆုံးဖြတ်လိုက်ရတယ်။

ကျနော့စီနီယာကတော့ ဆေးလိပ်သောက်မှု။ သူကမိုးလင်းတာနဲ့ခေါင်းတိုင်ဖွင့်တော့တာ။ တရက်အခန်းသန့်ရှင်းရေးလာတဲ့ကောင်မလေးနဲ့သူနဲ့ အငြင်းအခုံဖြစ်ကြပုံများ ပြန်တွေးရင်ရီစရာ။ သူထိုင်တဲ့ခုံအောက်က ကော်ဇောပေါက်ကို သူ့ ဆေးလိပ်မီးပွားတွေကြောင့်ပေါက်ပါတယ်ဆိုပြီး ဖြစ်ကြတာ။ နှစ်ယောက်လုံးက ကမ္ဘာသုံးဘာသာစကားနဲ့ဖြစ်ကြတာလေ။ ကော်ဇောပေါက်ကိုလက်ညှိုးထိုးလိုက် ဆေးလိပ်လေးလက်ညှိုးထိုးလိုက်နဲ့ကောင်မလေး ကပြော ကျနော့စီနီယာက လက်ကလေးတစ်ခါခါနဲ့ငြင်း ခုံတွေထားလို့ အရာထင်တာပါဆိုပြီး ဟန်အမူအရာနဲ့ပြ။ အဲလိုကိုးလိုးကန့်လန့်ဖြစ်ခဲ့တာ။

ရုံးပိတ်ရက်စနေ တနင်္ဂနွေတွေမှာတော့ ကျနော့သူငယ်ချင်းတစ်ယောက်ရယ် သီရီလင်္ကာမှာသင်တန်းတက်ပြီး ပြန်လာတဲ့ ICRC ကသူငယ်ချင်းတစ်ယောက်နဲ့ ဘန်ကောက်တစ်ခွင်လှည့်လည်ရေး။ ပထမတော့ မြဘုရားပေါ့ဗျာ။ မြဘုရားလို့ပြောရင်သူတို့တွေကနားမလည်ဘူးဗျ။ သူတို့ခေါ်တဲ့ အခေါ်ရှိပါတယ်။ ဘန်ကောက်မှာစီးရတဲ့ Sky Train ဆိုတာလည်းစီးဖူးတယ်ရှိအောင်စီးခဲ့တာပေါ့။ သူတို့နိုင်ငံက ဧည့်သည်တွေဆီက ပိုက်ဆံကို ဘယ်လိုယူသလဲဆိုတာတော့ အတုယူသင့်တယ်နော် (မကောင်းတဲ့နည်းလမ်းကိုပြောတာ မဟုတ်ပါဘူးဗျာ)။ မကောင်းတဲ့နည်းဆိုလို့ အဲဒီနေရာ ပက်ပုန်းကိုလဲ ရောက်ဖူးတယ်ရှိအောင်သွားလိုက်ပါတယ်။ တော်တော်ကြာ ခေတ်နောက်ကျနေမှဖြင့်ဆိုပြီး။

နောက်တစ်နေရာကတော့ အယုဒ္ဓမြို့ဟောင်း သမိုင်းကြောင်းကိုစိတ်ဝင်စားတာမို့ မရောက်ရောက်အောင်စီစဉ်သွားရတာပါ။ ဆူးလေက မြောက်ဥက္ကလာကိုဆွဲတဲ့ Taxi လိုမျိုးကားလေးတွေနဲ့။ ဒါပေမယ့် အဲယားကွန်းနဲ့ အကျ။ နာမည်ကြီးလေတဲ့ AIT ကျောင်းကို ဖြတ်သွားတော့ ငေးဖြစ်အောင်ငေးလိုက်ပါတယ်။ ကိုယ်မှမတက်နိုင်တာ ငေးရုံပေါ့။ မြန်မာတွေဖြတ်ထားခဲ့တယ် ဆိုတဲ့ ဘုရားခေါင်းတွေကို စနစ်တကျပြသထားတယ်။ စာတွေလည်းရေးလို့ပေါ့။ ဖြစ်နိုင်မဖြစ်နိုင်တော့ စဉ်းစားမိတယ်။ စာဖတ်သူတွေကောဘယ်လိုထင်မလဲမသိ။ စစ်ဖြစ်တုန်းက ပန်းချီကားကိုအပြေးအလွှားဝင်ကြည့်တော့လည်း ကြည့်ခွင့်မရှိတဲ့ ပိတ်ထားတယ်ကျနော့ကို။ အပြင်ကပဲ အမှတ်တရဓါတ်ပုံရိုက်ခဲ့ရတော့တာ။ တုပ်တုပ်ဆိုတာလည်း စီးရင်း ပိုက်ဆံကို သယ့်ယူနေတဲ့ သူတို့ရဲ့ အစီအစဉ်တွေကို မချီးမွမ်းပဲမနေနိုင်တော့။

ဆက်ပါဦးမယ်

24 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၂)

ပြည်ပလေယာဉ်ကို ပထမဆုံးစီးဖူးပြီးမှ ပြည်တွင်းလေကြောင်းကို ပြန်စီးရတော့ ကွာတယ်လို့ထင်မိတာပေါ့။ ဟိုဘက်လေဆိပ်ရောက်တော့ အင်မီဂရေးရှင်းမှာ မေးသမျှကို ကျကျနနဖြေ (တချက်ဗျာ ကျနော် ကုတ်အကျင်္ ီ တွေဘာတွေ ဝတ်မသွားပါဘူး) ညွှန်ပြထားတဲ့ လမ်းကြောင်းတွေကနေ အလိုက်သင့်လိုက်သွားတာပါပဲ။ အိတ်တွေရွေးအပြီး အပြင်ထွက်တော့မှ ဘဝကစတော့တာပါပဲ။ ဟိုတယ်ကလာကြိုပါတယ်ဆိုတဲ့ ကိုရွှေကြိုကို မတွေ.။ အမွေးတစ်ပင်အမြီးတစ်ချောင်းမှမတွေ့။ သူများတွေ ထောင်ထောင်ပြနေတဲ့ ကိုယ်နားမလည်တဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်လို့သာ ကုန်သွားရော မတွေ့ရေးချာမတွေ့ အောက်ကမြင့်လည်း မတွေ့။ ခပ်တည်တည်နဲ့ ပိုက်ဆံ ၅၀လောက်လဲလိုက်တယ် ပြီတော့ သူငယ်ချင်းတွေပေးလိုက်တဲ့ ဖုံးဟောင်းလေးထဲကို ထည့်ဖို့ ၁၂၁၂လား ၁၂ကောလားမသိဘူး ဆင်းကဒ်လေးတစ်ခုဝယ်လိုက်တယ်။ ဘယ်လောက်လည်လဲဆိုတော့ ဝယ်လိုက်တဲ့ကဒ်ထဲမှာ ၅ ဘတ်ပဲပါတယ်။ ပိုက်ဆံထပ်ထည့်ဖို့ ရောင်းနေတာကို အချဉ်ဖမ်းတယ်ဆိုပြီး ငြင်းလိုက်မိတာ တော်လေးကြာမှ မှားမှန်းသိတော့တယ်။

ဘန်ကောက်က သူငယ်ချင်းကိုဖုံးဆက် သူပြောတဲ့ TAXI ဆိုတဲ့ဟာကို ငှားရတယ်။ မောင်းတဲ့ ဒရိုင်ဘာက မိန်းမဗျ။ ကွာတာက အဲဒီက စကွာတာ။ မတတ်တတတ်နဲ့ ပေးလိုက်တဲ့ ဟိုတယ် လိပ်စာကဒ်ကို သူက ဖတ်တတ်သွားတော့ သွားမယ်တက်ဆိုပြီး ဟန်အပြည့်နဲ့နောက်ခန်းက နှစ်ယောက်လိုက်သွားတယ်။ ပြီတော့ မှ သူကနောက်လှည့်ပြီး ဘတ်ဘတ်ဆိုပြီးတဘတ်တည်းဘတ်တော့တာပဲ။ စည်းကမ်းရှိပြီးကြောက်တတ်တဲ့ ကျနော်တို့နှစ်ယောက်ကလည်း ကားပေါ်တက်ကတည်းက ၁။ကားပေါ်တက် ၂။နေရာယူ ၃။ခါးပတ်ပတ်ထားပါလျက်ကယ်နဲ့ ဘာကြောင့်တဘတ်ထဲဘတ်နေပါလိမ့်ဆိုပြီး အူကြောင်ကြောင်ဖြစ်နေမိတယ်။ တကယ်တမ်းက ကျနော်တို့ဆီမှာလိုမဟုတ်ပဲ အမြန်လမ်းမတွေရှိပြီး အမြန်လမ်းမတွေကနေ မောင်းရင် ပိုက်ဆံပိုပေးရမယ်လို့ပြောတာပါ။ ဇာတ်ရည်လည်တော့မှ အိုကေလိုက်ရတယ်။ ရေလိုက်လွှဲတာများပြောပါတယ်။

ဟိုတယ်ကိုမြင်လိုက်ရရင်ပဲ ကိုယ့်အိမ်ကိုရောက်သလိုပဲ ရောက်ပြီကွဆိုပြီး လက်ခမောင်းတောင်ထခတ်ချင်ပါတယ်။ ဟိုတယ်ကလည်း ရောက်ရောက်ချင်း သူတို့သွားကြိုတဲ့လူကို ဘာလို့မစောင့်တာလဲဘာလည်းနဲ့ မုန့်ဖိုးပေးဖို့တောင်းနေသေးတယ်။ အဲလိုမျိုးထုံးစံရှိတယ်လား မသိပါဘူးဆိုပြီး အိပ်ချင်ယောင်ဆောင်လိုက်တာပေါ့ ဘယ်ရမလဲ။ ခက်တာက ဟိုတယ်တစ်ခုလုံးမှာ အင်္ဂလိပ်လိုတတ်တာက ၂ယောက်လား ၃ယောက်လားရှိတာ။ ဒါတောင် ၃စတားဟိုတယ်ပါတဲ့။ ကျနော်ထင်တာ ကျနော်တို့တည်းခဲ့တာ ငါးထပ်မှာပါ။ ရေခဲသေတ္တာထဲကသောက်ရေ ပုလင်းတွေကို မောမောနဲ့သောက်ချပြီး ရေမိုးချိုးအဝတ်အစားလဲ ညစာစားဖို့ အပြင်ထွက်ရတယ်။ ဟိုတယ်မှာစားဖို့တော့မဖြစ်နိုင်ဘူးလေ။ အနားမှာရှာရင်း ကျနော့စီနီယာကလည်း မြန်မာပီပီထမင်းမှ ထမင်း ဆိုတော့ ထမင်းဆိုင်လေးတစ်ခုမှာပဲ ဝင်လွေးလိုက်ရတော့တယ်။ နောက်ဆိုနေ့တိုင်းစားလို့ဖောက်သည်ကိုဖြစ်နေရော။ ဝက်သားဒုတ်ထိုးလိုပုံစုံကို ထမင်းပေါ်ဆမ်းပေးတာပါပဲ။

အနီးအနားလမ်းသလားမယ်ဆိုပြီးလျှောက်ကြည့်မိတော့မှ ဒုက္ခနဲ့လှလှက စတွေ့ကြတာပါ။ နှစ်လမ်းသုံးလမ်းလောက်လျှောက်အပြီး ကျနော့စီနီယာက ရန်ကုန်ကပါလာတဲ့ ရှူးဖိနပ်ပြတ်ပါတော့တယ်။ မနက်ဆိုရင် သူများရုံးကိုသွားတက်ရမှာဆိုတော့ ဘယ်လိုလုပ်ရပါ့။ အနီးအနားမှာ ကူကယ်ရာရှာပြန်တော့လည်း ဖိနပ်ဆိုင်နဲ့တူတာဆိုလို့ဘယ်အရာမှမတွေ့။ အားကိုရာ သူငယ်ချင်းကို ဖုံးဆက်မေးတော့ ညစျေးဆိုတာရှိတယ်တဲ့။ ထုံးစံအတိုင်း TAXI ပဲပေါ့။ ကြာလိုက်ရှည်လိုက်ပါတဲ့ ကားတန်းကို သူ့မီတာပြတဲ့ဘုတ်လေးကြည့်ရင်း ရင်တမမနဲ့လိုက်ခဲ့ရတယ်။ ညာများညာလေပြီလားမသိဆိုပြီး။ ညစျေးပေမယ့် တော်တော်ကို စုံစီနဖာနိုင်ပြီး စည်ကားတာတွေ့ရပါတယ်။ သူတို့စျေးရောင်းတဲ့ ပုံစံကတော့ ကာကူလေတာလေးနဲ့ပါ။ သူကရောင်းစျေးအရင်နှိပ်ပြ။ ပြီးရင် စျေးချချင်ရင်ဆောင်ပြီး ထပ်လျှော့ပေး။ ကိုယ်ကလည်း ကိုယ်ပေးနိုင်တဲ့စျေးကိုပြန်နှိပ်ပြ ရောင်းသူဝယ်သူ ပြိုင်တူကို ကာကူလေတာ နှိပ်ကြတာ။ တစ်ခုတော့ကောင်းတယ် ညစျေးမှာ ပိုက်ဆံလဲရင် ငွေတော့ ပိုရတယ်ဗျ။ ဖိနပ်လေးဝယ်ပြီး ပျော်ပျော်ပါးပါးပြန်ခဲ့ကြပေမယ့် အပြန်မှာငှားလာတဲ့ကားသမားက အင်္ဂလိပ်လိုမတတ်။ ယူလာတဲ့ ဟိုတယ်ကဒ်ကလည်း အင်္ဂလိပ်လို ဆိုတော့။ ဟိုတယ်ကို ဖုန်းခေါ် ဘယ်ကိုမောင်းပါဆိုတာ ဟိုတယ်ကိုပဲညွှန်ခိုင်းရတော့တာ။ စွန့်စားခန်းတွေကတော့ အများသား……………..

ဆက်ပါဦးမယ်

22 September 2008

ပထမဆုံးပြည်ပခရီး သို့မဟုတ် အကြောက်တရားတို့ကျဆုံးခန်း(၁)

ဒီခရီးက ပထမဆုံးပြည်ပကိုသွားရတဲ့ခရီး။ ထို့ထက်ပို၍ပထမဆုံးလေယာဉ်ပျံစီးဖူးခြင်း။ အားလုံးကအသစ်အဆန်း။ အကျိုးအမြတ်က အကြောက်တရားတို့ကျဆုံးခြင်း..

ငယ်ငယ်ကသင်ထားတဲ့အတိုင်း ဘယ်သို့ဘယ်ပုံနေရမယ်။ လူကြီးကို ဘယ်လိုဆက်ဆံရမယ်။ ယံမင်္ဂလံ အစချီတဲ့ မင်္ဂလသုတ်ကိုမိုးလင်းတိုင်းရွတ်ခဲ့ရတယ်။ အိမ်မှာဧည့်သည်လာရင် အသံမထွက်ရဘူး၊ ထမင်းစားရင် ဇွန်းသံမကြားစေရဘူး၊ ထမင်းစားရင်းစကားမပြောရဘူး စတဲ့စည်းမျဉ်းစည်းကမ်းတွေကြားထဲမှာ အပြောခံရခြင်း အရိုက်ခံရခြင်းမျိုးစုံနဲ့နေခဲ့ရတာပါ။ အဲဒီစည်းမျဉ်းစည်းကမ်းဆိုတာထက် လူ လူခြင်းကိုကြောက်တတ်တာ။ လက်ဖက်ရည်ဆိုင်လူများရင်မသွားတတ်တာ။ လူရှေ့သူရှေ့စကားပြောဆို မပြောရဲမဆိုရဲ။ အရှေ့ထွက်မယ်အစား အလုပ်ကိုသာသိမ်းကြုံးလုပ်ချင်မိတဲ့အထိ။ ဒါပေမယ့် အညာသားပီပီ မဟုတ်မခံစိတ်ကတော့ ရင်ထဲမှာရှိတယ်။ အဲလိုမဟုတ်မခံပြန်ပြောလို့လဲ အများတကာ အရမ်းလိုချင်ပါတယ်ဆိုတဲ့ အလုပ်တစ်ခုကို သုံးပတ်ထဲလုပ်ပြီးထွက်လိုက်စေတဲ့အထိ။

အလုပ်ကနေ ဘန်ကောက်ကို သင်တန်းလွှတ်မယ်ဆိုတော့ ငြင်းလိုက်ရတာ သုံးလလောက်ကြာခဲ့ပါတယ်။ သင်တန်းနောက်က ထိုးရမယ့် စာချုပ်ကိုလည်းကြောက်လို့ပါ။ နောက်ဆုံးမတော့ လက်ရှိအလုပ်ကို မထွက်ချင်သေးတာမို့တစ်ကြောင်း သင်တန်းကလည်း ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်တာကြောင့်တစ်ကြောင်း လက်ခံလိုက်ပါတယ်။ ပထမဆုံးခရီးဖြစ်တာမို့ စိတ်လှုပ်ရှားမှုနဲ့ရင်တွေခုန်နေခဲ့တယ်။ ပြည်ပကိုမသွားခင် ဌာနတွင်းသင်တန်းကိုလည်းတက်ရပါသေးတယ်။ အဲဒီအချိန်မှာ ပြင်ပမှာကျနော်တတ်နေတဲ့သင်တန်းကလည်း ပထမနှစ်စာမေးပွဲဖြေရတော့မယ်။ စနေ တနင်္ဂနွေ နှစ်ရက်ပဲတက်ရတဲ့သင်တန်းမှာ ရက်မှန်အောင်မတက်နိုင်ခဲ့။ ဌာနတွင်းခရီးစဉ်မှာ ကျနော့ CE ကလေယာဉ်ခရီးစဉ်မှာ ကြုံရမယ့်အရာတွေ လိုအပ်ချက်တွေ စသည်စသည် ပုံနဲ့တစ်မျိုး စာနဲ့တစ်ဖုံသင်ပေးလိုက်ပါတယ်။ ထိုင်ခုံနှစ်မျိုးရှိတယ်ပေါ့ လေယာဉ်စာရင်းကို LCD ကြီးတွေ ဘုတ်ကြီးတွေနဲ့ပြပေးတတ်တယ်ပေါ့။




ပစ္စည်းရွေးဖို့ကို ကွန်ဗေယာတွေနဲ့လည်တဲ့ ဘတ်ဆိုတဲ့အရာပေါ်မှာ ယူရတယ်။


ဘတ်နံပါတ်ကို ကိုယ့်လေယာဉ်ဆိုက်ချိန်မှာ ရေးပြထားတယ် သေသေချာချာကြည့်ပြီး အင်မီဂရေးရှင်းဖြတ်ပြီးရင်သွားရွေးယူရတယ်။ မှာသင့်မှာထိုက်တာအကုန်မှာခဲ့ပါတယ်။

ကျနော်နဲ့စီနီယာတစ်ယောက်ပါ ပါတယ်။ ကျနော်တို့ကို ရုံးကပေးလိုက်တဲ့ ဟိုမှာ ဟိုတယ်ခတွေရှင်းဖို့ ပိုက်ဆံတွေရယ် ပစ္စည်းဝယ်ဖို့ပိုက်ဆံတွေရယ်က ကျနော့လက်ထဲမှာ ပိုက်ဆံက US ၃၉၀၀ လောက်ပါလေရဲ့။ ရှေ့ရှေ့က ထုံးစံတွေအတိုင်း ပိုက်ဆံတွေကို စာရွက်ခေါက်ထဲထည့် ပြီးမှစာအိတ်ထဲကိုထည့် စာအိတ်ပေါ်မှာ လိပ်စာတွေဘာတွေနဲ့ပေ့ါ။ ဒါပေမယ့် အဖမ်းတော်လေတဲ့ လူတွေရဲ့လက်ထဲမှာ ကားခနဲမိတာပေါ့။ နောက်တစ်ခေါက်ယူလာရင် အကုန်သိမ်းထားမယ်တဲ့။ ခြေမကိုင်မိလက်မကိုင်မိ။ ကိုယ့်ပိုက်ဆံလည်း မဟုတ်။ အရင်းပြုတ်ရချည်ရဲ့။ မဖြစ်ချေဘူးဆိုပြီး နီးစပ်ရာ အားကိုးရာတွေကိုလှမ်းခေါ်ပြီး ပိုက်ဆံတွေကို ထားခဲ့ရပါတယ်။ သူတို့သေချာမစစ်တာက ကျနော်တို့ရဲ့ပိုက်ဆံအိတ်တွေကိုပါ။ ပိုက်ဆံအိတ်ထဲမှာ တစ်ယောက်ကို ၉၀၀ (ရုံးကပေးလိုက်တာပါဗျာ) ဆီလောက်ပါပါသေးတယ်။

ကျနော်တို့ဝင်တော့ Last call ခေါ်နေပါပြီ။ လှေကားပေါ်တက်ရင်း ပိုက်ဆံထားခဲ့ရကြောင်းရုံးကို အကြောင်းကြားရပါသေးတယ်။ နောင်ခါလာနောင်ခါစျေး ပြန်လာမှာ အသေအချာရှင်းပြနိုင်တော့မှာပါ။ လေယာဉ်ပေါ်ကိုရောက်မှပဲ သက်ပြင်းပူပူကို ဟူးကနဲနေအောင်ချလိုက်ရတယ်။ TG လေယာဉ်ဆိုတော့ မိုက်တော့မိုက်သား။ လေယာဉ်မယ်လေးတွေကလည်း မျက်စိအေး။ ထမင်းနဲ့ ကြက်သားဟင်းကလည်း ကောင်း။ အလကားရတဲ့ ဝိုင်ကလည်းကောင်းပါလေ့။ ဒါက လေယာဉ်စီးရတဲ့အရသာဖြစ်မယ်ဆိုပြီး ထင်မြင်ချက်နဲ့ ကောက်ချက်ချမိတယ်။

