ကိုကို ဆိုတဲ့အသံကို နားထဲကြားယောင်နေဆဲ…
သူကအမှောင်ကိုကြိုက်တယ်။ သူအမြဲပြောလေ့ရှိတယ်။ အခုလိုလွယ်လွယ်ကူကူရိုက်ပြီး ကြည့်လို့ရတဲ့အရာတွေထက် တဖြည်းဖြည်း ဖလင်တွေကို ကူးဆေးပြီး ဘာပုံလေးထွက်လာမလဲဆိုတဲ့ အရာကို စောင့်ကြည့်ရင်ခုန်ရတဲ့ အရသာ။ ပြီးတော့ ကိုယ်လိုချင်တဲ့ အရောင်လေးတွေ ထည့်သွင်းရင်းပေါ့လို့ အစချီရင်း…………
ခက်တာက ကိုယ်က အမှောင်ခန်းကို မကြိုက်ခဲ့ဘူး။ ဘ၀မှာ ကိုယ်အမုန်းဆုံး တကယ်တမ်းဆို အကြောက်ဆုံးလို့ ဆိုနိုင်တဲ့အရာက အမှောင်ခန်းထဲမှာ နေရမယ့် အချိန်ကာလပါ။ သူပြောတိုင်း ဟာသလုပ်ပြီး ကိုယ်ပြန်ပြောလေ့ရှိတာက အမှောင်ခန်းမရှိတော့ ကိုယ်လည်း မြနှင်းဆီလို အမျိုးသမီးနဲ့ မဆုံဖြစ်တော့ဘူးပေါ့လို့၊ ဒါမှ မဟုတ် ကိုရီးယားကားထဲကလို chemicalတွေနဲ့ မတော်တဆ ဖြစ်မယ့် မိန်းမလှလေးတယောက်လည်း ရှိမလာနိုင်တော့ဘူး လို့။အဲ့ဒီအခါတိုင်း သူက ပေါက်တတ်ကရ ကိုကို မြနှင်းဆီနဲ့တွေ့တိုင်း ဒီက ဖြူ့လို ငြိမ်ငြိမ်လေးနေမယ် မထင်နဲ့လို ကျားသစ်ပေါက်ကလေးလို ဒေါသတကြီး ပြန်ပြောတတ်လေရဲ့။ သူစိတ်ကောင်းဝင်နေခဲ့ရင်တော့ ဟောဒီ ပုံရိပ်တွေ ပတ်လည်ဝိုင်းနေတဲ့ ပြီးတော့ ဖြည်းဖြည်းခြင်း တိုးဖွသွားတဲ့ အသံလေးနဲ့ ငြိမ်သက်တိတ်ဆိတ်နေတဲ့ အခန်းတခုထဲက ချစ်ခြင်းမေတ္တာအကြောင်းကို မခံစားတတ်တဲ့ လူအ ဆိုပြီး ချွဲချွဲနွဲ့နွဲ့ ပြောသွားတတ်ပြန်ရော..
အခုတော့ သူမရှိတော့ပါဘူး။ သူ အသက်မကချစ်ပါတယ်ဆိုတဲ့ ပုံရိပ်တွေကို သူထားသွားခဲ့ပါပြီ။ တကယ်တမ်းက သူနဲ့ကိုယ့်ကြားမှာ ပုံရိပ်တွေတင်သာမက ပုံရိပ်တွေကို ဖန်တီးပေးတဲ့ ကင်မရာတလုံး ရှိနေခဲ့တာပါ။ သူသိမသွားတဲ့အကြောင်းက ကိုယ့်မျက်လုံးတွေက ကင်မရာ ချောင်းကြည့်ပေါက်တခုလို ဖြစ်နေခဲ့တယ်ဆိုတာကိုပါပဲ။
သူနဲ့အတူ ခရီးတခုက ပြန်လာတော့ ကိုယ်တို့ flat ကို ဆေးတွေ ပြောင်းသုတ်ထားကြပြီ။ ဒါပေမယ့် ကိုယ့်မျက်လုံးထဲမှာ ဆေးမသုတ်သေးခင်က အတိုင်း ထိုင်နေကြ နေရာလေးရဲ့ ဘေးနား တ၀ိုက်ကို အလွတ်ရနေခဲ့တယ်လေ။ မှတ်မိသေးရဲ့လား…
လျှောက်နေကြ လမ်းရဲ့ အနိမ့်အမြင့်တွေ၊ ချိုင့်ခွက်တွေဆီ ရောက်မလာခင် သူ့ကို ကိုယ့်ဖက်ဆွဲခေါ်ယူတတ်တာတွေ သူသိလိုက်မှာမဟုတ်ပါဘူး။ အနားကို တိုးဖို့ခေါ်ငင်တယ်လို့ပဲ အမှုမဲ့အမှတ်မဲ့ မဟုတ်လား။ ကိုယ်က လမ်းတခုလုံးကို သိနေခဲ့တာပါ…
ပြီးတော့ ကိုယ်တို့ ထိုင်နေကြ စားသောက်ဆိုင်က ခုံလေး။ သူ့လက်သည်းနဲ့ ခြစ်ထားတဲ့အရာလေးတွေ။ သူ့လက်မက ခရုပတ်ဗွေ ပြီးတော့ လက်ညိုးက ဗွေလျှောလေ။ မအံ့သြနဲ့လေ ဇွန်းလေးကို ကိုင်တော့ စတီးဇွန်းမှာ ကျန်ခဲ့တာကို ကိုယ်သတိထားမိသွားတာပါ..
