31 July 2010

ဘ၀အတွင်း ကြီးပြင်းလာခြင်း ပါရာဒိုင်းများ……..


အခုတလော ရုပ်ရှင်တွေ အတော်လေးကြည့်ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ကိုလည်း စူးစူးနစ်နစ် နှစ်သက်နေမိတာလည်းရှိတယ်။ The Sorcerer’s Apprentice ကြည့်တုန်းက ကြော်ငြာထိုးတဲ့ အဲ့ဒီကားကို ကြည့်ချင်မိသွားတယ်။ သူငယ်ချင်းတစ်ယောက်က မျှဝေပေးတာနဲ့ မနေ့ညက မိုးအလင်းကြည့်ဖြစ်သွားတယ်။ ဇာတ်ကားကို ကြည့်နေမိရင်း ကံကြမ္မာကို မယုံကြည်ကြသူများကို သွားသတိရမိသေးတယ်။

အချိန်ဆိုတဲ့ ရွေ့လျားမှုတွေထဲမှာ ကျနော်တို့ကြီးပြင်းလာခြင်းဆိုတဲ့ ပါရာဒိုင်းတွေ ရှိနေခဲ့တာကိုး။ ငါတို့ငယ်ငယ်တုန်းကလေ ဆိုတဲ့အတွေးတွေနဲ့ ငယ်မူငယ်သွေးတွေ ပြန်ပေါ်လာ၊ စိတ်တွေနုပျိုလာ တတ်တာမျိုးကိုး။ ပြန်မရနိုင်တဲ့ ငယ်ရွယ်စဉ်အတိတ် ဆိုတာ လူတိုင်းမှာ ရှိကြတယ်။ အဲ့ဒီလို ကြီးပြင်းလာပုံခြင်း ဘ၀တွေကို ဖြတ်သန်းလာကြတာခြင်း မတူညီကြသလို နောက်ခံအခြေအနေတွေကလည်း တမျိုးစီ။

ကြီးပြင်းလာတော့ သူငယ်ချင်းတွေ ပြန်တွေ့ အရင်တုန်းက အကြောင်းတွေ စားမြုံ့ပြန်။ ပြီးတော့ လက်တွေ့ဘ၀တွေကို ဖလှယ်။ အတော်လေး ပြောင်းလဲသွားကြတာကိုး။ ပြင်ပသွင်ပြင်လက္ခဏာတွေထက် စိတ်တွေ အမြင်တွေ အိုးး အတော်လေးပြောင်းသွားခဲ့တယ်။

ငယ်တုန်းက သူငယ်ချင်းတယောက်ကို တောင်ကြီးမှာ ပြန်တွေ့တော့ ဝဝတုတ်တုတ် နှုတ်ခမ်းထူထူနဲ့ ချစ်စရာရှမ်းကလေး မဟုတ်တော့ဘူး။ ဆေးလိပ်တွေ ခေါင်းတိုင်ဖြစ်အောင် သောက်ပြီး လက်ထဲက ပုလင်းတွေ တစ်လုံးပြီးတစ်လုံး။ ညမီးကျည်တွေ လွှတ်တော့ မီးပန်းတွေက ကွင်းထဲမှာ ဖြစ်ချင်းတိုင်းဖြစ်နေတော့ကာ မင်းဘာမှ မပူနဲ့ ငါ့ကျောနောက်မှာ နေဆိုပြီး ကွယ်ထားတဲ့ ငယ်သူငယ်ချင်း သံယောဇဉ်ကို လှိုက်ခနဲနေအောင် ခံစားမိသေးတယ်။ ဆိုင်ကယ်ကို အလယ်ကထိုင်လိုက်စေပြီး အရှေ့က သူ့သူငယ်ချင်းကို ဖြေးဖြေးမောင်း ငါ့သူငယ်ချင်းစီးရဲမှာ မဟုတ်ဘူးဆိုတော့ တစ်နှစ်လောက်ပဲကြီးတာကို လူတတ်ကြီးလုပ်နေတယ်လို့ ကျနော်ရယ်ချင် မိသွားတယ်။ နောက်တော့ အိမ်ကို ကျနော်မရှိတုန်း လာတယ်ပြောတယ်။ အတော်လေး ပြောင်းလဲသွားခဲ့ပြီ။ ငယ်တုန်းကလို ဖြူစင်တဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူးတဲ့။ တာချီလိတ်နဲ့ ဖြူးကို ကူးချည်သန်းချည် လုပ်နေတဲ့ လူရည်လည် ကုန်သည်ကြီးဖြစ်လို့နေခဲ့ပြီ။

နောက်နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်ကို လွန်ခဲ့တဲ့လေးလလောက်က ပြန်တွေ့ဖြစ်တယ်။ သူလိုအပ်တာတွေ ကူညီပေးရင်း သူ့ရဲ့ပြောင်းလဲမှုတွေကို လေ့လာမှတ်သားမိတယ်။ သားတစ်ယောက်အဖေဖြစ်နေပြီတဲ့လေ။ သူ့သားလေး သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတင်ထားရလို့ ညတိုင်းကျနော့ဆီဖုန်းဆက်ပြီး သူဘယ်လောက်စိတ်ပူနေတယ်ဆိုတာ ညည်းညူရင်ဖွင့်တဲ့ မိဘမေတ္တာတွေနဲ့ အရင်တုန်းက လို ဂျစ်ကန်ကန် ခလေးဘဝကို ချန်ထားခဲ့ရပြီလေ။ ဘ၀ဆိုတဲ့ ကျောင်းထဲမှာ ကျောင်းသားဘဝကျော်လွန်ပြီး တကယ်ရုန်းကန်ရချိန်တွေ မှာ အားလုံး တကွဲစီ တနေရာစီ။ အချိန်တပတ်လည်တော့ ပြန်တွေ့ဖြစ်ကြပြန်ရော။

ဇာတ်ကားထဲမှာ သူငယ်ချင်း ငါးယောက်ပြန်လည် ဆုံဆည်းတဲ့အကြောင်းကို အခြေခံပြီး လူမှုစရိုက်တွေ လက်ရှိအခြေအနေတွေကို ပြသထားခဲ့တာ။ သူတို့ရဲ့ ဘတ်စကတ်ဘော နည်းပြ ရဲ့ နောက်ဆုံးခရီးမှာ အနှစ်သုံးဆယ် အကြာမှ ပြန်တွေ့ဖြစ်ကြတာပါ။ သားသမီးတွေ ကိုယ်စီ တယောက်နဲ့တယောက် နောက်ပြောင်ကျီစယ်ရင်း ငယ်မူငယ်သွေးတွေကြွနေတဲ့ သူတို့ရဲ့ စိတ်တွေကို အတိုင်းသား။