ဆက်ပါဦးမယ်

21 September 2008

စုဆောင်းမိသော စာအုပ်များ ၀ါ TAG ဇာတ်သိမ်းခန်း


ကျနော်နဲ့စာဖတ်ခြင်းထဲမှာ ဘာကြောင့်စာတွေဖတ်ဖြစ်တယ်။ စာအုပ်တွေစုဆောင်းဖြစ်တယ် ဆိုတာ ရေးမိပါတယ်။ ရှိသမျှ ငွေကြေးအတိုင်းအတာလေးနဲ့ စုလို့ရသမျှစာအုပ်လေးတွေကို စုဆောင်းထားမိပါတယ်။ စာအုပ်တော်တော်များများကို ၀ယ်ချင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ ငွေကြေးအင်အားနဲ့ပဲ တော်ရာတန်ရာလေးတွေကိုဝယ်စုမိတယ်။ စာကြီးပေကြီးလို့မဆိုနိုင်ပေမယ့် ကျနော့ဘ၀မှာ အဲဒီစာအုပ်တွေက တော်တော်လေး စိုးမိုးနေပါတယ်။ ကျနော်ရေးတဲ့စာတွေ ကျနော့ရဲ့ အနေအထိုင်အပြုအမူ အပြောအဆို အတွေးအခေါ်တွေ အထိပါ။ အိမ်ပြောင်းရင်စာအုပ်တွေကို စနစ်တကျ ထုပ်ပိုး၊ လေးပင်ပေမယ့် သယ်နေရတာပါပဲ။ စုမိသမျှကတော့ (စာအုပ်တွေက ဝေးကွာနေလို့ နာမည်တွေမှာ အမှားအယွင်းပါရင် သည်းခံပါခင်ဗျာ၊ ကျန်ခဲ့ရင်လည်း နောက်မှ ပြန်လည်ဖြည့်စွက်ပါမယ်)

မြသန်းတင့်
ရေပွက်ပမာ
ဓားတောင်ကို ကျော်၍
သုခမြို့တော်
မာယာဘုံ (လက်ဆောင်ရပါသည်)
လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
ဘ၀တက္ကသိုလ် (လက်ဆောင်ရပါသည်)
မမ
စစ်နှင့်ငြိမ်းချမ်းရေး (လက်ဆောင်ရပါသည်)


တက္ကသိုလ်ဘုန်းနိုင်
သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
တစ်ပြည်သူမရွှေထား
ချစ်သောကမ္ဘာမြေ
လွမ်းတေးမဆုံးစေနဲ့စောသခင်
ချစ်သောဤကမ္ဘာ


ဂျာနယ်ကျော်မမလေး
သွေး
ရင်နင့်အောင်မွှေး
သူလိုလူ
မုန်း၍မဟူ (လက်ဆောင်ရပါသည်)

မစန္ဒာ
တိမ်ဖုံးပါလို့လမသာ (ရုပ်ရှင်ကိုပါစွဲလမ်းမိပါတယ်)
ကွက်လပ်ကလေးဖြည့်ပေးပါ
ဂျီဟောသူ
ဆဌဂံ
အရိပ်
ပန်းစကား
ဘ၀အိပ်မက်ပန်းအိပ်မက်
ဝတ္ထုတိုများ…

နုနုရည်အင်းဝ
ပြုံး၍လည်းကန်တော့ခံတော်မူ

ရွှေဥဒေါင်း
ရူပကလျာဏီ ရူပနန္ဒီ
တစ်သက်တာမှတ်တမ်း
ဝတ္ထုတိုများ…


မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာရတနာ

ခင်နှင်းယု
မြကြာဖြူ

နေနော်
ပျားရည်နှင်းစက်

ဝင်းဝင်းလတ်
အချစ်၏နောက်ဆက်တွဲစာမျက်နှာများ

နီကိုရဲ
စိတ်အိုင်ပက်သူ

ခင်ခင်ထူး
အညာသူအညာသားဆွေမျိုးများ
ပါးကွက်ကျား
လှည်းယဉ်ကျော့
ကြာဆစ်ကြိုး
ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
စပါယ်တင်မှဲ့ (ခင်ခင်ထူး၊ နေ၀င်းမြင့်)
ပိုးရည်တောင်စာ (ခင်ခင်ထူး၊ နေ၀င်းမြင့်)
လက်ရွေးစင်ဝတ္ထုတိုများ
ပဲသင်းကောက်
ကြာဝတ်မှုန်

ဂျူး
အမှတ်တရ (ကော်ပီ)
မရှိမဖြစ်မိုး
နံရံ၏အခြားတစ်ဖက်
ချစ်သူရေးတဲ့ကျမရဲ့ညတွေ
လရောင်ရဲ့အောက်မိုင်အဝေးမှာ
ကျမ၏သစ်ပင် (လက်ဆောင်ရပါသည်)
ကံကြမ္မာကိုမယုံကြည်ကြသူများ (လက်ဆောင်ရပါသည်)
ကြယ်စင်တံတားကမ်းပါးနှင်းဖြူ
ကြာတော့သည်လည်းမောင့်စကား
မြစ်တို့၏မာယာ
ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
ရုပ်ရှင်ခံစားမှုဆောင်းပါးများ ၁၊ ၂၊ ၃
ကျမချစ်သောမြို့၊ နိုင်ငံ
မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်
တိမ်နဲ့ချည်တဲ့ကြိုး
စောင့်နေမယ်လို့မပြောလိုက်ဖူး
ကျမဖတ်ခဲ့ဖူးသောစာအုပ်များ
ကြယ်ကြွေတို့ရဲ့ကောင်းကင်
ကြေမွသွားသောတိမ်တိုက်များ
သူမင်းကိုဘယ်တော့မှ
နိုဝင်ဘာမိုး
ဝထ္တုတိုများ…
(ပင်လယ်နဲ့တူသောမိန်းမများမရှိပါ)

လူထုဒေါ်အမာ
၁၂ပွဲဈေးသည်နှင့်ကျွန်မတို့အညာ

သိပံ္ပမောင်ဝ
စာပေ ယဉ်ကျေးမှု (လက်ဆောင်ရပါသည်)

ကြည်အေး
မောင် ကိုကိုနဲ့မြနန္ဒာ
ဝတ္ထုတိုပေါင်းချုပ်သစ်
မှန်၏မှောင်ရိပ်

မောင်ထွန်းသူ
ရဲတိုက် (လက်ဆောင်ရပါသည်)

မောင်ထင်
ငဘ

ပါရဂူ
စိတ္တရလေခါ

ဇော်ဇော်အောင်
ဝေေ၀ရီရီ


စာရေးသူမေ့နေတဲ့ စာအုပ်များ
သံနှင့်သွေး
မပိုကြေးမလိုကြေး (မူရင်းကတော့ Jeffrey Archer ပါ)

သင့်ဘ၀မဂ္ဂဇင်းများ (နိုင်သလောက်စုဆောင်းထားခြင်း)
စံပယ်ဖြူမဂ္ဂဇင်း (နှစ်နှစ်စာ ဆက်တိုက်စုပြီး ငွေကြေးအနေအထားအရ ရပ်သွားပါတယ်)

ဘုရားစာအုပ်တွေ၊ သမိုင်းစာအုပ်တွေကိုတော့ လူတတ်ကြီးလုပ်ပြီးရေးမိမှာစိုးလို့ထားခဲ့ပါတယ်ဗျာ။

တစ်ချို့စာအုပ်တွေက လိုချင်ပေမယ့် မရ။ ဥပမာ ကြည်အေးရဲ့ မောင်ကိုကိုနဲ့မြနန္ဒာ၊ ၀င်းဦးရဲ့ မိန်းမလှအမုန်း တို့ပါ။ ကျနော်စုထားသမျှစာအုပ်တွေကို ကြည့်ရင် ကျနော်ဟာ နိုင်ငံတကာစာပေတွေနဲ့ ဝေးကွာနေတာကို တွေ့ရပါလိမ့်မယ်။ အင်္ဂလိပ်စာမတတ်တာကတစ်ကြောင်း အပျင်းထူတာကတစ်ကြောင်း အကြောင်းမျိုးမျိုးပြပြီး ဆင်ခြေတွေပေးတတ်တာက တစ်ကြောင်း။ အခုစာအုပ်စာရင်းပြုစုရင်းကနေ စာအုပ်တွေကို ဒီကိုသယ်လာချင်လိုက်တာဆိုတဲ့စိတ် တစ်ဖွားဖွားပေါ်လာမိတယ်။ အရင်ကဆို အဲဒီစာအုပ်တွေကို အမြဲလိုလို ပြန်ဖတ်ဖြစ်နေတတ်တယ်။ ပြန်ဖတ်ရင်းအသစ်အသစ်တွေလည်း ဖြစ်နေမိတယ်လေ။ အရင်ဖတ်ခဲ့တုန်းက စိတ်နဲ့ အခုဖတ်ဖြစ်တဲ့ စိတ်အခြေအနေ အတွေ့အကြုံတွေပေါ်လိုက်ပြီး အဆုံးသတ်တွေ ကောက်ချက်တွေက အသစ်အသစ်တွေ ဖြစ်ဖြစ်လို့နေတယ်လေ။ ဂျူလိုင်ဆယ့်ခြောက်ရေ ကျနော်ဖတ်ဖူးတဲ့ စာအုပ်တွေက အများသား။ ဒီစာအုပ်တွေကတော့ ဖတ်နေလေ့ရှိတတ်တာတွေပေါ့။ ကျေနပ်မယ်ထင်ပါတယ်ဗျာ။

ကိုရုပ်ဆိုး နဲ့ ကိုဂျူလိုင်ရေ အပျော်အဖြစ် TAG ထားတာလေးကို အလေးအနက်ထားဖြေနေမိရင် ခွင့်လွှတ်ပါဗျာ။ အလေးအနက်နဲ့မေးခဲ့တယ်ဆိုရင်တော့ ကျေနပ်ပါလို့။ ကျနော့ ဒီ TAG တွေကို ဒီပို့စ်နဲ့ပဲရပ်ခွင့်ပြုပါ။ အကြိုက်ဆုံးအရောင်ဆိုတာကို အရောင်ခံစားမှု ဆိုတဲ့ ပထမဆုံးပို့စ်လေးမှာ ဖတ်ရှုနိုင်ပါတယ်ဗျာ။ အားလုံးကျေနပ်ပျော်ရွှင်နိုင်ပါစေ......................

20 September 2008

ကုန်စည်ဒိုင်မြင်ကွင်း

ကုန်စည်ဒိုင်ဆိုတဲ့စကားကို ကျနော်တို့အရပ်သားမဟုတ်ရင် စိမ်းနေပါလိမ့်မယ်။ ကုန်စည်ဒိုင်ဆိုတာ ကုန်သည်တွေကို စုဝေးထားတဲ့ အရပ်ပေါ့။ ရန်ကုန်သားတွေ မြင်လွယ်အောင်ပြောရရင် ကားပွဲစားတန်းလိုပေါ့ဗျာ..

အဲဒီကုန်စည်ဒိုင်က ကျနော်တို့အိမ်နဲ့မျက်စောင်းထိုးမှာပါ။ အခုတော့ ရွှေ့သွားကြပြီ။ နွေအဖွားအိမ်ပြန်တိုင်း ဒီကုန်စည်ဒိုင်ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့ရတာ။ ကျနော်တို့ရဲ့ ကစားကွင်းကြီးပေါ့။

အိပ်ရာကမျက်လုံးဖွင့်တာနဲ့ အသံတွေက ဆူညံနေပြီ။ မျက်နှာသစ်ရင်း စဉ်းစားမိတာက ဒီနေ့မနက်စာ ဘာစားရင်ကောင်းမလဲ။ အန်တီဒေါ်မြသီရဲ့ ငါ့တူကြီးအတွက် စပယ်ရှယ်ဆိုတဲ့ အသုတ်စားရင်ကောင်းမယ်။ ဟာဒီနေ့ အကြော်မှမစုံတာ မဖြစ်သေးပါဘူးပေါ့။ နောက်ထပ် ဦးတူးရဲ့ရွှေညာမြေဆီချက်။ ကောင်လေးလူကျနေလို့ စားပွဲကူထိုးပေးပါဦးဆို မှဗိုက်ပိုဆာနေဦးမယ်။ မီးအတွက် ထူးရှယ် မြင်လုံးဆိုပြီး ကျွေးတတ်တဲ့ ဦးတရုတ်ကြီး ထုတ်ထိုးစားရင်ကော။ ထုတ်ထိုးက ဗိုက်မှမ၀တာ။ ၀အောင်စားရင်လည်း တစ်ဗန်းလုံးသာပြောင်သွားမှာ အသေချာ။ ဒါမှမဟုတ် ဟိုညားခါစ လင်မယားရောင်းတဲ့ မြီးရှည်ပဲစားဖို့ကောင်းတယ်။ မြီးရှည် မှာ အီကြာကွေးလေးတွေထည့်မယ်။ အာလုံးကို မိုးလင်းတိုင်းစိတ်ကူးယဉ်ခဲ့ရပေမယ့် နောက်ဆုံးမှ ဆနွင်းဝါ၀ါလေးနဲ့ကြော်လေတဲ့ အိမ်က ထမင်းကြော်ကို ကော်ဖီနဲ့စိမ်ပြီးသောက်ခဲ့ရတဲ့ မနက်တွေက နေ့တိုင်းရက်ဆက်။

ဟိုဘက်ကလှုပ်လှုပ်ဒီဘက်ကလှုပ်လှုပ်နဲ့ သတင်းစာစက္ကူထုပ်လေးတွေ ကိုယ်စီကိုင်ပြီး ကိုယ်ရောင်းမယ့် ပဲတွေ ဂျုံထုပ်လေးတွေကို နမူနာထုတ် လာတတ်ကြတယ်။ ပြီးရင်လည်း ဟိုနေရာတင် ဒီနေရာတင်နဲ့ မေ့သွားတတ်ကြပါလေရော။ အရောင်းအ၀ယ်တွေ ဈေးတည့်လေလား ဈေးကွက်တွေ အေးစက်နေပြီလား ကျနော်တို့က ကလေးပီပီ စိတ်မ၀င်စား။ ကျန်ခဲ့လေတဲ့ အဲဒီအထုတ်တွေကို လိုက်သိမ်း။ တူရာတူရာလေးတွေ စုပြီး အန်တီဝင်းဆီမှာ ပြန်သွင်းနေကြ။ မုန့်ဖိုးပဲဖိုးလေးတော့ ရတာပေါ့ဗျာ။

ပြီတော့ ကလေးလူကြီးအားလုံးအာရုံစိုက်ရာ လက်တောက်ခုံ။ တခြားအရပ်တွေမှာ လက်တောက်ခုံက သိပ်မထင်ရှားပေမယ့် ကျနော်တို့အရပ်မှတော့ လက်တောက်ခုံကို အမျိုးစုံအောင် ကစားကြတယ်။ မိုးသီးထိုးတယ်ဆိုပြီး ဂဏန်းတွေနှိုက်ပြီးတောက်ခြင်း၊ ချန်ပီယံကွက်တောက်ခြင်း အို မျိုးစုံအောင်ဆော့ကြတယ်။ ပိုက်ဆံကြေးကနေ ရှုံးထွက်အထိပေါ့။ အကွက်တွေကတော့ ယုန်လေးကုန်းကွက်ဆိုပြီး အော်အော်တောက်ကြတာပါပဲ။ ယုန်လေးကုန်းကလူတွေက လက်တောက်ခုံ သိပ်တော်ကြတယ်ဆိုပဲ။ လက်တောက်ခုံကို ရန်ကုန်မှာမြင်ရတတ်တဲ့ ဖြစ်ကတတ်ဆန်း လက်တောက်ခုံမျိုးမဟုတ်ဘူးလေ။ ကျွန်းသားကို ချောနေအောင်တိုက်ထားတာဗျ။ အပေါ်မှာ ဖြူးတတ်တာတော့ ဂျုံမှုန့်အနုစားထင်တာပဲ။ ဇယ်တွေကလည်း သစ်သားဇယ်တွေ ပိုက်တွေကလည်း အပျံစားနဲ့။ လက်တောက်ခုံအောက်က ခုံနဲ့ ထိုင်ခုံတွေကလည်း ဒီလက်တောက်ခုံယဉ်ကျေးမှုကို အထင်းသားပြနေတော့တာ။

လမ်းဒေါင့်မှာ ရှိနေတဲ့ ကုန်စည်ဒိုင်ဝင်းထဲမှာလည်း ဆိုင်ကယ်တွေက ပြည့်လို့။ ပွဲစားမှန်ရင် ကျောက်စိမ်းဆိုင်ကယ်စီးရမတဲ့ ပလေကပ်ပုဆိုးကို အဆင်မျိုးမျိုးဝတ်ရမတဲ့လေ။ ကျောက်စိမ်းဆိုင်ကယ်ဆိုတာ ဆိုင်ကယ်အရောင်ကို ပြောတာပါ။ ဆိုင်ကယ်ဈေးကွက်က အရောင်ကိုလိုက်ပြီး ဈေးစကားပြောတာတော့ အဆန်းသား။ စက်ကောင်းလား ရွှီးဒေါက်လား (သော့ဖွင့်လိုက်တာနဲ့ စက်တခါတည်းနှိုးတာကို ရွှီးဒေါက်လို့ ခေါ်ပြန်ရော) မသိ မကြည့် ကျောက်စိမ်းဖြစ်ရင်ပြီးရော။ ဟိုတစ်လောကလည်း ရွှေအိုရောင်ဆိုပြီး တစ်ခေတ်ဖြစ်လိုက်သေးတာ။

ဒီနှစ်ပဲတွေကောင်းရဲ့ဆို အိမ်ရှေ့မှာလည်း ရွာတွေက တက်လာတဲ့ ကားတွေက အပြိုင်။ ကလေးတွေကလည်း မြို့လေးရယ်မို့ရောက်ဖူးတယ်ရှိအောင်ခေါ်ခဲ့ပြန်သေးတာဗျ။ အပြန်ကြရင် သူတို့အတွက်ကျောင်းတစ်နှစ်စာလိုအပ်တာတွေ ၀ယ်သွားပေးမယ်ထင်တယ်။ ရာသီဖျက်လို့ ပဲပျက်တဲ့နှစ်တွေဆို အားလုံးတိတ်ဆိတ်လို့ ကျနော်တို့ရတတ်တာက မအောင်ပင်မယ့် ပဲရယ်လို့ သိနိုင်တဲ့ အထုတ်လေးတွေ အလေးချိန်တွေက ပေါ့လို့။

လေးနှစ်လောက် အိမ်ရှေ့မှာ ပျော်ရွှင်စည်ကားလေတဲ့ ကုန်စည်ဒိုင်လေး ရွှေ့အပြီးမှာတော့ ကျနော်တို့အိမ်နားတစ်ဝိုက် တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ခဲ့ရော။ ကိုယ့်ဆွေကိုယ်မျိုးတွေနဲ့ပဲမတွေ့ရတော့သလို ရင်ထဲမှာသာ ဟာတိဟာတာ။ သြော် အောင်မြင်စွာရောင်းဝယ်ဖေါက်ကားလို့ နေရာအသစ်မှာ ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးတဲ့ ကုန်စည်ဒိုင်လေးဖြစ်ပါစေလို့သာ လွမ်းရင်းနဲ့ဆုတောင်းနေရတာ…

19 September 2008

တတိယလူတစ်ယောက်ရဲ့ နေရာ


လောကမှာ နေရာဆိုတာအများဆိုမှအများကြီး။ ဒါပေမယ့် တတိယနေရာဆိုတာကော။ ပထမနဲ့ဒုတိယလူနှစ်ယောက် ရှိပြီးသားဆိုရင် နောက်ဝင်လာတဲ့လူဟာ တတိယလူပေါ့။ တကယ်တမ်းဆို တတိယလူဖြစ်ခွင့်ကို ဘယ်သူကလိုချင်ခဲ့မှာလဲ။ ရွေးချယ်ခွင့်သာရှိခဲ့မယ်ဆိုရင်………………..

