08 July 2010

ပုံပြင်နှင့် ချစ်ကျွမ်းဝင်မိသူ

အစ်မ မသက်ဝေ တဂ်၍ ရေးရပါသည်………………..အသွားစေခိုင်းသူ အစ်မ မသက်ဝေ လေးပစ်သူ ကျနော်မောင်ရွာသားပါခင်ဗျာ.အစ်မ မသက်ဝေ ကျေနပ်ပျော်ရွှင်နိုင်ပါစေ..

ဗေဒင်ကို ကျနော် ယုံကြည်လေ့မရှိပါဘူး။ ဒါပေမယ့် ကျနော့ ဘေးနားမှာ ယုံကြည်တဲ့သူ ရှိပါတယ်။ အခန့်မသင့်သည်လား သင့်သည်လား မသေချာပေမယ့် ကျနော့လက်နှစ်ဖက်ကို အဲ့ဒီ အမျိုးသမီးရှေ့မှာ ပြခဲ့မိတယ်။ တခဏအတွင်း နောက်တပတ်မှာ နိုင်ငံရပ်ခြားထွက်ရမယ် အစချီတဲ့ စကားကြားတော့ မျက်ခုံးပင့်မိပြန်ရော…သူဆက်ပြောတဲ့စကားတွေအပြီးမှာ မေးစရာရှိလားဆိုတော့ ကျနော်က ခေါင်းယမ်းပြတယ်။ အတူသွားတဲ့သူငယ်ချင်းက ကျနော့ကိုနောက်ချင်တာမို့ ဒီကောင်လူပျိုကြီးဖြစ်မှာ မဟုတ်လားဆိုတော့ အဲ့ဒီအမျိုးသမီးက ခေါင်းယမ်းခဲ့တယ်။ ဟုတ်တယ် ကျနော်လူပျိုကြီး မဖြစ်နိုင်ပါဘူး ကျနော် ပုံပြင်နဲ့ ချစ်ကျွမ်းဝင်နေမိခဲ့တာ ဘ၀တစ်ခုစာ ကြာခဲ့ပြီလေ…

မှတ်မှတ်ထင်ထင်က အိပ်ပျော်နေတဲ့ မင်းသမီးလေး။ မင်းသမီးလေးရဲ့ မွေးနေ့ပွဲကို အဖိတ်မခံရတဲ့ နတ်ဆိုးမကြီးရဲ့ ကျိန်စာ..အရွယ်ရောက်လို့ အပ်ထိုးမိရင် ထာဝရအိပ်ပျော်သွားပါစေတဲ့။ တတိုင်းပြည်လုံး အပ်ဆိုတာ မသုံးရအောင် အမိန့်ထုတ်ထားပါလျက် အမှုမဲ့အမှတ်မဲ့ဖွက်ထားမိတဲ့ အပ်တချောင်းကြောင့် မင်းသမီးလေး အိပ်ပျော်သွားခဲ့တာ။ သူမနဲ့အတူ တတိုင်းပြည်လုံး အိပ်ပျော်သွားခဲ့တာ ယနေ့ထက်ထိ။ ကျနော်သူမကို သွားနှိုးရဦးမယ်။ ကျနော့အနမ်းကို ရရင် သူမနိုးထလာမယ်။ ဒါပေမယ့် ကျနော်က Sherk တော့ မဟုတ်ဖူးနော်……ကျနော်က Sherk လောက်မလှလို့ပါ..

နောက်ထပ်မင်းသမီးလေးကတော့ လူတွေ သိပ်မသိနိုင်သေးတဲ့ မင်းသမီးလေးပါ။ နန်းကျဘုရင် တပါးရဲ့ သမီးတော်လေးပေါ့။ သူမတိုင်းပြည်ကနေ ထွက်လာတော့ သူမမှာ အလှဆုံးဝတ်စုံ သုံးစုံပါလာခဲ့ပါတယ်။ သူဆင်းရဲမဟန်ဆောင်ထားတဲ့ မင်းသမီးလေး ရဲ့ လက်စွမ်းပြ ဟင်းလက်ရာတွေရယ် သိပ်လှတဲ့ ရွှေရောင် ငွေရောင် မိုးပြာရောင် ၀တ်စုံသုံးစုံရယ်။ မင်းသမီးလေးက သိပ်ရဲရင့်တည်ကြည်ပြီး စိတ်သဘောထားလဲ ဖြောင့်မတ်တယ်။ အင်း ဒါကြောင့် ချစ်ရတာပါလေ။