ပြီးတော့ သူတို့သားသမီးတွေနဲ့ သူတို့ခေတ်တွေရဲ့ ကွာဟချက်တွေ။ Dotta တွေ အသေအလဲခုတ်နေ၊ သေနတ်တွေ နင်းခွပစ်ပြီးဆော့ကစားတဲ့ ဂိမ်းတွေ၊ နည်းပညာတိုးတက်မှုတွေနဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက် ကွန်ပြူတာ၊ တီဗီတွေရှေ့မှာ တချိန်လုံးဆော့ကစားနေတဲ့ သားသမီးတွေ။ အဖေတို့ခေတ်တုန်းက အံစာတုံးပစ်တဲ့ မြွေကစားနည်းက သိပ်စိတ်လှုပ်ရှားမှုပေးတာပဲဆိုတာနဲ့ ဆွဲဆောင်မှု မပေးစွမ်းတော့တာ အသေအချာ။ Navigation system တွေ၊ surfing လုပ်တာနဲ့ခဏအတွင်း ရနိုင်တဲ့ information system တွေကြားမှာ မွေ့ပျော်နေတဲ့ သားသမီးတွေကို တကယ့် ပြင်ပ ကိုယ်လက်လှုပ်ရှားမှုတွေ အဖြစ်ပြောင်းလဲပစ်ချင်တဲ့ Lenny ရဲ့ စိတ်ကို အတိုင်းသားမြင်လိုက်ရတယ်။ ကျောက်ခဲတစ်လုံးကို ကိုင်လိုက်တဲ့ သားငယ်ကို ပစ်လိုက်လေကွာလို့ စိတ်ထဲက မချင့်မရဲ တိုက်တွန်းနေကတည်းက သူဘယ်လောက်စိတ်အားထက်သန်စွာနဲ့ ဒီ lake house အစီအစဉ်ကို လုပ်ခဲ့တယ်ဆိုတာ သိသာစေတယ်။

လူမှုဘ၀အတွင်းက ခွဲခွာရခြင်းတွေ။ ချစ်သောသူတွေနဲ့ သေကွဲ ရှင်ကွဲ စတဲ့ ခွဲခွာခြင်းနည်းပေါင်းစုံ။ ဖြစ်ပျက်မှုပေါင်းစုံနဲ့ သူငယ်ချင်း ငါးယောက်။ အိမ်ထောင်သုံးဆက်ဖြစ်သွားတဲ့ Rob ရဲ့ ကြေကွဲဖွယ်တွေ။ ဘယ်သံယောဇဉ်တွေမှ မချည်နှောင်ပဲ အခုအချိန်အထိ လူပျိုကြီးအနေနဲ့ ရှုပ်ပွေနေတဲ့ Marcus ရဲ့ညတွေ။ အလုပ်မလုပ်ပဲ အိမ်မှာပဲ အိမ်ထောင်ထိန်းယောက်ျား တယောက်အဖြစ် ရပ်တည်နေတဲ့ Kurt ရဲ့ ဖြစ်တည်မှုတွေ။ ပရိဘောဂ လုပ်ငန်းရှင် သူဌေးကြီးအဖြစ် ကြွားကြွားဝံ့ဝံ့ မိတ်ဆက်တဲ့ Eric ရဲ့ လိမ်လည်မှုတွေ (တကယ်က သူငယ်ချင်းတွေကို ၀မ်းသာစေချင်လို့ လိမ်လည်ခဲ့တာဆိုတာ သူနောက်ဆုံးမှာ ဖွင့်ဟ၀န်ခံခဲ့တယ်၊ လိမ်လည်ခြင်းမှာလည်း မျိုးစုံရှိနေပေမယ့် ဒီလို လိမ်လည်ခြင်းကို စိတ်ထဲက မသိလိုက် မသိဖာသာ ခွင့်လွှတ်နေမိပြန်တယ်)။ ဒီ အစီအစဉ်မှာ မီလန်သွားမယ့် Flight ကို သူ့မိန်းမ မသိအောင် ကြိုတင် cancel လုပ်ထားတဲ့ Lenny က အဓိက ဖြစ်ပါတယ်။

အဓိက ခံစားမိတာက မိဘနဲ့သားသမီးကြားက အကြောင်းအရာတွေ။ စီးပွားအရှာကောင်းနေတဲ့ မိဘတွေ… ပြည့်စုံကြွယ်ဝအောင် လိုလေသေးမရှိထားနိုင်ရင် မိဘတာဝန်ကျေပွန်တယ်လို့ အထင်ရှိတတ်ပါတယ်။ အလုပ်တွေ အရမ်းပင်ပန်းလို့ အိမ်ပြန်ရောက်တာနဲ့ သားသမီးတွေအတွက်၊ မိသားစုအတွက် အချိန်မပေးနိုင်တဲ့သူတွေ ဒီခေတ်ကြီးမှာ အများကြီးပါ။ တကယ်တမ်း ဥစ္စာပစ္စည်းတွေ တင်မကပါပဲ မမြင်မတွေ့မထိနိုင်တဲ့ စစ်မှန်တဲ့ မေတ္တာတရားက လူသားတွေအဓိက အလိုအပ်ဆုံး အရာဆိုတာကို သူတို့ မေ့လျော့နေတတ်ကြပါတယ်။ သွားကျိုးသွားတဲ့ သမီးငယ်ကို ဖုံးတဖက်နဲ့ ပြီးစလွယ်ဖြေလိုက်တာမို့ သမီးလေး စိတ်ထိခိုက်သွားတဲ့ အဖြစ်နဲ့ ချိန်ထိုးပြထားခဲ့တယ်။ ပြောပြီးမှ နောင်တရ သွားတာမို့ မအိပ်နိုင်လောက်အောင် ခံစားရတဲ့ မိခင် မေတ္တာနဲ့ ပြန်လည် ဖြေသိမ့်ပေးခဲ့ပါတယ်။

