16 September 2008

လက်ကျန်ဆယ်ရက်နဲ့ကျနော်


ကိုရုပ်ဆိုးရေ ကြားဖြတ် TAG ကလေးရေးကြည့်လိုက်တယ်ဗျာ။ နောက်ကားနှစ်စီးက ရှေ့ဆုံးကားကိုများ စောင့်နေသလားလို့။

တကယ်လို့ဆယ်ရက်သာကျန်ခဲ့ရင် ဘာလုပ်မလဲတဲ့။ တကယ့်ကို အဆင်သင့် မဖြစ်သေးတာပါ။ ခုလက်ရှိအသက်ရှင်နေတဲ့ ဘ၀မှာတောင် မနက်ဖြန်ဆိုတာ အတွက် အဆင်သင့်မဖြစ်သေးတာ။ သေဖို့ဆိုတာ ဝေးစွခြောက်ဖြာဖြစ်နေတာပေါ့။ ကျနော့ရဲ့ အရင် CE ပြောနေကြစကားအရဆိုရင် “plan to fail, fail to plan” ပါတဲ့။ ကျနော်တွေးကြည့်မိတာတော့ ထိန်းမနိုင်သိမ်းမရ ရုပ်ပျက်ဆင်းပျက် မျောက်မီးခဲကိုင်မိသလို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမယ်ဆိုတာပါ။ သိသိခြင်း ဆောက်တည်ရာမရ တောင်ပြေးလိုက်မြောက်ပြေးလိုက် ထိုင်ရမလို ထရမလိုဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ငြိမ်သက်စွာ ကြက်ဖကြီးလည်လိမ်သလိုကြေကွဲနေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ နောက်ထပ်မျှော်လင့်လို့ရတာက အဲဒီစိုးစိတ်တိုးတိတ်နဲ့ နောက်ဆယ်ရယ်မတိုင်ခင် သေသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သေချာတာတစ်ခုကတော့ ကျနော့မှာ အဲဒီအဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ထားတာ မရှိသလို ရှိခဲ့ရင်လည်း ပြင်ဆင်ထားတဲ့အတိုင်းလိုက်လုပ်နိုင်ဖို့က မသေချာ။ စိတ်တစ်ခု ရုပ်ကိုးဆယ်ဆိုတော့လေ။

မသေခင် ဆယ်ရက်လောက်အလိုဆိုတာကိုတွေးမိတော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ကို သတိရမိပြန်ရော။ အသက်အပိုင်းအခြားအလိုက် ဖြစ်ပျက်မယ့် အကြောင်းတွေကို ဟောရင်း အချိန်တစ်ခုမှာသေပါမယ်လို့ ဗေဒင်အဟောခံလိုက်ရတဲ့ နှောင်းခင်ဇော်ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ သူ့ကိုဟောလိုက်တဲ့ အကြောင်းအရာတွေက တကယ့်ကို တိုက်ဆိုင်စွာ အစီအစဉ်တကျ ဖြစ်ပျက်သွားခဲ့တာ။ အဲလောက်ထိဆိုတော့လည်း သူ့ကို အကြွင်းမဲ့ယုံကြည်သွားစေခဲ့တယ်ထင်တယ်။ သူ့နေရာမှာ ကျနော်သာဆို ရူးသွပ်သွားမိမှာ။ တကယ်ကို အတ္တတရားတွေနဲ့ တည်ဆောက်ထားတဲ့ ကျနော့ ခန္ခာကိုယ်ကို ကျနော်တပ်မက်လွန်းပါတယ်။ ဟိုလူနဲ့မခွဲနိုင် ဒီပစ္စည်းဥစ္စာတွေကိုလည်းလက်မလွှတ်နိုင်ဘူးဆိုတဲ့ အစွဲတွေက ကြိုးတစ်ချောင်းလို (သင်္ဘောကုန်းပတ်ကြိုးလောက်ဖြစ်မယ်ထင်တယ်) ရစ်ပတ် နှောင်တွယ်နေခဲ့ပြီ။

တကယ်ကိုကြုံတွေခဲ့ရင်ကော။ ကံတရားံကရွေးချယ်တာကို ဟင့်အင်းလို့မှငြင်းခွင့်မရှိတာ။ အခုခေတ်ကြီးက ရောဂါအထူးအဆန်းတွေပေါပါဘိသနဲ့။ အဲဒီအဖြစ်အပျက်က ကြုံတွေ့ကောင်း ကြုံတွေ့နိုင်ပါလိမ့်မယ်။ ကြုံတွေ့ပြီး အဲလိုကြိုသိခဲ့ဖို့လည်းလိုအပ်ပါသေးတယ်။ တကယ်လို့များ ကြိုသိခဲ့ရင်….

