30 July 2010

ရင်ထဲက ထာဝရ မုတ်သုန်


ဟူးးးးးးးးးးးးး မိုးတွေအရမ်းရွာနေပြန်ပြီကွာ

လက်ထဲက ထီးကို ပိတ်ရင်း အထဲကို ကသောကမျော ဝင်လာတဲ့ အလုပ်ထဲက စီနီယာကို ကြည့်ပြီး Gtalk status ကို ချက်ချင်း ပြောင်းပစ်လိုက်တယ်။

မိုးတွေ ရွာပြန်ပြီလေ……

လိမ္မော်ရောင် အလုံးလေးတစ်လုံးက ဟေ့ကောင် မင်းရောဂါ မပြတ်သေးဘူးလားလို့ မေးလာပြန်တယ်။

ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်မို့ မက်ဆေ့ကနေတဆင့် ကျနော့စိတ်အခြေအနေကို သူဖတ်မိသွားပုံပါပဲ။

မင်းကွာ စင်္ကာပူလို ဆယ့်နှစ်ရာသီ မိုးအမြဲရွာတဲ့နေရာမှာ လို့ မချင့်မရဲ သူပြောပြန်တယ်..

ဟေ့ကောင်လို့ သူ စိတ်မရှည်စွာ ဆက်တိုက်နှိပ်နေတာကို ကျနော် မကြည့်အားသေးဘူး။ ကျနော့မျက်လုံးက ၀ါးနေတာကို ကြည်သွားတဲ့အထိစောင့်ရဦးမယ်။ ပြီးတော့ ပြီးတော့ အခုထိ မငြိမ်နိုင်သေးတဲ့ စိတ်တွေကို တည်ငြိမ်ဖို့ အချိန်ပေးရဦးမယ်။

မင်းနေကောကောင်းရဲ့လား၊ အလုပ်ထဲမှာပဲလား လို့ ဆက်တိုက်မေးခွန်းတွေ လာနေပြီဆိုတော့မှ အင်းးးးးးးးးးးးးးးးးးလို့ သံရှည်တစ်ချက်ရိုက်ထည့်လိုက်တယ်။ ထုံးစံအတိုင်း နှာချေနေပြန်ပြီ်မဟုတ်လား၊ ကော်ဖီပူပူလေး သောက်လိုက်ဦးကွ ဆိုတော့မှ လက်ထဲမှာ တင်းကျပ်နေအောင် ဆုပ်ထားတဲ့ ကော်ဖီခွက်ကိုင်းကို လွှတ်ဖို့ သတိထားမိသွားတယ်။

ဇော် နင့်လက်တွေက အမြဲနွေးနေတာပဲနော် …ဟင့်အင်း ခေါင်းကို ယမ်းလိုက်မိတယ်။ ကျေးဇူးပြုပြီး မေ့ပစ်ပါရစေတော့။

ဇော်…ဇော် ငါခေါ်နေတာ အခွန်းတစ်ရာလောက်ရှိပြီ။ နင်ဘာလို့ လှည့်မကြည့်တာလဲ။ ငါ့ ကို ဘယ်လိုခေါ်လိုက်တယ်။ ဇော်လို့ ခေါ်တာလေ ဘာလဲ မကြိုက်ဖူးလား…ရှက်ရယ်ရယ်သွားမိတဲ့ မျက်နှာကို သူသတိထားမိသွားပုံနဲ့ ညစ်ကျယ်ကျယ် ထပ်ပြီး ခဏခဏခေါ်လိုက်သေးတယ် သြော် ဇော်တဲ့လားကွာ…

ကွန်ပြူတာမှာ sound box မရှိလို့သာ တော်တော့သည်။ ဟိုကောင် မက်ဆေ့ တစ်ချက်ရိုက်လိုက်တိုင်း အသံတွေ ပလုံစီအောင် မြည်နေလို့ကတော့ တရုံးလုံး ကြားရလောက်မည်။ ထုံးစံအတိုင်း မင်း ဇာတ်လမ်းအဟောင်းမှာ မျောနေပြန်ပြီကွာဆိုပြီး စိတ်ပျက်လက်ပျက် နောက်ဆုံး ငါထမင်းသွားစားတော့မယ် ဆိုတာကို နှစ်ခါလောက်ရိုက်ပြီး လိမ္မော်ရောင် ကနေ မရှိတော့တာကို လုံးဝသတိမထားမိ။

အင်း တစ်နာရီခွဲသွားပြီပဲ။ လူတစ်ယောက်ကို မေ့ပစ်ဖို့ နှစ်တွေ ဒီလောက်ကြာရှည်အောင် ဘာလို့ ဆွဲဆန့်နေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ ကျိုးကြောင်းခိုင်လုံတဲ့ အရာတွေနဲ့ လွမ်းတာကို နာစရာနဲ့ ဖြေလိုက်ပါလို့ နှစ်သိမ့်ပေမယ့် ဒီအချက်နဲ့ မလုံလောက်ဖူးဆိုတာ သိပါတယ်။

