ဘလော့မှာက စာအုပ်တွေနဲ့ မတူကြဘူး။
စာအုပ်တွေမှာ စာရေးသူကို တခုခု ပြောချင် မေးချင်ပင်မယ့် မေးဖို့ မလွယ်ခဲ့ဘူး။ ပြီးတော့ စာအုပ်ကိုဝယ်ဖို့မလွယ်တာမို့ အပြန်ပြန်အလှန်လှန်ဖတ်နိုင်တယ်ဆိုရင်တောင် ဘယ်လောက်ဖတ်နိုင်မှာတဲ့လဲ။ စာရေးသူနဲ့ စာဖတ်သူကြားမှာ တံတိုင်းတွေ အတားအဆီးတွေ အများကြီး။
ဘလော့မှာတော့ သိပ်ကိုမြန်တယ်။ တင်ထားတဲ့ စာကို မကျေမညက်မခြင်း ဖတ်နေလို့ရတယ်။ ပြီးတော့ စာဖတ်သူရဲ့ ထင်မြင်ချက်တွေကို တမုဟုတ်ချင်း ပြောချလိုက်နိုင်တယ်။ အဲ့ဒီအတွက် ကောင်းတာတွေ ရှိသလို မကောင်းတာတွေ လည်း ရှိခဲ့တယ် အရာအရာတိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲလေ့ရှိတာကိုး။
ပြီးတော့ ဘလော့တွေက အတားအဆီးမဲ့စီးဆင်းတယ်။ Publish ဆိုတဲ့ ခလုတ်လေး တစ်ချက်နှိပ်လိုက် အင်တာနက်ရှိတဲ့ နေရာအရပ်မရွေး ရောက်ဖို့လွယ်ကူတယ်။ စာအုပ်တွေလို ဖြန့်ချီဖို့၊ ငှားရမ်းဖို့၊ ဝယ်ယူဖို့ စတဲ့ ခက်ခဲလေးလံတဲ့ ခေါင်းစဉ်တွေကို ဖျောက်ပစ်ခဲ့နိုင်တယ်။
တည်းဖြတ်သူမဲ့တယ် ဆိုတော့ တချို့စာတွေက စာရေးသူအပေါ်မှာ တာဝန်လုံးလုံးကျနေတော့တာ။ ကျနော်လို စာအသေအချာ မရေးတတ်တဲ့ စာရေးသူ ဆိုလိုတဲ့ အကြောင်းအရာကို စာဖတ်တဲ့သူက ဒီအတိုင်း ရချင်မှ ရတာမျိုးပါ။ ဖောက်ထွက်တွေးတတ်ကြတဲ့ စာရေးသူအများအပြားရှိပါတယ်။ ပြီးတော့ စာမရေးချင်လို့သာမရေးကြပေမယ့် ကျနော်လို စာရေးသူထက် စာဖတ်နာတဲ့၊ အတွေး အမြင် ပိုကောင်းသူတွေ အများကြီးလေ။ စာရေးသူကို ချက်နဲ့လက်နဲ့ စိတ်ရှည်လက်ရှည် ထောက်ပြတဲ့ စာဖတ်သူတယောက်လည်း တွေ့ခဲ့ဖူးတယ်။ စာရေးသူက မိမိရေးတဲ့ စာမှာ တာဝန်ရှိတယ်လို့ ဆိုပေမယ့် လက်သင့်မခံသူတွေလည်း ရှိနေပြန်ပါတယ်။
နောက်ပိုင်း ဘလော့ရေးတဲ့သူတွေများလာတာနဲ့အမျှ ဘလော့ရေးသူတွေလည်း ပုံစံအမျိုးမျိုးပေါ့။ ကျော်ကြားအောင်ရေးနေတဲ့သူ၊ ဘလော့ကိုအရှေ့မှာ ချပြီး နောက်ကွယ်မှာ ကျီးအာသီးလုပ်နေတဲ့သူ၊ ဖော်ဝပ်မေးလ်ကရတယ်ဆိုပြီး သူတပါးရေးထားတဲ့စာကို လွယ်လင့်တကူ ဘလော့မှာ ဖော်ပြတတ်တဲ့သူ၊ ဘာမှ မသိပေမယ့် ခေတ်မှီအောင် ဘလော့တစ်ခုလုပ်လိုက်တယ်ဆိုတဲ့သူ တွေ များသည်ထက်များလာ။ ဘလော့ရေစီးကြောင်းဆိုတာ ဘယ်လိုနည်းနဲ့ စီးနေမှာလဲ…သိပ်အတွေးမခေါင်ပါနဲ့ သူ့ရေစီးအတိုင်း စီးနေကြမှာပါလို့ ကိုယ့်ဖာသာ ကိုယ်နှစ်သိမ့်လိုက်ပါတယ်။
