09 July 2010

ကက်ဆက်နဲ့ကျနော်

သီချင်းတွေကို ကျနော်ကြိုက်ပါတယ်။ ဘယ်အချိန်က ကြိုက်သွားတာလဲ ဘာကြောင့်ကြိုက်သွားတာလဲ ကျနော့မှာ အဖြေတခုမှ မရှိပါ။ သီချင်းသံတွေထုတ်ပေးနေတဲ့ စက်တခုနဲ့ စသတိထားမိချိန်က စလို့ပေါ့..

ကျနော် သိတတ်စအရွယ် မေကျောင်းပိတ်ချိန်ဆို အဖိုးအဖွားအိမ်ကို ပြန်ရပါတယ်။ အဲ့ဒီအိမ်မှာက မနက်ဆို စောစောထရတယ် ပြီးတော့ အဲ့ဒီ စက်တခုဆီက အသံကိုစကြားရ စမြဲ။ မနက်ခင်းတိုင်း ရေဒီယိုကလာတဲ့ တစ် နှစ် သုံး လေး လေ့ကျင့်ခန်းတွေနဲ့ အတူ နိုးထရတယ်။ မထသေးသောသူသည် ပျင်းရိသူဖြစ်သည် လို့အယူရှိတဲ့ အဖွားကတော့ ကြိမ်တချောင်းနဲ့ တအိမ်လုံးကို ပတ်နှိုးတော့တာ။ အိမ်ရှေ့ မြေပြင် လမ်းမပေါ်မှာ တံမြက်စည်းလှည်း ရေဖြန်းပြီးကြပြီ။ သောက်ရေအိုးတွေ အကုန်ဖြည့်ရမယ့်တာဝန်။ ပြီးရင် တအိမ်လုံးစားဖို့ ဇရပ်ဝိုင်းနားမှာ အကြော်ဝယ်မလား၊ ဈေးဟောင်းနားမှာ အကြော်ဝယ်ရမလား။

ကက်ဆက်ထဲမှာ ပထမဆုံး စထိတွေ့တာ ကားကက်ဆက်ပါ။ ဦးလေးကားက ဖြုတ်ပြီး အိမ်ရှေ့က ပြတင်းပေါက် ဘောင်မှာတင်ထားတာပေါ့။ သူတို့ဖွင့်သမျှ သီချင်း ကိုယ့်သီချင်းဖြစ်ရော။ သီချင်း မရသေးရင် နောက်ပြန်လှည့်ရစ် အရှေ့ရစ်နဲ့ နောက်ဆုံးတော့ အဲ့ဒီကားကက်ဆက်လေး ပျက်ကရော။ နောင်နှစ်ပေါင်းများစွာအထိ ကက်ဆက်ဆိုတာနဲ့ မထိတွေ့တော့ဘူး။

အရပ်ထဲက အလှူမင်္ဂလာဆောင်မှာ ဖွင့်တဲ့ သီချင်း၊ ထီဆိုင်လေးတွေက ဖွင့်တဲ့သီချင်း ကိုယ့်သီချင်းလုပ်ရတော့တာပါပဲ။

ဖေရှိတဲ့အရပ်ကို ရောက်တော့လည်း ပိုပြီးဆိုးသေးတယ်။ စက်ရုံတည်ထောင်ကာစ အချိန်မှာ ဇိမ်ခံပစ္စည်းဆိုတဲ့အရာတွေက အဝေးကြီးလေ။ နောက်နှစ်ပေါင်းများစွာကြာပြီး ကျနော့အထင် ကျနော် ခြောက်တန်းနှစ်လောက်မှာ အိမ်မှာ ကက်ဆက်တလုံးဝယ်ဖြစ်တယ်။ ဆိုနီစင်တာက ကက်ဆက်ပါ။ အလိုအလျောက်အပြန်ပြန်အလှန်လှန်ဖွင့်တဲ့ စနစ်မပါသေးဘူး။ အဲ့ဒီခေတ်ကာလက ဗဒင်ရဲ့ တို့ကတော့ကို အလွတ်မရမချင်း အပြန်ပြန်အလှန်လှန် ဟိုဖက်လှည့် ဒီဖက်လှည့်ဖွင့်နေရတာကို မှတ်မိသေးတယ်။ ပြီးတော့ ရေဒီယိုဇာတ်လမ်းတွေ တခုတ်တရ စောင့်ပြီး နားထောင်ခဲ့ရတဲ့ ကာလတွေ။