တကယ်တမ်းက ဘာကိုမှ ရင်မဆိုင်ရဲဘူးလေ။ facebook ဆိုတဲ့ ကွန်ယက်ဆက်သွယ်မှုတွေကို အစတောင်မပြုရဲဘူး။ သူအိမ်ထောင်ကျသွားပြီဆိုတဲ့ သတင်းသဲ့သဲ့ ကြားမိတယ်။ ကျနော့ကို လူတွေက စိတ်နာအောင် ပြောပေးနေတာလို့ ရသေ့စိတ်ဖြေနေမိတာမို့ အမှန်တကယ်ဆိုတာကို လက်တွေ့ကျကျ မျက်နှာစုံညီ မတွေ့ချင်မိဘူး။ ကျနော် မြတ်နိုးတဲ့ ဆံပင်ရှည်တွေ ဖြတ်ပစ်မယ်လို့ ခဏခဏ ကြုံးဝါးခဲ့ဖူးတာလည်း အကောင်အထည်ဖော်ဖြစ်သလား မသိပါ။ လုပ်ဖြစ်ကောင်း လုပ်ဖြစ်ပါလိမ့်မည်။

ဟေ့ကောင် ထမင်းမစားသေးဘူးလားကွာဆိုပြီး အစောက သူငယ်ချင်း ပြန်ပေါ်လာသည်အထိ ကျနော် ထိုင်ခုံမှာပဲ ရှိနေသေးသည်။

မနေ့ညကလည်း မိုးရွာတယ်ကွာ လို့ ကျနော်တစ်ချက် တုန့်ပြန်လိုက်သည်။

မင်းတို့ဆီမှာ 24နာရီ မိုးရွာတာ ဘာဆန်းသလဲကွာလို့ ပြောနေလျက် ဒီကောင့်ပါးစပ်က အပြင်ဖက်မှာ မသိမသာ ကျနော့ကို ဆဲဆိုနေမှာ တွေးမိရင်း မင်း ငါ့ကို ဆဲချင်နေပြီမလားဆိုတော့ ဆဲပြီးနေနှင့်ပြီတဲ့လေ။ နှစ်ယောက်လုံး အွန်လိုင်းပေါ်မှာ အပြုံးတွေ ဖန်ဆင်းလိုက်ပြီး ကဲ ငါဆက်အလုပ်လုပ်လိုက်ဦးမယ် နောက်မှ တွေ့ကြတာပေါ့ လို့ နှုတ်ဆက်ပြီး ထွက်ခဲ့လိုက်သည်။

မိုးရွာသီဆိုတာ နှစ်တစ်နှစ်မှာ ရှိနေတတ်တာမဆန်းဘူး။

စင်္ကာပူလို ကျွန်းနိုင်ငံမှာ နှစ်ဆယ့်လေးနာရီလုံး ဆယ့်နှစ်ရာသီပတ်လည် မိုးရွာတတ်တာလည်း မဆန်းကြယ်။

ကျနော့ ရင်ဘတ်ထဲမှာ ထာဝရ မုတ်သုန်ရာသီဖြစ်နေတာတော့…………

11 comments:

sait phay yar said...

ရုံးတက်ချိန်မှာ ပိုစ်တက် တာ မုတ်သုန်ရာသီဟုတ်လို့ပါ..... ဆိုင်လားမသိ...

Unknown said...

နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို

coffee က ၃ခွက်ရှိပြီ
Aircorn အောက်မှာ လူက freezer ထဲ ရောက်နေသလိုပါပဲ ။

ဇွန်မိုးစက် said...

absolutely good to be in bed weather today... but one sad thing is that i'm at work with busy status.

mirror said...

မနိုင်ပါဘူး ဗျို့... မိုးရေထဲ မျောပါသွားပါဦးမယ်။ သတိထားပါ.. :P

Maung Myo said...

မိုးတွေ ရွာရင်ဖြင့်ကွယ် အလွမ်းမျက်ရည်လည် ငယ်ချစ်ဟောင်းနဲ့ အတိတ်ကြောင်းလေးများရယ် ။

အော်....ဒီပို့စ်လေးဖတ်ပြီး တွေးမိသွားတာ ငါ့အစ်မှာလည်း မိုးရာသီဇတ်လမ်းလေး ရှိပါလားလို့း)

မိုင်ရာ့ ဘလော့မှာ ပြောခဲ့ဖူးသလိုပဲ “မကွဲဖူးသော အသဲများ တုတ်ထိုးနှင့်စားမကောင်းပါ ”

ဧပရယ်လ်ပူး@ပူးတေ said...

လွမ်းနေတယ်ပေါ့လေ..... :)

လင်းဒီပ said...

အဲဒါကြောင့် မိုးရွာရင် အိပ်ပစ်လိုက်တယ် ... သတိရစရာတွေ ထွက်လာမှာ စိုးလို့ ...။

Anonymous said...

I like this writing style.

khin oo may said...

ယုံရမှာလား.
စာတတ်တိုင်း မလှည့်စားပါနဲ့။

ဆန်းဝင်း said...

ဒီလိုလဲ ဖြစ်တာပဲနော်..ဆရာပဲ..
ချင်းချောင်းခြံကို အားကျလေသလား..

မိုးခါး said...

ညီမတော့ မိုးရွာရင် လွမ်းတာ အိမ်က အိပ်ယာလေးကိုပါပဲ .. :D

အလွမ်း မင်းသားနဲ့ စင်ကာပူမိုးနဲ့တော့ တွေ့နေပါဘီ ..း))