24 July 2010

ဘလော့ရေးခြင်း အနုပညာ (၆)

ဘလော့မှာ ၀မ်းစာပြည့်လာရင်း စာရေးကောင်းတဲ့ စာရေးသူတစ်ချို့မွေးထုတ်ပေးလာနိုင်ခဲ့ပါတယ်။ တစ်ချို့စာရေးသူတွေက ပြင်ပစာပေလောကမှာ စာအုပ်တွေထုတ်လုပ်တဲ့ အထိ ဦးတည်လာကြတယ်။ တကယ်ဆို မြေစမ်းခရမ်းပျိုး ဘလော့ဆီကနေ အခုလို စာအုပ်ထုတ်တဲ့အထိ တိုးတက်အောင်မြင်လာကြတာကို ကျနော်တို့က ၀ိုင်းဝန်းအားပေးသင့်ကြတယ် မဟုတ်လား။ သရုပ်ဆောင်တဲ့သူတွေ အဆိုတော်ဖြစ်ခွင့် ရှိသလို အဆိုတော်တွေလည်း သရုပ်ဆောင်မလုပ်ရဘူးလို့ ကန့်သတ်ထားတာမှ မရှိတာ။ အခုဆို ပိုလို့တောင် ကောင်းမွန်လို့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားတွေ ဖြစ်နေပြီလို့ သတ်မှတ်ပေးကြရမှာပါ။

ဟိုးအတော်လေး အကြာက ဘလော့မှာ စာရေးခြင်းနှင့်ပတ်သတ်တဲ့ ဂျာနယ်တစ်စောင်ရဲ့ အမြင်တစ်ခုကို အတော်လေးစိတ်ထဲမကောင်းဖြစ်သည်အထိ ဖတ်လိုက်မိတယ်။ ဘလော့ရေးသူ တယောက်ရဲ့ ရပ်တည်မှု၊ ပြီးတော့ သူဖန်ဆင်းတဲ့ အနုပညာ။ ဘယ်မှာတဲ့လဲ။ ဘယ်သူတွေက အသိအမှတ်ပြုတယ်တဲ့လဲ (အသိအမှတ်အပြုခံချင်လို့ ဘလော့ရေးကြတာပါဟု ကျနော်ဘယ်တုန်းကမှ မမြင်ခဲ့မိလို့ပါ)။ ဒါပေမယ့် စာရေးနေတာကို နှစ်သက်ခုံမင်တဲ့သူတွေက စာရေးနေကြတာပါပဲ။

အရာဝတ္ထု တစ်ခု သို့မဟုတ် တစ်စုံတစ်ခုသော အကြောင်းအရာ အဖြစ်အပျက်ကို အတူတူကြည့်ပြီး စာရေးကြည့်ကြပါ။ စာတွေက ထပ်တူကျမယ် (၏သည်မရွေး မဟုတ်ပဲ ရေးတဲ့ အကြောင်းအရာအပိုင်းဆိုင်ရာကိုပါ) မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးစိတ်သန်းတွေ ဖြတ်ကျော်လာတဲ့ အတွေ့အကြုံတွေက မတူညီကြတော့ ဖော်ပြပုံစံခြင်းတူကြမှာ မဟုတ်လို့ပါပဲ။ သီချင်းတစ်ပုဒ်ထဲကို အဆိုတော်တွေ ဆိုကြတာ မတူညီကြဖူး ဆိုသလို ဆိုဟန်တွေ ဆိုပေါက်တွေ ကွဲလွဲနေတာမို့ပါ။ အွန်လိုင်းစာရေးသူတွေ ဆီက ကိုယ်မမြင်မသိနိုင်တဲ့ အတွေးတွေ၊ အယူအဆတွေ၊ ပြီးတော့ ကိုယ့်အတွက် လိုအပ်တဲ့ ဒေတာ အချက်အလက်တွေ အမျိုးမျိုးသော အရာတွေ ရယူနိုင်နေပြန်သေးတယ်။