ပြီးတော့ ကျနော်။ Response မြန်ပါတယ်။ ကော့မန့်တခုကို ချက်ချင်းတုန့်ပြန်တတ်တဲ့အကျင့်။ စာမှာ စကားပြောတဲ့အသံလို ခွဲခြမ်းစိတ်ဖြာလို့ မရဘူးဆိုတာကို ကျနော်မေ့လျော့နေတတ်ပါတယ်။ ဗျာ လို့ အသံတိုးတိုးထူးတာနဲ့ ဗျာ လို့ အသံဆောင့်ထူးလိုက်တာ ကြားရင် တဖက်လူက ဝေခွဲဆုံးဖြတ်နိုင်တယ်။ ကျနော် ပြန်ပြောဖြစ်တဲ့စကားအချို့က ဒေါသသံဖြစ်စေသလား ကျနော်မသိပါဘူး။ ရေးရိုးရေးစဉ် တွေးရိုးတွေးစဉ်အတိုင်း ကျနော်ရေးခဲ့မိပေမယ့် တဖက်လူတွေကို ဒေါသသင့်စေခဲ့ပါတယ်။
စာတွေကို ဖတ်ရင်လည်း ခေါင်းထဲဝင်အောင်ဖတ်ဖို့ကြိုးစားတယ်။ ကျနော်ဖတ်တဲ့စာတွေ ကျနော်ကြိုက်တဲ့စာတွေဆို အလွတ်ရမိသည်အထိ။ တခြားစာရေးသူတွေရဲ့ စီပုံးတွေမှာ စာလာဖတ်တယ်ဆိုတဲ့ စကားလုံးကို မချမိသလောက်ပါပဲ။ စာရေးတာကြိုက်လို့ အဟောင်းတွေလှန်ဖတ်ချင်တယ်လို့ စိတ်ရှိပင်မယ့် မရောက်ဖြစ်ပြန်ဘူး။ ကျနော့ဘလော့မှာလည်း စာတွေကုန်အောင်ဖတ်မယ်လို့ ကြုံးဝါးသူ သုံးယောက်ရှိခဲ့ဖူးပါတယ်။ အခုတော့ သုံးယောက်လုံး လက်လျှော့သွားလောက်ပါပြီ။ ပေးတဲ့အချိန်နဲ့ ထိုက်တန်အောင် ရေးထားတဲ့ စာမရှိတာကြောင့် ကျနော့အနေနဲ့ အားနာနေရတာလည်း မရှိတော့တာမို့ဝမ်းသာမိပါတယ်။
ဘလော့ကနေ လုပ်မိတာက Social အလုပ်ကလေးတွေပါ။ အတန်းထဲမှာ ထိုင်ရင် နောက်ဆုံးတန်းမှာ ချောင်ကပ်ထိုင်ဖို့ ကြိုးစားတတ်သူက Social အလုပ်တွေ လုပ်တယ်ဆိုရင် သူငယ်ချင်းတွေက ယုံကြမှာမဟုတ်ပါဘူး။ မြန်မြန်စီးဆင်းတဲ့ ဘလော့ကနေ အင်ဖော်မေးရှင်းတွေ မြန်မြန်ရောက်လွယ် စိမ့်ဝင်လွယ်တာမို့ တော်တော်လေးထဲထဲ ဝင်ဝင်လုပ်လိုက်မိပါတယ်။ အဲ့ဒီအတွက် လူအစုံအလင်နဲ့ ရုံတင်ပြဖို့ကောင်းတဲ့ ရုပ်ရှင်တွေ အများကြီးဖြစ်သွားခဲ့ပါရောလား။