ရန်ကြွေးရန်စတွေ၊ အမုန်းတွေ။ ငယ်တုန်းက ရှုံးခဲ့တဲ့ မကျေပွဲကို ပြန်လည် ဆင်နွှဲတဲ့ ပွဲလေး။ တခါတလေကျ အနိုင်ယူလိုက်မှ စိတ်ချမ်းသာ ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ သူတပါးအတွက် ပျော်ရွှင်မှုကို မျှဝေပေးဖို့ ကိုယ့်ဖက်က အရှုံးပေးသင့်ရင် ပေးထိုက်တယ် ထင်ရင် ပေးလိုက်ကြတာမျိုးလို့ ခံစားမိတယ်။ ပြင်ပမှာတော့ အတော်လေး ခက်ခဲပါလိမ့်မယ်။ ငါ..ငါ…ငါဆိုတဲ့ ငါပြီးရင်း ငါ အတ္တတွေကြားထဲမှာ ငါနဲ့ငါသာ နှိုင်းစရာဖြစ်နေတတ်တာမို့ ဆင်ခြင်သတိကို ရရှိစေခဲ့တဲ့ ပြကွက်လေးပါ။

ဇာတ်ကားထဲက အမျိုးသားငါးယောက်ရဲ့ စကားဝိုင်းတွေတိုင်းမှာ ကံကြမ္မာကို မယုံကြည်ကြသူများထဲက အမျိုးသမီးတွေရဲ့ စကားဝိုင်းနဲ့ ချိန်ထိုးမိတယ်။ ဘဝကြီးပြင်းမှုတွေတိုင်းမှာ ငယ်ဘ၀ရဲ့ အရိပ်တွေ ကြီးစိုးလွန်းပါတယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် မဖြစ်မနေ ကြုံဆုံ ရဦးမှာပါပဲ။ အခက်အခဲတွေရှိမယ်။ ပျော်ရွှင်မှုတွေ ရှိမယ်။ ငိုယိုခြင်းတွေရှိမယ်။ အပြောင်းအလဲတွေရှိမယ်။ ခွဲခွာခြင်းတွေရှိမယ်။ အတိုက်အခိုက်တွေ ရှိမယ်။ တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန်၊ အကြောင်းအရာတခု နဲ့ တခု၊ ရပ်တည်မှုတွေ မတူ ဖြစ်တည်မှုတွေ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ ဒီပါရာဒိုင်းတွေကို ကျနော်ဘေးကနေ ဝင်ကြည့်နေမိတယ်။ ကျနော် ရဲ့ ကြီးပြင်းလာခြင်းနဲ့ နှိုင်းစာကြည့်တယ်။ နီးလာလိုက် ဝေးသွားလိုက် ကြီးသွားလိုက် ငယ်သွားလိုက်….

30 July 2010

ရင်ထဲက ထာဝရ မုတ်သုန်


ဟူးးးးးးးးးးးးး မိုးတွေအရမ်းရွာနေပြန်ပြီကွာ

လက်ထဲက ထီးကို ပိတ်ရင်း အထဲကို ကသောကမျော ဝင်လာတဲ့ အလုပ်ထဲက စီနီယာကို ကြည့်ပြီး Gtalk status ကို ချက်ချင်း ပြောင်းပစ်လိုက်တယ်။

မိုးတွေ ရွာပြန်ပြီလေ……

လိမ္မော်ရောင် အလုံးလေးတစ်လုံးက ဟေ့ကောင် မင်းရောဂါ မပြတ်သေးဘူးလားလို့ မေးလာပြန်တယ်။

ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်မို့ မက်ဆေ့ကနေတဆင့် ကျနော့စိတ်အခြေအနေကို သူဖတ်မိသွားပုံပါပဲ။

မင်းကွာ စင်္ကာပူလို ဆယ့်နှစ်ရာသီ မိုးအမြဲရွာတဲ့နေရာမှာ လို့ မချင့်မရဲ သူပြောပြန်တယ်..

ဟေ့ကောင်လို့ သူ စိတ်မရှည်စွာ ဆက်တိုက်နှိပ်နေတာကို ကျနော် မကြည့်အားသေးဘူး။ ကျနော့မျက်လုံးက ၀ါးနေတာကို ကြည်သွားတဲ့အထိစောင့်ရဦးမယ်။ ပြီးတော့ ပြီးတော့ အခုထိ မငြိမ်နိုင်သေးတဲ့ စိတ်တွေကို တည်ငြိမ်ဖို့ အချိန်ပေးရဦးမယ်။

မင်းနေကောကောင်းရဲ့လား၊ အလုပ်ထဲမှာပဲလား လို့ ဆက်တိုက်မေးခွန်းတွေ လာနေပြီဆိုတော့မှ အင်းးးးးးးးးးးးးးးးးးလို့ သံရှည်တစ်ချက်ရိုက်ထည့်လိုက်တယ်။ ထုံးစံအတိုင်း နှာချေနေပြန်ပြီ်မဟုတ်လား၊ ကော်ဖီပူပူလေး သောက်လိုက်ဦးကွ ဆိုတော့မှ လက်ထဲမှာ တင်းကျပ်နေအောင် ဆုပ်ထားတဲ့ ကော်ဖီခွက်ကိုင်းကို လွှတ်ဖို့ သတိထားမိသွားတယ်။

ဇော် နင့်လက်တွေက အမြဲနွေးနေတာပဲနော် …ဟင့်အင်း ခေါင်းကို ယမ်းလိုက်မိတယ်။ ကျေးဇူးပြုပြီး မေ့ပစ်ပါရစေတော့။

ဇော်…ဇော် ငါခေါ်နေတာ အခွန်းတစ်ရာလောက်ရှိပြီ။ နင်ဘာလို့ လှည့်မကြည့်တာလဲ။ ငါ့ ကို ဘယ်လိုခေါ်လိုက်တယ်။ ဇော်လို့ ခေါ်တာလေ ဘာလဲ မကြိုက်ဖူးလား…ရှက်ရယ်ရယ်သွားမိတဲ့ မျက်နှာကို သူသတိထားမိသွားပုံနဲ့ ညစ်ကျယ်ကျယ် ထပ်ပြီး ခဏခဏခေါ်လိုက်သေးတယ် သြော် ဇော်တဲ့လားကွာ…

ကွန်ပြူတာမှာ sound box မရှိလို့သာ တော်တော့သည်။ ဟိုကောင် မက်ဆေ့ တစ်ချက်ရိုက်လိုက်တိုင်း အသံတွေ ပလုံစီအောင် မြည်နေလို့ကတော့ တရုံးလုံး ကြားရလောက်မည်။ ထုံးစံအတိုင်း မင်း ဇာတ်လမ်းအဟောင်းမှာ မျောနေပြန်ပြီကွာဆိုပြီး စိတ်ပျက်လက်ပျက် နောက်ဆုံး ငါထမင်းသွားစားတော့မယ် ဆိုတာကို နှစ်ခါလောက်ရိုက်ပြီး လိမ္မော်ရောင် ကနေ မရှိတော့တာကို လုံးဝသတိမထားမိ။

