18 July 2010

ဘလော့ရေးခြင်း အနုပညာ (၁)

ဘလော့ဆိုသည်မှာကို စာမျက်နှာတနေရာမှာ ကျနော်ရေးခဲ့ဖူးပါပြီ။ ဘလော့ရေစီးကြောင်းတစ်ခု ဖြစ်တည်နေတာ နှစ်အတော်ကြာခဲ့ပြီ။ ဒီထဲကမှ မြန်မာဘလော့များ တရက်ထက်တရက် တိုးသည်ထက်တိုးလာခဲ့သော မြန်မာဘလော့များကို ဖတ်ရှုရင်း ဒီဘလော့ရေးခြင်းအနုပညာဆိုတာ ကျနော့ခေါင်းထဲရောက်လာပါတော့တယ်။ ကျနော်က မသိနားမလည် ဘလော့ရေးသူတယောက်မျှသာမို့ ကျနော့ချိန်ဆမှုတွေမှာ သက်ရောက်မှုတွေ လွဲကောင်းလွဲသွားနိုင်ပါတယ်။ စာဖတ်သူမိတ်ဆွေများ အပြုသဘောဆောင်သော အကြံပြုချက်များဖြင့် တည့်မတ်ပေးနိုင်မည်ဆိုပါလျှင်…

မြန်မာစာပေကို ကျနော်မှတ်ခဲ့ဖူးသလောက် ကျောက်စာတွေကစတယ်လို့ဆိုနိုင်ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အထောက်အထားတွေ ကျန်ရစ်နေခဲ့လို့ပါ။ အဲ့ဒီကမှ စကားလုံး၊ စကားပြေ အရေးအသားဆိုတဲ့ ဖက်ကို တဖြည်းဖြည်းပြောင်းလဲလာခဲ့မှာပါ။ ဆိုတော့ ပုံနှိပ်စာလုံးဆိုတဲ့ စကားလုံးနဲ့အတူ ကျနော်တို့ အတွက် စာအုပ်ဆိုတာတွေကို ရွှေ့ပြောင်းလာခဲ့မယ်။ ဒီကမှ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ ရုပ်ပြ စတဲ့ ပုံစံတွေအထိ။ ပြီးတော့ အများပြည်သူ ဖတ်ရှုခြင်းငှာ ထိုက်သင့်သလားဟု ဝေဖန်ပိုင်းခြားပေးခြင်းဆိုသော အမှုကိစ္စ။ ထိုကမှတဆင့် စာရေးသူ၊ စာရေးဆရာများ။ ထိုနောက်တွင်မူ စာပေအရေးအသား။ ခေတ်စမ်းစာပေကို စတင်ခြင်း။ မည်သည့်ခေတ်မဆို ခေတ်ဟောင်းနှင့် ခေတ်သစ်၊ စနစ်ဟောင်းနှင့် စနစ်သစ် များစွာ ဒွန်တွဲ တွန်းကန်နေမည်မှာ အမှန်ပင်။ တဖြည်းဖြည်း ပြောင်းလဲလာသည်မှ အသစ်အသစ်တို့ကို လက်သင့်ခံဖို့ ကြိုးစားရစမြဲ။ ပြောင်းလဲမှုဆိုတာကို ကြုံလာတိုင်း အမြဲတန်း ဖြစ်လေ့ရှိတတ်တာက ကွဲပြားခြားနားမှုတွေပါပဲ။ လက်သင့်ခံသည်က တစ်ဖက်၊ လက်သင့်မခံသည်က တစ်ဖက်။

