04 September 2008

ရေးပေးပါ

ဒီဇာတ်လမ်းကို ဘယ်သူကစထွင်လေတယ်မသိ။ တော်တော်လေးအောင်မြင်နေတာတော့ အမှန်။ အစကတည်းက မောင်ရွာသားတို့က ဘာဆိုဘာမှမသိ။ ရွာသားလေးဘာမှမသိခဲ့ရိုးအမှန်။TAG ဆိုတာဘာမှန်းလည်းမသိ။ ဒီဘလော့ကိုတောင်မှ မရွှေပြည်သူက ဆောက်ပေးခဲ့လို့သာ။ ဒီလေးထောင့် အကွက်ထဲကို ဒီစာတွေကူးထည့် ဒီခလုပ်ကိုနှိပ်ရတယ် ဒါပဲသိတာလေ။ အစတုန်းက မြန်မာလိုမရိုက်တတ်လို့ မရွှေပြည်သူဆီကို လက်နဲ့ရေးပြီးပို့ပေးရတာ။ သူစာရိုက်ပြီး တင်ပေးတာကို အခန့်သားလေထိုင်ကြည့်နေရတာ။ နောက်တော့ မအားလပ်ရှာတဲ့ မရွှေပြည်သူကို အားနာလွန်းမက အားနာလို့ စမ်းရိုက်ရင်းရိုက်ရင်းကနေ ရိုက်တတ်သွားတာပါ။ ဦးကျည်ပွေ့အတက်ပေါက်တာလေ။ အခုလည်း TAG ဆိုတဲ့အကြောင်းကို စိတ်ရှည်လက်ရှည်ရှင်းပြလေတဲ့ ညီငယ်မောင်မျိုးကို ကျေးဇူးရမှာပါ။ ကိုရုပ်ဆိုးနဲ့ကိုဂျူလိုင်ရေ နည်းနည်းချင်းစရေးပေးပါ့မယ်။ စိတ်ရှည်ရှည်နဲ့သည်းညည်းခံဖတ်ကြပါဗျာ။

ကျနော့နာမည်နဲ့ သူငယ်ချင်းတွေကဒီလိုခေါ်တယ်

မွေးစာရင်းထဲမှာတော့ ဂျူနီယာဆိုပြီး အဖေ့နာမည်နဲ့ပါ။ နောက်တော့ ကျနော့ အိမ်နာမည်က ကူကူးပါ (ဂူဂူးလို့လည်း ခေါ်ကြပါတယ်)။ ဒီနာမည်ဖြစ်လာပုံက အကြောင်းနှစ်ခုရှိခဲ့ပါတယ်။အမေသိရင်တော့သတ်မလားမသိဘူးဗျ။ ကျနော့အမေကို အဖေခေါ်တာက နော်ကူးမတဲ့။ အမေက အဖေကို အဖြေပေးတာက အဲဒီရုပ်ရှင်ကြည့်ပြီးအပြန်မှာမို့ပါ။ နော်ကူးမရဲ့သားလေးက ကူကူးလေးပေါ့။ နောက်တစ်ခုကတော့ ဆေးရုံမှာမွေးခဲ့တဲ့ ကျနော့ကို ဆရာဝန်ကြီးတွေက မကျန်းမာတဲ့ အမေ့ရဲ့နို့ကို မစို့စေခဲ့ပါဘူး။ ဆေးရုံမှာရှိတဲ့ မွေးမိခင်တွေရဲ့ နို့ကိုစို့ခဲ့ရတာ ဟိုလက်ကိုကူးလိုက် ဒီလက်ကိုကူးလိုက်မို့လို့ ဆရာမတွေက ကူကူးလို့ခေါ်တယ်လို့ပြောတာပါပဲ။ ကျနော့မွေးရပ်က လူတွေက ဒီနာမည်ကိုပဲ သိကြတာပါ။