တကယ်ဆို ငယ်ရေ နင်တို့နှစ်ယောက်အဆင်ပြေနေသားနော်။ နင်ကလည်း သူ့ကိုဆိုဂရုစိုက် သူကလည်း နင့်ရဲ့အနွံတာကိုခံနေတာ ငါမြင်သားပဲ။ ဒါပေမယ့် ငယ်ရယ်။ နင့်ကိုတွေ့စကလို မဟုတ်ပဲ ငါ့စိတ်တွေပြောင်းသွားရတာကိုပဲ ငါ့ကိုယ်ငါ အပြစ်တင်မိတယ်။ တကယ်တမ်းဆို စာရေးဆရာမတစ်ယောက်ပြောတဲ့စကားကို နင်ဆန့်ကျင်ခဲ့ဖူးသလို ပန်းလေးတွေကို နမ်းတဲ့အမူအယာဟာ မိန်းမမာယာမှမဟုတ်တာလို့ နင်ငြင်းနိုင်ပေမယ့် ငါမငြင်းနိုင်ခဲ့ဘူး။ နင်ဟာငါ့ကို မြူဆွယ်ခဲ့ပါတယ်လို့ ငါမစွပ်စွဲရက်ပါဘူး။ တကယ်တမ်းက အဲဒီဖြစ်ခွင့်ကို ရွေးချယ်ခဲ့တာ ငါကိုယ်တိုင်ရယ်လေ။ ငါကိုယ်တိုင်ရယ်ပါ။

ဒီလိုမျိုးဖြစ်ရပ်တွေကို အမြဲတမ်းခါးသီးစွာလက်မခံနိုင်ခဲ့တဲ့ လူတစ်ယောက် အဲဒီအဖြစ်မှာတရားခံကိုယ်တိုင်ဖြစ်ခဲ့ရတာတော့ လူရီစရာကောင်းလှပါတယ်။ နင်ကတော့ ဖြစ်နိုင်ချေရှိတယ်လို့ပြောခဲ့သားနော်။ လူတွင်ပါမှနွားကျားကိုက်တယ်လို့ ပြောခဲ့တဲ့စကားက အခုအချိန်မှာ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာသလိုပဲနေမှာ။ လက်တွေ့ဘ၀ဆိုတာ မထင်မှတ်တဲ့ မျက်လှည့်ပွဲတစ်ခုတဲ့လားငယ်။

အရင်နင့်ကိုစတွေ့တော့ ဂျပန်ဆံတောက်ရယ်နဲ့ ဂါဝန်နဲ့။ ငယ်ရယ် အိမ်ပစ်တမ်းဆော့နေတဲ့ နင့်ကို အဲဒီအချိန်တုန်းက ဘယ်ရင်ခုန်ခဲ့မှာလည်း။ နင့်မှာ ချစ်ရမယ့်လူရှိလာတော့လည်း ပွင့်ပွင့်လင်းလင်းရှိတဲ့နင့်ဆီက ငါကြားခဲ့ရတယ်။ ဒါပေမယ့်လည်း မတုန်လုပ်မိပြန်ဘူး။ ခက်တယ်ငယ်ရယ် ခက်တယ်။ တရက်နင်ပန်ပြလေတဲ့ အကြော်ပန်းရယ်ကြောင့် ငါ့ရင်တွေတဖျပ်ဖျပ်ခတ်ခဲ့ရတယ်။ အကြော်ပန်းရယ်နှောင့်တာကြောင့်လို့ ပြောရမလိုပါပဲ။ ငယ်....အခုချိန်မှာရိုးသားစွာငါ့ကိုပြောခွင့်ပေးပါ။ ချစ်တယ်…ငယ်။

ငါလေ နင့်ဆံစတွေအောက်က သိမ်မွေ့တဲ့ နဖူးပြင်လေးကို နမ်းရှိုက်ခွင့်အကြိမ်တစ်ရာလောက်မက်ချင်မိတယ်။ ဒါပေမယ့် ပိုင်ဆိုင်ခွင့်မရှိတဲ့ ဓာတ်ပုံထဲက ပန်းးပွင့်တစ်ခုပါလေ။ အေးချမ်းတဲ့ ဘ၀တွေကို ဖျက်ပြီး ငါ့အစွဲတွေကို ချုပ်ငြိမ်းဖို့ဘယ်လိုမှ မဖြစ်နိုင်။ နောက်ကျလေတဲ့ ငါ့ဖြစ်ရပ်ကို နေရာမှာရပ်ပြီး ပြန်သုံးသပ်မိတယ်။ တကယ်တော့ အားလုံးက ငါ့အပြစ်ပဲလား ကံကြမ္မာလေပဲလား။ ၀ိပတ်ကြမ္မာမလွတ်သာတဲ့။ ကံကြွေးရှိတယ်ဆိုကြပါစို့။

နင့်ကို ဖွင့်ပြောဖြစ်ရင် နင်ဘယ်ဘက်ကရပ်မလဲ။ တတိယလူတစ်ယောက်အတွက် နင်ထည့်စဉ်းစားဦးမှာဟင်…ငယ်။ နင်ပြန်ချစ်ခဲ့ရင်လည်း သနားချစ်ဖြစ်မယ်ဆိုပြီး စိတ်မလုံခြုံသူဟာ ငါဖြစ်နေဦးမှာပါ။ ငယ်ရယ်.......

မထူးတော့တဲ့ ဘ၀မှာ ငါလေ နင်နဲ့ဝေးရာကိုပြေးထွက်ခဲ့တာပါ။ နင့်ဘေးမှာဆက်နေရင် ငါရဲ့မြိုသိပ်နိုင်စွမ်းတွေ မရှိနိုင်တော့မှာ ငါကြောက်တယ်။ တကယ်လို့နင်သိခဲ့ရင် ဘာဆုံးဖြတ်မလဲဆိုတာ ငါရင်မဆိုင်ရဲဘူး။ သတ္တိနည်းလိုက်တာဆိုပြီး ရီနေမှာလား ငယ်ရယ်။ ဟိုဘက်ကိုလိုက်ရင် ငါရင်ကွဲရမှာ ငါ့ဘက်ကိုလိုက်ရင်လည်း ငါဟာ ဒဿဂီရိအဖြစ်ကိုရောက်ရဦးမယ်။

အဲဒီတော့ လမင်းကြီးကို နင်က ညဘက်ဆိုပြီးကြည့်နေချိန်မှာ ငါကနေမင်းကြီးကို နေ့ဘက်ဆိုပြီးကြည့်ရတဲ့ အရေးကိုရွေးချယ်လိုက်ပါတယ်။ ငယ်ရေ……..အကြော်ပန်းကြွေတစ်ပွင့်လောက်ပန်ပါဦးလား…………..ငါလွမ်းလို့ပါ….

18 September 2008

ခြေလှမ်း


တဖွဖွနဲ့
တစစရယ်
စခဲ့တဲ့ခြေလှမ်း

လှမ်းပြီးမှ
သိရမယ်
ဒီလမ်း ဘယ်စခန်း

လှမ်းကြည့်ဖို့
စမိတယ်
မှားခဲ့ရင်ကော..........

16 September 2008

လက်ကျန်ဆယ်ရက်နဲ့ကျနော်


ကိုရုပ်ဆိုးရေ ကြားဖြတ် TAG ကလေးရေးကြည့်လိုက်တယ်ဗျာ။ နောက်ကားနှစ်စီးက ရှေ့ဆုံးကားကိုများ စောင့်နေသလားလို့။

တကယ်လို့ဆယ်ရက်သာကျန်ခဲ့ရင် ဘာလုပ်မလဲတဲ့။ တကယ့်ကို အဆင်သင့် မဖြစ်သေးတာပါ။ ခုလက်ရှိအသက်ရှင်နေတဲ့ ဘ၀မှာတောင် မနက်ဖြန်ဆိုတာ အတွက် အဆင်သင့်မဖြစ်သေးတာ။ သေဖို့ဆိုတာ ဝေးစွခြောက်ဖြာဖြစ်နေတာပေါ့။ ကျနော့ရဲ့ အရင် CE ပြောနေကြစကားအရဆိုရင် “plan to fail, fail to plan” ပါတဲ့။ ကျနော်တွေးကြည့်မိတာတော့ ထိန်းမနိုင်သိမ်းမရ ရုပ်ပျက်ဆင်းပျက် မျောက်မီးခဲကိုင်မိသလို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမယ်ဆိုတာပါ။ သိသိခြင်း ဆောက်တည်ရာမရ တောင်ပြေးလိုက်မြောက်ပြေးလိုက် ထိုင်ရမလို ထရမလိုဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ငြိမ်သက်စွာ ကြက်ဖကြီးလည်လိမ်သလိုကြေကွဲနေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ နောက်ထပ်မျှော်လင့်လို့ရတာက အဲဒီစိုးစိတ်တိုးတိတ်နဲ့ နောက်ဆယ်ရယ်မတိုင်ခင် သေသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သေချာတာတစ်ခုကတော့ ကျနော့မှာ အဲဒီအဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ထားတာ မရှိသလို ရှိခဲ့ရင်လည်း ပြင်ဆင်ထားတဲ့အတိုင်းလိုက်လုပ်နိုင်ဖို့က မသေချာ။ စိတ်တစ်ခု ရုပ်ကိုးဆယ်ဆိုတော့လေ။

မသေခင် ဆယ်ရက်လောက်အလိုဆိုတာကိုတွေးမိတော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ကို သတိရမိပြန်ရော။ အသက်အပိုင်းအခြားအလိုက် ဖြစ်ပျက်မယ့် အကြောင်းတွေကို ဟောရင်း အချိန်တစ်ခုမှာသေပါမယ်လို့ ဗေဒင်အဟောခံလိုက်ရတဲ့ နှောင်းခင်ဇော်ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ သူ့ကိုဟောလိုက်တဲ့ အကြောင်းအရာတွေက တကယ့်ကို တိုက်ဆိုင်စွာ အစီအစဉ်တကျ ဖြစ်ပျက်သွားခဲ့တာ။ အဲလောက်ထိဆိုတော့လည်း သူ့ကို အကြွင်းမဲ့ယုံကြည်သွားစေခဲ့တယ်ထင်တယ်။ သူ့နေရာမှာ ကျနော်သာဆို ရူးသွပ်သွားမိမှာ။ တကယ်ကို အတ္တတရားတွေနဲ့ တည်ဆောက်ထားတဲ့ ကျနော့ ခန္ခာကိုယ်ကို ကျနော်တပ်မက်လွန်းပါတယ်။ ဟိုလူနဲ့မခွဲနိုင် ဒီပစ္စည်းဥစ္စာတွေကိုလည်းလက်မလွှတ်နိုင်ဘူးဆိုတဲ့ အစွဲတွေက ကြိုးတစ်ချောင်းလို (သင်္ဘောကုန်းပတ်ကြိုးလောက်ဖြစ်မယ်ထင်တယ်) ရစ်ပတ် နှောင်တွယ်နေခဲ့ပြီ။

တကယ်ကိုကြုံတွေခဲ့ရင်ကော။ ကံတရားံကရွေးချယ်တာကို ဟင့်အင်းလို့မှငြင်းခွင့်မရှိတာ။ အခုခေတ်ကြီးက ရောဂါအထူးအဆန်းတွေပေါပါဘိသနဲ့။ အဲဒီအဖြစ်အပျက်က ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပါလိမ့်မယ်။ ကြုံတွေ့ပြီး အဲလိုကြိုသိခဲ့ဖို့လည်းလိုအပ်ပါသေးတယ်။ တကယ်လို့များ ကြိုသိခဲ့ရင်….

ကျနော်ပထမဆုံးလုပ်မိမှာက ကျနော့လက်ရှိပတ်ဝန်းကျင်ကနေ ထွက်သွားမှာပါ။ ကျနော့အပေါ်တွယ်တာတဲ့ သံယောဇဉ်ရှိတဲ့လူတွေကို အသိမပေးပဲ တိတ်တိတ်လေးထွက်သွားချင်တာပါ။ (တကယ်တမ်းက ဘယ်သူမှမရှိ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေမိတာပါ) သူတို့တွေကို ကျနော်ရှိနေသေးတယ်ဆိုတဲ့ အသိစိတ်နဲ့ ကျန်ခဲ့စေချင်တယ်။ နောက်တော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါ။

နောက်တစ်ခုက ကျနော်ဝါသနာပါတဲ့ အလုပ်တစ်ခုကို ပတ်ဝန်းကျင်အသစ်မှာ လုပ်မိပါလိမ့်မယ်။ စိတ်မရှိပါနဲ့ဗျာ ကျနော်ဘာလုပ်ဖြစ်မယ်ဆိုတာ မပြောပါရစေနဲ့။ ကျနော် လုပ်ဖြစ်မယ် မဖြစ်မယ် မသေချာလို့ပါ။ ပြီးရင်တော့ ကျနော့ရဲ့ နောက်ဆုံးရက်တွေကို သွေးပျက်စွာ တစ်ယောက်တည်းရင်ဆိုင်ဖို့ကြိုးစားမယ်။ အောင်မြင်မမြင်တော့ မသေချာ။ နောက်ဆုံးမှာတော့ ကျနော်သေဆုံးသွားပါလိမ့်မယ်။ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်လို ကျနော်သေရင် အုတ်တိုင်လေးတောင် မကျန်ခဲ့စေချင်ပါဘူး။ ဒီမြေပေါ်မှာ ကျနော်ရှိခဲ့တယ်ဆိုတာ ဘယ်သူ့ကိုမှမသိစေချင်လို့ပါ။

တကယ့်ကို အဲလိုဖြစ်ခဲ့မယ်ဆိုရင် ကျနော့ကိုလာကြည့်ကြပါဗျာ။ ပြောတဲ့အတိုင်းလုပ်ဖြစ်ရဲ့လားဆိုတာ မလုပ်ခဲ့ရင် သတိလေးပေးစေချင်ပါတယ်……….

ဘိရှော့တစ်ကောင်ရဲ့ တမ်းခြင်း


တကယ်တော့
ငါဟာ ဘိရှော့တစ်ကောင်ပါ ဘုရင်မရယ်....

ပုံစံတူအကွက်တွေကို
တရစပ်သွားလို့ရတယ်ဆိုပေမယ့်
ငါဟာတစ်လမ်းမောင်း သမားတစ်ယောက်လို
နောက်လမ်းကြောင်းပြောင်းခွင့် မရှိသူပါ။

မင်းကြိုက်တဲ့ မြင်းစစ်သူကြီးလို
ခုန်ပျံကျော်လွှားဖို့မတတ်သလို
ခိုင်ခန့်တဲ့ ရဲတိုက်ကြီးတွေလိုလည်း
အကွက်တိုင်းကို တည့်အတိုင်း
လိုက်မရွှေ့နိုင်ပြန်
တပ်သားတွေလို
လွတ်လပ်စွာ
သွားချင်ရာသွားနိုင်ခွင့်မရှိတဲ့
အေးငြိမ်းလေတဲ့ ငါ့ကို

မင်းရဲ့စစ်ပလ္လင်မှာ
ဘုရင်ကို ချဉ်းကပ်ဖို့ဆိုတဲ့
အကြောင်းပြချက်တစ်ခုထဲနဲ့
ခွချက်....ရက်တယ်ဆိုရင်လည်း
မင်းအတွက်လည်စင်းပေးဖို့
မငြင်းဆန်ဝံ့တဲ့

ငါဟာ ဘိရှော့တစ်ကောင်ပါ
ဘုရင်မရယ်..............

15 September 2008

ဖလား

ကျုပ်တို့က လှေကြီးထိုးရိုးရိုးကြီးတွေပါ။ ရေငန်သောက်မြက်ခြောက်စားတယ်ပဲ ပြောပြော ဒီမြေမှာမွေး ဇာတိချက်မြုပ်ဆိုလေတော့ ခေါင်းချရင်လည်း ဒီမြေမှာပဲခေါင်းချ ချင်ခဲ့တာ။ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတာနဲ့ပဲ အဘတို့တွေ အိုကြီးအိုမနားပါစေတော့ ဆိုပြီး လယ်နှစ်ကွက်ကို ရောင်းတဲ့ငွေကို ပွဲခဆိုလားဘာဆိုလားအရင်းပြုပြီး သူတကာတွေ မက်မောလေတဲ့ နိုင်ငံခြားဆိုတဲ့ အရပ်ကို အရဲစွန့်ပြီးထွက်လာခဲ့တာပါ။ ကျုပ်အဖြစ်ကတော့ မပြောချင်တော့ပါဘူးဗျာ…….

မမြင်ဘူးမတွေ့ဘူးတာတွေမြင်ရတာတော့ ကောင်းပါရဲ့။ အိုး…….တိုက်ကြီးဆိုတာ ဟီးလေးကိုထနေတာ ရွာက ကောက်ရိုးပုံတွေ အားလုံးပုံကြည့်ရင်တောင် အမြင့်ကမမှီနိုင်လောက်ဘူးဗျ။ ပုံစံတွေကလည်း ဟိုဘက်ထောင်လိုက် ဒီဘက်ထိုးလိုက်နဲ့ တောထဲက သစ်ပင်တွေ အလေ့ကျပေါက်သလိုကို ဆောက်ထားတာကိုး။ ကားတွေဆိုတာ ကလည်း တောက်ပသစ်လွင်နေတော့တာ။ ရှိသေးတယ်ရှိသေးတယ် သူတို့ရဲ့ရထားဆိုတာ လှည်းလမ်းကြောင်းနှစ်ကြောင်းစာလောက်လေးပေါ်မှာ ရွှတ်ကနဲနေတစ်စီး ရွှတ်ကနဲနေတစ်စီး သွားနေတဲ့ ဟာကြီးတွေရှိသေးရဲ့။

ကျုပ်တို့က ရွာမှာဆို ရွာထိပ်က ဘုန်းကြီးကျောင်းက ကန်ရေကို သောက်ချိုးချက်ပြုတ်ခဲ့တာကလား။ တစ်ရွာလုံးက အားထားရတဲ့ကန်ပေါ့ဗျာ။ မိုးတွင်းမှာဖြည့်ရတဲ့ ကုန်းတွင်းကန်လေး။ မိုးရေတွေကို ကျုပ်တို့အိမ်တွေကလည်း လှောင်ထားတတ်ပါတယ်။ ဒါပေမယ့်စဉ့်အိုးလေးတွေနဲ့ဆိုတော့ ဘယ်ခံလိမ့်မတုန်း။ အညာလေနဲ့ပြောရရင် နှာလောက်ရှိတာ သုံးလိုက်ရင် နှစ်ရက်တစ်ပိုင်းတောင်ခံပါလိမ့်မယ် အားကြီးကြီး။ အင်းပျိုးရင်းက မိုးလင်းတော့မယ် လိုရင်းကို မရောက်သေး။

ကျုပ်က အလုပ်လုပ်ကိုင်ပြီးလို့ အိမ်ပြန်ရောက်တာနဲ့ ခဏနား။ အမတည်ထားတဲ့ အကြမ်းအိုးလေးကိုသောက် ချွေးတိတ်အောင်နေရတာပ။ ပူတယ်အိုက်တယ်ဆိုပြီး ရေများသွားမချိုးလိုက်ပါနဲ့ လူဆိုတာ အပူအအေးမျှအောင်နေရတယ် အပူထဲကပြန်လာလာချင်း ရေမချိုးရဘူး အပူရှပ်တတ်သတဲ့ ရွာတောင်ပိုင်းက သာအေး အဲလိုချိုးလိုက်လို့ ချက်ချင်း ဆုံးသွားပါရောလား။ ရွာလယ်က ဒေါ်ခွေး လေဖြတ်သွားတယ်လေ။ ဆောင်းတစ်ဆယ် နွေကိုး မိုးဆယ့်တစ် ရေချိုးစနှစ် ဆိုပြီး အဲဒီဲ့ ဓါတ်ပြားဟောင်းကို ကျုပ်အမက အဆက်မပြတ်ပြောတော့မှာ။

ဒီရောက်တော့ နေရတာ အခန်းကျဉ်းလေးထဲ မှာပေါ့ဗျာ။ ဒါပေသိ တောသားဆိုတာ ဒေါင်ကျကျပြားကျကျ ထုသားပေသားက ကျပြီးသားဗျ။ အလုပ်ကို ပင်ပင်ပန်းပန်းတစ်နေကုန်လုပ် အိမ်ရောက်တော့မှ အတိုးချပြီး အားရပါးရစား အိပ်စက်ခြင်းနဲ့ အနားယူတတ်လေရဲ့။ ပြဿနာက ရေချိုးခြင်းပဲ။ ရေချိုးခန်းဆိုလို့ မရိုသေ့စကား အိမ်သာနဲ့ပါတွဲထားသေးဗျာ။ အခန်းကတော့ ရှိလှ ငါးပေ ခြောက်ပေလောက်အကျယ်။ ရွာမှာလို စဉ့်အိုးနားကျောက်ပြားခင်းဖို့ နေနေသာသာ အခန်းအကျယ်အလိုက် သူ့ဘာသာ အဆင်ပြေအောင်လုပ်ထားရတာကိုး။ ကျုပ်ဆိုလိုတာက ရေကန်တွေဘာတွေမရှိဘူးဗျ။ ရေလှောင်တဲ့ အလေ့အကျင့်လည်းမရှိဘူးကိုး။ အဲဒီအထိက ပြဿနာမဟုတ်သေး။ ပြဿနာရဲ့ အရင်းအမြစ်တော့ သေချာပေါက် ဒင်း…တရားခံ။ မြေကြီးလက်နဲ့ပုတ်လွဲရင်လွဲမယ် ဒီကိစ္စမှာ သူတရားခံဆိုတာ မလွဲနိုင်။ ဘာလည်းဆိုတာ သိချင်နေပြီမလား။