ပုံနှိပ်စာပေဟူသည် ကျနော်တို့နှင့် မစိမ်းခဲ့ပါ။ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် စသည်ဖြင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြမည်သာပင်။ ထိုအထဲမှ ပုံနှိပ်စာပေဖြန့်ချီရေးကို ကြည့်မည်ဆိုပါစို့ သတင်းစာကို နေရာတိုင်းမှ အချိန်တပြေးညီဖတ်ရနိုင်ဖို့သည် အတော်လေး ခဲယဉ်းပေမည်။ ကျနော်သတင်းစာ ဝေသည့်အလုပ်ကို လုပ်ခဲ့ဖူးပါသည်။ မန္တလေးရထားနှင့် ပါလာသည့် သတင်းစာများကို ဘူတာတွင်ရွေးပြီး သတင်းစာတစ်စောင်ဖြစ်ဖို့ စာမျက်နှာအလိုက်ပြန်စီရသည်ကပင် မနက်မနက် အတော်လေး လက်ဝင်နှောင့်နှေးစေပါသည်။ အဓိကအချက် တခုမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နေရာများသို့ သတင်းအချိန်မှီ ရောက်ရှိရန် မဖြစ်နိုင်ခြင်းပင်။ ရွှေသွေး၊တေဇ၊ မိုးသောက်ပန်းကို အိမ်ရှေ့ကနေ လည်ပင်းညောင်ရေအိုး ဖြစ်မတတ် မျှော်ခဲ့ဖူးပြီ၊ တချို့အပတ်များ အစောင်ရေ မလောက်၍ မရခဲ့သည်ကိုလည်း ကြုံခဲ့ဖူးပါပြီ။ ကျနော်တို့ ငယ်ငယ်က ချင်းပြည်နယ် စသော ဝေးလံခေါင်သီ အရပ်ဒေသများအတွက် ဆယ်တန်းအောင်စာရင်းကို ရေဒီယိုမှ ကြေငြာပေးရခြင်း ကို ပြန်လည်တွေးဆကြည့်နိုင်ပါသည်။ ထို့အတူ ပုံနှိပ်စာပေများ မည်မျှ ဖြန့်ဝေနိုင်၍ လူတိုင်းလက်ထဲကို ရောက်ရှိနိုင်ဖို့ဆိုသည့် အဖြစ်ကို စိတ်ကူးမျှသာ မှန်းဆနိုင်ပါလိမ့်မည်။

စာအုပ်တစ်အုပ်ကို ၀ယ်နိုင်ဖို့ဆိုသည်မှာ သာမာန်လူတန်းစားအဖို့ အတော်လေးခဲယဉ်း ပါသည်။ ထို့ကြောင့် စာအုပ်အငှားဆိုင်များ ပေါ်ပေါက်လာခြင်းပင်။ စာအုပ်အငှားဆိုင်များမှ မိမိနှစ်သက်သော စာအုပ်များ ငှားရမ်းခြင်းဖြင့် ရသစာပေ၊သုတစာပေ လေ့လာမှုဖြစ်တည်လာနိုင်သည်။

ထို့အတူ စာရေးသူ၊ စာရေးဆရာများလည်း အလုပ်သဘောဆောင်သော စာပေရေးသားခြင်းကို လုပ်ကိုင်လာနိုင်သည်။ ပိုမိုမြင့်မားလာသောအခါ ပြည်သူ့အကျိုးပြုစာပေများအဖြစ်သတ်မှတ်ကာ စာပေဆုများချီးမြှင့်ခြင်းဖြင့် စာရေးသူ၊ စာရေးဆရာများကို ဂုဏ်ပြုခဲ့ကြသည်။

စာအုပ်တိုက်များ၊ ဖြန့်ချီရေးတိုက်များဖြင့် စာပေ စီးပွားရေး လမ်းကြောင်းတခုသည်လည်း ပီပီပြင်ပြင်စီးဆင်းလာပေသည်။ စီးပွားရေးဆိုသော ကိန်းဂဏန်းငွေကြေးများနောက်တွင် အခြားအခြားသော အရာများသည်လည်း သူ့နည်းသူ့ဟန်ဖြင့် အတူတကွပါလာကြသည်။ ထိုအခါ စာပေတွင် စီးပွားရေးဆန်သော ယဉ်ကျေးမှုတခုလည်း ထွန်းကားခဲ့သည်။ သို့တည်းမဟုတ်ပဲ အားပြိုင်မှုများ၊ အဖွဲ့အစည်းအင်အားစုများလည်း တွန်းတွန်းတိုက်တိုက် ရှိခဲ့ပါသည်။ ဝေဖန်ခြင်း ပြန်လည်ချေပခြင်းတို့လည်း ထိုက်သင့်သလျောက် ပေါက်ပေါက်မြောက်မြောက်နေရာယူခဲ့သည်။