အဖေနဲ့အမေပေးတဲ့နာမည်က သုံးလုံးထဲပါ။ ဒါပေမယ့် ကျနော့ကိုမွေးစားတဲ့ ဘကြီးဘုန်းကြီးက ဗေဒင်တွက်ဘာတွက်နဲ့ ပေးလိုက်တာက လေးလုံးသောနာမည်ပါ။ ဒီနာမည်ကတော့ ကျနော့ရဲ့ကျောင်းနာမည်ပေါ့ဗျာ။

ဆယ်တန်းဖြေအပြီး ရန်ကုန်ကမဟာစည်ကျောင်းမှာ သင်္ကန်းစီးခဲ့ပါတယ်။ ရန်ကုန်အိမ်က ခေါ်လေတဲ့ ရာသီစာနာမည်လေးက ကတုံးလေးတဲ့။ အခုလည်းခေါ်တုန်းဗျ ခက်တယ်နော်။ ရန်ကုန်မှာ သင်တန်းတစ်ချို့ကို တက်ဖြစ်ခဲ့ပါတယ်။ သင်တန်းတက်ရင်း အိမ်မှာကြိုကြိုကြည့်လာတဲ့ တရုတ်သိုင်းကားကို ပြန်ပြန်ပြောရင်းကနေ ပိုးမင်းသားလို့တွင်ခဲ့ပြန်ပါတယ်။ နောက်ဆုံး ကျန်ရစ်တဲ့နာမည်က အူတူတူကြောင်တောင်တောင် ရွာသားလေးမောင်တာတီးပါတဲ့ဗျာ။

တက္ကသိုလ်ဆိုတဲ့ ကျောင်းကြီးဖွင့်ပြန်တော့ ပထမနှစ်အပြီး ကျန်းမာရေးမကောင်းတာကြောင့် အရင်မောင်ပလွေရိုးကနေ လေထိုးလိုက်သလို တဖြည်းဖြည်းဝလာတာမို့ သူငယ်ချင်းတွေ ချီးမြှောက်လေတာက ဖိုးဝရုပ်ပါတဲ့။

ဘာသာစကားတွေနဲ့ပတ်သတ်လို့ ကျနော့မှာ နာမည်နှစ်ခုရှိပါတယ်။ အမျိုးသွေး ပါတယ်ဆိုရုံလေးပဲပါပြီး အသားမည်းလေတဲ့ ကျနော့ တရုတ်နာမည်က ကျန်ယုံပါ။ စာလုံးကတော့ သစ်ရွက်လို့ပေါင်းတဲ့ ရဲ့ပါ။ နောက်ထပ်တစ်ခု သူကတော့ နာမည်ကျော်အောင်မြင်ပေမယ့် ကျနောကတော့ဒီအတိုင်းရှိနေဆဲ ပြင်သစ်သမ္မတ နီကိုလာပါ။ သူ့လိုများ မော်ဒယ်ချောချောနဲ့ တွေ့လေမလား လို့ပါ။ မတွေ့သေးလည်း တနေ့တလံ မော်ဒယ်ဘယ်ပြေးမလဲပေါ့။

နောက်ဆုံးကတော့ ဒီဘလော့နာမည်လေး တည်ဆောက်ပေးလေတဲ့ မရွှေပြည်ကို ရွေးပေးသမျှနာမည်တွေက ပိုင်ရှင်တွေကိုယ်စီနဲ့ပါ။ ဒါကြောင့်အစွဲရှိလေတဲ့ ကျောင်းတော်ကြီးကိုထည့်ပြီး ရွာသားလေးဝိုင်တီယူဖြစ်ခဲ့ရပါတယ်။ ကိုရွာသား မောင်ရွာသား ရွာသားလေး ဦးဦးရွာသား ဘကြီးရွာသားကနေ ရွာစားအထိအားလုံး အသီးသီးအသက ခေါ်ကြပြန်ပါတယ်။ ဟူးးးးးးးး မောလိုက်တာဗျာ။

