အဲ့ဒီမှာ စာရေးကောင်းလျက် ရပ်သွားတဲ့ အစ်ကိုတွေ အစ်မတွေ၊ တခါတည်းနောက်ပြန်မလှည့်တော့တဲ့ သူတွေ၊ အကြောင်းကြောင်းတွေကြောင့် သော့ချိတ်သွားကြတဲ့ သူတွေကို စတွေ့လာပြီ။
ဘလော့ပိတ်တယ်၊ စာဖတ်သူတွေကို ကန့်သတ်လိုက်တယ်ဆိုတာမျိုး စတင်ကြားဖူးတော့ ကျနော်က အစိမ်းသက်သက်နဲ့ အံ့အားတသင့်ဖြစ်မိတယ်။ ပိတ်သွားတယ်ဆိုတဲ့ အစ်ကိုကိုလည်း မပြောရဲ (တကယ်က ဘာတွေဖြစ်တယ်ဆိုတာကို ကျနော်အတိအကျ နားလည် မခံစားတတ်သေးတာ၊ မူကြိုအရွယ်ရောက်ကာစမှာ ဝဲလ်သရင်းဟိုက်ဆိုတဲ့ စကားလုံးနဲ့ အကျွမ်းတ၀င်မရှိသေးသလိုမျိုးပါ)။ စာရေးနေရုံပဲဆိုတဲ့ အသိတစ်ခုနဲ့ ဒီဘလော့ဆိုတဲ့ လောက ကို ဘယ်လိုမျက်စိနဲ့မှ မကြည့်ခဲ့မိပါဘူး။ ကျနော် စာရေးတယ် စာဖတ်တယ် ဒီ့နောက်မှာ ဘာမှ မှ ထပ်မလိုအပ်ခဲ့တာ။
စာရေးသက်ကလေးရလာတော့(အချိန်ကြာလာတာကိုပဲ ဆိုလိုတာပါ ရင့်ကျက်လာတယ် တိုးတက်လာတယ်လို့ ကိုယ့်ကိုကိုယ်တော့ ဘယ်တုန်းကမှ မမြင်ခဲ့ရိုးအမှန်ပါ) အများသူငှာ ကြုံသလိုလေးတွေ ကြုံတွေ့လာရတယ်။ ပြတင်းပေါက်က ဝင်လာတဲ့ လေကောင်းလေသန့်တွေနဲ့အတူ မှက်ခြင်ယင်တွေ ပါလာကြစမြဲမဟုတ်လား။ ထိရှလွယ် ခံစားလွယ်တဲ့ သူမို့ ဘလော့ပိတ်ဖို့ ကြိုးစားတာ သုံးလေးကြိမ်လောက်ရှိပါပြီ။ အရှုံးပေးတယ်လို့ သတ်မှတ်ချင်လည်း သတ်မှတ်ပါစေ ကိုယ့်ဝမ်းနာ ကိုယ်ပဲသိတယ်လို့ သဘောပိုက်မိတယ်။ ကျနော့ရဲ့ ဒေါသမကျေနပ်မှု စိတ်တိုင်းမကျမှုတွေအားလုံး ကျနော့ လက်ခုပ်ထဲကရေဖြစ်နေတဲ့ ဘလော့တခုကိုပဲ သက်ရောက်စေပါတယ်။ ကျန်တဲ့ပြင်ပအရပ်ကို အရိပ်တစ်ခုအဖြစ်နဲ့တောင် မထွက်စေချင်ပါဘူး။ အခုလည်း ပိတ်ထားလျက်ကနေမှ ဖွင့်ဖို့ အကြောင်းက ဖန်လာပြန်တယ်။ ရင်ထဲက ဆန္ဒ အမှန်ကို ပြောပါဆိုရင် ကျနော် ဘလော့မရေးချင်တော့ပါဘူး။ (မရေးချင်လို့သာတော်တော့တယ်လို့ ကော့မန့်ပေးရင် မောနေမစိုးလို့ ကြိုရေးထားလိုက်တယ်ဗျာ)