များသောအားဖြင့် စာပေမျိုးဆက်သစ်တို့ ကျန်ရစ်ဖို့ ရှေ့ကဦးဆောင်သူတို့ ဖေးမကြသည်သာ။ စာကို စတင်ရေးသူတို့သည် များစွာသော လောကဓံကို ရင်ဆိုင်ရမည်ချည်း။ အကြိမ်ကြိမ်ပယ်ချခံရနိုင်ပါသည်။ မိမိရေးသော စာ စာမျက်နှာပေါ်တွင်ပါသောနေ့သည် ဘဝတွင် အပျော်ဆုံးနေ့ များထဲက တနေ့ဖြစ်နိုင်ပါသည်။ မည်သူမဆို အစက စရသည်ချည်းဖြစ်ပါသည်။ ပုံနှိပ်ဖော်ပြခွင့်ရဖို့သည် တည်းဖြတ်သူ အမျိုးမျိုးတို့ကို ဖြတ်ကျော်အောင်မြင်နိုင်ရမှု အပေါ် အတော်လေး အဓိကကျနေခဲ့သည်။ အောင်မြင်သော စာရေးသူတယောက် ဖြစ်ဖို့ကိုမူကား ဆိုဖွယ်ရာ မရှိပါ..

သို့သော် ယနေ့ထက်ထိ ပုံနှိပ်စာပေ ယဉ်ကျေးမှု ကျန်နေခဲ့သေးသည်။ အဘယ်ကြောင့်နည်း။ စာဖတ်သူများကြောင့် ဟု ဆိုရင် ငြင်းနိုင်မည်လော။

စာအုပ်စာပေများလွန်မြောက်ပြီး ယခုခေတ် ကွန်ပြူတာ ပညာရပ်များဖြင့် အင်မတိ အင်မတန် ဖောင်းပွနေသောခေတ်။ စာရွက်များဖြင့် ထုတ်ဝေခြင်းကို အတော်လေး ခြောက်လှန့်စေခဲ့သော ခေတ်တစ်ခုလည်း ဖြစ်နေခဲ့ပါသည်။ ယခင်က အောင်မြင်ကျော်ကြားခဲ့သော သတင်းစာများ အွန်လိုင်းမှ တဆင့် ဖော်ပြပေးဖို့ဖိအားများလာခြင်း။ သတင်းစာရောင်းအားကျဆင်းလာခြင်း စသော အချက်အလက်များ။ ပုံနှိပ်ထုတ်ဝေဖို့ ကုန်ကြမ်းများ၊ လုပ်အားများ၊ ခွင့်ပြုချက်ရယူခြင်း စသောအချက်များသည် အဓိက နေရာမှ ပါဝင်နေကြပြန်သည်။ နိုင်ငံတကာမှာ ရင်ဆိုင်တွေ့နေရသော အချက်များပင်။

တလောက ပုံနှိပ်စာပေများ ပျောက်ဆုံးတော့မည်လော ဟူသော ကိစ္စတရပ်ကို ကြားလိုက်မိသည်။ မည်သို့မျှ လက်မခံနိုင်ခဲ့။ စာဖတ်ခြင်းကို စာအုပ်ကို ကိုင်၍သာ ဖတ်ရှုလိုပါသည်။ pdf, word ဖိုင်စသော ပုံစံအမျိုးမျိုးဖြင့် ကွန်ပြူတာမှတဆင့် စာဖတ်ရခြင်းကို ဘယ်လိုမှ မနှစ်ခြိုက်နိုင်သော ကျနော်တစ်ဦးတည်း အမြင်ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိကြိုက်နှစ်သက်သလို ဝိဝါဒ ကွဲပြားနိုင်ပါသည်။

ဆက်ပါဦးမည်…

12 comments:

သက်ဝေ said...

ဖြစ်နိုင်ရင်တော့ စာအုပ်ကို လက်ကကိုင်ပြီး ဖတ်ရတာ အနှစ်သက်ဆုံးပဲ...
အကြောင်းအရာက တကယ် စိတ်ဝင်စားစရာ ကောင်းပါတယ်... မြန်မြန် ဆက်ရေးပါ...