နောက်ထပ်ဆိုနီတစ်လုံးလဲတော့ အေဆိုဒ်ဘီဆိုဒ် အလိုလိုပြောင်းတဲ့ စက်ဖြစ်သွားပြီ။ အဟောင်းကိုတော့ ဖေ့တပည့်တယောက်က ပြန်ယူသွားခဲ့တယ်။ တသောင်းနဲ့ပဲလား မသိဘူး။ တလက်ကို စနစ်တကျ ရှိတဲ့ စက်မို့ သူကလည်း အားရ၀မ်းသာ ယူသွားလေရဲ့။ နောက်ဆုံး ဝယ်ခဲ့တဲ့ ကက်ဆက်လေးကတော့ အခုထက်ထိ အိမ်မှရှိသေးတယ်။ ဒီကိုထွက်မလာခင် စာမေးပွဲ တခုဖြေမယ်ဆိုပီး ကျနော်ယူထားလိုက်သေးတယ်။ ဒါပေမယ့် မသုံးဖြစ်တာမို့ ဖေ ရန်ကုန်လာတော့ ပြန်ယူသွားပြန်ရော။ ကက်ဆက် ဆောင်းဘောက်အရှေ့က Watt ဘယ်လောက်ဆိုပြီး ကပ်ထားတဲ့ စာရွက်ကလေး ကျနော့ကြောင့်ကွာသွားတာမို့ အဆူပါခံလိုက်ရသေးတယ်။ ကက်ဆက်ထည့်တဲ့ ပုံးကအစ ဝယ်တုန်းကအတိုင်းထားတတ်တဲ့ သူနဲ့ ပစ္စလက္ခတ်နေတတ်တဲ့ ကျနော်..

တက္ကသိုလ်တက်တော့ ဆိုနီဝေါ့ခ်မန်းလေးတစ်လုံး ရတယ်။ သီချင်းတွေနဲ့ ရူးသွပ်နေကြ ကျနော်အတွက်တော့ အိပ်လည်းနားကြပ်နဲ့ စားလည်းနားကြပ်နဲ့။ အိမ်ကလူကြီးတွေက ဘယ်နေ့ နောက်က ကားဝင်တိုက်သွားမလဲမသိဘူးဆိုပြီး စောင့်ကြည့်ခြင်းကို ခံရတဲ့အထိ။ မကြာပါဘူး နားကြပ်တပ်ရင်း အမြဲအိပ်ပျော်သွားတတ်တာမို့ နားထဲက အရိုးနုကွင်းလေးတွေ ဒဏ်ဖြစ်ပါတော့တယ်။ နားကြပ်တပ်ရင် ဆယ်မိနစ်လောက်ဆို နာလာတတ်တာ ယနေ့ထက်အထိပါပဲ။ ဒီကက်ဆက်လည်း တစ်နှစ်လောက်အကျော်မှာ ပျက်သွားပါလေရော။ လေဒီယို မလာလို့ပြင်လိုက်တာ အော်တိုရီဗာ့စ်ပါ ပျက်၊ ဒါနဲ့ထပ်ပြင်တော့ နောက်ဆုံး စက်ပါမလည်တော့တဲ့ အထိ။ ကျနော် ပြင်တာ မဟုတ်ဖူးနော်…

စီဒီပလေယာ ပြီးတော့ မီနီဒစ်လေးတွေပေါ်လာတယ်။ ကျနော်နဲ့ အလှမ်းကွာနေပြီ။ ပုံမှန် ဝေါ့ခမန်းလေးတွေထက် ဘက်ထရီ အစားခံတာမို့ လိုချင်သလားလို့ အဲ့အချိန်ကများ မေးခဲ့ရင် ….