မနှင်းဖြူလေးကိုလည်း မေ့ထားလို့မဖြစ်ပြန်ဘူး။ ရုပ်ဆိုးဆိုး ဘုရင်မကြီးလက်က လွတ်အောင် ရှောင်ပုန်းနေရတဲ့ သူလေး။ လူပုလေးတွေ လက်ထဲက ပြန်သွားခေါ်ရဦးမယ်။ ဟိုရုပ်ဆိုးမကြီး ပန်းသီးမကျွေးခင် အချိန်မှီ ကျနော် ရောက်ပါ့မလား။

သန်းခေါင်ယံမတိုင်ခင် ကပွဲသဘင်ထဲက ပျောက်ပျောက်သွားတဲ့ စင်ဒရဲလားလေးကော။ ရွှေဖရုံသီးလှည်းကြီး သူနဲ့ တူတူစီးမယ်လို့ ကြံစည်ထားခဲ့တာ။ ကျနော့ဆီ ချန်ထားရစ်ခဲ့တဲ့ ဖန်ဖိနပ်လေး တရံနဲ့ ကျနော့မှာတော့ အခုထိ ချာချာကိုလည်လို့..သူ့ကိုတော့ သနားချစ်နဲ့ ချစ်မိပြန်ရော..

ကျနော့အတွက် ကိုယ်ခန္ဓာပေါ်က အတောင်လေးတွေ နှုတ်ပြီး ရက်ကန်းရက်ပေးတဲ့ ကြိုးကြာမလေးကော။ သူ့ရဲ့လျှို့ဝှက်ချက်တွေ တွေ့သွားခဲ့လို့ ကျနော့ဆီကနေ ထွက်သွားခဲ့တာ နှစ်တွေ ချီကြာနေခဲ့ပြီ။ ပြန်လာခဲ့ပါတော့ ကြိုးကြာမလေးရေ..

ဝါးပင်တွေထဲမှာ မွေးဖွားခဲ့တဲ့ လစန္ဒာ မင်းသမီးလေးရေ။ သူပေးခဲ့တဲ့ မသေဆေးတွေကို ဖူဂျီယာမာတောင်မှာ မီးရှို့ခဲ့တာ သိမှ သိပါလေစ။ ဒီတခေါက် လကမ္ဘာပေါ်ကို သွားမယ့် ယာဉ်နဲ့ သူ့ဆီကို မဖြစ်ဖြစ်အောင် အရောက်လာမယ်ဆိုတာ ပြောချင်မိပြန်တယ်။

သစ္စာတရားကြီးမားတယ်ဆိုတဲ့ အင်းတော်ကြီးအိုင်က ရှမ်းမင်းသမီးလေးလည်း မကျန်ရစ်စေချင်ဘူး။ သစ္စာတရားအတွက် ကျိန်စာတွေ ဆိုခဲ့တဲ့ သူပေါ့..

ကျနော့မှာ ကျန်နေပါသေးတယ်..ဒါပေမယ့် စာမေးပွဲဖြေဆိုချိန်စေ့သွားတာမို့ ပုဒ်မနှစ်ချောင်းချခဲ့လိုက်ပါတယ်။ အထက်မှာ မပါသူတွေကို ကျနော့နှလုံးသားထဲမှာ လာရောက်ကြည့်ရှုနိုင်ပါတယ်။ ကျနော်နဲ့ တူမတူကိုတော့ စာဖတ်သူတွေပဲ ချိန်ထိုးကြည့်ကြပါတော့ဗျာ...