တစ်ယောက်နဲ့ တစ်ယောက် မမြင်ရပဲဆက်သွယ်လို့ ရနေတဲ့ ဒီဘလော့ရပ်ဝန်းမှာ အစုလိုက်အပြုံလိုက် ၀ိုင်းပြီး ထိုးနှက်ကြတာ၊ ဝေဖန်ကြတာ၊ ဆဲဆိုကြတာတွေတော့ ကျနော့်စိတ်အရင်းအတိုင်း အလိုအရ ကန့်ကွက်လိုပါတယ်။ မကျေနပ်ရင် မကျေနပ်ကြောင်း ပြလို့ရပေမယ့် လူမြင်ကွင်း (အသက်အရွယ် မပြည့်သေးတဲ့ စာဖတ်သူတွေ ဖတ်နေတယ်ဆိုတာကို တွေးမိလို့ပါ) မှာ မောင်နဲ့နှမ၊ သားနဲ့အမိ မကြားဝံ့မနာသာတွေ ရေးပြနေတာတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အဲ့လိုစကားလုံးတွေကို နှစ်ယောက်တည်းသိနိုင်မြင်နိုင်တဲ့ နေရာမှာပဲ သုံးသင့်တယ်လို့ ယူဆမိတယ်။ ကျနော့နာမည်တပ်ပြီး ရေးထားတဲ့ပို့စ်လေးတွေလည်း ဖတ်လို့တော့ ကောင်းသားပါပဲ။ ယုတ္တိယုတ္တာရှိမရှိကိုတော့ စာဖတ်သူတွေကပဲ သုံးသပ်သွားကြပါစေတော့။ ကျနော်ကတော့ ကျနော် အတိုင်းပဲ ရှိနေမှာပါပဲ……….
ဆက်ပါဦးမည်.
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
14 comments:
So nice...
Two thumbs up...
ဗိုလ်နေမြဲ ကျားနေမြဲပဲပေါ့ အာကိုတောသားရေ ။
ပုံ /
ကျီးအာသီး
;)
one thumb..
ဘာဖြစ်လို့လဲဆိုောတာ့ပျင်းတတ်လို့။ လက်နစ်ချောင်းသုံးရမှာ..
ကျနော့်နာမည်တတ်ပြီးရေးထားတဲ့.ပိုစ်ကလေးတွေ ဖတ်လို့ကောင်းတယ်ဆိုရင် ဆက်တက်လာရင်အခက်....
ရွာသား "ရေးသားတာကတော့ကောင်းပါတယ် ဒါပေမဲ့ အစွန်းမလွတ်တာများတယ် ပြင်နိုင်ရင်တော့ကောင်းမယ်လို့ထင်ပါတယ် အစွန်းဆိုရာမှာ မရည်ရွယ်သော်လည်း ပါသယောင်ယောင်မို့ပါ
blogger မောင်မိုးစီဘောက်မှာတွေ့ခဲ့တာ ရွာသားလေးလား။ "
သေသေချာချာအသေးစိတ်ကို ရေးတာပါပဲလား
ကိုယ့်တုန်းကရောဆိုပြီး တွေးနေမိပြီ
ရေးလိုက်ရကောင်းမလားး))
ကွဲပြားတဲ့ အမြင် comments တွေဟာ စာရေးသူရဲ့  စာကို ပိုနားလည်စေပါတယ်။
Different Points of view ပေါ့
အမြင်ကွဲတာထက် ပိုမိုပြီး ရန်ဖြစ်တဲ့ အဆင့်ကို comments ကရောက်သွား တာကတော့ တကယ့်ကို ဖတ်လို့  မကောင်းတာ အမှန်ပါပဲ
ဟုတ်တယ် tag ပို့သဘွယ်ခံစားရတယ်။ သူကလဲမခိုင်းဘဲနဲ့ ရေးချင်သလိုလိုဖြစ်လာတယ်။ ကိုယ်တွေ ရေးလိုက်ရင် တစ်ပိုဒ်နဲ့ပြီးတယ်။ သူကတော့ဖွဲ့နွဲ့နေလိုက်တာ. နစ်ပေါက်တော့မယ်။
ဆက်တော့ရေးပါဦးနော်.တော်ကြာနေ ပြိးပါပြီ ဆိုပြီးတက်လာဦးမယ်။ အထိက မခံပါဘိနဲ့။ ခြင်နားလို့တောင်မရဘူး။
ကောင်းတာရော မကောင်းတာပါ ရောထွေးနေတာမျိုးပါပဲလေ..။