ရေချိုးတိုင်း ကျုပ်ကြုံရတဲ့ဒုက္ခက ရေဖလားဗျ ရေဖလား။ ဒန်ဖလားဖြစ်ဖြစ် စတီးဖလားဖြစ်ဖြစ် လက်မှာပိုင်ပိုင်ကိုင်ပြီး ဒူးကနေစလောင်းလိုက်ချင်တာ။ ပြီးတော့မှ အပူတွေငြိမ်းအောင် ခေါင်းကနေ တဗွမ်းဗွမ်းအားရပါးရချိုးလိုက်ချင်တာဗျာ။ ခုတော့ဗျာ ဟိုတစ်ပေါက် ဒီတစ်ပေါက်ကျတဲ့ ဟိုငေါက်တောက်လေးကနေ ဟိုဒင်း ဟိုဟာမျှော်သလို စောင့်ချိုးနေရတာကို ကျုပ်ဖြင့်အားမရလိုက်သာပြောမနေပါနဲ့တော့။ အပူအအေးတွေ လိုသလောက်ရတယ်သေလောက်အောင် ကောင်းပါစေ။ ကျုပ်တော့ ကျုပ်လက်နှစ်ဖက်နဲ့ အားရပါးရကိုင်ပြီး ချိုးလိုက်ရမှ ရေချိုးရတယ်ထင်တာ။ ဖလားက၀ယ်ရလွယ်ပါတယ်။ ခက်တာက ရေကန် ရေကန်။ အိမ်မှာရေကန်များဆောက်လိုက်လို့ကတော့ အိမ်ရှင်အဖိုးကြီး ခါးတောင်းကျိုက်ပြီး ရိုက်မထုတ်ရင်ကြိုက်သလိုပြော။ ဒါများလွယ်ပါတယ်ကွာလို့ ကပ်သပ်မပြောပါနဲ့ဗျာ။ ပလတ်စတစ်ရေတိုင်ကီဝယ်ထား ဆိုပြီးတော့လေ။ တစ်ထွာလောက်ရှိတဲ့ရေချိုးခန်းထဲမှာ တစ်လက်မလောက်တောင် ထပ်ထည့်ဖို့နေရာမရှိတော့ပါဘူးဗျာ။ မြင်ယောင်ကြည့်လိုက်ပါဗျာ။ ရေတိုင်ကီကို အထဲထည့်ရင် လူတွေက အပြင်ကနေခပ်ချိုးနေရမယ့်ပုံကို။

အဲဒီတော့ဗျာ ရေချိုးတိုင်း ဖလားတစ်လုံးကို တမ်းတနေရတဲ့ ကျုပ်ဘ၀ကို ကျုပ်ပါကျုပ်ပဲ သနားနေရတော့တာပါ။

ဂေဟာ


အိမ်ကြီးတစ်လုံးရဲ့အရှေ့မှာ ကလေးငယ်တွေ တစ်နှစ်သုံးလေး…တစ်ဆယ်ဆိုပြီး ဆော့နေကြလေရဲ့။ အိမ်ထဲက အမျိုးသမီးကြီးကတော့ ဖုန်းပြောရင်း တစ်ခွန်းပြောလိုက်တယ် လော်ရာ မင်းသူငယ်ချင်းတွေ မင်းကိုတကယ်လွမ်းနေတော့မှာတဲ့။


ဆီမွန်ဆီကနေ မာမီဆိုပြီးထိတ်လန့်တကြားအော်သံကြားနေရတယ်။ ကားလို့စ်က ငါ့အလှည့် ငါသွားလိုက်မယ်ဆိုပြီး ပြန်အိပ်ပျော်သွားလေတော့ လော်ရာပဲသွားလိုက်ရတယ်။ သူတို့တွေအပြင်မှာဆော့နေကြတယ်ဆိုတဲ့ စကားကို ဆီမွန်ကပြောနေကြ။ ဆီမွန်ကို အပြင်ဘက် မီးပြတိုက်က အလုပ်လုပ်နေသေးကြောင်းကို လရောင်နဲ့ နာရီနောက်ကျောဘက်ကို သုံးပြီး ပြလိုက်ရတယ်။ အဲဒီညကို ဆီမွန်က လော်ရာနဲ့တူတူအိပ်ခွင့်တောင်းခဲ့တယ်။

ပင်လယ်ကမ်းခြေကသိပ်ကိုလှလွန်းတယ်။ ဆီမွန်တစ်ယောက် ဓာတ်မီးတစ်လက်နဲ့ ထုံးကျောက်ဂူထဲမှာ ကြာနေလေရဲ့။ သူကသူ့ရဲ့ မမြင်ရတဲ့ သူငယ်ချင်းအသစ်ကို စကားပြောနေတာကိုး။ အိမ်ကိုလာဆော့ဖို့ဖိတ်ခေါ်ခဲ့တဲ့ ဆီမွန်တစ်ယောက် လမ်းတစ်လျှောက်မှာ ခရုခွံတွေကို ချရင်းလိုက်ပါလာတယ်။

မိုးတွေသိပ်သည်းတဲ့ နေ့မှာ ဆီမွန်အတွက်ဆိုပြီးဖိုင်တွဲတစ်ခုနဲ့ အဖွားကြီးတစ်ယောက်ရောက်လာခဲ့တယ်။ သူတို့အိမ်အပြောင်းအရွှေ့မို့ ဆီမွန်တစ်ယောက်အဆင်ပြေမပြေလာကြည့်တာပါတဲ့။ လော်ရာက သူ့အမျိုးသားက ဆရာဝန်ဖြစ်တာမို့ ဆီမွန်အတွက်စိတ်ချပါလို့ပြန်ပြောလိုက်တယ်။ နောက်တစ်ခု ဆီမွန်အခုထိမသိသေးတာက သူ့ကိုမွေးစားထားတယ်ဆိုတာရယ် သူ့မှာရောဂါရှိတယ်ဆိုတာရယ်ပါတဲ့။ အဖွားကြီးလာပေးတဲ့ ဖိုင်တွဲထဲမှာ ဆီမွန့်မှာ HIV ရှိနေတယ်ဆိုတဲ့ စာရွက်ကလေးပါပါလေရဲ့။ ဖိုင်တွဲကို မီးဖိုထဲက အံဆွဲထဲမှာ သော့ခတ်သိမ်းထားလိုက်တယ်။

ညဘက် တစ်စုံတစ်ရာကိုထုရိုက်သံကြောင့်လော်ရာလန့်နိုးလာခဲ့တယ်။ အိမ်ခြံဝန်းထဲက ဂိုဒေါင်လေးဆီကပဲ။ ပွင့်နေတဲ့တံခါးနှစ်ဖက်ကနေ အထဲကိုဝင်ကြည့်မိတယ်။ တိတ်ဆိတ်တဲ့ညကာလမှာ နေ့လည်ကအဖွားအိုက တူရွင်းပြားတစ်ခုနဲ့ ဖျတ်ခနဲတွေ့လိုက်တယ်ဆိုရင်ပဲ ဘာလာလုပ်တာလဲဆိုတဲ့ မေးခွန်းကို ထိတ်လန့်တကြားမေးမိတယ်။ သုတ်သီးသုတ်ပြာ အဖွားအိုထွက်ပြေးသွားတာကို မင်သက်ငေးမောနေရာက သတိရတဲ့ အချိန်မှာအော်လိုက်မိတာက ကားလို့စ်…….

နောက်နေ့မနက်မိုးလင်းတော့ အိမ်ရှေ့မှာ ခရုပုံလေးတွေ။ ဆီမွန်က ပီတာပန်စာအုပ်ကို ဖတ်ရင်း ကောက်ခါငှင်ခါနဲ့ သေခြင်းတရားအကြောင်းကို မေးနေတယ်။ ပြီးတော့ သူကလည်း ဒီအသက်ထက်မကြီးတော့ဘူးတဲ့ သူရဲ့ သူငယ်ချင်းအသစ်တွေလိုပဲနေမှာတဲ့။ ဆီမွန်ဆွဲထားတဲ့ ပုံလေးကနေ လော်ရာက ကလေးတွေလက်ထဲမှာဘာလေးတွေကိုင်ထားလာလဲဆိုတော့ အဲဒါရတနာပစ္စည်းတွေတဲ့။ ရတနာရှာပုံတော် ကစားနည်း ကစားကြမယ်တဲ့။ အစက Milk teeth လေးတွေ သိမ်းထားတဲ့နေရာကစရှာရတယ်။ ရတဲ့သဲလွန်စတွေကနေ နောက်ဆုံးသော့တစ်ချောင်းရသွားခဲ့တယ်။ အဲဒီသော့က မီးဖိုချောင်က အံဆွဲကိုဖွင့်တဲ့သော့။ လျှို့ဝှက်ဖိုင်တွဲထဲမှာ ဒီကစားနည်းရဲ့ အောင်မြင်မှုရလာဒ်ဖြစ်တဲ့ coin တွေပါ ထွက်ကျလာခဲ့တယ်။ ဖိုင်တွဲကို မကိုင်ဖို့လော်ရာ အော်မိတယ်။ သားအမိနှစ်ယောက်စကားများရာကနေ ဆီမွန်က နင်ငါ့အမေအရင်းမဟုတ်ဘူးတဲ့။ လော်ရာက ဒီစကားဘယ်သူပြောသလဲဆိုတော့ သူငယ်ချင်းတွေပြောတာတဲ့။ အဲဒါလိမ်တာပါဆိုတော့ ဆီမွန်က နင်ကလိမ်နေတာတဲ့ သူ့ဟာမကြာခင်သေတော့မှာပါတဲ့။ လော်ရာ တစ်ယောက်ကြောင်တက်ငေးမောရင်း ဆီမွန်ထွက်သွားတာကို ကြည့်နေမိလိုက်တယ်။

ဆီမွန် လော်ရာနဲ့ ကားလို့စ်တို့ စကားပြောဆွေးနွေးကြတယ်။ သူဆေးတွေမသောက်ရင်ကောတဲ့ ဘယ်လောက်ကြာကြာနေရမှာလဲလို့ ဆီမွန့်အမေးကို ရက်သတ္တပတ်များစွာနေထိုင်အသက်ရှင်ခွင့်ရှိပါတယ်လို့ဖြေကြတယ်။

လော်ရာက မသန်မစွမ်းကလေးတွေကိုကျောင်းဖွင့်ပေးဖို့ ပွဲတစ်ခုကိုလုပ်ပေးနေတဲ့နေ့။ ဆီမွန်ကို့အောက်မှာဆင်းဆော့ဖို့ပြောပေမယ့် ဆီမွန်က သော်မတ်စ်ရဲ့အိမ်ကလေးကို အရင်လိုက်ကြည့်ဖို့အရေးဆိုခဲ့ပါတယ်။ လော်ရာက ငြင်းရင်းထွက်လာတဲ့ဒေါသနဲ့ ဆီမွန့်ပါးကို ရိုက်လိုက်မိတယ်။ နာကြည်းချက်တွေနဲ့ ဆီမွန်တစ်ယောက်ကို ဘယ်သူမှသတိမထားမိလိုက်ဘူး။

ကလေးတွေမျက်နှာဖုံးတပ်ပြီးကစားနေကြပြီဆိုတော့ ကားလို့စ်က လော်ရာကို အချက်ပြတယ်။ လော်ရာက ဆီမွန်ကိုခေါ်ဖို့အပေါ်ကိုတက်သွားပေမယ့် ဆီမွန်ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ သူသတိမထားမိတာက သူ့နောက်မှာ ကပ်လိုက်လာတဲ့ ဆီမွန့်ပန်းချီကားထဲက သောမတ်စ်နဲ့တူတဲ့ကလေးတစ်ယောက်။ သူ့ကို လော်ရာမှတ်ထင်မိတာက ဆီမွန်ဆိုပြီးထင်နေမိတာ။ မျက်နှာဖုံးကို ချွတ်ဖို့ကြိုးစားတဲ့လော်ရာကို ၀ုန်းခနဲတံခါးပိတ်ပြီး ဆောင့်တွန်းခဲ့တဲ့အပြင် သော့ကိုပါပိတ်ပစ်ခဲ့တယ်။

ကားလို့စ် တံခါးဖျက်ပြီးပြန်ဝင်ဝင်လာခြင်း လော်ရာတစ်ယောက်ဆောက်တည်ရာမရ ဆီမွန်ကိုရှာနေမိတယ်။ ကမ်းခြေကိုတရှိန်ထိုးပြေးနေမိတယ်။ ဒီရေတက်နေပြီမို့ အန္တရာယ်ရှိနေပြီပေမယ့် ဆီမွန်လို့တရစပ်အော်ရင်း သူရူးတစ်ယောက်လိုလိုက်နေမိတယ်။ ဟိုတစ်ခါသွားဖူးတဲ့ ဂူထဲမှာသောမတ်စ်နဲ့ ပုံစံတူကလေးတစ်ယောက်ကို မြင်နေရတယ်။ ရေတွေကတက်လာပြီမို့ ကားလို့စ်က ခြေထောက်ဒဏ်ရာရသွားတဲ့ လော်ရာကို အတင်းပြန်ခေါ်လာရတယ်။

ဆေးရုံမှာ ရဲဌာနကနေ လော်ရာကိုလာမေးခဲ့တာ။ အိမ်ကိုလာသွားတယ်ဆိုတဲ့အဖွားကြီးရဲ့နာမည်ဟာ အလုပ်သမားစာရင်းမှာ ရှာလို့မတွေ့ခဲ့ဘူး။ ဆီမွန်ပျောက်သွားချိန်ကစလို့ လော်ရာ့အတွက် တကယ့်ကိုဆန်းကြယ်တဲ့အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်စေခဲ့တယ်။ အဲဒီအပိုင်းတွေကို ကျနော်ဖော်ပြရင်အရမ်းကို ပေါ့သွားစေနိုင်လို့ (လေးနက်မှုတွေကို ဖော်ပြရန်မစွမ်းနိုင်တာမို့ပါ) ဒီနေရာမှာပဲရပ်ခွင့်ပြုပါ။

ဒီဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားစေခဲ့တာက လော်ရာရဲ့မိခင်စိတ်ကြောင့် ဖြစ်မယ်ထင်ပါတယ်။ တစ်ကားလုံးကို ရင်သပ်ရှုမောစွာ စောင့်ကြည့်နေမိတာမို့ တစ်ခါတစ်ခါ ကြောက်စိတ်တွေဝင်လာလိုက် တစ်ခါတစ်ခါ အားမလိုအားမရတွေဖြစ်လာလိုက်နဲ့ပါ။ ပြီးတော့ဇာတ်လမ်းအဆုံးသတ်ဟာ ကျနော့ရင်ဘတ်ထဲကို တင်းကျပ်စွာရောက်ရှိနေခဲ့ပြန်ပါတယ်။ သူငယ်ချင်းသံယောဇဉ်ဆိုတာ အဲဒီလောက်အထိ ဖြစ်ပျက်စေခဲ့ပါသလားဆိုပြီးတော့လေ……..


Directed by Juan Antonio Bayona

Produced by Mar Targarona
Joaquín Padro
Álvaro Agustín
Guillermo del Toro

Written by Sergio G. Sánchez

Starring Belén Rueda
Geraldine Chaplin
Fernando Cayo
Mabel Rivera
Roger Príncep
Montserrat Carulla
Edgar Vivar

Music by Fernando Velázquez

Cinematography Óscar Faura

Editing by Elena Ruiz

14 September 2008

အမှောင်


သားရေ အန်တီမြင့်ဆိုင်က တရော်ကင်ပွန်းတစ်ထုပ်သွားဝယ်ချေတဲ့။ တရော်ကောင်းကောင်းလေးလို့တောင်းခဲ့။ အိုးစည်တီးပြီးအောင်လျှော် ဒီနေ့ တနင်္ဂနွေနေ့ နေ့ကောင်းတယ် တအိမ်လုံးခေါင်းလျှော်ရမယ်။ အကြွေလေးတွေလက်ထဲဆုပ်ပြီး အမေ့ရဲ့စကားသံမဆုံးခင် ဈေးလေးဘက်ကိုထွက်လာခဲ့။ အသက်က အင်း ၆နှစ်လား ၇နှစ်နှစ်လားပဲ။

အန်တီမြင့် အမေက တရော်ကောင်းကောင်းလေး ပေးပါတဲ့ ဆိုပြီး အန်တီမြင့်ဆီကနေ ခေါင်းလျှော်ရည်ထုပ်လေး ယူပြီးပြန်လာတယ်။ ကလေးဆိုတော့ ခေါင်းလျှော်ထုပ်လေးကို ဆရင်းဆရင်း အပေါ်ကိုမြင့်မြင့်မြှောက်ရင်း သဘောတွေကျနေခဲ့တာ။ ခေါင်းလျှော်ရည်ထုပ်က ပလတ်စတစ်နဲ့ထုတ်ထားပြီး မမိပဲလွတ်ထွက်သွားခဲ့ရင်ဆိုတဲ့ အတွေးကို မတွေးမိခဲ့ဘူး။ ကံဆိုးစွာပဲ အိမ်နားရောက်ခါနီးမှာ အဲဒီအထုပ်ကလေး မြေပြင်နဲ့မိတ်ဆက်သွားခဲ့တယ်။ တရော်ချောင်းလေးတွေကို လက်ထဲမှာကိုင်ကြည့်တယ်။ ကင်ပွန်းသီလေးတွေကလည်း နေရောင်မှာပြောင်လက်နေလေရဲ့။

သေချာပေါက်အဆူခံရမယ်။ အရိုက်ခံရမယ်။ ဘယ်လိုလုပ်ရမလဲ။ ကြံစမ်း ကြံစမ်း သေးငယ်တဲ့ ကလေးဦးဏှောက်နဲ့ အိမ်ထဲမှာပုန်းနေဖို့ အကောင်အထည်ဖော်လိုက်တယ်။ အိမ်က စတိုခန်းလေးထဲက လိပ်ထားတဲ့ ဖျာလိပ်ထဲမှာ။ ဖျာလိပ်ကို တံခါးနောက်ဖက်မှာ ကပ်လိုက်သေးတယ်။ အမေက ဟိုကောင်လေးသွားလိုက်တာ ကြာပါပကောတဲ့ ဘယ်သဝေထိုးနေတယ်မသိဘူးတဲ့။ အသံတွေကိုကြားနေရတယ်။ ကျနော်လည်း အမှောင်ထုထဲမှာ တစ်ယောက်တည်း တစ်ဖြည်းဖြည်းနဲ့ကြောက်လာမိတယ်။ ဒါပေမယ့် အပြင်မှာကြုံရမယ့် အကြောက်တရားကလည်းရှိသေးတယ်။ ငိုချင်ပေမယ့် မငိုမိအောင်ထိန်းထားရတယ်။ ကျနော်အကြောက်ဆုံး အမှောင်ထုကိုအံတုရင်း ထိုင်နေမိတယ်။ အမေက အစ်ကို့ကို သွားရှာချေလို့ခိုင်းလိုက်တယ်။ အစ်ကိုက ဆိုင်ကပြန်သွားတာကြာလှပြီတဲ့လို့ မောမောနဲ့ ပြန်လာရင်းပြောတယ်။

ထွက်သွားရမလား ပုန်းနေရဦးမလား ဝေခွဲရခက်နေမိတယ်။ မသိလိုက်တဲ့ လွတ်ထွက်သွားတဲ့ စိတ်တစ်ခုနောက်မှာတော့ ကျနော့ရဲ့ ငိုရှိုက်သံကို အမေကြားသွားတယ်။ ဘာလုပ်နေတာလဲဆိုတဲ့ အဆုံးမှာ ဟန်ဆောင်နိုင်တော့ပဲ ရှိုက်ကြီးတစ်ငင်ငိုချလိုက်မိတယ်။ အပြစ်လုပ်ထားရင်ဘယ်လိုမှ ဟန်မဆောင်တတ်လေတော့ အမေက သိပါတယ်။ ဒီတစ်ခါမဆူတော့ဘူး။ ဒါပေမယ့် အပြစ်တစ်ခုဆိုတာ ဖုံးကွယ်မထားသင့်ဘူးလို့ပြောပြတယ်။ အဲဒီညက ကျနော်ကြောက်စိတ်နဲ့ လန့်လန့်ယောင်အော်မိသလို အပြင်းဖျားပါတော့တယ်။

အမှောင်ထုဆိုတာကို ကျနော်ကြောက်ပါတယ်။ အပြစ်လုပ်ပြီး ဖုံးကွယ်ထားရမှာကို ကျနော်ကြောက်ပါတယ်။ လူတွေရဲ့ စိတ်တွေအနောက်မှာ ဖုံးကွယ်ထားပြီး မထင်မရှား ရှိရှိနေတတ်တဲ့ မကောင်းတဲ့ အကျင့်တွေကို ကျနော်ကြောက်ပါတယ်…….