ကျနော်ခရီးမသွားခင် ဒီခရီးကို ဘယ်သူသွားထားသလဲ၊ ဘာတွေက စိတ်ဝင်စားဖို့ စွဲဆောင်စေသလဲ စသည်ဖြင့် အရင်ပြင်ဆင်တတ်ပါတယ်။ အမေ့လက်ရာကို ကောင်းကောင်းကြီး မှီစားနေပြီးမှ နိုင်ငံရပ်ခြားလည်းရောက်လာရော မြန်မာစာ လေး ဟိုလိုချက်ထားတာလေး စားချင်တယ်ဆိုတဲ့သူတွေ အတွက်လည်း ဟင်းချက်နည်း နိသျှရည်းဘလော့တွေ အဆင်သင့်။ ကွန်ပြူတာမှာဗျာဆိုပြီး ဟိုနားလေး ဒီနားလေး ပြင်လိုက်ဆင်လိုက် မွမ်းမံလိုက် လုပ်ချင်သူတွေလည်း နည်းဗျူဟာတွေ ဝေမျှထားတွေက တပုံတပင်။ တကယ့်ကို လက်တစ်ချက်အလှုပ်မှာ ကိုယ်လိုချင်တဲ့ အရာတွေကို အမျိုးမျိုးသော စာရေးသူတွေက ပုံဖော်ပေးထားကြတာ။ တကယ့်ကို ပြည့်စုံလို့။

အနှီဘလော့ဆိုတဲ့ ပတ်ဝန်းကျင်ထဲမှာ ကျနော်ဘယ်အထိ ရှင်သန်နေမလဲ ကျနော်မသိပါ။ ကျနော့ကို ကျနော် ချိန်ထိုးကြည့်နေဖြစ်ဖို့ ဒီစာလေးတစ်ပုဒ် ချရေးမိတယ်။ ကျနော် ဘာတွေ ရေးနေခဲ့လဲ၊ ကျနော့ရပ်တည်မှု၊ ကျနော့အတွေး အမြင်၊ ကျနော့ စိတ်ကူး အရာအားလုံးကို ဘလော့ထဲမှာ ပုံဖော်တယ်။ ကျနော်စာတွေ ဆက်ရေးနေဖြစ်ဦးမလား (သိပ်မသေချာပါ)။ ဒီပတ်ဝန်းကျင်နဲ့ ကျနော် လိုက်လျောညီထွေ ဖြစ်မဖြစ် ( တခါတလေ ကျနော် စည်းအပြင်ကလူ ဖြစ်ဖြစ်သွားတယ်လို့ ခံစားရတတ်လို့ပါ) မဝေခွဲတတ်သေးပါ။

ဘလော့ရေးခြင်းဆိုတဲ့ အကြောင်းအရာကို တွေးထားမိတာ ကြာပါပြီ။ အနုပညာ ဆိုတဲ့စကားလုံးကို အခုဒီပို့စ်ရေးဖြစ်ဖို့ တွန်းအားပေးတဲ့ ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ စာအုပ်ထဲက ယူဖြစ်ခဲ့တာ။ သူက အနုပညာဆိုတာ ဖန်တီးမှု ဝိဇ္ဇာပညာလို့ ဆိုပါတယ်။ ခေတ်တခေတ်ကို ကိုယ်စားပြုသလို၊ လူမျိုး နှင့် တိုင်းပြည်ကိုကိုယ်စားပြုတယ်လို့လည်း ဆိုပြန်တာမို့ ဘလော့ရေးသားခြင်းဆိုတာကိုလည်း အနုပညာတစ်ခုလို့ ကျနော် ထပ်တူပြု ပေးခဲ့တာ။

စာအုပ်ထဲက ကူးယူဖော်ပြလိုတဲ့ စာတွေကတော့

“သမိုင်းဆိုတဲ့ ဝေါဟာရကိုယ်တိုင် အမြဲ စက္ကန့်မလပ် တိုးတက်နေတဲ့ အစီအစဉ်တစ်ခုပဲ။

ကနေ့ခေတ်ကို ကျွန်တော်တို့ မြန်မာပြည်မှာ ဘယ်လို စကားမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြသလဲ။ မြန်မာပြည်ဟာ ခေတ်နောက်ကျတယ်။ ဒီလိုပဲ ပြောကြတယ်။ မြန်မာပြည်ဟာ ခေတ်နောက်ကျနေတယ်။

ဒါပေမယ့်ဘာကြောင့် မြန်မာပြည်ဟာ ခေတ်နောက်ကျနေသလဲ ဆိုတာကို မစဉ်းစားကြဘူး။

ကျွန်တော်တို့ မြန်မာတွေဟာ ဒီလိုလှေနံဓါးထစ် မစွန့်ပစ်ချင်၊ မစွန့်ပစ်ရဲတဲ့ ဝါဒသမားတွေ များတယ်၊ လှေဟာ ရွေ့နေတယ်။ ရေစီးကြောင်းနဲ့ မျောပါနေတယ်။ ဓါးကျတဲ့နေရာဟာ ကျန်ခဲ့ပြီဆိုတာကို မသိကြဘူး။ ဓါးကျတဲ့နေရာဟာ ဓါးထစ်ထားတဲ့ နေရာပဲလို့ တထစ်ချ ဖက်တွယ်ထားကြတယ်။ ခေတ်ရေစီးကြောင်းရဲ့ အလျဉ်ကို သတိမမူမိကြဘူး။”