နာမည်ဆိုတာ ပညတ်တစ်ခုပါပဲ။ ရုပ်ရယ်နမ်ရယ်တွဲနေသခိုက်တော့ ဒီပညတ်ကလေး ရှိနေအုံးမှာပါ။ ပညတ်သွားရာ ဓါတ်သက်ပါဆိုတော့ ဘယ်ပညတ်နောက်ကို လိုက်လေမလဲကျနော်လည်းမသိနိုင်။

နာမည်ဆိုတဲ့ အကြောင်းကိုတော့ ဒီလောက်နဲ့ပဲရပ်ပါရစေဗျာ။ နောက်မေးခွန်းတွေကိုတော့ ဒီ ပို့စ်လေးမှာ ကျနော့ စိတ်ထဲမှာသတ်မှတ်ထားတဲ့ စာမူအရေအတွက်ရရင် ဆက်ပြီးရေးပါမယ်။ ကဲကျနော့တာဝန်ကျေပြီနော် သတ်မှတ်တဲ့ အရေအတွက်ရဖို့ ကိုရုပ်ဆိုးနဲ့ ကိုဂျူလိုင်မှာတာဝန်ရှိပါတယ်ခင်ဗျာ…………

14 comments:

JulyDream said...

ဘာမှလည်း မရှိသေးပါလား။ ကောင်းခန်းရောက်မှ ဆက်ရန် ဆိုတဲ့ ဇာတ်လမ်းတွဲလိုမျိုး ကြေညာများများ လိုချင်တယ် ထင်တယ်။

အမည်ခေါ်တာ တစ်ခုလေးနဲ့တင် ပို့စ်က တစ်ခုဖြစ်နေပြီ။ ဘုရား... ဘုရား... Tag ထားတဲ့ပို့စ်ထဲမှာ ရေးရမယ့် စာကြောင်းတွေက မနည်းမနှောပဲ။

ကြည့်ရတာ Reverse Engineering ကို သုံးနေပြီ ထင်တယ်။ ကျွန်တော်က အဲဒီပို့စ်မှာ ရေးပြီးသားပို့စ်တွေကို လင့်ခ်ပြီး ပြန်ဖော်ပြခဲ့တယ်။

သူကျတော့ တစ်ကြောင်းချင်းကို တစ်ပုဒ်စီ ပြန်ရေးမယ့် သဘောမှာ ရှိတယ်ဗျို့။

အားပေးနေပါတယ်...

khin oo may said...

နာမည် တစ်လုံ့းနဲ.တင် Post တစ်ခု ဖြစ်နေပြီ။ အားလုံးသာ ဖြေရရင်တော့ တစ်ထောင့်တစ်ညဘဲ။

ရွှန်းမီ said...

ပိုးမင်းသား ဆိုတဲ့ နာမည်အတိုင်း အတွဲပေါင်းများစွာ ဆက်ရန် လုပ်နေမှာလား ? ? ?
:-)
ကိုဇူလိုင်ဆီက တွေ့လို့ လာလည်ရင်း နှုတ်ဆက်တာပါ။

Moe Cho Thinn said...

ကူကူး တဲ့ ဟီဟိ သဘောကျလိုက်တာ။ :P

ကိုရုပ်ဆိုး said...

ဆရာကြီး အီကြာကွေးစကားငှားသုံးရရင်တော့ “ဟိုက် ... ရှာလပတ်ရည်”ပဲ...။ နာမည်နဲ့တင် ပို့စ်တစ်ခုဖြစ်နေပြီ။ အမယ်မင်း .... နင်ရှည်တာလို့ပဲ ... ပြောရမလို ဖြစ်နေပြီမောင် ....။ စာမူအရေအတွက်ဆိုတာ ဘာတုန်းမောင်။ အဘ မရှင်းလို့ လင်းပေးပါအုံး...။

၁) julydream ရဲ့ ဖြေပုံဖြေနည်းရယ်
၂) ရွာသားလေးရဲ့ ဖြေပုံဖြေနည်းရယ်

ဘယ်နည်းကို သုံးပြီး ပြန်ရေးရပါ့  ???