ကျနော့ရဲ့ ထာဝရ


တကယ်ကိုထာဝရ။ သူမပါရင် ကျနော့ဘ၀ အဓိပ္ပါယ်မပြည့်စုံနိုင်တော့။ ကျနော်ရှိသောအရပ်မှာ သူရှိမှကိုဖြစ်မှာ……

သူနဲ့စတင်မိတ်ဆက်ပေးတာ မေမေပါ။ မေက အိမ်တွင်းမှုတွေလုပ်တတ်လေတော့ အိမ်နောက်ဖေးက လဲမှို့ပင်ကြီးကနေကောက်ထားတဲ့ လဲသီးတွေကို ပုံးလေးထဲထည့် တုတ်ချောင်းလေးနဲ့လှည့်ရင်း ရလာတဲ့လဲတွေနဲ့ သိပ်ချစ်စရာကောင်းတဲ့သူ့ကို လုပ်ပေးခဲ့တာ။ သူကငယ်ဖော်ဆိုလည်းဟုတ်။ သူငယ်ချင်းဆိုလည်းဟုတ်။ တိုင်ပင်ဖော်လည်းဟုတ်။ ကျနော့အကြောင်းတွေကို သူသာအသိဆုံး။ ကျနော်ငိုရင်လည်း သူရင်ဘတ်ထဲမှာ အမြဲ။

ကျနော့ရဲ့အိပ်ချိန်တိုင်းမှာ သူကပါတယ်လေ။ သူမပါရင်တော်တော်နဲ့အိပ်လို့မပျော်။ သူများအိမ်သွားအိပ်လို့ကတော့ အဲဒီညက မိုးလင်းခါနီးမှအိပ်လို့ပျော်တတ်တယ်။ ဒါမှမဟုတ်သူ့အစားထိုးတစ်ခုခုပေါ့ (တစ်လွဲမတွေးပါနဲ့ဗျာ တွေးနေရင်လည်း အတည်လို့မှတ်ပါ)။ အခုအိမ်ကနေ အပြင်ကိုထွက်လာတော့လည်း ရောက်ရောက်ချင်းနေ့မှာ သူကိုလိုက်ရှာရတယ်။ သူငယ်ချင်းကတောင် မင်းကလည်း ဒါကသိပ်မလိုအပ်ပါဘူးကွာတဲ့။ မဟုတ်ဘူး သူမသိသေးဘူးလေနော့။

စဉ်းစားကြည့်ပါဗျာ။ သူက စိတ်လည်းမကောက်။ တကယ့်ကိုထားရာမှာနေ စေရာမှာသွား။ ဖိထားလည်း နာတယ်လို့ မအော်။ အပြင်ကို ခေါ်မသွားလည်း မညူဆူ။ ကုတင်ပေါ်ကနေ ကန်ချလည်း အပြုံးမပျက် ပြန်တက်လာတယ်။ ပြောင်းပြန်ထားထား အတည့်ထားထား ဘာ ကွန်ပလိန့်မှမလာ။ ဖုန်းဆက်စရာလည်း မလို။ အနားလာခဲ့ဆို ချက်ချင်းရောက်လာတတ်တယ်။ ထွက်သွားဆိုလည်း ဟုတ်ကဲ့ဆိုပြီး အနားကတိတ်တိတ်လေး ထွက်သွားပြန်တယ်။ အသက်မရှိလို့လားတော့မသိ။ သက်ရှိတွေလို ဒေါသ မောဟ လောဘ တွေမရှိတော့ ဘာပဲကြုံကြုံ အလိုက်သင့်အေးဆေးနေနိုင်တာဖြစ်မယ်။

နားအလည်နိုင်ဆုံးအဖော်ဆိုတာ ကျနော့ရဲ့ထာဝရ ဒါမှမဟုတ် ခွခေါင်းအုံလေးတစ်လုံးအဖြစ် အခုချိန်ထိမပြောင်းလဲပဲ ရပ်တည်နေဆဲပါ ကိုရုပ်ဆိုးနဲ့ကိုဂျူလိုင်ရေ……..

တကယ့်ခွခေါင်းအုံးက အပေါ်ကပုံလေးတွေအတိုင်းမဟုတ်ပါ။ လှလို့ထည့်ပေးလိုက်တာပါဗျာ။

13 September 2008

ကံဆိုးစေသော ဒုတိယလရဲ့နေ့

မနက်ဆိုတာ သုတ်သီးသုတ်ပြာနဲ့ကျောင်းချိန်အမှီ သွားရမြဲ။ ပုံမှန်ကျောင်းသွားတယ်။ ကျောင်းမှာလည်း အေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် နေ့တစ်နေ့ဟာ အကြောင်းတစ်ခုကြောင့် အမှတ်တရဖြစ်စေခဲ့တယ် ဆိုရင်ငြင်းနိုင်မယ်လို့မထင်ခဲ့။

မနက်အတန်းချိန်အပြီး နေ့လည်ဘက် နောက်တစ်ချိန်မစခင် ကျနော်လုပ်နေကျ သင်္ချာသင်ခန်းစာတွေကို တွက်နေမိတယ်။ သင်္ချာပုစ္ဆာတွေ အဖြေရှာထွက်ချိန်တွေဟာ ဘယ်ခံစားမှုနဲ့မှ နှိုင်းမယှဉ်နိုင်တဲ့ ပျော်ရွှင်မှုကို ဖြစ်စေတယ်လေ။ စာတွက်နေတဲ့အခန်းငယ်ထဲမှာ အဲယားကွန်းမှ ပန်ကာလည်သံကလွဲရင် ဘာသံမှမကြားရ။ ၁၄ယောက်သာရှိသော ကျနော်တို့အတန်းကို အတန်းတွေအားလုံးနဲ့ဝေးရာ ဒေါင့်ဆုံးအခန်းငယ်လေးထဲမှာ ထားသောကြောင့်တိတ်ဆိတ်မှုကြီးစိုးနေသည်။ အာရုံက ပုစ္ဆာထဲမှာ ရှိနေလို့လည်းဖြစ်နိုင်သည်။ တစ်ဆိတ် Breakeven point တွေက မျဉ်းအဆွဲမှားတာနဲ့ အဖြေမှားနိုင်သည်။ ကျနော်လိုချင်တာကလည်း ဖတ်စာအုပ်ထဲကအတိုင်းအဖြေဆိုတော့ အာရုံနှစ်ယူမိသည်။

ခပ်ဖွဖွခြေသံတစ်ခုကိုကြားနေရသည်။ လူတစ်ယောက်အခန်းထဲကိုဝင်လာမယ်ထင်တယ်။ အနံတစ်ခုက လူမရောက်ခင်ကြိုရောက်နေခဲ့သည်။ စားပွဲထောင့်စွန်းမှာ လူတစ်ယောက်ရပ်နေခဲ့သည်။ ဘုတ်ဆိုသော အသံတစ်ခုမဆုံးခင်မှာ ကျနော်မော့ကြည့်ပေမယ့် ထိုလူမရှိခဲ့တော့။ စားပွဲပေါ်မှာ ကျန်ရစ်ခဲ့သည်က ဗူးလေးတစ်ဗူး။ လက်နဲ့ကိုင်ကြည့်ရင်း သတိထားမိတာက ဗူးပေါ်မှာ ဘာစာတန်းမှရှိမနေ။ ဘာအတွက်လဲ ဘယ်သူလဲ ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့ ပုစ္ဆာက ထပ်ထွက်လာပြန်တယ်။ နောက်သွားတဲ့ အာရုံက ချက်ချင်းစုစည်းလို့မရ။

အဲဒီနေ့အိမ်ပြန်ရောက်သည်အထိ အဖြေမပေါ်။ ဒါပေမယ့် ဘယ်သူလာပေးတယ်ဆိုတာကိုတော့ အမှတ်မထင် ကျနော်သိလိုက်ရပါတယ်။ အဲဒီလူကို နောက်နေ့မှ တိုက်ရိုက်မေးမယ်လို့စိတ်ကူးပြီး အိမ်ကိုပြန်ခဲ့မိတယ်။ အိမ်ကိုပြန်ရောက်မှ ကျနော်သိတာက မနေ့က ကျနော့အဖွားဆုံးသွားပြီတဲ့။ အမြန်ပြန်လာခဲ့ပါတဲ့။ အတန်းပိုင်ကို ဖုံးဆက်ပြီး ခွင့်တင်၊ ရတဲ့ မှီရာရထားနဲ့ မွေးရပ်မြေကို ပြန်ခဲ့တယ်။ သောက အပူတွေကို ပိုက်ရင်း အဲဒီပုစ္ဆာကို ခဏမေ့ထားခဲ့သည်လေ။ ရက်လည်အပြီးပြန်လာသည်အထိပေါ့။

ပြန်ရောက်လာခဲ့တော့ သူမရှိတော့။ သူက ဒီမြေအရပ် ဒီပတ်ဝန်းကျင်မှာမရှိတော့။ မဖြစ်ဖြစ်သည့်နည်းဖြင့်ဆက်သွယ်ရန်ကြိုးစားဖို့လည်း အားမထုတ်ခဲ့။အဲသည်တော့ ဒီအဖြေကို ကျနော်ခုချိန်ထိ မရရှိခဲ့ပါ။ အဖြေမရတဲ့ ပုစ္ဆာတစ်ပုဒ်ဟာ ကျနော့စိတ်မှာ လိပ်ခဲတည်းလည်းဖြစ်စေခဲ့ပါတယ်။

အများတကာကံဆိုးစေသည်ဟုသတ်မှတ်ထားသော ဒုတိယလ၏ ရက်တစ်ရက်သည်လည်း ကျနော့ကို ကံဆိုးမှုများနဲ့အတူ ထာဝရအမှတ်တရ ရှိနေခဲ့သည်…….

12 September 2008

မိုးခါးရေ


ဆက်သွယ်ရေးဆိုတဲ့စကား။ ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲ……

ဟိုးပဝေဏသီတုန်းကတော့တစ်နေရာနဲ့တစ်နေရာ အချက်ပြဆက်သွယ်ရေးသည် မီးဖို၍ဆက်သွယ်ခဲ့သည်။ ထိုမှတစ်ဖန်လွယ်မယ်လို့မထင်ရက်သော ကြိုးများဖြင့်ဆက်သွယ်ခဲ့သည်။ နောက်တော့ မော့စ်ကုဒ်များသုံးကာ တွင်ကျယ်ခဲ့သော ကြေးနန်းဆက်သွယ်ရေး။ တယ်လီဖုန်း (တကယ်တီထွင်သူဟာ ကျနော်တို့သိထားခဲ့သူမဟုတ်ဆိုပါလား) ပေါ်ပေါက်လာပြီးနောက်တွင် တော်တော်ကို အဆင်ပြေချောမွေ့နေခဲ့ပြီ။ တီထွင်ဆန်းသစ်မှုများအောက်တွင် နောက်ဆုံးမှာတော့ ကမ္ဘာကြီးသည် ရွာကြီးတစ်ခုအလား နေ့ညမပျက်ဆက်သွယ်ရန် လွယ်ကူလာခဲ့သည်။

ကျနော် ပြည်တွင်းတွင် နေခဲ့စဉ်က။ ငယ်စဉ်က ကျနော်နဲ့အတူ နို့ဆီခွက်နဲ့ စကားပြောတမ်းဆော့ခဲ့ကြသော သူငယ်ချင်းများသည် ယခုအခါ GSM ကိုယ်စီနဲ့။ အစကတော့ ရွာက ဘကြီး ဘိုးလေ ဘဒွေးတို့မှာ မယုံကြည်နိုင်။ အဲဒီကရိယာလေးနဲ့ ရပ်ဝေးက ဆွေမျိုးတွေရဲ့ စကားသံတွေကို ကြားရတော့လေ။ ရေဒီယိုလိုပဲဆိုတော့ သူတို့တွေက ဒါဆိုငတို့အသံတွေ သူများတွေပါကြားကုန်ပလားလို့မေးကြသေးတယ်။ ဒါတောင်အင်တာနက်ဆိုတာကြီး ကျနော်တို့ရွာအထိမရောက်သေး။ ရောက်များရောက်ရင်တော့ ဘာပြောကောင်းမလဲ တရွာလုံးနဲ့ကို စကားပြောလိုက်မယ်။GSM ကိုင်ဆောင်ထားတဲ့ သူငယ်ချင်းတွေမှာလည်း ခါးကြားထိုးပြီး ရွာရိုးကိုးပေါက် လျှောက်လိုက်ရတာအမော။ ဒါပေသိ သူတို့နဲ့ဆက်သွယ်ဖို့ တစ်အိမ်မှာတောင် တစ်လုံးတစ်လေဆိုတာ GSM မပြောနဲ့ ကြိုးဖုန်းဆိုတာလည်းမရှိ၊ အင်တင်နာတိုင်လေးနဲ့ ခြင်းလေးထဲထည့်ရတဲ့ဖုန်းလေးတောင်မှမရှိ။ အဲဒီတော့ အချင်းချင်းဆက်သွယ်ဖို့ဆိုတာ အရင်ကအတိုင်း ခြံစည်းရိုးတစ်ဖက်နဲ့တစ်ဖက်ဆက်သွယ်ရေးပေါ့။ အကြောင်းအရာ တစ်ခုဆို တစ်ယောက်အစ တစ်ရာအဆုံး တစ်ရွာလုံးသိကြသည်။ ဘယ်အပိုင်းက ဘယ်သူနေမကောင်းဘူးဆိုတာနဲ့ ဓာတ်စာလေး ခံတွင်းလိုက်လေးဆိုပြီး ကိုယ်တတ်နိုင်တာလေးနဲ့ လူနာမေးသွားတတ်ကြသည်။ နာရေးသာရေးဆိုသည် ပြောဖွယ်ရန်မရှိ။

အခု အပြင်ကိုရောက်ပြန်တော့ ကမ္ဘာအရပ်ရပ်ကို အချိန်မရွေးဆက်သွယ်နိုင်တဲ့ အင်တာနက်။ အသံအပြင် အရုပ်တွေပါမြင်နိုင်တဲ့ အထိ။ စကားတင်းဆိုစရာ ချက်တင်ဆိုတာတွေကလည်း ထက်ထက်စကားငှားပြောရရင် သုံးချင်တိုင်းသုံးမကုန်ဘူးတော် ဖြစ်နေတာ။ လက်ကိုင်ဖုန်းဆိုတာကနေ အသံသာမက 3Gလို့ခေါ်လေတဲ့ အရုပ်တွေပါမြင်ရသည်အထိ။ ကလေးတွေမှသည် အရွယ်စုံအထိ လက်ကိုင်ဖုန်းမရှိဆိုသည် မရှိစေရ။

ပြည်ပရောက် မြန်မာတို့မှာမူကား အင်မတိအင်မတန်အလုပ်များလှပေသည်။ ပြည်တွင်းမှ ခက်ခဲသောဆက်သွယ်ရေးကိုလည်း ရှေးထုံးလည်းမပယ်နဲ့ဆိုသလို ပြည်ပတွင်ပါ လေးစားစွာကျင့်သုံးကြဟန်တူပါသည်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံရန်ခက်ခဲသကဲ့သို့ SMS ကဲ့သို့သော စာတိုပေစလေးများကို လက်ကိုင်ဖုန်းမှပို့ပေးရန်ပင်အချိန်မလောက်နိုင်။ ရုံးချိန်တွင်းဖြစ်ပါက ဖုံးဆက်ရင်မသင့်သကဲ့သို့ ရုံးချိန်ပြင်ပတွင်လည်း မသင့်တော်။ ရုံးအားလပ်ရက်များသည်လည်း ကိုယ်ပိုင်အနားယူချိန်များဟု သတ်မှတ်သည်ဖြစ်ရာ။

ထို့အတူ ကျနော်ရောက်ရှိချိန်မှစ၍…… ကျောင်းတက်သက်တမ်းတစ်လျှောက် တွဲဖော်တွဲဖက်သူငယ်ချင်းများ ထံမှ တစ်လနေမှတစ်ခါတောင် ဖုံးနဲ့စကားပြောခွင့်ပင်မရှိ။ ဆက်သွယ်တတ်ပါသော်လည်း ထိုအခါမျိုးသည် အရေးအကြောင်းကိစ္စရှိချိန်မျိုးသာ။ တစ်ခါတစ်ခါ ကျနော်က သတိတရ ဆက်သွယ်တတ်ပါသော်လည်း အကြောင်းကိစ္စရေရေရာရာ မပြနိုင်သဖြင့် အိုးတိုးအမ်းတန်း ဖြစ်ခဲ့ပေါင်းလည်းများပေပြီ။ ကျနော့ သူငယ်ချင်းတစ်ယောက် ပြောနေကြ စကားအတိုင်းဆိုရင် သူ့ဖုန်းကို Refresh လုပ်ရင်း ဘယ်သူမှမဆက်ဖူးဆိုတာ သေချာအောင် confirm လုပ်တာဆိုပြီး သူပြောတတ်သည်။ ဟုတ်လည်းဟုတ်ပေသည်။

မဆက်သွယ်သော တစိမ်းမဟုတ်လေသော တစိမ်းဆန်တတ်သူတွေကြားမှာနေသားကျအာင်ကြိုးစားတတ်ရမည်ဟု သတ်မှတ်ရင်း ကျနော့အား ဖုံးနံပါတ်မေးပါလေသော ကိုရုပ်ဆိုးနှင့် ကိုဂျူလိုင်တို့ကို ဖြူဖြူကျော်သိန်းရဲ့ မိုးခါးရေ မိုးခါးရေ ဆိုတဲ့ သီချင်းကို ကျနော်ဆိုညည်းနေပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ…….

ပုံလေးမှာကော်ပီရိုက်ပါပါတယ်ဗျာ။

အစ်ကိုကြီးတို့အစ်မကြီးတို့

စိတ်မရှိပါနဲ့ဗျာ။ စာဖတ်သူတွေကို ခေါ်တာမဟုတ်ပါဘူး။ အခုတလောသူတို့တွေကို သတိရစိတ်ပေါ်ပေါ်လာလို့ပါ။ ကျနော်တို့အရပ်က လူတွေဆိုရင်တော့ သိကြမှာပါ။ အစ်ကိုကြီးတို့ အစ်မကြီးတို့ဆိုတာ……

ကျနော်တို့အရပ်က နေ၀င်ပြီလို့ မိုးစုန်းစုန်းချုပ်ခဲ့ရင် သူတို့တွေရဲ့ အသံကို ကြားရပါပြီ။ သူတို့ အမြဲအော်အော်နေတာက အစ်ကိုကြီးတို့အစ်မကြီးတို့ရယ် ထမင်းလေး ဟင်းလေးကျန်သနားပါ့ဗျာဆိုတာလေးပါ။ ကျနော်တို့အိမ်တွေက ပိုတဲ့ထမင်းဟင်းတွေကို စုပေါင်းစပ်ပေါင်းလုပ်ပြီး သူတို့မှာ စားကြရတာ။ ကလေးတွဲလောင်းတွေလည်းပါတယ်။ အ၀တ်အစားတွေဆိုတာ တကယ့်ကို အရှက်လုံတယ်ဆိုရုံ။ ဆံပင်တွေကလည်း မလျှော်ပဲထားလို့ထင်ပါရဲ့ ပီကေနဲ့ကပ်သလို အုံလိုက်ကြပ်ခဲနေတတ်တယ်။ တစ်ချို့ကတော့ သားသည်အမေ တစ်ချို့က သားလောင်းမိခင် အိုကြီးအိုမ အဘိုးကြီးအဖွားကြီးတွေလည်းလက်ဆွဲလို့ ပါတတ်တယ်။ သူတို့တွေဘယ်လိုကြောင့် ဒီလိုဖြစ်နေရတာလဲ။ ငါတို့က ဘာဖြစ်လို့ ဒီလိုအမြဲပေးနေရတာလဲ လို့ မသိစိတ်နဲ့ ငယ်ငယ်ကတော့ အဖြေမထွက်ခဲ့ဘူး။

သူတို့ကို ကျနော်ပိုသနားမိသွားတာက ကိုပေါက်စီနဲ့မမယ်သုန်ကြောင့်ဖြစ်မယ်ထင်တယ်။ မယ်သုန်ရဲ့ ပုဗ္ဗေစ အခြေမလှတဲ့သူကို သဒ္ဒါတတ်အားနည်းများမဆို ပေးကမ်းစေလို ဆိုတဲ့ သနားစဖွယ်အသံလေးက နားထဲရောက်ရောက်လာတတ်တယ်။ သူတို့ရဲ့ အစ်ကိုကြီးတို့အစ်မကြီးတို့ဆိုတဲ့ အသံကလည်း ဤနည်းနှင်နှင်။ ငယ်ငယ်က ဘုမသိဘမသိနဲ့ အဲဒီ အသံနှစ်ခုကို ရွတ်မိရင်အခေါက်ခံရပါတယ်။ အိမ်မှာ အလှူဖြစ်ဖြစ် သူများ မင်္ဂလာဆောင်တွေမှာ အကူဖြစ်ဖြစ်လုပ်ဖြစ်ခဲ့ရင် တန်းစီစောင့်နေတဲ့ သူတို့ကို လက်မလည်အောင်ထည့်ပေးနေကြက ကျနော်ပါ။

အခုသူတို့ကို သတိရမိတာက ဒီကစားသောက်ဆိုင်တွေကြောင့်ပါ။ အပိုတွေမှအများကြီးဗျာ။ စားလျက်တန်းလန်းတွေ စားလို့မကုန်ပဲကျန်နေတာတွေ။ အစ်ကိုကြီးတို့အစ်မကြီးတို့တွေလည်း ဒီမှာမရှိ။ အားလုံးကို ပုံးတွေထဲသွန် အကုန်သွန်။ ဘာဖြစ်လို့အစ်ကိုကြီးတို့ အစ်မကြီးတို့က ဒီမှာမရှိတာလည်း။ ကျနော်တို့အရပ်ကနေ သူတို့ကို ဒီကို ခေါ်လိုက်ရင် ကောင်းမလားစဉ်းစားနေမိတယ်။ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။ ဒါဆို ဒီကဆိုင်တွေကို အဲဒီမှာလည်းဖွင့်ရင်ရော။ ဖြစ်နိုင်မယ်ထင်လားဗျာ။

အိမ်မှာ ထမင်းတွေဟင်းတွေပိုပြန်ရင်လည်း အစ်ကိုကြီးတို့ အစ်မကြီးတို့သာရှိရင်ဆိုပြီးတွေးနေမိတယ်။ ဒါပေမယ့် သူတို့တွေကော ဟိုမှာရှိသေးရဲ့လား မသိ……….