အင်း တစ်နာရီခွဲသွားပြီပဲ။ လူတစ်ယောက်ကို မေ့ပစ်ဖို့ နှစ်တွေ ဒီလောက်ကြာရှည်အောင် ဘာလို့ ဆွဲဆန့်နေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ ကျိုးကြောင်းခိုင်လုံတဲ့ အရာတွေနဲ့ လွမ်းတာကို နာစရာနဲ့ ဖြေလိုက်ပါလို့ နှစ်သိမ့်ပေမယ့် ဒီအချက်နဲ့ မလုံလောက်ဖူးဆိုတာ သိပါတယ်။

တကယ်တမ်းက ဘာကိုမှ ရင်မဆိုင်ရဲဘူးလေ။ facebook ဆိုတဲ့ ကွန်ယက်ဆက်သွယ်မှုတွေကို အစတောင်မပြုရဲဘူး။ သူအိမ်ထောင်ကျသွားပြီဆိုတဲ့ သတင်းသဲ့သဲ့ ကြားမိတယ်။ ကျနော့ကို လူတွေက စိတ်နာအောင် ပြောပေးနေတာလို့ ရသေ့စိတ်ဖြေနေမိတာမို့ အမှန်တကယ်ဆိုတာကို လက်တွေ့ကျကျ မျက်နှာစုံညီ မတွေ့ချင်မိဘူး။ ကျနော် မြတ်နိုးတဲ့ ဆံပင်ရှည်တွေ ဖြတ်ပစ်မယ်လို့ ခဏခဏ ကြုံးဝါးခဲ့ဖူးတာလည်း အကောင်အထည်ဖော်ဖြစ်သလား မသိပါ။ လုပ်ဖြစ်ကောင်း လုပ်ဖြစ်ပါလိမ့်မည်။

ဟေ့ကောင် ထမင်းမစားသေးဘူးလားကွာဆိုပြီး အစောက သူငယ်ချင်း ပြန်ပေါ်လာသည်အထိ ကျနော် ထိုင်ခုံမှာပဲ ရှိနေသေးသည်။

မနေ့ညကလည်း မိုးရွာတယ်ကွာ လို့ ကျနော်တစ်ချက် တုန့်ပြန်လိုက်သည်။

မင်းတို့ဆီမှာ 24နာရီ မိုးရွာတာ ဘာဆန်းသလဲကွာလို့ ပြောနေလျက် ဒီကောင့်ပါးစပ်က အပြင်ဖက်မှာ မသိမသာ ကျနော့ကို ဆဲဆိုနေမှာ တွေးမိရင်း မင်း ငါ့ကို ဆဲချင်နေပြီမလားဆိုတော့ ဆဲပြီးနေနှင့်ပြီတဲ့လေ။ နှစ်ယောက်လုံး အွန်လိုင်းပေါ်မှာ အပြုံးတွေ ဖန်ဆင်းလိုက်ပြီး ကဲ ငါဆက်အလုပ်လုပ်လိုက်ဦးမယ် နောက်မှ တွေ့ကြတာပေါ့ လို့ နှုတ်ဆက်ပြီး ထွက်ခဲ့လိုက်သည်။

မိုးရွာသီဆိုတာ နှစ်တစ်နှစ်မှာ ရှိနေတတ်တာမဆန်းဘူး။

စင်္ကာပူလို ကျွန်းနိုင်ငံမှာ နှစ်ဆယ့်လေးနာရီလုံး ဆယ့်နှစ်ရာသီပတ်လည် မိုးရွာတတ်တာလည်း မဆန်းကြယ်။

ကျနော့ ရင်ဘတ်ထဲမှာ ထာဝရ မုတ်သုန်ရာသီဖြစ်နေတာတော့…………

28 July 2010

မူးယစ်ခြင်းမှာ အကျွမ်းဝင်သူများသို့…………..

မူးယစ်စွဲလမ်းစေသော အရာများကို တမ်းတမ်းမက်မက် လိုက်ပါခုံမင်နေသူများကို မူးယစ်နေသူများဟု သတ်မှတ်သင့်သည် မဟုတ်ပါလား။ အဆိုပါ မူးယစ်စေသော အရာ ကျနော်တို့ တိုင်းပြည်တွင် ပျံ့နှံ့နေခဲ့သည်မှာ ကြာနေခဲ့ပါပြီ။ လူငယ်လူရွယ် များသည်သာမက၊ မိဘဘိုးဘွားများကပါ လူငယ်များကို မူးယစ်စေအောင် တိုက်တိုက်တွန်းတွန်း လုပ်ကြပြန်သေးသည်။ မိမိတို့ရဲ့ သားမြေးများ မောင်ဘွားများ စွဲလမ်းသွားကြသည်ကိုလည်း ဂုဏ်ယူဝံ့ကြွားစွာ လူပုံအလယ််ကြားတွင် ကြွားဝါနေသေးသည်။ ထိုမျှတွင် မက သူ့ထက်ကဲရွှေပြည်စိုးကာ စာမျက်နှာကြော်ငြာများတွင်လည်း အပြိုင်အဆိုင်ထည့်လိုက်ကြပြန်သေးသည်။ အဆိုပါမူးယစ်ဆေးမှာ တတိုင်းပြည်လုံးပျံ့နှံ့ အရိုးစွဲနေခဲ့သည်မှာ ကြာမြင့်နေခဲ့ချေပြီ………………………….

များသောအားဖြင့် ကြားရတတ်စမြဲ။ ဂျပန်သွားက သိန်းတစ်ရာ။ စင်္ကာပူသွားက သိန်းလေးဆယ်။ မလေးရှား သိန်းနှစ်ဆယ်။ နေစရာပေးမည် စားစရာပေးမည်။ ဘလာ ဘလာ အနှီ ငါးမျှားချိတ်တို့အောက်တွင် သားကောင်များ အတုံးအရုန်း။ အိမ်ပေါင်၍ တမျိုး လယ်ပေါင်၍တဖုံ၊ မရှိမဲ့ ရှိမဲ့ ခြစ်ခြုပ် ကျစ်ကုတ််ပြီး ဘုရင့်နောင်ဖောင်ဖျက် လုပ်ကြသူတွေလည်းရှိ၏။ ဟိုကဆွဲ ဒီကဆွဲနှင့် ငွေတိုးပိပြီး နောက်က လိုက်လို့ မဆုံးသူတွေလည်း ဒုနှင့်ဒေး။ စတင်မူးယစ်ပြီးသည်မှ တခေါက်ရှုံးလည်း ကြက်သွန်ဆိုကာ ထပ်ခါထပ်ခါ ငွေမျောလိုက်သူများလည်း ရှိပြန်သည်။ မည်သူ့မျက်နှာမျှ ကြည့်ရန်မလို သံသရာကြွေး ဒီဘဝတွင်သယ်နိုင်သမျှသယ်မည်ဆိုသော အပြောချို မူးယစ်ဆေးဖြန့်ချီသူ အပလီများလည်း အသိန်းအသောင်း။ မူးယစ်ဆေးကို မထိတထိ သုံးပြီးမှ လက်လျှော့သူများလည်း ရှိသည်။ မူးယစ်ဆေးကို ထိထိရောက်ရောက် သုံးစွဲနေသူများလည်း ရှိသည်။ အခုမှ စသုံးကြမည့်သူများလည်းရှိသည်။ သုံးစွဲလတ္တံ့သူများလည်း ရှိနေသေး၏။