ကျနော်ပထမဆုံးလုပ်မိမှာက ကျနော့လက်ရှိပတ်ဝန်းကျင်ကနေ ထွက်သွားမှာပါ။ ကျနော့အပေါ်တွယ်တာတဲ့ သံယောဇဉ်ရှိတဲ့လူတွေကို အသိမပေးပဲ တိတ်တိတ်လေးထွက်သွားချင်တာပါ။ (တကယ်တမ်းက ဘယ်သူမှမရှိ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေမိတာပါ) သူတို့တွေကို ကျနော်ရှိနေသေးတယ်ဆိုတဲ့ အသိစိတ်နဲ့ ကျန်ခဲ့စေချင်တယ်။ နောက်တော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါ။

နောက်တစ်ခုက ကျနော်ဝါသနာပါတဲ့ အလုပ်တစ်ခုကို ပတ်ဝန်းကျင်အသစ်မှာ လုပ်မိပါလိမ့်မယ်။ စိတ်မရှိပါနဲ့ဗျာ ကျနော်ဘာလုပ်ဖြစ်မယ်ဆိုတာ မပြောပါရစေနဲ့။ ကျနော် လုပ်ဖြစ်မယ် မဖြစ်မယ် မသေချာလို့ပါ။ ပြီးရင်တော့ ကျနော့ရဲ့ နောက်ဆုံးရက်တွေကို သွေးပျက်စွာ တစ်ယောက်တည်းရင်ဆိုင်ဖို့ကြိုးစားမယ်။ အောင်မြင်မမြင်တော့ မသေချာ။ နောက်ဆုံးမှာတော့ ကျနော်သေဆုံးသွားပါလိမ့်မယ်။ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်လို ကျနော်သေရင် အုတ်တိုင်လေးတောင် မကျန်ခဲ့စေချင်ပါဘူး။ ဒီမြေပေါ်မှာ ကျနော်ရှိခဲ့တယ်ဆိုတာ ဘယ်သူ့ကိုမှမသိစေချင်လို့ပါ။

တကယ့်ကို အဲလိုဖြစ်ခဲ့မယ်ဆိုရင် ကျနော့ကိုလာကြည့်ကြပါဗျာ။ ပြောတဲ့အတိုင်းလုပ်ဖြစ်ရဲ့လားဆိုတာ မလုပ်ခဲ့ရင် သတိလေးပေးစေချင်ပါတယ်……….

7 comments:

May Moe said...

အဲဒီစာအုပ်ဖတ်ဖူးတယ်။ ဂျူး ရဲ့ နံရံ၏အခြားတဖက။် နောက်ဆုံးကား ဆိုတော့ အေးဆေးနေလိုက်အုန်းမယ် :P

Anonymous said...

အေးချမ်းလိုက်တာ အစ်ကို...ဖြစ်ချင်တဲ့အတိုင်းဖြစ်ပါစေဗျာ........။

Moe Cho Thinn said...

ရွာသားလေးရေ
ပျော်ချင်လို့ tag ကြတယ်ထင်ပါတယ်။ serious ကြီး သိပ်မစဉ်းစားပါနဲ့လေ။
ဘာခေါင်းစဉ်ပဲလာလာ ရေးတတ်တာ၊ ရေးနိုင်တာ ကိုတော့ ချီးကျူးပါတယ်။
အမြဲရေးဖြစ်နေတာတွေ့လို့လဲ မုဒိတာ ပွားလိုက်ပါတယ်။
ခင်မင်လျက်
အမ

ကိုရုပ်ဆိုး said...

ရွာသားလေးဆိုလိုသွားတာတွေက မှန်သမှ သိပ်မှန်ကွ။ ငါတို့လည်း မသေခင် လုပ်ချင်တာလေးတွေကို အဲဒီလို လုပ်မယ်လို့တာဆိုတာ တကမ်းတမ်းကျတော့ သွေးရူးသွေးတန်း လမ်းပေါ်မှာလျှောက်သွားနေမလား၊ အရက်ဆိုင်မှာပဲ အံဖတ်ဆို့အောင် သောက်မိမလား၊ .... မလား ပေါင်း များစွာနဲ့တော့ ကုန်လွန်သွားမှာ အသေချာပဲကွ ....။

ဝေလေး said...

အင်းး အစ်ကိုရုပ်ဆိုးပြောသလိုပဲ.. မှန်သဗျ ပေါ့.. ရေးသာရေးတာ တစ်ကယ်သာသိမယ်ဆိုရင် အဲလိုအေးအေးဆေးဆေးနေနိုင်ပါ့မလားမသိဘူး...

RePublic said...

ဟုတ်ကဲ့ပါ ကိုရွာသားလေးရေ ၊၊ ခုလိုရေးပြပေးတာ ရှဲရှဲပါ ၊၊

Unknown said...

တကယ်သာသိခဲ့မယ်ဆိုရင် အင်း ----------တယောက်သောသူကတော့ ရှိမှန်းသိမှာပါကွယ်