10 September 2008

အချစ်ဆုံး မုန်းသူတစ်ယောက်အကြောင်း

အချစ်ဆုံးလည်းဖြစ်ခဲ့တယ် မုန်းသူတစ်ယောက်လည်းဖြစ်ရပြန်ပါတယ်။ တကယ်ဆို ခံစားချက်နောက်ကို လိုက်နေမယ့်အစား ဖြစ်ပျက်နေတာကို ရှုမှတ်သင့်ပါလျက် အချစ်ဆုံးမုန်းသူတစ်ယောက်ဖြစ်လာအောင် ကိုယ့်စိတ်ကို ပျိုးထောင်မိနေတော့လည်း ခက်တယ်။

သူ့ကိုကျနော်သိပ်ချစ်ပါတယ်။ အလိုလိုက်လို့ ရွှေမျက်တော်မညှိုးအောင်ထိ ဂရုစိုက်ပါတယ်။ ဟိုဟာလေးစားချင်တယ် ဆိုလည်း ကဲ စား စား၊ ဒီအရည်လေးသောက်ချင်တယ် ဆိုလည်း ကဲသောက်သောက်ပေါ့။ အလည်သွားချင်ပြန်တယ်ဆိုတော့လည်း လည်စေဗျားပေါ့။ အ၀တ်အစား ဆိုလည်း ဘယ်အရောင် ဘယ်သို့ဘယ်ပုံ အချိုးကျမှတစ်မျိုးလှမှာမို့ မငြိုမငြင် ၀တ်ဆင်စေပါတယ်။ ပျင်းတယ် စာဖတ်ချင်တယ်ဆိုပြန်တော့ ဖတ်စရာစာအုပ်တွေ ရှာပေးတယ်။ ရုပ်ရှင်ကြည့်ချင်တယ်ဆိုတော့လည်း အိမ်မှာကြည့်မလား ရုံမှာကြည့်မလား ဘယ်မှာမဆိုအဆင်ပြေစေရမယ်။ ရလေလိုလေ အိုတစေတဲ့ လိုက်လို့ကလည်း မဆုံးနိုင်ပြန်ပါဘူး။ စိတ်တိုလာပြန်ပြီတဲ့ဆို စိတ်ပြေအောင်လုပ်ပေးရတာက တစ်မျိုး။ ခံစားချက်ဆိုတာ တစ်စက္ကန့်မှာတောင် ပိုင်းလို့ရရင် အခေါက်တစ်ရာလောက် ပိုင်းလိုက်ချင်ပုံပါပဲ။ ခုစာကလေးကြော်ခုဆီထမင်းဆိုတာမျိုးတော့ သနားပါသေးတယ်။ ရွှေဆိုရွှေ ငွေဆိုငွေ လိုတာ ဘာမဆို အရိပ်တကြည့်ကြည့်နဲ့ ပိုးမွေးသလိုကို ချစ်နေရတာပါ။ အပြစ်တွေလုပ်မိပြန်လည်း အို….ငယ်သေးတာပဲပေါ့။ ခွင့်လွှတ်ရမှာပါလေဆိုပြီး သဘောထားတွေကြီးနေမိပြန်တယ်။ နောက်တစ်ခေါက်အမှားတွေထပ်လုပ်ပြန်တော့လည်း အင်းမှားပါစေပေါ့ ကြုံဖူးတာမှ မဟုတ်တာ။ မမှတ်မိတော့လည်း အပြစ်မမြင် ချစ်ခင်စိတ်ရင်းနဲ့ဆိုတော့။

နောက်တစ်ယောက်ကိုတော့ သိပ်ကိုမုန်းပါတယ်။ သနားတတ်လိုက်တာဆိုပြီး သူများကိုကူညီ ကိုယ့်မှာလည်း ဒုက္ခတွေနဲ့ပါ။ အပြင်ထွက်ပြီးအပူတွေကိုဝယ်တယ်လေ။ ပြီးရင်မေ့မေ့ပျောက်ပျောက်မနေ။ ဘယ်သူကဘယ်လိုဆိုပြီး တွေးနေတတ်တဲ့လူ။ မနေတတ်မထိုင်တတ်။ သူများကမမေးလည်း စေတနာနဲ့ဆိုပြီး ကိုယ့်ထမင်းထုပ်ထမ်းပြီးလိုက်ပြောတတ်သေးတာ။ စေတနာစော်ကားခံရတော့မှ စော်ကားရက်လေခြင်းဆိုပြီး ကိုယ်အနေအထိုင်မတတ်တာကို ဖုံးကွယ်နေတတ်တဲ့လူ။ အလကားလူ စိတ်ကလည်းပျော့ပါ့။ အိမ်ကျမှ ဒေါသတွေထွက် သူခိုးပြေးမှ ထိုးကွင်းထ တကယ့်ကို မုန်းဖို့ကောင်းတဲ့လူ။ အားကလည်းနာတတ်သေးတယ်။ ပိုက်ဆံလေးရ စရာရှိတာတောင်းဆိုရင် ငွေလေးအဲလောက်ကို မတောင်းရက်ဘူးတဲ့လေ။ ဒီငွေရဖို့ ဘယ်လောက်ရှာခဲ့ရသလဲ နားမလည်။ ဒီကွေ့ဒီတက်နဲ့လှော် ဟိုကွေ့ဟိုတက်နဲ့လှော် စကားကလည်း မပြောတတ်မဆိုတတ်။ ဒီအရွယ်ရောက်နေပြီ ဘယ်အချိန်မှာ ဘာပြောသင့်တယ်ဆိုတာ မသိသေး။ ဒီယုန်မြင်လို့ ဒီခြုံထွင်အကူအညီတောင်းမယ်ဆိုတာ သိနေရင် ရှောင်ထွက်ပါတော့လား။ တကယ်ပဲဗျာ အလိုက်ကန်းဆိုးကို မသိ။ ကိုယ်ဘ၀ဘယ်ကစတယ်ဆိုတာ ကိုယ်တိုင်သိရက်နဲ့ ဘ၀ရဲ့တက်လမ်းတွေကို လည်းမကြိုးစား။ ရှိသမျှ အချိန်တွေကို ဖြုန်းတီး။ စိတ်လှေတိုက်ပြီး ထင်တိုင်းရွက်လွှင့်နေတဲ့လူ။ ဖတ်သင့်တဲ့စာတွေကို ဖတ်သင့်တာမဖတ်။ အားနေလျက်နဲ့ ငုတ်တုတ်ထိုင်မေ့ချင်မေ့နေတဲ့လူ။ မုန်းချက်တော့။

ချစ်တာလည်း တုန်လို့ မုန်းတာလည်း ကမ်းကို ကုန်လို့။ အဲဒီလူကိုလေ…………………..

09 September 2008

မနေ့ည


မနေ့ညက ကျနော်အိပ်လို့မပျော်။ သူများတွေကို ဒုက္ခပေးသလို လက်ဖက်သုတ်ပို့စ်ကိုရေးရင်း ကိုယ်တိုင်က လက်ဖက်တွေတ၀တပြဲစားရင်း အိပ်လို့မပျော်တာလားမသိ။ အားလုံးကလည်း ၀ိုင်းဝန်းဆုတောင်းကြမှာပါ။ မမိုးချိုသင်းဆို ထတောင်သုတ်စားရင်းနဲ့ ဒီကောင်လေးနှယ်ဆိုပြီး ညည်းနေမှာ။ အမရေ အိယောင်ဝါးသုတ်ထင်တယ်နော် ။ ကိုဗီလိန်ကတော့ သနားပါတယ်ဗျာ ဒညင်းသီးပါလို့မစားရရှာဘူး။ သူက မွှတ်ဆိုတော့ ဒညင်းသီးရှောင်ရတယ်လေ။ ကိုရုပ်ဆိုးကတော့ ဗိုက်တလံလောက်ထွက်အောင်စားမယ့်လူ အိမ်လည်ခေါ်လို့မဖြစ်ဘူးဗျ။ မောင်မျိုး ကိုတောင်ငူနဲ့ကိုဂျူလိုင်ကလည်း ကြိုက်တယ်တဲ့ဗျာ ဒီလူတွေရှောင်မှ။ မပန်းခရမ်းပြာကတော့ အရမ်းရိုးတော့ လက်ဖက်ထဲ ဒညင်းသီးထည့်စားရတာမသိပြန်ဘူးလေ(အမချိုရေ စတာပါဗျာနော်)။ ကော့မန့်တွေအများကြီးရတော့ ရွာသားလေး တော်တော်ပျော်ပါတယ်ဗျာ။ အိပ်လို့မပျော်တဲ့အတူတူ မထူးဘူးဆိုပြီး ကျနော့ရဲ့လက်တည့်စမ်းအစီအစဉ်ကို စလိုက်ပါတယ်။ စလိုက်တာကနေ အဆုံးသတ်တော့ ၁နာရီထိုးနေပြီ။ သတိထားမိရင်လည်း ထားမိမယ် ကျနော်နှစ်သက်တဲ့ သီချင်းလေးတွေ ဆိုတာ လေးပါ……

သီချင်းတွေကို ဘယ်အချိန်ကနှစ်သက်မိသလဲမသိ။ မိထ္တီလာကန်တော်အောက်က စမလား အိုးအိုးအေးအေးက စမလားပါပဲ။ အိမ်မှာက မေရော ဖေရော ဂီတ၀ါသနာပါကြတယ်။ ဆိုတတ်ပင်မယ့် အသံမကောင်းတဲ့ အဖေ၊ အသံမကောင်းပင်မယ့် ဆိုတတ်တဲ့ အမေ ဒီနှစ်ယောက်လေ။ အမေငယ်ငယ်ကတော့ အကပါဝါသနာပါတယ်တဲ့။ မန္တလေးသင်္ကြန်ဆိုရင် ဦးဝင်းဦးကို ငှားခိုင်းပြီး သွားသွားကတာ နှစ်စဉ်။ တီးလုံးသံကြားတာနဲ့ သူက ကချင်နေပြီ။ အဲလို။ အဖေကတော့ အဆို ရေချိုးရင်းလည်း ဆို အလုပ်လုပ်ရင်းလည်းဆို။ သီချင်းလေးတအေးအေးနဲ့ အိပ်ခါနီးရင် သီချင်းကိုဖွင့်ပြီးမှကို ကျကျနန အိပ်တာဗျာ။ သူတို့ကမွေးလာတဲ့မောင်ရွာသား သီချင်းမကြိုက်ပဲခံနိုင်ရိုးလား။ ဘမျိုးဘိုးတူ ဂျိုကလေးနဲ့ပေါ့ဗျာ။

ဘယ်သီချင်းတွေကို နှစ်သက်သလဲ။ ကျနော်သိသလောက် နားထောင်လို့ကောင်းမယ် စာသားလေးက ရင်ဘတ်ထဲပြေးဝင်မယ်ဆို ကြိုက်ပြီပဲ။ ဘယ်ပုံစံမဆိုပေါ့ဗျာ။ အိမ်မှာက ဗားရှင်းတွေက အမျိုးမျိုးကိုး။ အမေကြိုက်တာက ကိုတင်လှိုင်ကိုသန်းလှိုင် ကိုစောညိမ်း ၀င်းဦး။ စံပယ် စံပယ်ပန်းရယ် သင်းရနံ့ကြူဖြူဖြူဖွေးတယ် မွှေးမွှေးလေးပေးချင်အောင်ကွယ် ဆိုရင်ကို မျက်စိထဲမှာ မြင်နေတော့တာ။ ပွင့်ဦးကြွေမှဖြင့်ကွယ်ဆိုတဲ့ သီချင်းသံကြားတာနဲ့ကို သနားလာတော့တယ်။ မြန်မာ့စိတ်ရင်း မြန့်မာ့ရှုခင်းဆိုတာနဲ့ နှုတ်ခမ်းမွှေးပဲဆွဲရမလို ပုခုံးပဲလှုပ်ရမလိုကို ဖြစ်ဖြစ်နေအောင်လေ နားထောင်ခဲ့ရတာပါ။

အဖေကတော့ စိုးပိုင် ခင်ဝမ်း ကျော်ဟိန်း ခင်မောင်ထူး ခင်မောင်တိုး ခိုင်ထူး ပြီးတော့ country song တွေကြိုက်တတ်တယ်။ သူနားထောင်နေကြက Olivia Newton John ရဲ့ Take me home country road ဗျ။ မိချောင်းနဲ့ မျောက်ရဲ့ ဒဏ္ဍာရီကို ကြားဖူးသလားအချစ်ရေ့ဆိုတဲ့ သီချင်းက သူ့အမြဲညည်းနေကြ။ သူတို့နှစ်ယောက်ပေါင်းဆိုတဲ့ သီချင်းလေးကတော့ အချစ်ညရင်ခုန်သံတဲ့ဗျ။ ကျနော်ဆို အလွတ်ကိုရရော။ ကြယ်ကလေးတွေမရှက် ကျနော်ပဲ ရှက်နေရတာပေါ့။

အိမ်မှာ ငါးတန်းတည်းက လာနေတဲ့ အစ်ကို က စိုင်းထီးဆိုင် ဇော်ဝင်းထွဋ် လွှမ်းမိုး ထူးအိမ်သင် ထွက်သမျှ အခွေအကုန်ဝယ်။ အမေ့အိမ်ဆိုတာ အဲဒီနေရာက တိတ်ကိုပါးယူရော။ ရွက်လွှင့်ခြင်းဆိုတာ မူရင်းဆိုတာပဲလို့ ကိုထင်ခဲ့တာ။ တောမှာဆိုတော့ နိုင်ငံတကာ ဂီတလောကနဲ့က ဝေးကွာချက်တော့။ ကိုထီးကြီးကိုတော့ အမြဲကိုအားပေးခဲ့ပါတယ်။ ပျောက်ဆုံးနေသောနိဗ္ဗါန်ဘုံ ဆိုရင် အခုချိန်ထိဆိုမိတုန်း။ ကျနော်တို့ ညီအစ်ကို နှစ်ယောက် နားထောင်တာက တရုတ်ကက်ဆက်လေး အပြာရောင်ရင့်ရင့်လေး။ ၅၀၀လား ၆၀၀လားပဲပေးရတာ မန္တလေးက ၀ယ်ခဲ့တာပါ။

အဒေါ်တစ်ယောက်ကြိုက်တာက အောင်သူ နဲ့ မင်းအောင်။ စလည်ဝင်အိုးလေးဆိုရင် နားထောင်ရင်းမျက်ရည်တောင်ကျတယ် တကယ်။ မကွေးမြို့စွန်မြသလွန်ဆိုတာ အဆိုကောင်းလို့ ကျနော်တို့သူငယ်ချင်းက နင်တို့ နိုင်ငံတော်သီချင်းဆိုနေတာလားလို့မေးယူရလောက်တဲ့အထိ။ နောက်အဒေါ်တစ်ယောက် က မာမာအေးမှ မာမာအေးပဲ။ ဆံချည်စေ့မျှ မေ့မရလေဘူးကနေ ၀ါဆိုတောင်မှ ပြာသိုနားတွင်ထားလိုက်ချင်ရဲ့ ထိလို့မိုးဆီတိမ်တို့ဆီဆိုတဲ့အထိ။ သစ်ပင်တွေလဲတဲ့သီချင်းဆိုရင် မြန်မာ့အသံကမလွှင့်တော့လို့ သူ့မှာ တစ်ပြောပြောနဲ့မပြီးတော့။ ဟိုတစ်လောက အန်တီမာမာအေးနေမကောင်းဘူးဆိုလို့ သူကမေးနေသေးတယ်။ လူချင်းများတွေ့ရင်ဘယ်လိုနေမယ်မသိဘူး။ နောက်တစ်ယောက်ကတော့ မေချို။ သီချင်းတွေဆိုတဲ့မချို မချိုဆိုပြီး ဖွင့်နေကြ။ ရွှေစည်းခုံစေတီပါးမှာ မောင့်သက်ထားချစ်သက်ဝေ ဆိုတဲ့အထဲက ရွှေစည်းခုံက ကျနော်တို့အရပ်ကရွှေစည်းခုံပါတဲ့ဗျာ သူပြောတာ။ အသည်းမကွဲဘူးတဲ့ အပျိုကြီးပေမယ့် သူတို့လိုပဲကို့ရင်ထဲမှာ အသညှ်းရှိတော့လည်းခက်တယ်ခက်တယ် အချစ်ရယ်အသက်ရယ် ပလီပလာချွဲ ဒီမှာလည်း ကျမျက်ရည်ချစ်စိတ်တွေဝေတယ် ဆိုပြီး လုပ်တတ်သေးတာဗျ။

အမတစ်ယောက်ကတော့ ဟေမာနဲ့မေဆွိပါဗျာ။ ဟေမာက ၀တ်တာစားတာကိုက ဘယ်လို။ အရီအပြုံးနည်းလို့တဲ့ သူ့မှာပူရတယ်။ နဂိုပါရမီကောင်းတဲ့ မဟေမာသီချင်းတွေက သူမပြောနဲ့ ကျနော်တို့တောင်ကြိုက်လားကြိုက်ရဲ့လေ။ မောင်ဆိုတဲ့ သီချင်းသံကြားရင် အောင်မြင်လွန်းတဲ့ မေဆွိဆိုတာကို သိကြမှာပါ။ တစ်ခေါက်ပြန်လာပြီး အခွေထုတ်တော့တောင် ဆိုရင်းမျက်ရည်အ၀ိုင်းသားနဲ့။

အနှီ အိမ်သူအိမ်သားတွေကြိုက်သမျှသီချင်းတွေကို ဒိုင်ခံနားထောင်ပေးတာ ကတော့ မောင်ရွာသားလေးပါဗျာ။ သီချင်းတွေအားလုံးအလွတ်ရတဲ့အထိကို သနားစရာကောင်းအောင်နားထောင်ခဲ့ရတာ။ ဒါပေမယ့် ကျနော်ကလည်း တစ်ဘာသာ။ တော်တော်လေးအရွယ်ရောက်မှသိတာက တူရိယာသံတွေကို တော်တော်လေးနှစ်ခြိုက်တယ်ဆိုတာပါ။ ကျနော်အကြိုက်ဆုံးက စောင်းပါ။ စောင်းသံကို အရူးအမူးစွဲလမ်းတပ်မက်ခဲ့သူပါ။ တီးတတ်လားဆိုတော့ လုံးဝမတီးတတ်။ ဘယ်တူရိယာကိုမှ ဖြစ်မြောက်အောင်မတီးတတ်။ ဒါပေမယ့် ကြိုက်ခွင့်ရှိတယ်ဟုတ်။

အခုလည်း ကျနော်အရမ်းကြိုက်တဲ့ မကွေးစောင်းလှိုင်ဝင်းမောင်ရဲ့ စောင်းသီချင်းလေးတွေ ဝေမျှထားပါတယ်။ နှစ်သက်ရင် ခံစားနားဆင်နိုင်ပါတယ်ဗျာ။ အသံတော့မပါဘူးဗျာ။ နားထောင်မယ်ဆိုရင် ဆိုပြမယ်လေ အဟက် (ကိုဂျူလိုင်ရီသံ ခဏသုံးပါတယ်)။ မနေ့ညက သီချင်းတွေ upload လုပ်ရင်း မနက်၁နာရီထိုးသွားခဲ့တာပါ။ အဆင်ပြေရင်ထပ်တင်ပေးပါဦးမယ်။

ကိုရုပ်ဆိုးနဲ့ ကိုဂျူလိုင်ရေ …………………


မြန်မာ့စောင်းအကြောင်း Wikipedia မှာရေးထားတာလေးပါဗျာ။ ပုံကို အဲဒီကယူပါတယ်။

08 September 2008

လက်ဖက်သုတ်


အညာနဲ့လက်ဖက်သုတ်ကခွဲလို့မရ။ အိမ်တိုင်းမှာ မိုးလင်းပြီဆိုရင် လက်ဖက်ပွဲပြင် အိမ်ရှေ့မှာချ လာသမျှဧည့်သည်ကို လက်ဖက်နဲ့ဧည့်ခံ လက်ဖက်ပွဲ နည်းသွားတယ်မရှိစေရ။ အဲဒီတော့ အညာသားကျနော်က လက်ဖက်ကြိုက်တာ ဘာဆန်းသလဲ။

ရှေးတုန်းကတော့ လက်ဖက်ဆိုတာ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ရုံးတော်မှာ အသုံးပြုခဲ့တယ်လို့ ကြားဖူးတယ်။ လက်ဖက်တစ်ရိုးစားပြီး ဖြစ်ပျက်သမျှကို ကျေအေးခဲ့ကျတာတဲ့။ ကျနော်တို့အညာကလည်း ရောက်လာသူတွေကို ရန်မမူ ချစ်ကြည်နူးမှုပြစေလိုလို့ လက်ဖက်ကိုတည်ခင်းခဲ့စေသလားမသိ။ အိမ်တိုင်းမှာတော့ လက်ဖက်တစ်အုပ်က ကြိုလျက်ပါ။

လက်ဖက်သုတ်ကို ငယ်ငယ်ကတည်းက အရူးအမူးစွဲလမ်းခဲ့တာပါ။ သုံးနှပ်လုံးဟင်းမချက်ပဲ လက်ဖက်သုတ်ပဲကျွေး စားလို့ကောင်းလျက်။ ငယ်ငယ်တုန်းကဆို ဧည့်သည်ကိုကျွေးတဲ့ လက်ဖက်သုတ်ကိုစားပါမယ်ဆိုပြီး ဂျီကျလို့ရိုက်ခံရသေးတယ်။ သူများအိမ် ဧည့်သည်သွားလုပ်တော့လည်း လက်ဖက်သုပ်ပန်းကန်ရော ဇွန်းရော လက်ကနေမချပဲ စားနေမိတယ်။ လက်ဖက်လေးနှိုက်လိုက် ပဲခြမ်းလေး မြေပဲဆန်လေး နှမ်းလေး ပုဇွန်ခြောက်လေးနဲ့ စားလိုက် တစ်ခေါက်အစကနေပြန်စဆိုပြီး တိုင်ပင်နဲ့စားနေမိတာလေ။ အမေက မျက်စောင်းထိုးတာလည်းမသိ အဖေက ချောင်းဟန့်တာလည်း သဘောမပေါက် အပြန်လည်းကျရော ဗြောဝိုင်းကို စတာဗျ။ အရှက်ကိုကွဲရောတဲ့ အမေနဲ့အဖေက။