နောက်တော့ လုပ်ငန်းခွင်ထဲ ရောက်ခဲ့ပြီ။ သီချင်းနားထောင်ခြင်းဆိုတာထက် လက်ဖက်ရည်ဆိုင်ထိုင် သူငယ်ချင်းတွေနဲ့ ဆွေးနွေးခြင်းကို ပိုခုံမင်တတ်လာတယ်။ ကက်ဆက်ရှိမှ ဖြစ်မယ်ဆိုတဲ့ အတွေးလည်း လွင့်ပျောက်နေခဲ့တဲ့ကာလတွေ။

နောက်တော့ အမ်ပီသရီး အမ်ပီဖိုး ပလေယာလေးတွေက မမ်မိုရီစတစ်တွေနဲ့အတူ မှိုလိုပေါက်လာပြန်တယ်။ ဖော်ဝပ်အီးမေးလ်တွေက ဒေါင်းလုပ်လုပ်ထားတာရယ်၊ NGO အလုပ်တွေ ရုံးမှာ ပြန်ပြီး ဖော်ဝပ်လုပ်ပေးဖို့ တွေရယ် ဒီမမ်မိုရီစတစ်တွေက လိုအပ်လာပြန်ရော။ ဘန်ကောက်ကို သင်တန်းသွားတော့ သူငယ်ချင်းနှစ်ယောက်ဆင်တူ အမ်ပီသရီး ပလေယာလေးတွေ ပန်တစ်ကထင်တယ် ဝယ်ဖြစ်ခဲ့တယ်။ အဲ့ဒီတုန်းက 1GB ဆိုတာ အတော်လေးဈေးကြီးနေခဲ့ပြီ။ အခုနေဆိုရင်တော့ ရီစရာပေါ့။ မှတ်မှတ်ရရ ဘန်ကောက် အင်တာနက်ဆိုင်မှာ သုံးရင်း ယိုးဒယားသီချင်းတွေပါ တောင်းယူလာခဲ့တာ..အမျိုးအစားမကောင်းလို့ ထင်ရဲ့ သိပ်မခံပါဘူး။ ပလေယာအဖြစ်သုံးလို့မရတော့ပဲ ဒေတာ အကူအပြောင်းပဲ လက်ခံရှာတယ်။ ဒီလာခါနီးမှာမှ အလုပ်ထဲက ခလေးတယောက် ကွန်ပြူတာသင်တန်းတက်နေတာမို့ ပေးခဲ့လိုက်ပါတယ်။

ဒီရောက်ပြန်တော့ သီချင်း ဆိုတာကို ကွန်ပြူတာကနေပဲ ဖွင့်ပြီးနားထောင်ဖြစ်တယ်။ လမ်းသွားရင်း အများသူငှာတွေ အိုင်ပေါ့တွေ ပလေယာမျိုးစုံကနေ နားကြပ်မျိုးစုံနဲ့ နားထောင်တာကို တွေ့ရပြန်တော့ ငယ်ဘဝကို ပြန်တွေးမိပြန်တယ်။ ဒီလိုအရွယ်တုန်းက ဒီလိုမျိုးတွေ မလုပ်နိုင်ခဲ့ဖူးလေ ဆိုတာမျိုးပါ။

အခုတလောရုံးမှာ ဖုံးထဲက သီချင်းတွေ ဖွင့်ပြီး နားထောင်ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တယောက်ကတော့ နားကြပ်နဲ့ နားထောင်ဖို့ ပြောတယ်။ နောက်တယောက်ကတော့ တေးချစ်သူတို့လိုရာတေးနဲ့မှားပြီး ကျနော့ကို သူနားထောင်ချင်တဲ့ သီချင်းတွေ ဖွင့်ခိုင်းတယ်။ သီချင်းတွေ နားထောင်ဖြစ်ရင်းကနေ အတိတ်ကို ပြန်တွေးမိသွားတာပါ။

အခုလက်ရှိ ကျနော့မှာ ကက်ဆက်တလုံးမှ မရှိပါဘူး။ ကက်ဆက်လိုချင်သေးလားလို့ မေးလာခဲ့ရင်ကော…….