သုခုမလေဒီ said...

စာအုပ်ကို လက်ကကိုင်ဖတ်ရတာကတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် လက်နာတဲ့အချိန်ဆို ဘောပန်တစ်ချောင်းတောင် မကိုင်နိုင်တော့ဘူး။ အဲဒီအခါကျတော့လည်း အွန်လိုင်းကနေပဲ ရှာဖွေပြီး ဖတ်ရတော့တယ်။

khin oo may said...

ရေးထားတာ ကောင်းလို့ကိုယ့်ုကိုကိုယ် အားငယ်မိတ.ယ်.မဂ္ဂဇင်းတစ်စောင်မှာဖတ်ရတဲ့ တန်ဖိုးရှိတဲ့ဆောင်းပါးတစ်ပုဒ်လိုဘဲခံစားရပါတယ်။

khin oo may said...

ကြိုးပျောက်သွားတာလား ဖိနပ်ပျောက်သွားတာလား. ကြိုးတေါ ကိုမြင်နေရတယ်မဟုတ်လား. ကြိုးပျောက်သွားရင်ရှိတဲ့တစ်ခြားဖိနပ်က ကြိုဲးနဲ့အစားထိုးလို့မရဘူးလား ကွန်မက်တွေ ပိတ်ပစ်တာမတရားဘူး. ပိုင်ရှင်ဆိုပြိးလုပ်ချင်တာ မလုပ်ပါနဲ့။

khin oo may said...

http://ywartharlay-ytu.blogspot.com/2010/07/blog-post_17.html

ကောင်းသားဘဲ. လူပါလွတ်ပလိုက်။

khin oo may said...

မုန်းတယ် မုန်းတယ်။

khin oo may said...

ဘလော့ဖတ်တယ်ဆိုတာ စိတ်အပန်းပြေချင်လို့ဖတ်တာ. ပိုစ်တင်တာနဲ့ပြေးဖတ်ရမယ်လို့ဘယ်သူက မှ ဥပဒေမထုတ်ထားဘူး. ပိုစ်တင်တဲ့နေ့မှာ လာဖတ်တဲ့သူကအားချင်မှ အားမယ်.မအားချင်လဲမအားဘူး အကြောင်းအမျုါိမျိုးကြောင့်ရှိမယ်။တစ်ခါတစ်လေလာဖတ်သွားပေမဲ့ ကွန်မက်ရေးဘို့အိုင်ဒီယာမရတာရယ် ရေးလို့မရတာရယ်။အကြောင်းမျိုးကြောင့်မရေးဖြစ်တာရှိမယ်။ ငါပိုစ်တင်တဲ့နေ့မှာမဖတ်လို့ နောက်နေ့မှ လာဖတ်တဲ့သူကိုကွန်မက်ပိတ်ပစ်တာ စာဖတ်သူကို စော်ကားတာဘဲ။
ချစ်ခင်လို့လာဖတ်တယ်။ဖတ်ချင်လို့လာဖတ်ယ်။ အားတဲ့အချိန်အားလုံးစုဖတ်တယ်။ ရေးချင်ရေးမယ် မရေးချင်မရေးဘူး. လွတ်လပ်ခွင့်ပေးရမယ်။ ဘလော့ရေးတဲ့သူဟာ အရေထူရမယ်။ ပရိသတ်ကိုလေးစားရမယ်။ ငါ့သဘောငါါဆောင်လို့မဖြစ်ဘူး. အတော်ဒေါသထွက်တယ် တစ်ကယ်။

ဂျစ်တူး ( မုံရွာ ) said...