တစ်နှစ်လောက်မရှိခင်မှာ ကျနော့ဘလော့က ပို့စ်တွေကို ဝဘ်ဆိုဒ်တခုမှာ ဖော်ပြထားတယ်လို့ အသိတစ်ယောက်က ပြောလာတယ်။ လင့်နဲ့တကွ ဖော်ပြတာမို့ ထားပါစေလေလို့ အေးဆေးနေခဲ့တယ်။ ဒါပေမယ့် တင်သမျှ ပို့စ်တိုင်းကို ဖော်ပြနေပြန်တော့ စိတ်ထဲမှာ တမျိုးတမည် ဖြစ်လာတယ်။ ဒါနဲ့ ပို့စ်တွေကို မဖော်ပြအောင် ဘယ်လိုလုပ်လို့ရသလဲဆိုတော့ သူတို့ဆီက button လေးတခုကို နှိပ်လိုက်ရင် အဲ့ဒီပို့စ်တွေကို ဖျောက်ပေးပါလိမ့်မယ်တဲ့။ သုံးလေးခါထက်မနည်းနှိပ်ပေမယ့် ယနေ့ထက်ထိ အဲ့ဒီနေရာမှာ ဒီအတိုင်းပဲရှိနေသေး။ Software error ဆိုတဲ့ စကားလုံးနဲ့ပဲ ဖြေသိမ့်လိုက်ပါတယ်။
ကိုယ်တိုင်မကြုံရပေမယ့် အွန်လိုင်းစာရေးသူတစ်ယောက်ရဲ့ ပို့စ်ကို ဖော်ဝပ်မေးလ်က ရတယ်ဆိုပြီး ပြည်တွင်းမှာ ထုတ်တဲ့ နာမည်ကြီး မဂ္ဂဇင်းတစ်ခုမှာ ခွင့်မတောင်းပဲ ဖော်ပြခဲ့တာလည်း ဆုံဖြစ်လိုက်ပါသေးတယ်။ မဂ္ဂဇင်းဆိုတဲ့ အရှိန်အဝါက အရမ်းကြီးပါတယ်။ ဒီအထဲမှာ လုပ်နေကိုင်နေတဲ့သူတွေက copy right ဆိုတာနဲ့တော့ မစိမ်းတန်ကောင်းဘူး။ တစ်ခါတည်းလားဆိုတော့ မဟုတ်ပြန်ဘူး။ နောက်ထပ်တစ်ခါ ထပ်ထည့်တော့လည်း ခွင့်မတောင်းခဲ့ပြန်ဘူး။ ပြည်ပရောက်နေတာမို့ ဆက်သွယ်ရန်ခက်ခဲလို့ဆိုတာတော့ အကြောင်းပြချက်က ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးသလို ဖြစ်နေမှာ အမှန်ပါပဲ။ စင်တင်မြေမြှောက်ပေးမယ်ဆိုလည်း စနစ်တကျတော့ ရှိသင့်တယ် မဟုတ်ပါလား။ ကျနော်တို့ အလေးထား ဖတ်ရှုနေကြဖြစ်တဲ့ မဂ္ဂဇင်းတွေကပါ အခုလို ပြုမူလာတော့ ဘလော့တွေမှာ စိတ်ထင်တိုင်း credit မပေးပဲ ကူးယူဖော်ပြနေတာကို လျစ်လျူပဲ ရှုရတော့မလိုလို။
ဖြစ်ပျက်သမျှတိုင်းကို ပြဿနာဆိုတဲ့ စကားလုံးနဲ့ မသုံးနှုန်းချင်မိဘူး။ အယူအဆလွဲနေကြတာလို့ပဲ အမြဲသတ်မှတ်ချင်ပါတယ်။ လက်ဖဝါးလည်း လက်ဖဝါးအလျှောက် လက်ဖမိုးလည်း လက်ဖမိုးအလျှောက် သူ့အထွာနဲ့သူ၊ သူ့အမြင်နဲ့သူ၊ လက်ဖ၀ါးနဲ့ လက်ဖမိုးကို ကပ်ပြီး လက်ဝါးပြင်တစ်ခု ဖြစ်ကြရင် မကောင်းဘူးလား။ အကယ်၍ လမ်းမတူကြဘူးဆိုလည်း ကိုယ့်လမ်းကိုပဲ ဆက်လျှောက်ပေါ့။ ဘယ်အကြောင်းကြောင်းကြောင့်မှ ဘေးဇောင်းတိုက် တွန်းချ နေစရာမှ မလိုတာ။ ရပ်တည်မှု မညီခြင်းက ရပ်တည်မှု မညီခြင်းလို့ပဲခံယူသင့်တယ်။ ငါ့လမ်း မလိုက်လို့ ငါ့ -င် လှန်ပြလိုက်မယ်ဆိုရင်တော့ဗျာ……..ပင်ပန်းပူလောင်လှပါတယ်။