Anonymous said...

နာမည်တွေများတဲ့ ကိုရွာသားလေးပို့ စ်ကို လာဖတ်သွားပါတယ် ။

(ကူကူးး မိုက်တယ် ဒီနာမည်လေး )

ဝေလေး said...

အင်းးး
တော်တော်များမယ့်ပုံပဲနော် ကိုရွာသားလေးကတော့
နာမည်တစ်ခုကိုပို့စ်တစ်ပုဒ်လုပ်လိုက်တယ် .. :)

kay said...

ရွာစားရေ-
ဟုတ်ပ.. ဝေလေး ပြောသလိုပဲ..နံမယ်တွေက..အများသားကလား။ ကျန်တာတွေတောင် မပါတော့ဘူး။
ခင်မင်ချက်-း)

ဗီလိန် said...

အဲကိုရွာသားလေး....ကျနော်သိတဲ့နာမည်တမျိုးကျတော့ချန်ထားတယ်နော့။
ဟိဟိ... မဖွတော့ပါဘူး။ သိချင်တဲ့သူ mail ပို့ပေးမယ်။
:D

ရွှေပြည်သူ (ShwePyiThu) said...

ကိုကူကူး (ကိုဂူဂူး)၊ ကိုဂတုံးလေး၊ ကိုပိုးမင်းသား၊ ကိုရွာသားလေး မောင်တာတီး၊ ကိုဖိုးဝရုပ်၊ ကိုကျန်ယုံ၊ ကိုနီကိုလာ၊ ကိုရွာသားလေး ရေ...... (ခေါ်ရတာ တော်တော်မောသွားပြီ။ ဒါတောင် ဟိုလေးလုံးပါတဲ့ နာမည် မခေါ်ဘဲ ထားခဲ့သေးလို့း)) နာမည်တစ်ခုနဲ့တင် ပို့စ်တစ်ခုဖြစ်သွားတာကိုက ကိုရွာသားလေး ရေးအားတွေးအား ကောင်းတာကို ပြနေတာပါပဲ။ သိသလောက်လေးနဲ့ ကူဆောက်ပေးခဲ့တဲ့ Blog တစ်ခု ခုချိန်မှာ စာကောင်းတွေနဲ့ ပြည့်နေတာကို တွေ့ရတာ အရမ်းကို ၀မ်းသာမိပါတယ်။ ဆောက်တုန်းက Blog ကအခွံသက်သက်ပါပဲ။ ကိုရွာသားလေးရဲ့ စာကောင်းတွေကြောင့်သာ အရောင်ထွက် လှပလာတာပါ။ စာကောင်းတွေ အများကြီး ဆက်ရေးနိုင်ပါစေ...

ဖိုးဂျယ် said...

ဘုရား ဘုရား TAG တစ်ခု နဲ.တင် ပိုစ့်တစ်ခုရတယ်။ ဘယ်လိုများရေးသွားပါလိမ့်။ ကျွန်တော်က ma maythingyan ရဲ.သူငယ်ချင်းပါ။ သူပေးလို.ဒီblog ကိုလာလည်တာပါ။ အရေးအသား အရမ်းကောင်းပါတယ်။ ကျွန်တော်ကိုလဲ ma maythingyan လိုခင်နိုင်ပါတယ်။

မီးငယ် said...

အစ်ကိုကြီးမေးခွန်းတွေကအများကြီးနော်..
မူရင်းကိုကြည့်ချင်ရင်ညီမလေး ဆီကိုလာလည်...ဟိ

ကြည်ဖြူပိုင် said...

ကူကူး........အဲဒီနာမည်လေးကောင်းပ

Unknown said...

များလိုက်တဲ့ အမည်များပိုင်ရှင်ပါလား
ငယ်နာမည်လေးကတော့ ကူကူး တဲ့လား
ခုဆို နောက်တမျိုး တိုးသွားပြီပေါ့ ဆရာ