13 comments:

သက်ဝေ said...

ကက်ဆက် လိုချင်သေးလား မမေးချင်ပေါင်...
လိုချင်တယ် အခု ဝယ်ပေးဆိုရင် ပြေးပေါက်မှားနေမှာ........း))

ကောင်းကင်ပြာ said...

သီချင်းဆိုရင်း နားထောင်ရအောင်လေ....

linn said...

အဲလိုရေးတော့ ကိုယ့်ဘာသာ တစ်ခုသွားသတိရတယ် ...
အဲဒီ အရွယ်လောက်က ဖြစ်မယ် ...
သီချင်းတွေ ရှိနေရင် ကိုယ့်ဘ၀ကြီး အရာရာပြည့်စုံနေပြီလို့ ထင်တဲ့ အထိ ရူးသွပ်ခဲ့ဖူးတယ် ...
ခုရောလို့ မေးလာရင် .....
....................
....................
ခင်မင်စွာဖြင့်
လင်း

လင်းဒီပ said...

ကတ်ဆက်ဆိုတာ ကျွန်တော်တို့ မျိုးဆက်အတွက်တော့ ငယ်ချစ်ပဲ...
တကယ်တမ်းကျ VCD,MP3 & DVD တွေ မတိုင်ခင် သူနဲ့ပဲ အချိန်အကြာကြီး ကြီးပြင်းခဲ့ရတာ ။

အရင်တုန်းက အခွေတွေက C90 တို့ C60 တို့ ...တစ်နာရီခွဲစာ တစ်နာရီစာတွေ ။ နောက် Pre-recording တွေ ပေါ်လာတော့ C46 အခွေတွေ ထပ်ထွက်လာတယ် ။ တိတ်နည်းနည်းလေးနဲ့အခွေလုပ်ထားတဲ့ အခွေလေးတွေလည်း ထွက်လာတယ် ။ လေးဖြူ ဂီတမဉ္ဇူရီတို့ နောက် မျိုးကျော့မြိုင် လေးပုဒ်အခွေ(နာမည် မမှတ်မိတော့) တို့ ထွက်လာတယ် ။ VCD ဆိုတာပေါ်လာတော့ ကတ်ဆက်က စပြီး ချောင်ထိုးခံရတယ် ။ အဲဒီအချိန်မှာ လက်ထဲမှာ အနှစ်နှစ် အလလ ဝယ်ထားတဲ့ ကတ်ဆက်ခွေတွေ အများကြီးပဲ ။

ခံစားမှုအနေနဲ့ ပြောရရင် ကတ်ဆက်နားထောင်တုန်းက သီချင်းတွေကို တစ်ပုဒ်ချင်းအပေါ်မှာ ပိုပြီး စေ့စေ့ပေါက်ပေါက် ခံစားမိစေသလိုပဲ ။ တစ်ခွေလုံးမှ ဆယ်ပုဒ်ကနေ ဆယ့်ငါးပုဒ်လောက်ပဲပါတော့ ။ ပိုပြီးစူးစိုက်မိတယ် ။ နောက်ပိုင်း အပုဒ်တွေ ရာချီထည့်လို့ရတဲ့ ခေတ်ကို ရောက်လာတော့ များများတော့ နားထောင်မိတယ်..။ ကတ်ဆက်ခေတ်တုန်းက စွဲမိနေတာမျိုး မဖြစ်တော့ဘူးလို့ ပြောရမယ် ထင်တယ် ။

ဘယ်လိုပဲဖြစ်ဖြစ် သီချင်းတွေ မရှိရင်တော့ နေလို့ရမှာ မဟုတ်ဘူး ။

လင်းဒီပ said...

ဟဲဟဲ... ပွားလိုက်တာ နည်းနည်း များသွားတယ် ။ :)

T T Sweet said...