အွန်လိုင်းစာပေနဲ့ ပြင်ပစာပေလောက ငြင်းခုံခြင်းတွေ ရှိလာပြန်ပြီ။ ပြင်ပစာပေလောက ဆိုတာတော့ တန်းဝင်တဲ့ စာပေပေါ့ဗျာ။ တည်းဖြတ်သူတွေနဲ့ အယ်ဒီတာတွေနဲ့ စာပေစီစစ်ရေးဆိုတာတွေ ကျော်လွန်ရတာကိုး။ ဒါနဲ့ပဲ အွန်လိုင်းစာပေ ဆိုတာ မရှိသင့်တော့ဘူးလား။ တန်းဝင်စာရေးနေတဲ့သူတွေ အွန်လိုင်းစာပေထဲကိုရော မဝင်ရတော့ဘူးလား။ အွန်လိုင်းစာပေရဲ့ အရည်အချင်းကိုရော မိမိသိထားတဲ့ မျက်တောင်မွှေးတထောက်စာလောက်နဲ့ အကဲဖြတ်တော့မလား။ Blog Directory ဆိုတာ ကျနော်ကြားဖူးမိလိုက်တယ်။ ဒါပေမယ့် Blog Directory ထဲမှာ မပါတဲ့ ဘလော့တွေ အပြင်မှာ အများကြီး။ research လုပ်တာလည်း တွေ့မိသေးတယ်။ ဘလော့မှာ စာရေးသူတချို့က ကျော်ကြားမှုကို မလိုလားပါဘူး။ စာပဲရေးနေတာ ဖြစ်တဲ့အတွက် မိမိဘလော့ကို Directory မှာထည့်ပေးပါလို့ ဘယ်လိုမှ လာပြောနေမှာ မဟုတ်နိုင်တဲ့အတွက် ပြည့်စုံတဲ့ Directory တခု ရဖို့ ခက်ခဲဘိချင်း။ ဒါကြောင့် အတားအဆီးမဲ့တဲ့အတိုင်း စီးဆင်းနေတဲ့ ဘလော့ကိုဝေဖန်ချင်ရင် ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းပဲ လူမသိသူမသိ စာရေးကောင်းတဲ့ တန်းဝင် အွန်လိုင်းစာရေးသူတွေ အများကြီး ရှိနေသေးတယ်ဆိုတာ သတိလေးချပ်စေချင်ပါတယ်။ တစ်တောင်ထက် မြင့်တဲ့ နောက်ထပ် တောင်တွေ တောမဆုံးအောင် ရှိနေသေးတယ်ဆိုတာကိုပါပဲ။
ဆက်ပါဦးမည်..
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
12 comments:
မရေးချင်လို့သာ တော်တော့တယ်..
( တို့ပြောတာဟုတ်ဘူးနော်..စာထဲမှာ ပါတာ..)း)))
Blog Directory တဲ့..ကြားတောင်မကြားဖူးဘူး။
ဆက်ရေး ရွာသားရေ ဆက်ရေး..၀င်ဖတ်မယ်။း)
ဒီလိုဖတ်လိုက်ရတော့ ကိုရွာသား Blog ကို ပိတ်လိုက်ရတဲ့ အကြောင်းကို အခုမှသိရတယ်
ဒါပေမယ့် ကို့ စာကို တန်ဖိုးထားပြီး ဖတ်နေတဲ့ လူတွေလဲ အများကြီး ရှိပါသေးတယ်။
Forum တွေဆို ပိုဆိုးပါသေးတယ် တခါတလေ သူတို့ ရေးသလိုမျိုး သူများရေးထားတဲ့စာကို တင်ထားပြီး ၀ိုင်းဆွေးနွေးနေလိုက်တာ Link တောင် မထည့်ထားဘူး။
စောင့်မျှော်နေပါတယ် ဆက်ပြီး
အင်း...ရွာသားပြောမှသိတယ်၊ နာမည်ကြီးမဂ္ဂဇင်းမှာ ခွင့်မတောင်းဘဲ ပြန်ဖော်ပြတယ်ဆိုတာမျိုး။