ရွာသားလေးရေ--
ကျန်းမာပါစေမင်္ဂလာပါဗျာ-
ရွာသားလေးနဲ့ လက်မခံနိုင်တာခြင်းတူတယ်ဗျ-
စာဖတ်ရခြင်းကိုစာအုပ်ကိုကိုင်၍သာဖတ်ရှုချင်ပါတယ်-
မျက်လုံးလည်းစူးရှခြင်းကိုသက်သာတယ်။ သစ်ပင်အေး
အေးလေးအောက်မှာ ကုလားထိုင်ကလေးနဲ့ သွားဖတ်လို့လည်းရတယ်။ လက်ဘက်သုတ်ကလေးနဲ့ ရေနွေးကြမ်းကလေးတောင်ပါလိုက်အုံး-ဇိမ်ဘဲလေဗျာ-
အခုကတော့အခန်းထဲမှာဘဲစာဖတ်တော့ဘယ်မှာသွားပြီးလေကောင်းလေသန့်ရနိုင်တော့မှာလည်းဗျ-
အခန်းထဲမဖတ်ချင်လို့အပြင်ထွက်တော့
လည်းကွန်မြူတာစာအုပ်ကအားမရှိရင်မရပြန်ဘူး-
စိတ်ညစ်တယ်ဟ-တကယ်ဘဲ

Moe Cho Thinn said...

ပုံနှိပ်စာပေ က ရှင်သန်နေအုံးမှာပါ။ မြန်မာပြည်မှာတော့ ပိုလို့တောင် အသုံးဝင်နေမှာပါ။ ရန်ကုန်မှာတောင် လူတိုင်း အင်တာနက် မသုံးနိုင်သေးဘူး ထင်တယ်၊ နယ်ဆို ပိုဆိုးတော့မပေါ့။ အင်တာနက် ပုံမှန် သုံးဖို့ မီး ကအစ မှန်မှန်လာဖို့ လိုအုံးမှာ..။
နောက်ပြီး စာအုပ်ကို ၀ယ်သိမ်းရတာ၊ စာအုပ်ကိုင်ဖတ်ရတာ အဲဒီအရသာ ဘယ်ဟာနဲ့မှ မလဲနိုင်သေးသရွေ့ e book တွေ ရှိလဲ ပုံနှိပ်စာပေဆိုတာ တိမ်ကောမယ် မထင်မိဘူး။

ဒါနဲ့ မမကို စိတ်ဆိုးအောင် ဘာများလုပ်လိုက်သလဲ။ ဒီလောက်သဘောကောင်းတဲ့လူက မုန်းတယ် ဆိုပါလား။ :)

Unknown said...

စာအုပ်ကို ကိုင်ဖတ်ရတာ သဘောကျပါတယ်
ဒါပေမယ့် Blog မှာ စာကောင်းတွေ ကို ဖတ်ရတာကိုလဲ သဘောကျတယ်

စာအုပ်ခေတ် ကုန်တော့ မယ်ဆိုတာ စီးပွားရေးအရ တွက်ခြေမကိုက်တော့ လို့ဆက်မထုတ်နိုင်တော့တာတွေ ပါမယ်ထင်ပါတယ်
စာပေမြင့်မှ လူမျိုးတင့်မည်ဆိုတဲ့ စကားအရဆိုရင်တော့ စိုးရိမ်စရာ တခုပဲ လို့ ထင်ပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

စာအုပ်ကို ပိုနှစ်သက်တဲ့ သူတွေထဲမှာ ကျွန်မလဲ ပါပါတယ်..
PDF ဖိုင်အရှည်ကြီးတွေဖတ်ရတာ ဘယ်လိုမှ စိတ်ထဲ ခံစားလို့မရဘူး...
အိပ်ရာလေးပေါ်လဲပြီး စာအုပ်ဖတ်နေရတာ ဘာနဲ့မှ မလဲနိုင်...

ဇွန်မိုးစက် said...

တို့လည်း ရွာသားနဲ့ တသဘောတည်းပဲ။ စာအုပ်ကို ကိုင်ဖတ်မှ အားရတယ်။ မျက်စိသိပ်မကောင်းတာကြောင့်လည်း ebook ကို မဖတ်နိုင်တော့ တော်တော်များများ မဖတ်ဖြစ်တော့ဘူး။
အစ်မချိုသင်းပြောသွားသလို ပုံနှိပ်စာပေတွေကတော့ မြန်မာနိုင်ငံမှာ တိမ်ကောသွားလိမ့်မယ် မထင်ဘူး။

အပိုင်း ၂ ဆက်ဖတ်လိုက်ဦးမယ်။