သို့သော် မူးယစ်ဆေးနောက်ကွယ် ကန့်လန့်ကာကို မည်သူမျှ ယောင်၍ဖွင့်မကြည့်ခဲ့ကြ။ ကန့်လန့်ကာ အရှေ့က တဆောင်တပြောင်နိုင်လှစွာသော ဖောင်းကြွ ရွှေစာလုံးကြွားကြွားဝံ့ဝံ့ကိုပင် အားပါးတရကြည့်သွားကြသည်။ အတော်လေး နေရာကျပြီဟုဆိုကာ တခမ်းတနား အမွှန်းတင်ကြပြန်သေးသည်။ ကန့်လန့်ကာနောက်ကို မည်သူမျှ မကြည့်ခဲ့ကြ။

သူတပါးတိုင်းပြည်ကို ရောက်ပြီဆိုတော့ လာကြိုမည့်သူ မရှိသည့်အဖြစ်များ။ အရာအာလုံးသည် စာရွက်ထဲတွင်သာ ရှိ၍ ပြင်ပတွင် မည်သည့်ဖြစ်တည်မှုမျှ မရှိသည့်အဖြစ်များ။ ထို့ထက်ဆိုးရွားစွာ မူးယစ်ဆေးကို မှောင်ခိုပြု၍ မိကောင်းဖခင် သမီးပျိုတို့ ကိုယ်ကျိုးနည်းသည့် အဖြစ်များ။ အစကပြောတော့တမျိုး လက်တွေ့လုပ်ရသည်က တခု။ လစာ မည်ရွှေ့မည်မျှ ရမည်ဆိုသော်ငြား ဝမ်းဝရုံသာရသော အဖြစ်မျိုးနဲ့ကြုံရပြန်သေးသည်။ စားပွဲတွင် လက်တင်၍သာ လုပ်ရမည်ဆိုသော်လည်း တကယ်တမ်းကျတော့ စားပွဲအောက်ကြမ်းတိုက်တာက စသည်ဟု ငုံ့ဝင်ရသည်လည်း ရှိ၏။

ပေါက်သည့်နဖူးမထူးပြီဟု ကြိတ်မှိတ်ပြီး ဆေးကိုမှီဝဲသူက မှီဝဲ၏။ လက်မခံနိုင်ဟု တွန်းလှန်ပြီး ဆေးဖြတ်သူကဖြတ်။ မိမိ၏ဆေးစွဲခြင်းကို ဂုဏ်ယူ ဝံ့ကြွားနေမည့် မိဘဆွေမျိုးများ မျက်နှာရစိမ့်သောငှာ အံကိုကြိတ်ပြီး ခေါင်းကို ငုံ့နိုင်သမျှငုံ့ မဝရေစာ ကိုယ့်ဝမ်းကိုယ် မသထာနိုင်ပဲ မူးစုပဲစု စုဆောင်းထားသမျှကို ငွေသားအဖြစ်ပို့သည်ပို့။ ပစ္စည်းအဖြစ် ဝယ်သည်ကဝယ်။ ရလေလိုလေ အိုတစေ မျိုးဆွေညာတကာနဲ့ဆိုပါက ရှာသမျှ အဟောသိကံ။ ပလိုင်းပေါက်နှင့် ဖားကောက်၊ ခြင်းကြားနဲ့ ရေသယ် မိုက်လေတဲ့ သူငယ်။ တနေ့တမျိုး မရိုးအောင် ပေါ်ပေါက်နေသော လူသုံးပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများက သင့်ခါးကို ချိုးရန် အဆင်သင့်ဖြစ်နေကြပါပြီဟု မျက်စပစ်နေသည့်နှယ်။

ထိုထိုသော အကြောင်းအရာ အဖြစ်အပျက် မျိုးစုံတို့အနက် မည်သူ့တိုက်တွန်းချက်မျှမပါပဲ ကျနော်သည် ၁၈နှစ်သက်ပြည့် မိမိဖာသာ ဆေးစွဲသူတစ်ဦးဖြစ်ပါသည်။ အဆိုပါ မူးယစ်ဆေးဝါးကို တရှိုက်မက်မက် မစွဲ စွဲအောင် မိမိအစွမ်းအစဖြင့် စတင်ရှာဖွေသုံးစွဲခဲ့ခြင်းလည်းဖြစ်သည်။ နည်းလမ်းကောင်းများဟု ကြံဆောင် ကြိုးကုတ် အားထုတ်ခဲ့သူလည်းဖြစ်ပါသည်။ မူးယစ်စွဲလမ်းသူများထဲတွင် ပါဝင်နိုင်ခဲ့ပြီဟု ရင်ကော့ ခေါင်းမော့နိုင်ခဲ့ပါသည်။

တလောက အိမ်အပြန် မူးယစ်ဆေးဝါး မထိတွေ့ဖူးသူများနှင့် ဆုံတွေ့ဖြစ်ခဲ့သည်။ ကျနော့သူငယ်ချင်း အရင်းခေါက်ခေါက်တယောက်ပါသည်။ တကယ်က ကျနော် မူးယစ်ဆေးဖြတ်လိုလှသည်။ ဤသည်ကို အိမ်မှလည်း သိသည်ဟု ကျနော်ထင်သည်။ မူးယစ်ဆေးစွဲခြင်း၏ ကောင်းကျိုးများကို တီးတိုးတမျိုး ကျယ်ကျယ် တဖုံ နားမဝင် ဝင်အောင်သွင်းနေသည်ကိုလည်း ကျနော် မသိမဟုတ် သိပါသည်။