ဒီပို့စ်ဖတ်ပြီး ရွာသားခံစားချက်ကို နားလည်သွားသလိုပဲ။ (နားလည်သွားတယ်လို့ တမင်မသုံးလိုက်ဘူးနော်)
ဖတ်လို့ကောင်းတယ်။
comment ရေးမယ်လို့ စိတ်မကူးမိပေမယ့် cbox မှာ ရေးမိတာလေး ရွှေ့လာချင်လို့။
ခေါင်းစဉ်နဲ့ အကြောင်းအရာက ကိုယ်ထင်တာနဲ့ နဲနဲ လွဲနေတယ်။ ဘလော့ရေးခြင်း အနုပညာအောက်မှာ ကိုယ်က ဘာတွေကို ဘယ်လို ရေးတယ်ဆိုတာပဲ လာမယ် ထင်နေတာ။ ဘာကြောင့် ဘယ်လို ဆိုတာတွေ ပါနေတယ်။
ဒါပေမဲ့ ကောင်းပါတယ်။
တခါတခါကျ ဘာကြောင့်တွေ ဖြုတ်ထားချင်တယ်။ နောက် စာအုပ်စာမျက်နှာပေါ်မှာတင်လို့ ပိုတန်းဝင်တယ်တို့ အွန်လိုင်းမှာမို့ ဘာဖြစ်တယ်တို့ ... အဲဒါတွေလည်း ဖြုတ်ထားချင်တယ်။
ဒါပေမဲ့ ကောင်းပါတယ်။
နိုင်စရာဆိုလို့ ကိုယ့်မှာ ဒီဘလော့လေးပဲရှိတော့ ဘလော့လေးကိုပဲ ပိတ်လိုက်ဖွင့်လိုက်နဲ့ ဘလော့က တံခါးသာဆိုရင် ပတ်တာပျုံးတာကြာပေါ့ ။
အဲ့တုန်းကလည်း ပြောဖူးသားပဲ နာမည်ကြီင်္းလို့ ကူးခံရယ် သဘောထားလို့ ခုချိန်ထိ ကျနော် ပို့စ်တွေဆို ဘယ်မှာမှကို မကူးခံရဖူးဘူး အဲ့မှာကွာသွားတာ အနှစ်နဲ့ အပြစ် မယုံမရှိနဲ့ ကိုယ့်ဆရာ ။
ရေးချင်တာသာ ရေးစမ်းပါ။ တခါတလေကျတော့လဲ လျစ်လျူရှုလိုက်တာ စိတ်သက်သာတယ်။
ကိုရွာသားစာအရေးအသားကို နှစ်သက်ပါတယ်။ ပို့စ်တိုင်းလိုလို သဘောကျပါတယ် ။
ဒါပေမယ့် comment တော့ သိပ်မရေးဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေ သိပ်အားပေးတယ်လို့ ပြောကြတာကိုး။ အဲဒါကြောင့် စာတွေနှစ်သက်ပေမယ့် ထုတ်မပြောဖြစ်ဘူး။ ကျွန်မ comment တစ်ခုဟာ နှစ်ဖက်စလုံးကို ထိခိုက်သွားမှာ စိုးလို့ပါ။
blog လေးပိတ်သွားတုန်းက စာတွေ မဖတ်ရတော့ဘူးဆိုပြီး စိတ်မကောင်းဖြစ်နေတာပါ။
ရေးချင်တာသာရေးပါဗျို့...။ ၂၀၀၇ လောက်တုန်းကကြိုက်တဲ့ဘလော့တွေအများကြီး နေ့တိုင်းတစ်ခုမကျန်လိုက်ဖတ်ဖြစ်တာ..။ အခုတော့ ဆက်ရေးနေတာ ၁၅% လောက်ပဲကျန်တော့တယ်..။ ဘလော့ပိတ်ထားတုန်းက ဒီလူကြီးနှယ်..ဘယ်နှယ့် ဆိုပြီးတောင်ဖြစ်မိသေး..။ စိတ်မဆိုးကြေး.. ရေခဲမုန့်စားချင် လိုက်ကျွေးမည်..။
1 ကနေ ၅ ထိ တခါထဲ ဖတ်သွားလိုက်တယ်...
အပြင်က ပြန်လာပြီး အသစ် လာရှာတာ....ရှိဘူးတော့..
Post a Comment