ဘလော့ဆိုတဲ့ ရေစီးကြောင်းထဲမှာ ဘာတွေ ဘယ်လို စီးဆင်းနေကြဦးမှာလဲ။ အငြင်းအခုံတွေက ဘလော့ရဲ့ အဓိက ရသတွေတဲ့လား။ အဆဲအဆိုတွေကရော ဘလော့ရဲ့ လွတ်မြောက်မှုတွေလား။ အတွန်းအတိုက်တွေက ဘလော့ရဲ့ အောင်မြင်မှုတွေလား။ စာရေးနေရရုံသက်သက်ပဲ ၀ါသနာပါလို့ စာရေးနေပါတယ်ဆိုတဲ့ စာရေးသူတွေ အတွက် နေရာတစ်ခု တကယ်ပဲ ဘလော့ကပေးနိုင်သတဲ့လား၊ စတဲ့ ပဟေဠိတွေ အများကြီးထဲမှာ သာမန်ကချော်ကချွတ် စာရေးသူ တယောက်သာ ဖြစ်သော ကျနော် ဖက်တွက်ထားချင်တဲ့ စကားလေးတစ်ခွန်းကို ခင်ဝမ်းရေးတဲ့အမှာစာထဲမှာ အမှတ်မထင် တွေ့မိလိုက်ပါတယ်။

“အနုပညာသမားရဲ့ ရိုးသားစွာ တင်ပြမှုဟာ အမြဲဆန်းသစ်နေမယ့် တန်ဖိုးပဲဖြစ်တယ်” ဆိုတာပါပဲ။

14 comments:

ကောင်းကင်ပြာ said...

လူလည်ကျတယ်...ခုန မတင်ရသေးဘူး..:P

စာရေးမနေနဲ့ အဆိုတော်ပဲ လုပ်လိုက်တော့...

ကောင်းကင်ပြာ said...

ယူ အဆို ကောင်းတယ်လေ....အဲ့ ကြောင့် အဆိုတော် လုပ်လို့ ပြောတာ...

လာခဲ့ပါလား....ဒီညနေ

ကောင်းကင်ပြာ said...

ဟုတ်တာ ပြောတာ ဘဲအေ...

ပိုစ်နဲ့ မဆိုင်တာတွေ ဖြစ်ကုန်ပီ...း)

ဂျူနို said...

ရွာသားရေ

ပြုတင်းပေါက် ပွင့်နေတာတွေ့လို့ ဝင်လာတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီနေ့တော့ အချိန်ရတာကြောင့် ဘလော့ရေးခြင်းအနုပညာကို ၁ကနေ ၆အထိ သေသေချာချာ လာဖတ်တာပါ..
ဒီပိုစ့်ရဲ့အောက်မှာပါတဲ့ ဘလော့လောကကနေ ပုံနှိပ်စာပေလောက ကို ကူးပြောင်းတဲ့သူတွေအတွက် ၀မ်းခြောက်ဝမ်းသာ အားပေးတဲ့သူတွေထဲမှာ ကျွန်မလဲပါဝင်ပါတယ်..
သူ့မှာ အရည်အချင်းရှိတာကြောင့် စင်တော်က ကောက်ခံရတယ်လို့ ယူဆသတ်မှတ်ရပါတယ်.. ဒီလိုအခြေအနေဆိုတာလည်း ဘလော့ရေးသူတွေအတွက် တွန်းအားတစ်ခုလည်း ဖြစ်လာနိုင်သလို မက်လုံးတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်..
ဘာမှ မရှိဘဲလည်း ရေးသူတွေက ရေးနေကြတာပါဘဲ.. ဘာဘဲဖြစ်ဖြစ် ဖြစ်ထွန်းအောင်မြင်သွားသူများကိုတော့ ကဲ့ရဲ့ ရှုံ့ချဖို့ထက် လက်ခံကြိုဆိုသင့်သလို မုဒိတာထားသင့်ပါတယ်.

ဇွန်မိုးစက် said...

ဟင့်အင်း... ရွာသားလေး (၀ိုင်တီယူ) က သာမန် ကချော်ကချွတ် စာရေးသူတစ်ယောက် မဟုတ်ဘူး။

sosegado said...

Blogs ရေးခြင်းအနူပညာဆို၍ စိတ်ဝင်းစားမိပါသည်၊ အစပိုင်းတွေ သွားဖတ်လိုက်ဦးမယ်၊

khin oo may said...