သူငယ်ချင်းကိုယ်တိုင် လွန်ခဲ့သောတစ်နှစ်အကြာက မူးယစ်ဆေး အကြောင်းကို အားကျမက်မောစွာ စတင်မေးမြန်းဖူးသည်။ မူးယစ်ဆေး သုံးစွဲဖြစ်သွားသည့် အကြောင်းများ၊ မည်သို့မည်ပုံ မူးယစ်ဆေးသုံးစွဲပုံ စသည်စသည် ထွေလီကာလီများဖြင့်။ သို့သော် ယခုတခေါက်တွင်မူ မူးယစ်ဆေး အကြောင်းကို စဉ်းငယ်မျှ မသိုးသီတော့။ လက်ထဲတွင် ငါးထောင်တန်ကို အထုပ်လိုက် ကိုင်သုံးနိုင်သော၊Made in Japan ဆိုသော ဆိုင်ကယ်နှစ်စီးပိုင်သော၊ အိမ်တွင် ဇိမ်ခံပစ္စည်းများကို လိုအပ်သည်ထက် ပိုလျှံအောင် ဖြည့်စွမ်းနိုင်သော သူတယောက် အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ထို့အတွက် သူပေးဆပ်လိုက်ရသည်က ကျနော် မပေးဆပ်နိုင်သောအရာများပင်။ သူတင်ပဲလားဆိုတော့ မဟုတ်ခဲ့ပါ။ အတန်းဖော်သူငယ်ချင်း ရွယ်တူများ အားလုံး ထိုနည်းနှင်နှင်။

သူငယ်ချင်းတယောက်၏ညီမငယ် အဖြစ်ကိုလည်း အမှတ်မထင်ကြားမိလိုက်သည်။ သို့သော် ကြားဖူးနေကြ အဖြစ်ပျက် တခုအဖြစ် အများကလျစ်လျူရှုနိုင်သည်ကို ကျနော်ကသာ ရင်တမမ ဖြစ်နေမိသည်။ သိပ်မထူးဆန်းသည်က ဆိုင်ရာပိုင်ရာ အဖေလောက်ရှိသော လူကြီးတယောက်ထံတွင် အစမ်းခန့်မှ အမြဲတမ်းဝန်ထမ်းဖြစ်ရေးအတွက် စတေးလိုက်ရသော အဖြစ်အပျက်။ ရုပ်ရှင်ထဲမှာပင် ရှိသည်ဟု ကျနော်မှတ်ယူထားသော အဖြစ်များ ပြင်ပတွင် တကယ့်ဇာတ်ကောင်များအဖြစ် မြင်တွေ့ရသောအခါ ကျနော့မူးယစ်ဆေးကို ကျနော် သတိရမိသည်။

ပထမဆုံး ခရီးစဉ်၌ ကျနော့ကို လေဆိပ်တွင် ကူညီခဲ့ဖူးသော ညီငယ်လေးနှင့် ယခုတခေါက် ပြန်တွေ့သည်။ သူက ကျနော် မြောက်ဥက္ကလာပမှာ ခြံဝိုင်းလေး ဝယ်ထားတယ်အစ်ကို ဆိုတော့ ကျနော် ငိုင်တွေဆင်းသွားခဲ့ပြီး ကျနော့မူးယစ်ဆေးကို ပထမဆုံးအကြိမ်ငြိုငြင်မိသွားခဲ့သည်။ ကျနော့တွင် ခြံဝိုင်းထားလို့ ဝိုင်းစရာ စက်ဝိုင်းခြမ်းတောင် ရှိမနေသေးသည် ကိုတွေးမိသွား၍ ဖြစ်ပါသည်။ နှစ်ရာကျော်လေးပဲ ဆိုသည့် အချက်ကို ပေ့ါပေါ့ပါးပါးလေး ပြောသွားသည့် သူ့ကို ကျနော် အားကျငေးမော ကြည့်ရင်း မူးယစ်ဆေးဖြတ်ချင်လာပြန်သည်။

မူးယစ်ဆေးစွဲနေသော ကျနော့တွင် နာမည်နှင့် ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားဆိုသော အရာတို့သာ အကောင်းအတိုင်း ကြွင်းကျန်ရစ်သည်။ ဆေးစွဲပြီးကာလနှင့် ဆေးမစွဲခင်ကာလသည် ဘာမှ ထူးထွေသည့် အံ့ရာသော် မရှိလေခဲ့။ ကျနော် မပေးဆပ်နိုင်သော အရာတို့ကြောင့် မူးယစ်ဆေး ဖြတ်ဖို့ကို ကျနော် အတော်လေး စဉ်းစားယူရပါဦးမည်။ အိမ်က မင်းဒါတွေ ရင်းနိုင်သလား ဆိုသော မေးခွန်းကို မေးလာခဲ့ရင် ဖြေဖို့ ကျနော် အဆင်သင့်မဖြစ်သေးပါ။

ဟုတ်ကဲ့ ကျနော် အဆိုပါ မူးယစ်ဆေးစွဲနေသည်မှာ ယနေ့ည ရှစ်နာရီကျော်ဆိုလျှင် သုံးနှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။

ဘာကြောင့် နိုင်ငံရပ်ခြားထွက်ခဲ့တာတဲ့လဲ
ဆော်လမွန်ငါးတို့အပြန်

24 July 2010

ဘလော့ရေးခြင်း အနုပညာ (၆)

ဘလော့မှာ ၀မ်းစာပြည့်လာရင်း စာရေးကောင်းတဲ့ စာရေးသူတစ်ချို့မွေးထုတ်ပေးလာနိုင်ခဲ့ပါတယ်။ တစ်ချို့စာရေးသူတွေက ပြင်ပစာပေလောကမှာ စာအုပ်တွေထုတ်လုပ်တဲ့ အထိ ဦးတည်လာကြတယ်။ တကယ်ဆို မြေစမ်းခရမ်းပျိုး ဘလော့ဆီကနေ အခုလို စာအုပ်ထုတ်တဲ့အထိ တိုးတက်အောင်မြင်လာကြတာကို ကျနော်တို့က ၀ိုင်းဝန်းအားပေးသင့်ကြတယ် မဟုတ်လား။ သရုပ်ဆောင်တဲ့သူတွေ အဆိုတော်ဖြစ်ခွင့် ရှိသလို အဆိုတော်တွေလည်း သရုပ်ဆောင်မလုပ်ရဘူးလို့ ကန့်သတ်ထားတာမှ မရှိတာ။ အခုဆို ပိုလို့တောင် ကောင်းမွန်လို့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားတွေ ဖြစ်နေပြီလို့ သတ်မှတ်ပေးကြရမှာပါ။