ကောင်းတာက ကိုယ်ဝါသနာပါတဲ့ စာလေးတွေ ရေးနေရတာ ကြည်နူးမိတာ၊ မိတ်ဆွေသစ်တွေ တိုးတာ၊ လွတ်လပ်စွာ ရေးခွင့်နဲ့အတူ တာဝန်ယူမှုပါ ပူးတွဲ လက်ခံရတာ၊ မတူတဲ့အမြင်တွေကနေ တခြားဖက် ထောင့်ကို နားလည်စာနာပေးနိုင်တာ..။
မကောင်းတာက ဘရိတ် မအုပ်တတ်ရင် အချိန် ကုန်တာ၊ လွတ်လပ်မှုကို အကြောင်းပြပြီး ရိုင်းပျတာတွေကြောင့် စိတ်ညစ်ရတတ်တာ၊ သူများအနုပညာကို စည်းကမ်းမထားဘဲ အလွယ်တကူ ခိုးယူ သုံးစွဲတာမျိုးပေါ့။
ခြုံပြောရရင်တော့ ကျေနပ်စရာက ပိုများနေခဲ့ပါတယ်။ အလွန်အကျွံ မဟုတ်ရင် အကောင်းဆုံးပဲ။
ဖတ်လို့ကောင်းလို့ ဒီပို့စ်ကို သေချာဖတ်ပြီး ကွန်မန့်လဲ သေချာပေးခဲ့တယ်...အကြောင်းအရာက စိတ်ဝင်စားဖို့ကောင်းတယ်...
မမကွန်ပြောသလို တက်ပို့စ်ဖြစ်သွားရင် ပူးတေလဲပါချင်တယ်နော်....
ငယ်ငယ်တုန်းက ပြောသလို ပါလေရာ ငပိချက်လို့တော့ မပြောပါနဲ့ဗျို့..
:)
ဒီဆောင်းပါးကို စောင့်ဖတ်နေပါ၏ ကိုရွာသား..။
အစ်မpif
မဇွန်က စာရေးဝါသနာအခံလေးကြောင့် ဘလော့လုပ်ဖြစ်ခဲ့တာပဲ။ သူများဘလော့ဂ်လုပ်လို့ ကိုယ်လိုက်လုပ်တာမျိုး မဟုတ်ခဲ့တာ သေချာတယ်။
ဒါနဲ့ ရွာသားရေးထားတာဖတ်ပြီး ဘာလို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိနေပါလိမ့်။
စာလာဖတ်ဖြစ်နေပေမယ့် ကွန်မန့်မရေးဖြစ်ခဲ့ဘူး။ ဒီပို့စ်မှာတော့ ပြောချင်တာလေးရှိုလို့ပြောသွားဦးမယ်။ စာတွေကုန်အောင်ဖတ်မယ်လို့ ကြုံးဝါးသူ သုံးယောက်ထဲမှာ ဝေလေးကိုထည့်ရေထားလား မထားလား မသိပေမယ့် တစ်ခါတုံးကပြောဖူးတာ သတိရပါသေးတယ်။ လက်လည်းမလျော့ပါဘူး။ တစ်ကယ်ကို ကုန်အောင်ဖတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဟိုတစ်လော ဘလော့ပိတ်တုန်းကတောင်မှ စာတွေတောင် ကုန်အောင်မဖတ်ရသေးဘူးဆိုပြီး နှမြောမိသေးတယ်။ ဆက်မရေးချင်နေပါ။ ဘလော့ကိုတော့ မပိတ်လိုက်ပါနဲ့။ ဖတ်စရာတွေ ကျန်နေသေးလို့ပါ။
သြော်.. မေ့သွားလို့။ ကတိပေးထားလို့ ကတိမပျက်စေချင်လို့ စာတွေအကုန်လာဖတ်မယ် ပြောတယ်မထင်ပါနဲ့။ မဖတ်ချင်ရင် ရိုက်ဖတ်ခိုင်းတောင် မဖတ်ပါဘူး။ အားနာပြီး လာတားနေမှာစိုးလို့ ပြောတာပါ။ :)
Post a Comment