ဆက်ပါဦးမည် မပါသလို ပြီးပါပြီ လို့လဲ မရေးသေးတော့ စိတ်ကူးပေါက်ရင် ဆက်ရေးဦးမယ်လို့မှတ်လိုက်ပါမယ်။ ဒီပိုစ်က ရွာသားလေးရဲ့ one of the မှတ်တိုင်တစ်ခုဖြစ်ပါလိမ့်မယ်။ ပုဂံနဲ့အတူ။

khin oo may said...

[h [d မြှောက်ပြောသွားတာ ချင့်ယုံ။

ရွှေရတုမှတ်တမ်း said...

ဒီ postတွေတော့ တော်တော်ကြိုက်သွားပြီ..
(၇) ကတော့ သဘောချင်းနှောတာများပါ့ဗျာ..

ရွှေရတုမှတ်တမ်း said...

အဟဲ ၆ ကို ၇ လို့မှားရေးမိတယ်

Maung Myo said...

အရိုးဆုံးက အဆန်းဆုံးပါပဲ ဒါပေမယ့် တစ်ခါခါကျတော့လည်း စာရေးတာဆိုတော့ ဟုတ်တာက ၅၀ ဖိုးလောက် ကားထားတာက ၅၀ ဖိုးလောက် အဲ့လိုတော့ဖြစ်ဖြစ်တတ်တယ် ။ ကျန်တာတွေ ဂရုမစိုက် အားနေလို့ ဘလော့ရေးတယ် ပျင်းလို့ရေးတယ် ရေးချင်မှလည်းရေးမယ် ပျင်းလို့ ရပ်ချင်လည်းရပ်မယ် ပိတ်လိုက်ဖွင့်လိုက်လည်းလုပ်မယ်း)

Unknown said...

ရွာသားလေးရဲ့  Blog ကို ဖတ်ရင်းတွေ့ ခဲ့တာ သိခဲ့တာတွေကတော့ -

"ကျွန်တော်ဖတ်စေချင်တာ ကျွန်တော့်ရဲ့ စာတွေ ကျွန်တော့်ရဲ့ အကြောင်း မဟုတ်ဘူးဆိုပေမယ့် "
Blog တခုကို ဖတ်ရင် စာရေးသူရဲ့  အကြောင်း တစွန်းတစ ကို သိခွင့်ရှိမယ်

သွားလာတဲ့ ခ၇ီးသွားမှတ်တမ်းတွေ
ဓါတ်ပုံတွေ ကိုခံစားနိုင်မယ်
ရွာသားလေးရဲ့  Post မှန်သမျှ က ဘယ်အကြောင်းအရာကို မဆို serious တော်တော်များများ ရေးလေ့ရှိတယ်
တခြား Blog တွေ နဲ့ သိပ်မတူတာ အဲဒီ့အချက်ပဲ

စာအရး ကောင်းရုံတင်မကဘူး ဓါတ်ပုံရိုက်တဲ့နေရာမှာတော်တော်စိတ်ရှည်တာကို တွေ့ ရတယ် ကျွန်မ အကြိုက်ဆုံး ဓါတ်ပုံက "Shadow " လို့ အမည်ပေးထားတဲ့ ပုံ ။
ကဗျာကိုတော့ တချို့ ကဗျာတွေက နည်းနည်းလေး နားလည်ဖို့  ခက်တယ် ။

ရုပ်ရှင် Review တွေကတော့ ကျွန်မ သိပ်စိတ်မဝင်စားလို့ မဖတ်ဖြစ်ပါဘူး
အငြင်းအခုံ အတွန်းအတိုက်တွေဟာ Blog မှာသာမက တကယ့်လောကမှာပါ (ကိုစိတ်ကုန်နေပေမယ့် )ရှိနေဦးမယ့် အရာတွေပါ
ဘာပဲ ဖြစ်ဖြစ် ကိုယုံကြည်တဲ့ လမ်းကို ကိုဆက်လမ်းခြင်းဖြင့် အောင်မြင်နိုင်ပါစေ လို့ .....

ဆန်းဝင်း said...

ရေးရင်နဲ့ ဇာတ်ရှိန်တက်လာတယ် ကိုရွာသားလေး အတွေးတကယ် မိုက်တယ်။
ဒါနဲ့..လေသံကတော့ လူထုစိန်ဝင်း လေသံပဲ.. သုံးတာကတော့ ပါဝါအပြော့ သုံးထားတယ်..
ထိတယ် မိတယ်။