ဟိုးအတော်လေး အကြာက ဘလော့မှာ စာရေးခြင်းနှင့်ပတ်သတ်တဲ့ ဂျာနယ်တစ်စောင်ရဲ့ အမြင်တစ်ခုကို အတော်လေးစိတ်ထဲမကောင်းဖြစ်သည်အထိ ဖတ်လိုက်မိတယ်။ ဘလော့ရေးသူ တယောက်ရဲ့ ရပ်တည်မှု၊ ပြီးတော့ သူဖန်ဆင်းတဲ့ အနုပညာ။ ဘယ်မှာတဲ့လဲ။ ဘယ်သူတွေက အသိအမှတ်ပြုတယ်တဲ့လဲ (အသိအမှတ်အပြုခံချင်လို့ ဘလော့ရေးကြတာပါဟု ကျနော်ဘယ်တုန်းကမှ မမြင်ခဲ့မိလို့ပါ)။ ဒါပေမယ့် စာရေးနေတာကို နှစ်သက်ခုံမင်တဲ့သူတွေက စာရေးနေကြတာပါပဲ။

အရာဝတ္ထု တစ်ခု သို့မဟုတ် တစ်စုံတစ်ခုသော အကြောင်းအရာ အဖြစ်အပျက်ကို အတူတူကြည့်ပြီး စာရေးကြည့်ကြပါ။ စာတွေက ထပ်တူကျမယ် (၏သည်မရွေး မဟုတ်ပဲ ရေးတဲ့ အကြောင်းအရာအပိုင်းဆိုင်ရာကိုပါ) မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးစိတ်သန်းတွေ ဖြတ်ကျော်လာတဲ့ အတွေ့အကြုံတွေက မတူညီကြတော့ ဖော်ပြပုံစံခြင်းတူကြမှာ မဟုတ်လို့ပါပဲ။ သီချင်းတစ်ပုဒ်ထဲကို အဆိုတော်တွေ ဆိုကြတာ မတူညီကြဖူး ဆိုသလို ဆိုဟန်တွေ ဆိုပေါက်တွေ ကွဲလွဲနေတာမို့ပါ။ အွန်လိုင်းစာရေးသူတွေ ဆီက ကိုယ်မမြင်မသိနိုင်တဲ့ အတွေးတွေ၊ အယူအဆတွေ၊ ပြီးတော့ ကိုယ့်အတွက် လိုအပ်တဲ့ ဒေတာ အချက်အလက်တွေ အမျိုးမျိုးသော အရာတွေ ရယူနိုင်နေပြန်သေးတယ်။

ကျနော်ခရီးမသွားခင် ဒီခရီးကို ဘယ်သူသွားထားသလဲ၊ ဘာတွေက စိတ်ဝင်စားဖို့ စွဲဆောင်စေသလဲ စသည်ဖြင့် အရင်ပြင်ဆင်တတ်ပါတယ်။ အမေ့လက်ရာကို ကောင်းကောင်းကြီး မှီစားနေပြီးမှ နိုင်ငံရပ်ခြားလည်းရောက်လာရော မြန်မာစာ လေး ဟိုလိုချက်ထားတာလေး စားချင်တယ်ဆိုတဲ့သူတွေ အတွက်လည်း ဟင်းချက်နည်း နိသျှရည်းဘလော့တွေ အဆင်သင့်။ ကွန်ပြူတာမှာဗျာဆိုပြီး ဟိုနားလေး ဒီနားလေး ပြင်လိုက်ဆင်လိုက် မွမ်းမံလိုက် လုပ်ချင်သူတွေလည်း နည်းဗျူဟာတွေ ဝေမျှထားတွေက တပုံတပင်။ တကယ့်ကို လက်တစ်ချက်အလှုပ်မှာ ကိုယ်လိုချင်တဲ့ အရာတွေကို အမျိုးမျိုးသော စာရေးသူတွေက ပုံဖော်ပေးထားကြတာ။ တကယ့်ကို ပြည့်စုံလို့။

အနှီဘလော့ဆိုတဲ့ ပတ်ဝန်းကျင်ထဲမှာ ကျနော်ဘယ်အထိ ရှင်သန်နေမလဲ ကျနော်မသိပါ။ ကျနော့ကို ကျနော် ချိန်ထိုးကြည့်နေဖြစ်ဖို့ ဒီစာလေးတစ်ပုဒ် ချရေးမိတယ်။ ကျနော် ဘာတွေ ရေးနေခဲ့လဲ၊ ကျနော့ရပ်တည်မှု၊ ကျနော့အတွေး အမြင်၊ ကျနော့ စိတ်ကူး အရာအားလုံးကို ဘလော့ထဲမှာ ပုံဖော်တယ်။ ကျနော်စာတွေ ဆက်ရေးနေဖြစ်ဦးမလား (သိပ်မသေချာပါ)။ ဒီပတ်ဝန်းကျင်နဲ့ ကျနော် လိုက်လျောညီထွေ ဖြစ်မဖြစ် ( တခါတလေ ကျနော် စည်းအပြင်ကလူ ဖြစ်ဖြစ်သွားတယ်လို့ ခံစားရတတ်လို့ပါ) မဝေခွဲတတ်သေးပါ။

ဘလော့ရေးခြင်းဆိုတဲ့ အကြောင်းအရာကို တွေးထားမိတာ ကြာပါပြီ။ အနုပညာ ဆိုတဲ့စကားလုံးကို အခုဒီပို့စ်ရေးဖြစ်ဖို့ တွန်းအားပေးတဲ့ ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ စာအုပ်ထဲက ယူဖြစ်ခဲ့တာ။ သူက အနုပညာဆိုတာ ဖန်တီးမှု ဝိဇ္ဇာပညာလို့ ဆိုပါတယ်။ ခေတ်တခေတ်ကို ကိုယ်စားပြုသလို၊ လူမျိုး နှင့် တိုင်းပြည်ကိုကိုယ်စားပြုတယ်လို့လည်း ဆိုပြန်တာမို့ ဘလော့ရေးသားခြင်းဆိုတာကိုလည်း အနုပညာတစ်ခုလို့ ကျနော် ထပ်တူပြု ပေးခဲ့တာ။

စာအုပ်ထဲက ကူးယူဖော်ပြလိုတဲ့ စာတွေကတော့

“သမိုင်းဆိုတဲ့ ဝေါဟာရကိုယ်တိုင် အမြဲ စက္ကန့်မလပ် တိုးတက်နေတဲ့ အစီအစဉ်တစ်ခုပဲ။

ကနေ့ခေတ်ကို ကျွန်တော်တို့ မြန်မာပြည်မှာ ဘယ်လို စကားမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြသလဲ။ မြန်မာပြည်ဟာ ခေတ်နောက်ကျတယ်။ ဒီလိုပဲ ပြောကြတယ်။ မြန်မာပြည်ဟာ ခေတ်နောက်ကျနေတယ်။