စိတ်နဲ့ကိုယ်နဲ့ မကပ်လို့ သူရူးတယောက်လို့ ကျနော့ကို ပြောချင်ပြောနိုင်ပါတယ်။ ကျနော်က ကျိန်စာသင့်နေတဲ့သူတယောက် ပြီးတော့ ပုံပြင်နဲ့ ချစ်ကျွမ်းဝင်နေတဲ့သူတယောက်ဖြစ်နေတာမို့ ဘာဆို ဘာကိုမှ ကျနော် မငြင်းရဲတော့ပါဘူးလေ…………………


ဒီစာရေးဖို့ အတွေးလေးပေးတဲ့ သီချင်းလေးပါ။ သီချင်းကို လွန်ခဲ့တဲ့ တနှစ်လောက်က အစ်မတယောက် မျှဝေခဲ့တာပါ။ အဲ့ဒီအစ်မကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ခင်ဗျာ..



Fairy Tale
Years ago, when I was younger
I kinda liked a girl I knew
She was mine and we were sweethearts
That was then but then it's true

(Chorus)

I'm in love with a fairytale, even though it hurts
'Cause I don't care if I loose my mind
I'm already cursed

Every day we start a fighting
Every night we fell in love
No one else could make me sadder
But no one else could lift me high above

I don't know, what I was doing
When suddenly, we fell apart
Now a days, I cannot find her
But when I do, we'll get a brand new start

(Chorus)

I'm in love with a fairytale, even though it hurts
'Cause I don't care, if I loose my mind
I'm already cursed

She's a fairytale yeah even though it hurts
'Cause I don't care, if I loose my mind
I'm already cursed

19 comments:

:P said...

အစွယ်ကိုလိုသူက ဘယ်သူတုံး..

Sein Lyan Tun said...

ဘာ ဘာ ဘာ မှ မသိဘူး..


အိုင်သိတာက ဘယ်ပုံပြင်မဆို မင်းသားက မင်းသမီးကို နမ်းလိုက်ရင် ကျိန်စာပျယ်သွားတယ်လေ..


ဒါကြောင့် မင်းသားကြီး ဝိုင်တီယူက မင်းသမီးလို့ ယူဆသမျှကို လိုက်နမ်းပေတော့...


နေမဝင်ခင်နော်...

Maung Myo said...

Tag တဲ့ပို့စ်နဲ့ ဆိုလိုရင်းလွဲနေသလားလို့း) ဒီလိုပဲ ပညာရှိတွေတာ ဖုံးလားဖိလားနဲ့ ဟဲဟဲ

:P said...

ကြောင်မျိုးပြောတာ
(ထောက်ခံပါတယ်)၃

ဇွန်မိုးစက် said...

မရှိချင်ယောင်ဆောင်နေတာများ မသိဘူးမှတ်လို့... ဟွန်းးးး :P

သက်ဝေ said...

ရေးပေးတာ ကျေးဇူးတင် ချစ်ခင်သည်။

စာရေးကောင်းသောသူများ၏ ထုံးစံအတိုင်း တည့် မရေးပဲ သွယ်ဝိုက်ကာ ဖွဲ့နွဲ့ရေးသားသွားသဖြင့် အရာရာကို နားဝေးပြီး အကောင်ပြမှ အရိပ်ထင်တတ်သော ကျွန်ုပ်အတွက် နားမလည် တချက် လည်တချက်နှင့် လည်လည်ထွက်နေသည်...။

တက်ဂ်ထားသော ခေါင်းစဉ်နှင့် ဆိုလိုရင်း အနည်းငယ် လွဲချော်နေသည်ဟု ယူဆမိသော်လည်း ဖတ်လို့ကောင်းသော ပိုစ့် တခုဖြစ်သည်။ "နဲနဲလေးတော့ လွဲနေတယ်... လွဲလွဲလေးပဲ ကောင်းပါတယ်..." သီချင်းကို ဆိုသွားသည်။

ကျန်တာတော့ မမခင်ဦးမေ ဆက်ပြောရန် ချန်ထားလိုက်သည်...။ မကြာခင် မမ ရောက်လာပါလိမ့်မည်...။

linn said...

အင်း ... လွဲသလိုလိုလို့ ထင်ရပေမဲ့ မလွဲပါ ...
ဒါမှ ရေးဟန်အမှန် ပါ ...
ကိုယ့်အတွေးနဲ့ ကိုယ် ကယ်လ်စီယမ်ကွေကာ သောက်ကြသည် ဆိုတဲ့ ကြော်ငြာလိုပဲ ...
ခင်မင်စွာဖြင့်
လင်း

တန်ခူး said...