အဒေါ်နံပါတ်၁၁က သုတ်တာက ရန်ကုန်သုတ်တဲ့။ ဘယ်ကနေဘယ်လိုဖြစ်လာတယ်မသိ။ ခရမ်းချဉ်သီး အစိမ်းလေးထည့် ဂေါ်ဖီလေးထည့်ပြီး အားလုံးကို ရောမွှေလိုက်တာ ရန်ကုန်သုတ်ဖြစ်ရောတဲ့။ ကြည့်ရတာ ရန်ကုန်မှာအကုန်ရောနေလို့ဖြစ်မယ်နော်။

အစ်ကို့မိန်းမကတော့ သူက ဟိုးအထက်က ရှမ်းကြီးတွေဆိုတော့ လက်ဖက်သုတ်ရင် နံနံပင်လေးထည့်သုတ်တယ်။ ဘယ်သူမှတခါမှမကြားဖူးဘူး။ ဒါပေမယ့် သူသုတ်ရင်တစ်ခါတည်းနဲ့ မပြီး။ အနည်းဆုံးနှစ်ဇလုံလောက်မှ အတော်လောက်ကျတယ်။ တစ်အိမ်လုံးကလည်း လက်ဖက်ဆိုတာနဲ့ အားလုံးကိုရပ်ပြီး ဇွန်းတစ်ချောင်းဆီပြေးကိုင်ကြတော့တာ။ တစ်ယောက်ယောက်က ဇွန်းမချရင် စားလိုက်ရမှာမဟုတ်ဘူးလေ။

ဆယ်တန်းတုန်းက အဒေါ်နံပါတ် ၄ရဲ့ အမျိုးသားက ကျနော်လက်ဖက်သုတ်စားတာကို ထမင်းစားသလိုပဲဆိုပြီး အံ့တွေသြနေတာ။ စတီးဇလုံနဲ့ တစ်လုံးကို လက်ငါးချောင်းနဲ့စားနေလို့တဲ့လေ။ ဒါများ ပါးပါးလေးရှိသေးတာ။

ကျနော့အမေကတော့ လက်ဖက်ထဲကို ဒညင်းသီးထည့်သုတ်တတ်တယ်။ ပြီးတော့ ပြောင်းဖူးပြုတ်လေးတွေလည်းထည့်တတ်သေးတယ်။ ကျနော်ဆယ်တန်းတုန်းကတော့ လက်ဖက်သားကို ကြက်သွန်ဖြူနဲ့ ပုဇွန်ခြောက်နဲ့ နှပ်ပြီး ဆီစိမ်ပေးထားတတ်တယ်။ နောက်တစ်မျိုးက မရမ်းသီးပေါ်ရင် မရမ်းသီးလေး ပါးပါးလှီးပြီးထည့်တတ်သေးတယ်။

ကျောင်းကဆရာမတွေကတော့ လက်ဖက်ထဲကို ဂေါ်ဖီပန်းပွင့်ထည့်သုတ်သေးတယ်။ တထုတ်ထုတ်နဲ့စားလို့တော့အကောင်းသား။

အလှူဆိုရင်လည်း ဒီလက်ဖက်ကတော့ ပါမြဲ။ ခရီးသွားတော့လည်ုး လက်ဖက်ကတစ်ချိုင့်မှာနေရာယူလေရဲ့။ ဟိုတစ်လောက သူငယ်ချင်းတွေအပြင်သွားကြတဲ့အခေါက် လက်ဖက်သုတ်ကလည်းမပါ တခြားမိသားစုတွေက လက်ဖက်ကို အားရပါးရနယ် နယ်ထားတဲ့ လက်နဲ့ တစ်ဖွဲ့လုံးကို ခွံ့ကျွေးနေလိုက်တာ ကျနော်တို့တွေပါ သွားစားချင်နေမိတယ်။ အနံ့ရရင်ကိုသိတယ် ဒါမြန်မာတွေလက်ဖက်သုတ်နေပြီပေါ့။ ကျနော်တို့မြန်မာမှာပဲ လက်ဖက်သုတ်ရတာနော်။ ဒါတစ်ခုတည်းနဲ့တင် ဒီနိုင်ငံသားဖြစ်ရတာ ကျနော့အတွက် တန်နေပြီ။ ဘယ်နေရာရောက်ရောက် လက်ဖက်ကတော့ ကြိုက်နေအုံးမှာ။ ဘာနဲ့မှကို မလဲနိုင်။

ပြောလို့ကောင်းနေလိုက်တာ အိမ်သားတစ်ယောက် လူကြုံလာလို့ ပေးလိုက်တဲ့ ဒညင်းသီးစီးစီးနဲ့ သုတ်ထားတဲ့ လက်ဖက်သုတ်တစ်ဇလုံကို မကုန်ခင်အမြန်သွားစားအုံးမှ။ ကြိုပြောထားတယ် သားရေကျမနေကြနဲ့နော်………………

ကိုရုပ်ဆိုးနဲ့ ကို ဂျူလိုင်ရေ အစားအစာဆိုရင်ဆိုတဲ့ မေးခွန်းလေးကို ဖြေပြီးပြီနော်

07 September 2008

ဘိုးလေးခင်မောင်အလှူ သို့မဟုတ် ကံရွာအပြန် (၂)



မနက်မိုးလင်း တောရွာမိုးအလင်းက မြို့လိုမဟုတ်ပြန်။ ဆူညံခြင်းအလျင်းမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ မနက်ခင်း ထမင်းကြော်ပဲရှိတယ်။ ထမင်းကြော်စားပြီးတော့ ဘာမှလုပ်စရာမရှိတော့။ အိမ်ဘေးက မုန့်ဖြူမုန့်နီတွေကြော်နေကြပြီ။ ခေါင်းအုံးပုံ ဖျာပုံတွေကြော်နေကြလို့ ကျနော့်အကြိုက်ဖက်လုံးပုံပါထည့်ကြော်ခိုင်းရတယ်။ ပြီးတော့ အနောက် ဖက်က ဖျာတွေယိုင်ပတ်နေကြတာဘာပါလိမ့်ဆိုပြီး စပ်စုမိတယ်။ နောက်မှသိရတာက ပေါက်ပေါက်ဆုပ်လုပ်ဖို့ဆိုပါလား။ စားနေကြ ပေါက်ပေါက်ဆုပ်က ဘယ်လိုလုပ်တာပါလိမ့်နဲ့ သိချင်စိတ်အပြည့်။ နောက်နေ့များမှာတော့ အဲဒီဖျာတွေနားမယ် တ၀ဲလည်လည်။ ပိုက်ဆံတွေကို အရုပ်တွေ ခေါက်နေကြတာလည်း စိတ်ဝင်စားစရာကောင်းသေးတော့။ ဒေါင်းပုံစံခေါက်နေလိုက်တာ တကယ့်ဒေါင်းရုပ်လေးလို။

အလှူကူလုပ်သူတွေကို ထမင်းကျွေးတာမို့ ထမင်းဟင်းက အလျှံပယ်။ ရေချိုငါးတွေကို စပယ်ရှယ်ချက်ပေမယ့် ငါးမကြိုက်လေတဲ့ကျနော့အတွက် ကဒုက္ခ။ လက်ဖက်သုတ်ပန်းကန်ကို ကိုင်ပြီး အပီတွယ်ရတော့တာပါပဲ။ အမေတို့ကတော့ ငါးဆီဗောင်းလေး လတ်မှလတ်ဆိုပင်မယ့် ကျနော့အတွက်က အလကား ငါးဟင်း။ လက်ဖက်သုတ်လောက်မက်စရာမရှိ။

အလှူနေ့မှာကျွေးတာက ၀န်ကြီးလေးပါး။ ခုခေတ်မင်္ဂလာဆောင်များ အလှူများတွေ့ရင် ကျနော်တို့ရွာက လူတွေနောက်တစ်ခေါက်လာဝံ့စရာမရှိ။ လာလိုက်စားလိုက်ကြတာက ရွာလုံးကျွတ် ရွာနီးချုပ်စပ်က နီးစပ်ရာအမျိုးတွေကလည်းပါတယ်လေ။ ယိုင်ပတ်ထားတဲ့ ထမင်းကျွေးရုံတွေနဲ့ အ၀ါတစ်လှည့် အပြာတစ်လှည့်တုံကင်လေးတွေတန်းစီလို့။ ပဲဟင်းလိုက်လေတဲ့ လူတွေလည်းမနိုင်။ မိုးပြဲဒယ်နဲ့ချက်ထားတဲ့ ထမင်းတွေကို ထမင်းတောင်း (၀ါးနှီးနဲ့ရက်ထားတဲ့ တောင်းတွေမှာ အင်ဖက်လေးတွေခံထားတဲ့) နဲ့ဟောတစ်တောင်း ဟောတစ်တောင်း။ ငြုတ်သီးချက်လေးက ကောင်းချက်တော် မောင်မင်းကြီးတို့ ဒီထက်လှူနိုင်တန်းနိုင်ပါစေဆိုတာတစ်မျိုး၊ နင့်ဘိုးအေခင်မောင်က ဒီတစ်ခေါက်ပဲလှူမှာ စားမှာသာစားစမ်းပါ နင်တို့ကလည်းအားမရသာ ဆိုတာကတစ်ဖုံ၊ ထမင်းကလည်းပေးလိုက်တာ နှာလောက်ရယ် ထည့်ပါဟဲ့ အကြွေးဆပ်သလိုဆိုတာကလည်း ပါ။ ပွက်ပွက်ညံလေတဲ့ ထမင်းရုံကို ရန်ကုန်က Sedona ထက် နှစ်ထောင်းအားရရှိလှပါတယ်။

အလှူလှည့်မယ်ဆိုတော့ ရွာရဲ့အလှအပ ကွမ်းတောင်ကိုင်တွေနဲ့ ရှိုးတွေစမိုးတွေထုတ်ထားပါတဲ့ ရွာရဲ့ အလှူတန်းက အရှည်ကြီး။ ပိုက်ဆံကြဲမယ့်လူမရှိတော့ အမေက အဲဒီတာဝန်ကိုယူလိုက်တယ်။ ဘိုးလေးခင်မောင်ရဲ့ စုဆောင်းထားသမျှအကြွေစေ့အသစ်ကလေးတွေ အဟောင်းလေးတွေထဲမှာ ပေါက်ပေါက်လေးတွေထည့်ပြီး ကီမိုနိုအစိမ်းရောင်လေးနဲ့ ခပ်တည်တည် အရှေ့ဆုံးက ချီတက်လေရဲ့။ ဘေးနားကပ်ရပ်က ဘောင်းဘီတိုလေးနဲ့ကျနော်က လက်ဆွဲပြီးပါသေး။ ဒါတင်မကသေး တစ်ဖက်ကကြဲပြီးတိုင်း ကျနော်က လက်တစ်ဆုပ်ပြန်ပြန်တောင်းပြီး အိတ်ထဲကိုထည့်သေးတာ။ ဘောင်းဘီအိတ်ထဲမှာဖောင်းကားနေတော့အောင်။ ဘုန်းကြီးကျောင်းမရောက်ခင် ဖလားထဲက အကြွေတွေကုန်ခဲ့စေတာပေါ့။

ကျောင်းဝင်းထဲဝင်ပြီဆိုကတည်းက ဆိုကြကကြတာတွေကို ရပ် အားလုံးတိတ်ဆိတ်တဲ့ ကျောင်းဝန်းရဲ့ အရှိန်နဲ့ ရောင်ပြန်ဟပ်ခဲ့တယ်။ ကိုရင်တွေသင်္ကန်းတောင်းချိန်မှာ ကျနော်လည်းတောင်းချင်လိုက်တာ။ တရားနာချိန်မှာတော့ ကျောင်းဝန်းထဲက သစ်ပင်တွေအောက်ဆီခြေလှမ်းမိတယ်။ သရက်ပင်တွေအရိပ်က အအေးသားလား။ တရားရိပ်က ပိုအေးနိုင်ပေမယ့် ခုခဏတော့ ဝေးနေသေးတယ်။

ကိုရင်အကြီးက ကတုံးရိပ်နေချိန်မှာ ငြိမ်နေပေမယ့်။ ကိုရင်ငယ်ကတော့ စတင်အော်ငိုနေခဲ့ပြီ။ ဆံပင်ညှပ်ရင်တောင်ငိုတတ်လေတော့ ကတုံးတုံးမှပိုဆိုးတော့တာပေါ့။ အိမ်ပြန်ကျမယ်ဆိုတော့ အိပ်ရာအသစ်တွေမှာအိပ် အ၀တ်အစားအသစ်တွေနဲ့ ကတုံးအသစ်တွေတင် ရှုံ့ခွက်ရှုံ့ခွက်လုပ်တာမဟုတ်ပဲ မိခင်ကလည်း ထားခဲ့ရာမှာ စိတ်မချသလို သူပါရောငိုချင်နေလေရဲ့။ အားလုံးကြောက်ရတဲ့ ဆရာတော်က ကိုရင်တွေအထဲဝင် ဒကာတွေလည်း မှောင်ပြီပြန်ကြတော့ကွာဆိုမှ အားလုံးဦးချပြီး ပြန်ခဲ့ရတယ်။

အလှူရယ်ပြီးပြန်တော့ ဘိုးလေးတို့နှစ်ယောက်ကမ္ဘာက တိတ်ဆိတ်လို့ကျန်ခဲ့ပြန်ရော။ အလှူပြီးပြီဆိုမှ အနီးအနားက အမျိုးတွေအိမ်ကို လည်ရတယ်။ ၀င်သမျှအိမ်တိုင်းက ကျွေးသမျှ မုန့်ပဲသရေစာတွေက၀မ်းအပြင်အိတ်မပါဘူးဆိုတာနဲ့ စားရတာ မဆန့်တော့ဘူး ရပ်ပါတော့မယ် ဖြစ်ယူရော။

နောက်တနေ့ မြေပဲနှုတ်လိုက်ခဲ့ပါလို့ ကိုရင်သာဂိတို့ခေါ်တာနဲ့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်မိုးမလင်းခင် လှည်းနောက်ကလိုက်ခဲ့ရတယ်။ ကျနော့အတွက် အခက်အခဲက သောက်ရေ။ ယာထဲမှာ ဘယ်သူမှသောက်ရေအေးမသောက်ကြ။ အကြမ်းလေးတွေကိုယ်စီနဲ့ ရေဆိုအေးနေမှကြိုက်လေတော့ ရေနွေးကိုသောက်ပင်မယ့် ရေငတ်ရယ်ဘယ်မပြေ။ ငှက်တွေထောင်လည်းထောင် ပစ်လည်းပစ်တဲ့ ကိုရင်သာဂိက အပြန်မှ ခါတစ်ကောင်စီလက်ဆောင်ပေးလိုက်ပါသေးတယ်။

ဦးကြီးအောင်မြင့်။ အခုကောရှိသေးရဲ့လားမသိ။ ရွာတောင်ပိုင်းမှာနေတဲ့ ကျနော်တို့ရဲ့ဦးကြီး။ ဘိုးလေးခင်မောင်တို့နဲ့ အမျိုးအရင်းပေမယ့် သဘောမတူတဲ့မိန်းမကိုယူတယ်ဆိုပြီး ပစ်ထားတဲ့ဦးကြီး။ တောသူတောင်သားတွေက မကြိုက်ဘူးဆိုရင် တသက်လုံးကိုမကြိုက်တော့တာ။ ငတို့ကသေသည်အထိ အဆက်အဆံမလုပ်ဘူးတဲ့။ အင်းဦးကြီးတို့မှာဆင်းရဲရှာပါတယ်။ မြစ်ဟိုဘက်ကမ်းကို သွားပြီးအလုပ်လုပ်ရပါတယ်။ ငါ့တူကြီးတို့ ငါ့ညီမကြီးတွေဆိုပြီး တခုတ်တရ ကျွေးတာတွေကို မြိုမကျပေမယ့် သူတို့စေတနာကို အသိမှတ်ပြုရာရောက်အောင်အားရပါးရစားပြရပါတယ်။ ကျနော်တို့ရဲ အိမ်အပြန်ခရီးမှာ ဒီဦးကြီးတွေရဲ့ မေတ္တာတွေက တကယ့်ကိုအစစ်အမှန်တွေဆိုတာပြခဲ့ပါတယ်။

အိမ်ပြန်ရမယ်ဆိုတော့ ထမင်းလာမစားလို့ရယ် စိတ်ဆိုးတဲ့လူကစိတ်ဆိုး။ လက်ဆောင်တွေက ကျနော်တို့ရွာအထိမ်းအမှတ်မြေပဲဆီတွေ။ ကျနော့အထင် လေးထောင့်ပုံးနဲ့ လေးပုံးလောက်ကို ပေးလိုက်ကြတာ။ မြေပဲ ထောပတ်ပဲ မောင်မခေါ်ပဲတွေက ၂နှစ်သုံးနှစ်စားလို့မကုန်နိုင်။ မယူလို့ချန်ခဲ့တာတွေသိရင်တော့ စိတ်မကောင်းဖြစ်ကြမှာ။

အပြန်မင်းကင်းမှာ သင်္ဘောစီးရမယ်ဆိုတော့ ညနေဘက်ဖြစ်ပြန် နွားလှည်းနဲ့ပြန်ရင် ညရေးညတာ စိတ်မချစရာ။ ဟိုးဘက်ဆီက နာမည်ကျော်တဲ့ ထမံသီဆိုတော့။ ဦးကြီးအောင်မြင့်တို့သားအဖတွေက လှေကလေးနဲ့လိုက်ပို့ပါတယ်။ နွေအခါမို့ သောင်တွေက ဟိုတစ်စ ဒီတစ်စထွန်းနေပြီ။ သောင်စပ်ရောက်ရင်လှော်တက်ခက်ဖို့တောင် ရေမနက်တော့တာမို့ ဦးကြီးတို့သားအဖတွေ လှေကို အောက်ဆင်းပြီး ကြိုးနဲ့ဆွဲကြရတယ်။ လေးမှာမို့ အောက်ဆင်းပါရစေဆိုတော့ ငါ့တူကြီးတွေ အပေါ်မှာပဲနေပါကွာတဲ့။ ကျွဲပခုန်းထသည်အထိ ရုန်းခဲ့ရတာ ဒါလောက်က အရာမထင်ပါဘူးတဲ့။ တကယ်ကို ပင်ပန်းခံနိုင်ကြပါပေတယ်။ လှေအပေါ်က အမေတို့မှာတော့ မျက်ရည်လေးတွေအလည်သားနဲ့ သူ့တို့မောင်ကြီးတွေပင်ပန်းရှာတယ်ပေါ့။

အပြန်သင်္ဘောက ရေစုန်ရယ်မို့ နောက်တစ်နေ့နေ့လည်မှာ ပြန်ရောက်ကြပြီ။ ပေးလိုက်တဲ့ လက်ဆောင်ထုပ်တွေကို နေရာချရင်း အမေတို့သားအမိတွေ ဘယ်သူကဘယ်လို ဘယ်သို့ကဘယ်ပုံဆိုပြီး အလှူအကြောင်းကိုစလိုက်တာ ည ၁နာရီထိုးတော့မှ အလှူဇာတ်လမ်းပြောခန်းကနေ ရပ်တော့တယ်။ ရပ်မယ့်သာရပ်လိုက်တာပါ လက်ဆောင်ပေးလိုက်တဲ့ ဆီတွေရယ် ပဲတွေရယ် သုံးတိုင်း သုံးတိုင်း ဒီအလှူရယ်က ရင်ထဲပြန်ပြန်ရောက်ရောက်လာရော………..