ကိုယ့်ဆီမှာ နောက်ထပ် ပုံရိပ်တွေ အများကြီး ကျန်ပါသေးတယ်။ အဲ့ဒီပုံရိပ်တွေကို သက်ဆိုင်တဲ့ နေရာအလိုက် ထုတ်ပြီးကြည့်ဖြစ်နေဆဲပါပဲ
အမှောင်အခန်းလေးထဲမှာ နေနေတုန်းပဲလား။ အခုနောက်ပိုင်း ပုံရိပ်တွေ ဖမ်းလို့မရတော့ဘူးနော်။ အလင်းမလောက်ရင် ပုံတွေထွက်မလာဘူးလေ။ တုန်မှုန်ဝါးနေတဲ့ ပုံရိပ်တွေ ကိုယ်ဘယ်လိုမှ ခံစားလို့မတတ်တာ သိသားနဲ့….
ကိုယ့်ဆီမှာ ပုံရိပ်တွေနဲ့ ချစ်ခြင်းတွေ ကျန်ရစ်ခဲ့ပါတယ်….
ပုံရိပ်ဟောင်းတွေပါ ဒါပေမယ့် ချစ်ခြင်းကတော့ အသစ်အသစ်တွေဖြစ်လို့……..
ဘာရယ် မဟုတ်ပါဘူး ဖတ်နေလက်စ စာအုပ်ထဲက အတွေးတခုခေါင်းထဲရောက်လာလို့ ရောက်တတ်ရာရာလေး ချရေးကြည့်တာပါ။ ဖတ်လို့အဆင်မပြေဖြစ်ရင် မေ့ပစ်လိုက်ပါဗျာ...
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
5 comments:
ဘာရယ်မဟုတ်ဘူး ဖတ်သွားပါတယ်။ ဖတ်လို့ အဆင်ပြေလို့ မေ့ပစ်လိုက်ပါတယ်။
ဘာရယ်မဟုတ်ဘူး ၂၀၀၉ ဇူလိုင် ၁၃ က ဘယ်လို အတွေးမျိုးရှိနေခဲ့သလဲလို့ သွားကြည့်မိပါတယ်။
Antonio Salieri အကြောင်းရေးထားတာ တွေ့ လို့ ဖတ်ခဲ့ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ ပြန်ပါဦးမယ်။
စိတ်နဲ့ ကိုယ်နဲ့ မကပ်လို့ သူရူးတယောက်လို့ ကျနော့်ကို ပြောချင်ပြောနိုင်ပါတယ်။ ကျနော်က ကျိန်စာသင့်နေတဲ့သူတယောက်...
ခုတော့ ကိုကို ဆိုတဲ့အသံကို နားထဲ ကြားယောင်ဆဲ..
တိုးတိုးတိတ်တိတ်လွမ်းတယ်။
ရိုးတိုးရိပ်တိတ် လွမ်းတယ်..။
(ကောက်နှုတ်တင်ပြချက်များသာ)
အောက်က အစိမ်းရောင်စာသားတွေက အပေါ်က ခံစားချက်ကိုထောက်စေတယ်။
ဘာရယ်မဟုတ် ဖြုတ်လိုက်ရင်ကောင်းမယ်လို့ :D
ဖတ်လို့ အဆင်ပြေပါတယ် :)
အဲ့စာအုပ်ဖတ်ဖူးသလားလို့ “ဂျူး” ရဲ့ အရိပ်ပြလို့ အကောင်မမြင်တဲ့ ချစ်သူ
ဟုတ်လား ????
Post a Comment