ပုံပြင်ထဲက မင်းသမီးလေးတွေကို ပေါင်းစုထားမယ့် အပြင်ကမင်းသမီးလေးက အတော်ချစ်စရာကောင်းမှာပဲနော်...

ThuHninSee said...

ရှု့ပ်နေတာပါပဲအေ။ ရှင်းရှင်းရေးပါလား။ မတူဘူး တူတယ်ပေါ့။ မရှိရင်လဲ မရှိဘူးပေါ့။ ဟွန်း

Moe Cho Thinn said...

ဟ.. တယ်များပါလား။ ပုံပြင်ထဲက မင်းသမီးတိုင်း သူ့ရည်းစား ဖြစ်နေပါလားးး :D
(ပုံကဖြင့် ရိုးပုံရိုးပမ်း နဲ့..)

Unknown said...

ဟိုးရှေးရှေးတုန်းက ရွာသားလေးတယောက်ဟာ ပုံပြင်ထဲက မင်းသမီးလေး ကို တွေ့ အောင် ရှာဖို့  Camera တလုံး နဲ့  ခရီးထွက်ခဲ့တယ်

ရဲထိုက်ထဲမှာ မင်းသမီးလေး အိပ်ပျော်နေလေမလားလို့  East Coast ဖက်ကို သွားကြည့်ပေမယ့် Sand Castle တွေနားမှာ မတွေ့ ခဲ့ရဘူး
ဒီလိုနဲ့ West Coast , Marina Sands , Marina Barrage နေရာစုံအောင် သွားပေမယ့် ပျောက်သောသူရှာရင်တွေ့ ဆိုတဲ့စကားဟာ မှားယွင်းနေတယ်ဆိုတာအခုမှ သိလိုက်ရတယ်

ပုဂံမြို့ ဟောင်းတနေရာမှာ သူရှိနေလေမလားလို့  ပုဂံကို ရောက်ခဲ့ပေမယ့် သူ့ ကို မတွေ့ ခဲ့ရဘူး

သူဟာ အိပ်ပျော်နေတဲ့ ပုံပြင်ထဲက မင်းသမီးလေး
သူဟာ ကျိန်စာတိုက်ခံထားရတဲ့ ကိုယ့်ကိုရှောင်ဖယ်နေတဲ့ မိန်းကလေး
သူဟာ ကိုယ့်အိမ်မက်ထဲမှာပဲ အမြဲရောက်လာတဲ့မိန်းကလေး ......

(မယုံရင် ပုံပြင် မှတ်ပါ )

ကောင်းကင်ပြာ said...

လုပ်ကြံခံရတာပါ.....

Mirror said...

စွံ တယ်...ကွာ..တို့ အကိုက :D

မေလေး said...

မသောက်ဘဲမူးတွားဒယ်

ဖိုးသင်္ကြန် said...

(ဟိုပုဏ္ဏားတွေလို ကိုင်ချင်ရာကိုင်ပြီး ထင်ချင်ရာသာ ထင်လိုက်တော့မယ်ဗျာ)

ဖိုးသင်္ကြန် said...
This comment has been removed by the author.
pandora said...

မင်းသမီးလေးက အိပ်ချင်ယောင်ဆောင်နေတာများလားး)

သစ်သစ် said...

ဟုတ်ပေဟုတ်ရဲ့ လာဖတ်တာ ဘာမှကိုနားမလည်ဘူး...ကတောက်

Sonata Cantata said...

ပုံပြင် ဆိုတော့လည်း စိတ်ကူးယဉ် ဆန်ပေမပေါ့
လက်တွေ့မှာ စိတ်ကူးထက်ဆန်းကြယ်တာတွေလည်း ဖြစ်တတ်ပြန်ပါသေးတယ်...

ချစ်တတ်တဲ့ အသည်း ရွာသားလေးမှာ ရှိတယ် လို့ ကြော်ငြာ ၀င်ပေးသွားပါတယ်