မြင်ချင်စမ်းလှသည်

မိတ်ဆွေများခင်ဗျာ......ပိတောက်နွေတွင် တင်ထားသော ဆောင်းပါးအသစ်လေးပါ။ ဖတ်ရှုဝေဖန်ပေးစေလိုပါတယ်။
လေးစားစွာဖြင့်
ရွာသားလေးဝိုင်တီယူ

06 September 2008

ခဲတစ်လုံးရဲ့နာကျည်းချက်

စာသူငယ်တို့ဗျာ
ပစ်သူပေါက်လို့
လိုရာရောက်ခဲ့ရတဲ့
ခဲတစ်လုံးကို
ငါ့ကိုမှန်လေခြင်းဆိုပြီး
တစ်သက်လုံး
ထိတ်လန့်နေရတယ်လို့

04 September 2008

ရေးပေးပါ

ဒီဇာတ်လမ်းကို ဘယ်သူကစထွင်လေတယ်မသိ။ တော်တော်လေးအောင်မြင်နေတာတော့ အမှန်။ အစကတည်းက မောင်ရွာသားတို့က ဘာဆိုဘာမှမသိ။ ရွာသားလေးဘာမှမသိခဲ့ရိုးအမှန်။TAG ဆိုတာဘာမှန်းလည်းမသိ။ ဒီဘလော့ကိုတောင်မှ မရွှေပြည်သူက ဆောက်ပေးခဲ့လို့သာ။ ဒီလေးထောင့် အကွက်ထဲကို ဒီစာတွေကူးထည့် ဒီခလုပ်ကိုနှိပ်ရတယ် ဒါပဲသိတာလေ။ အစတုန်းက မြန်မာလိုမရိုက်တတ်လို့ မရွှေပြည်သူဆီကို လက်နဲ့ရေးပြီးပို့ပေးရတာ။ သူစာရိုက်ပြီး တင်ပေးတာကို အခန့်သားလေထိုင်ကြည့်နေရတာ။ နောက်တော့ မအားလပ်ရှာတဲ့ မရွှေပြည်သူကို အားနာလွန်းမက အားနာလို့ စမ်းရိုက်ရင်းရိုက်ရင်းကနေ ရိုက်တတ်သွားတာပါ။ ဦးကျည်ပွေ့အတက်ပေါက်တာလေ။ အခုလည်း TAG ဆိုတဲ့အကြောင်းကို စိတ်ရှည်လက်ရှည်ရှင်းပြလေတဲ့ ညီငယ်မောင်မျိုးကို ကျေးဇူးရမှာပါ။ ကိုရုပ်ဆိုးနဲ့ကိုဂျူလိုင်ရေ နည်းနည်းချင်းစရေးပေးပါ့မယ်။ စိတ်ရှည်ရှည်နဲ့သည်းညည်းခံဖတ်ကြပါဗျာ။

ကျနော့နာမည်နဲ့ သူငယ်ချင်းတွေကဒီလိုခေါ်တယ်

မွေးစာရင်းထဲမှာတော့ ဂျူနီယာဆိုပြီး အဖေ့နာမည်နဲ့ပါ။ နောက်တော့ ကျနော့ အိမ်နာမည်က ကူကူးပါ (ဂူဂူးလို့လည်း ခေါ်ကြပါတယ်)။ ဒီနာမည်ဖြစ်လာပုံက အကြောင်းနှစ်ခုရှိခဲ့ပါတယ်။အမေသိရင်တော့သတ်မလားမသိဘူးဗျ။ ကျနော့အမေကို အဖေခေါ်တာက နော်ကူးမတဲ့။ အမေက အဖေကို အဖြေပေးတာက အဲဒီရုပ်ရှင်ကြည့်ပြီးအပြန်မှာမို့ပါ။ နော်ကူးမရဲ့သားလေးက ကူကူးလေးပေါ့။ နောက်တစ်ခုကတော့ ဆေးရုံမှာမွေးခဲ့တဲ့ ကျနော့ကို ဆရာဝန်ကြီးတွေက မကျန်းမာတဲ့ အမေ့ရဲ့နို့ကို မစို့စေခဲ့ပါဘူး။ ဆေးရုံမှာရှိတဲ့ မွေးမိခင်တွေရဲ့ နို့ကိုစို့ခဲ့ရတာ ဟိုလက်ကိုကူးလိုက် ဒီလက်ကိုကူးလိုက်မို့လို့ ဆရာမတွေက ကူကူးလို့ခေါ်တယ်လို့ပြောတာပါပဲ။ ကျနော့မွေးရပ်က လူတွေက ဒီနာမည်ကိုပဲ သိကြတာပါ။

အဖေနဲ့အမေပေးတဲ့နာမည်က သုံးလုံးထဲပါ။ ဒါပေမယ့် ကျနော့ကိုမွေးစားတဲ့ ဘကြီးဘုန်းကြီးက ဗေဒင်တွက်ဘာတွက်နဲ့ ပေးလိုက်တာက လေးလုံးသောနာမည်ပါ။ ဒီနာမည်ကတော့ ကျနော့ရဲ့ကျောင်းနာမည်ပေါ့ဗျာ။

ဆယ်တန်းဖြေအပြီး ရန်ကုန်ကမဟာစည်ကျောင်းမှာ သင်္ကန်းစီးခဲ့ပါတယ်။ ရန်ကုန်အိမ်က ခေါ်လေတဲ့ ရာသီစာနာမည်လေးက ကတုံးလေးတဲ့။ အခုလည်းခေါ်တုန်းဗျ ခက်တယ်နော်။ ရန်ကုန်မှာ သင်တန်းတစ်ချို့ကို တက်ဖြစ်ခဲ့ပါတယ်။ သင်တန်းတက်ရင်း အိမ်မှာကြိုကြိုကြည့်လာတဲ့ တရုတ်သိုင်းကားကို ပြန်ပြန်ပြောရင်းကနေ ပိုးမင်းသားလို့တွင်ခဲ့ပြန်ပါတယ်။ နောက်ဆုံး ကျန်ရစ်တဲ့နာမည်က အူတူတူကြောင်တောင်တောင် ရွာသားလေးမောင်တာတီးပါတဲ့ဗျာ။

တက္ကသိုလ်ဆိုတဲ့ ကျောင်းကြီးဖွင့်ပြန်တော့ ပထမနှစ်အပြီး ကျန်းမာရေးမကောင်းတာကြောင့် အရင်မောင်ပလွေရိုးကနေ လေထိုးလိုက်သလို တဖြည်းဖြည်းဝလာတာမို့ သူငယ်ချင်းတွေ ချီးမြှောက်လေတာက ဖိုးဝရုပ်ပါတဲ့။

ဘာသာစကားတွေနဲ့ပတ်သတ်လို့ ကျနော့မှာ နာမည်နှစ်ခုရှိပါတယ်။ အမျိုးသွေး ပါတယ်ဆိုရုံလေးပဲပါပြီး အသားမည်းလေတဲ့ ကျနော့ တရုတ်နာမည်က ကျန်ယုံပါ။ စာလုံးကတော့ သစ်ရွက်လို့ပေါင်းတဲ့ ရဲ့ပါ။ နောက်ထပ်တစ်ခု သူကတော့ နာမည်ကျော်အောင်မြင်ပေမယ့် ကျနောကတော့ဒီအတိုင်းရှိနေဆဲ ပြင်သစ်သမ္မတ နီကိုလာပါ။ သူ့လိုများ မော်ဒယ်ချောချောနဲ့ တွေ့လေမလား လို့ပါ။ မတွေ့သေးလည်း တနေ့တလံ မော်ဒယ်ဘယ်ပြေးမလဲပေါ့။

နောက်ဆုံးကတော့ ဒီဘလော့နာမည်လေး တည်ဆောက်ပေးလေတဲ့ မရွှေပြည်ကို ရွေးပေးသမျှနာမည်တွေက ပိုင်ရှင်တွေကိုယ်စီနဲ့ပါ။ ဒါကြောင့်အစွဲရှိလေတဲ့ ကျောင်းတော်ကြီးကိုထည့်ပြီး ရွာသားလေးဝိုင်တီယူဖြစ်ခဲ့ရပါတယ်။ ကိုရွာသား မောင်ရွာသား ရွာသားလေး ဦးဦးရွာသား ဘကြီးရွာသားကနေ ရွာစားအထိအားလုံး အသီးသီးအသက ခေါ်ကြပြန်ပါတယ်။ ဟူးးးးးးးး မောလိုက်တာဗျာ။

နာမည်ဆိုတာ ပညတ်တစ်ခုပါပဲ။ ရုပ်ရယ်နမ်ရယ်တွဲနေသခိုက်တော့ ဒီပညတ်ကလေး ရှိနေအုံးမှာပါ။ ပညတ်သွားရာ ဓါတ်သက်ပါဆိုတော့ ဘယ်ပညတ်နောက်ကို လိုက်လေမလဲကျနော်လည်းမသိနိုင်။

နာမည်ဆိုတဲ့ အကြောင်းကိုတော့ ဒီလောက်နဲ့ပဲရပ်ပါရစေဗျာ။ နောက်မေးခွန်းတွေကိုတော့ ဒီ ပို့စ်လေးမှာ ကျနော့ စိတ်ထဲမှာသတ်မှတ်ထားတဲ့ စာမူအရေအတွက်ရရင် ဆက်ပြီးရေးပါမယ်။ ကဲကျနော့တာဝန်ကျေပြီနော် သတ်မှတ်တဲ့ အရေအတွက်ရဖို့ ကိုရုပ်ဆိုးနဲ့ ကိုဂျူလိုင်မှာတာဝန်ရှိပါတယ်ခင်ဗျာ…………

သော့ပျောက်တဲ့လ


အဲဒီည
ဒီညထဲကိုဝင်ဖို့
ကိုယ်အနှံ့မှာရှိသမျှ
အိတ်တွေကိုရှာမိတယ်
ဘယ်မှာမှမတွေ့

လာလေတဲ့ ဒီလမ်းကို
ပြန်လှည့်ကာကြည့်ပြန်လည်း
အရိပ်အယောင်ပင်မတွေ့

ယောင်ချာချာရပ်နေတဲ့
တံခါးတစ်ချပ်ရှေ့မှာ
ညရယ်
မှောင်လွန်းလိုက်တာ........

ခ၀ဲစင်

မျိုးစေ့တွေ
ပျိုးကြည့်တယ်
ရေလောင်းလို့ရက်မကြာခင်
အညှောင့်တလူလူ...

နွယ်ထွက်လို့
တွယ်မတက်ခင်
ဝါးစင်ရယ်ထောင်မိတယ်
စင်လုံးရယ်မပြည့်ပေမယ့်
ရွက်ကလေးတွေ
ဝေလေတော့ ပျော်ခဲ့ပါရဲ့..

ပွင့်မှသည် ဖူး
ဖူးမှသည် သီးလေတော့
အရွယ်ရယ် တယ်မကြီးပေမယ့်
ကိုယ်ပျိုးသည့်မျိုးရယ်မို့
မျှော်ကိုးကာစားမယ်ကြံကာမှ
အကောင်ရှည် နင်ဖြတ်ပြန်တော့
ခါးလိုက်လေခြင်း...

03 September 2008

လှိုင်း


လေတိုက်လို့လား
ရေတက်လို့လား
လှိုင်းတွေ လှုပ်လှုပ်နေတာ

လေငြိမ်ပြီး
ရေမတက်ရင်ရော
လှုပ်လျက်ပဲလား.....

ဘိုးလေးခင်မောင်အလှူ သို့မဟုတ် ကံရွာအပြန် (၁)


ကျနော်သိပ်ဖြစ်ချင်ခဲ့တဲ့ မောင်ရင်လောင်းအဖြစ်ကို မရောက်ခဲ့ပေမယ့် အလှူတစ်ပွဲကိုဖြင့် တစ်သက်တာ တစ်ခါပါဖြစ်အောင်ပါခဲ့တယ်ပေါ့…..

ကျောင်းတွေပိတ်လို့ထုံးစံအတိုင်း အဘွားအိမ်ကိုအပြန် ခြောက်တန်းစာမေးပွဲဖြေအပြီးလောက်မှာ။ ပုံမှန်လည်ပတ်မှုတွေရဲ့ အဆုံးသတ် တကယ်တမ်းက ဗိုက်ဆာလို့ပြန်လာတာပါလေ။ အိမ်ရှေ့ကခုံမှာ ဧည့်သည်တွေရောက်နေလေရဲ့။ မသိမသာ မီးဖိုချောင်ကို တိတ်တိတ်လေးသွားပေမယ့် ဒီမှာလေ အငယ်မသားဆိုပြီး အိမ်ရှေ့မှာပွဲထုတ်တော့တာပါပဲ။ ဒါနင်တို့ဘိုးလေးဦးခင်မောင်တဲ့။ တခါမှမမြင်ဘူးပေါင်။ အဘိုးရဲ့ညီတစ်ဝမ်းကွဲတဲ့။ အဘွားကပြောမှတော့ အမှန်နေမှာပဲဆိုပြီး မျက်စိတ်မှိတ်ယုံလိုက်ရတော့တာပဲ။ ဟိုးအထက်ကလာလေတဲ့ တောဂိုက်ကြီးနဲ့ဆိုတော့ အမျိုးတော်သင့်မတော်သင့် စဉ်းစားနေရသေးတယ်။ ဘိုးလေးတို့က အလှူအတွက်ပစ္စည်းလာဝယ်တာဆိုတော့မှ ဟာ ကျနော်လည်းအလှူမှာ ကိုရင်ဝတ်ချင်တယ်လုပ်တော့တာ။ အမျိုးတွေပဲဟာ တူတူလုပ်မယ်လေတွေဘာတွေဖြစ်သွားတာချက်ချင်း။ လူဆိုတော့ လိုချင်တာရှိရင်အဲလို အမျိုးမျိုးပြောင်းလဲမြန်တာနော်။ ကပ်စီးနဲတယ်ရယ်လို့နာမည်ကြီးလေတဲ့ ကျနော့ဘိုးလေးကလည်း ဟကောင်ရ ငတို့က ဖိတ်စာတွေဘာတွေရိုက်ပြီးပြီကွ ရှင်ဘယ်နှစ်ပါးလဲဆိုတာ ရွာမှာကြေငြာပြီးသားတဲ့။ မသိနားမလည်သေးတော့လည်း သြော်အင်းပါလေဆိုပြီး စိတ်လျော့ခဲ့ရတာ။

ကိုရင်မ၀တ်ရပေမယ့် အဲဒီအလှူကို ကျနော်တို့တွေ ပျော်ပျော်ကြီးသွားခဲ့ကြတယ်။ တကယ်ကိုပျော်စရာကောင်းတာ။ တစ်ခါမှမစီးဘူးတဲ့ နှစ်ထပ်သင်္ဘောကြီးနဲ့ဆိုတော့ ပျော်တာပေါ့ဗျာ။ သင်္ဘောက ဆိပ်ကမ်းကို ညဆယ်နာရီမှ ကပ်ပါတယ်။ ကျနော်တို့တက်ပြီးနေရာယူတော့ တော်တော်များကအိပ်နေကြပြီ။ ကမ်းကခွာပြီး မကြာခင်မှာပဲ မီးကို ဖွင့်လိုက်ပိတ်လိုက်သုံးခါလောက်လုပ်တယ်။ မီးတွေပိတ်တော့မှာမို့ အချက်ပြတာတဲ့လေ။ မကြာခင်မှာပဲ အမှောင်ကျသွားပါတော့တယ်။

မနက်မိုးလင်းမြင်ကွင်းတွေက အားလုံး အသစ် ရေအလယ်မှာ ဟိုဘက်ကမ်းဒီဘက်ကမ်း ကြည့်လိုက် သွားလာနေတဲ့မော်တော်တွေ ငေးလိုက်နဲ့ အလုပ်ကိုဖြစ်နေတော့တာ။ အရွယ်ရှိတဲ့ အပျိုတွေကတော့ ပြင်ပြင်ဆင်ဆင်နဲ့ သင်္ဘောဦးမှာသွားလာနေကြလေရဲ့။ ကျနော်စိတ်ဝင်စားနေမိတာက လှေငယ်လေးတွေနဲ့ သင်္ဘောကြီးရဲ့ဘေးဘက်ကို ပြေးပြေးကပ်ပြီး စားစရာတွေ လာလာရောင်းတဲ့ ဈေးသည်တွေလေ။ ဒေသထွက်စားစရာလေးတွေကိုတောင်းလေးတွေ ထဲမှာထည့်ပြီး အလုအယက် ရောင်းကြရှာတယ်လေ။

ကျနော့အထင် ခရီးက နှစ်ညအိပ်လောက်ကြာခဲ့တယ်ထင်တယ်။ ရေကြောင်းကြောင့်လည်းဖြစ်မှာပေါ့။ မင်းကင်းဆိုတဲ့မြို့ငယ်လေးကို ရောက်တော့ နေညိုတော့မယ်။ မင်းကင်းက နောက်ထပ်ဘိုးလေးတစ်ယောက်အိမ်မှာ တည်းခဲ့ရတယ်။ မိုးချုပ်ပြီမို့ ရွာကိုကူးဖို့မဖြစ်နိုင်တော့။ အမေတို့ညီအစ်မတွေကတော့ သူတို့ညီအစ်မ ၀မ်းကွဲတွေ ပြန်ဆုံတာမို့ ဟဲ့ဘယ်သူက ဘယ်မှာတုန်း အိမ်ထောင်ကျပြီဆို ကလေးဘယ်နှစ်ယောက်လဲ ဒါက ကျမကလေးလေ နဲ့ရှုပ်ယှက်ကိုခတ်နေတော့တာ။ စွာစိတို့ စွာဒလက်တို့ကောနဲ့ မေးလိုက်တာမဆုံးတော့။ အဲဒီအိမ်က လက်ဖက်ရည်ဆိုင်လေးပါ။ စည်းကမ်းကြီးတဲ့ ကျနော်တို့ အဘိုးလေးက သူ့သားရဲ့ကျောင်းစရိတ်ထောက်ပံ့ရငွေတွေကို အိမ်ရှေ့မှာ ကျောက်သင်ပုန်းထောင်ပြီး လတိုင်း ဖြည့်စွက်တယ်လေ။ သင်္ဂဟဆို လူတိုင်းသိပါတယ်။

နောက်နေ့ မနက်လင်းမှ ရွာက ဘိုးခင်မောင်တို့လှည်းနဲ့လာခေါ်ကြတယ်။ ကျီးတောင်ဦးကိုဖြတ်အပြီးမှာ ကျနော့အဘိုးရဲ့ကံရွာကိုရောက်ပါတယ်။ လှည်းလမ်းကြောင်းတစ်လျှောက် အားလုံးကိုငေးပြီးလိုက်လာတာ။ ရွာဦးက ဘုန်းကြီးကျောင်း။ လှည်းဆရာကိုရင်သာဂိက ရွာထဲဝင်လာကတည်းက ဘအုန်းကြီး သားသမီးတွေရွာအလည်လာပါတယ်ဆိုတော့ ထွက်နှုတ်ဆက်လိုက်ကြတာ အိမ်တိုင်းနီးနီး။ အားလုံးက မပျက်မကွက်ပြောကြတာက ညနေ အိမ်ဘက်လှည့်ခဲ့ပါဦးတဲ့။

ရောက်ပါပြီ ရွာလယ်က ဈေးဆိုင်ဖွင့်ထားပါတဲ့ ဘိုးခင်မောင်ရဲ့အိမ်။ ဒွေးနှင်းတင်ကတော့အိမ်ရှေ့မှာ ကြိုနေလေရဲ့။ မယ်သန်းရယ်မပါဘူးလားဆိုပြီး အဖွားကိုပါ မျှော်နေတယ်တဲ့။ နှစ်ယောက်ထဲကမ္ဘာဖြစ်နေတဲ့ ဘိုးခင်မောင်နဲ့ ဒွေးနှင်းတင်တို့ အိမ်ကို ကျနော်တို့တွေရောက်သွားတော့တာပါ။ အလှူအိမ်ကြောင့်လား ကျနော်တို့ကြောင့်လား ရှိသမျှလူတွေက အိမ်ရှေ့မှာကွက်ကြည့်ကွက်ကြည့် ကြည့်နေတာမဟုတ်ပဲ တကယ်ကို လက်ပိုက်ပြီးကြည့်နေကြတာဗျာ။ အစ်ကိုကြီးကလည်း လက်ပတ်နဲ့ ဘာနဲ့ပြီးတော့ ဘရိတ်ဒန့်ဆိုတာကိုလည်း သူက ကပြနေသေး။ ဆိုတော့ ဘယ်သူမှ အိမ်ရှေ့ကမပြန်နိုင်တော့။ ခလေးကောလူကြီးတွေကော အားလုံးမတ်တပ် ဇာတ်ပွဲကြည့်နေကြလေရဲ့။

တော်တော်လေးမှောင်မှ လူတွေရှဲသွားကြတယ်။ အကမင်းသားလည်း မောသွားလောက်ပြီပေါ့။ မီးမရှိတော့ အဖွားရွတ်နေကြစကားအတိုင်း အကြောင်းဆိုင် ဖယောင်းတိုင်ကိုင်ရတယ်တဲ့လေ။ အလှူလုပ်ဖို့က ၂ရက်လောက်လိုသေးတယ်တဲ့။

ဆက်ပါဦးမယ်။

ဓါတ်ပုံလေးကို www.allmyanmar.com ကကူးယူဖော်ပြပါတယ်

02 September 2008

စစ်တုရင်ခုံပေါ်က ပုစ္ဆာ


တစ်ကွက်ရွှေ့တယ်
နှစ်ကွက်ခုန်မယ်
အကောင်သေးရင်ထိုးကျွေးမယ်
အရိပ်အယောင်ပြမယ်
ဆွဲဆောင်မယ်
ခြေတလှမ်းမှားရင်
ကျွတ်ကျွတ်ဝါးမယ်
ဘယ်ညာကိုလိုရာရွှေ့လို့ရတဲ့
ဘုရင်မရှေ့မှာ
ဘယ်သူက
ဘုရင်ကိုတစ်ကွက်ပဲရွှေ့စေခဲ့သလဲ.....

တံခါး


တစ်ချပ်ထဲလား
နှစ်ချပ်လုံးလား
သော့ခတ်မလား
ဂျက်ထိုးမလား
အထဲမှာလေ၀င်ပါ့မလား
နဲနဲလေးဖွင့်ရမလား
ဝုန်းခနဲလေတိုက်ရင်ရော
အပြင်မှာနေမလား
အထဲမှာနေမလား
ဒီတစ်ညတော့ တံခါးတွေနဲ့အလုပ်ရှုပ်နေလေရဲ့....