ငယ်ငယ်က နေရှင်နယ်ကတ်ဆက်တစ်လုံး အိမ်မှာရှိတယ်။ ဂျပန်ပစ္စည်းစစ်လို့လားတော့မသိ၊ ကက်ဆက်ကအရမ်းခိုင်တယ်။ ၄တန်းလောက်တည်းက ကက်ဆက်ဟာ ဆရာမဖြစ်တဲ့အထိ အဆောင်မှာ ဖွင့်ရတုံး။

ဒီပို့စ်က အတိတ်ကို ပြန်ပြောင်းသတိရစေတယ်။

Anonymous said...

အင်း၊ ငယ်ငယ်တုန်းကတော့ ရေဒီယိုနဲ့ ကြီးတာပေါ့၊
တက္ကသိုလ်တက်တော့ ကက်ဆက် (တရုတ်ဖြစ်)လေးတစ်လုံးရဖူးတယ်၊ ပုံဆွဲရင်း ဂီတတွေနားထောင်တယ်၊ ထူးအိမ်သင်၊ ခင်မောင်တိုးသီချင်းတွေ နားထောင်တယ်၊ Carpenter, richard cladermen နားထောင်တယ်၊
အခုတော့ လက်တော့မှာ Z5 speaker နဲ့ သီချင်းတွေ၊ ဂီတတွေ နားဆင်ဖြစ်နေပါတယ်။
ရုံးမှာဆိုရင်တော့ နားကြပ်နဲ့နားထောင်တယ်၊ စိုင်းထီးဆိုင်သီချင်းနားထောင်တာများတယ်၊ တခါတလေ အရမ်းပျင်းရင် Beyonce, Shontelle နားထောင်တယ်၊

မမေးလည်း ရေးချင်စိတ်ပေါ်လာတာနဲ့ ရေးလိုက်ပါတယ်။

Maung Myo said...

ကက်ဆက် ကြိုက်လို့ထင်ပါ့ အစ်ကိုသီချင်းဆိုတာ အရမ်းနားထောင်ကောင်းတာပဲ ကိုယ့်အစ်ကိုမို့ပြောတာမဟုတ် တကယ့်ကိုကောင်းတာ အဲ့တုန်းက သူငယ်ချင်းကတောင်ြေုပာသေး မင်း အသိအစ်ကိုကြီးက ရူပါကလည်း ဖြောင့် ဘောဒီကလည်းတောင့် အသံကလည်းကောင်း တဲ့ ဟိဟိ မြှောက်ပြောတာ အကြွေးမှတ်ထားနော့် မပေးနိုင်သေးဘူးး)

Unknown said...

ကက်ဆက်က အချစ်ဦး လိုပဲ
ဘဝမှာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး
အဲဒီတုန်းက Inter မနက်သေးတာလဲ ပါမယ်

အခုနေ Tape နဲ့ ဖွင့်တဲ့ ကက်ဆက်ကို လိုချင်သေးလားလို့  မေးရင်
ရီစရာတွေလာမပြောနဲ့ လို့  ပြောရမလိုပါပဲ
CD Player တောင် ပျောက်ကွယ်တော့မယ် လေ
အချိန်က အရာရာကို ပြောင်းလဲစေခဲ့တယ်......

မောင်ဖားကြီး said...

အင်း တိပ်ခွေ ကို ကိုင်ရတာက အခုခေတ် DVD ခွေကို ကိုင်ရတာထက် ပိုဂုဏ်ယူခဲ့သလိုပဲ အစ်ကိုရေ....

ချစ်ကြည်အေး said...

အင်း...ကက်ဆက်... ကက်ဆက်မလိုချင်ဘူး မဟုတ်လား....??

ပုံ / ကိုယ်လိုရာဆွဲတွေးသွားသူ

ck said...

If you still love cassette, check this out http://www.youtube.com/watch?v=DvSgfFNptuQ

Sound-wise, properly calibrated cassette tape sounds ways better than cd or ipod.

mirror said...

လိုချင်တယ်ဆိုလဲ မ၀ယ်ပေးနိုင်ပါဘူး :))