ဒါပေမယ့်ဘာကြောင့် မြန်မာပြည်ဟာ ခေတ်နောက်ကျနေသလဲ ဆိုတာကို မစဉ်းစားကြဘူး။

ကျွန်တော်တို့ မြန်မာတွေဟာ ဒီလိုလှေနံဓါးထစ် မစွန့်ပစ်ချင်၊ မစွန့်ပစ်ရဲတဲ့ ဝါဒသမားတွေ များတယ်၊ လှေဟာ ရွေ့နေတယ်။ ရေစီးကြောင်းနဲ့ မျောပါနေတယ်။ ဓါးကျတဲ့နေရာဟာ ကျန်ခဲ့ပြီဆိုတာကို မသိကြဘူး။ ဓါးကျတဲ့နေရာဟာ ဓါးထစ်ထားတဲ့ နေရာပဲလို့ တထစ်ချ ဖက်တွယ်ထားကြတယ်။ ခေတ်ရေစီးကြောင်းရဲ့ အလျဉ်ကို သတိမမူမိကြဘူး။”

ဘလော့ဆိုတဲ့ ရေစီးကြောင်းထဲမှာ ဘာတွေ ဘယ်လို စီးဆင်းနေကြဦးမှာလဲ။ အငြင်းအခုံတွေက ဘလော့ရဲ့ အဓိက ရသတွေတဲ့လား။ အဆဲအဆိုတွေကရော ဘလော့ရဲ့ လွတ်မြောက်မှုတွေလား။ အတွန်းအတိုက်တွေက ဘလော့ရဲ့ အောင်မြင်မှုတွေလား။ စာရေးနေရရုံသက်သက်ပဲ ၀ါသနာပါလို့ စာရေးနေပါတယ်ဆိုတဲ့ စာရေးသူတွေ အတွက် နေရာတစ်ခု တကယ်ပဲ ဘလော့ကပေးနိုင်သတဲ့လား၊ စတဲ့ ပဟေဠိတွေ အများကြီးထဲမှာ သာမန်ကချော်ကချွတ် စာရေးသူ တယောက်သာ ဖြစ်သော ကျနော် ဖက်တွက်ထားချင်တဲ့ စကားလေးတစ်ခွန်းကို ခင်ဝမ်းရေးတဲ့အမှာစာထဲမှာ အမှတ်မထင် တွေ့မိလိုက်ပါတယ်။

“အနုပညာသမားရဲ့ ရိုးသားစွာ တင်ပြမှုဟာ အမြဲဆန်းသစ်နေမယ့် တန်ဖိုးပဲဖြစ်တယ်” ဆိုတာပါပဲ။

22 July 2010

ဘလော့ရေးခြင်း အနုပညာ (၅)

အဲ့ဒီမှာ စာရေးကောင်းလျက် ရပ်သွားတဲ့ အစ်ကိုတွေ အစ်မတွေ၊ တခါတည်းနောက်ပြန်မလှည့်တော့တဲ့ သူတွေ၊ အကြောင်းကြောင်းတွေကြောင့် သော့ချိတ်သွားကြတဲ့ သူတွေကို စတွေ့လာပြီ။

ဘလော့ပိတ်တယ်၊ စာဖတ်သူတွေကို ကန့်သတ်လိုက်တယ်ဆိုတာမျိုး စတင်ကြားဖူးတော့ ကျနော်က အစိမ်းသက်သက်နဲ့ အံ့အားတသင့်ဖြစ်မိတယ်။ ပိတ်သွားတယ်ဆိုတဲ့ အစ်ကိုကိုလည်း မပြောရဲ (တကယ်က ဘာတွေဖြစ်တယ်ဆိုတာကို ကျနော်အတိအကျ နားလည် မခံစားတတ်သေးတာ၊ မူကြိုအရွယ်ရောက်ကာစမှာ ဝဲလ်သရင်းဟိုက်ဆိုတဲ့ စကားလုံးနဲ့ အကျွမ်းတ၀င်မရှိသေးသလိုမျိုးပါ)။ စာရေးနေရုံပဲဆိုတဲ့ အသိတစ်ခုနဲ့ ဒီဘလော့ဆိုတဲ့ လောက ကို ဘယ်လိုမျက်စိနဲ့မှ မကြည့်ခဲ့မိပါဘူး။ ကျနော် စာရေးတယ် စာဖတ်တယ် ဒီ့နောက်မှာ ဘာမှ မှ ထပ်မလိုအပ်ခဲ့တာ။

စာရေးသက်ကလေးရလာတော့(အချိန်ကြာလာတာကိုပဲ ဆိုလိုတာပါ ရင့်ကျက်လာတယ် တိုးတက်လာတယ်လို့ ကိုယ့်ကိုကိုယ်တော့ ဘယ်တုန်းကမှ မမြင်ခဲ့ရိုးအမှန်ပါ) အများသူငှာ ကြုံသလိုလေးတွေ ကြုံတွေ့လာရတယ်။ ပြတင်းပေါက်က ဝင်လာတဲ့ လေကောင်းလေသန့်တွေနဲ့အတူ မှက်ခြင်ယင်တွေ ပါလာကြစမြဲမဟုတ်လား။ ထိရှလွယ် ခံစားလွယ်တဲ့ သူမို့ ဘလော့ပိတ်ဖို့ ကြိုးစားတာ သုံးလေးကြိမ်လောက်ရှိပါပြီ။ အရှုံးပေးတယ်လို့ သတ်မှတ်ချင်လည်း သတ်မှတ်ပါစေ ကိုယ့်ဝမ်းနာ ကိုယ်ပဲသိတယ်လို့ သဘောပိုက်မိတယ်။ ကျနော့ရဲ့ ဒေါသမကျေနပ်မှု စိတ်တိုင်းမကျမှုတွေအားလုံး ကျနော့ လက်ခုပ်ထဲကရေဖြစ်နေတဲ့ ဘလော့တခုကိုပဲ သက်ရောက်စေပါတယ်။ ကျန်တဲ့ပြင်ပအရပ်ကို အရိပ်တစ်ခုအဖြစ်နဲ့တောင် မထွက်စေချင်ပါဘူး။ အခုလည်း ပိတ်ထားလျက်ကနေမှ ဖွင့်ဖို့ အကြောင်းက ဖန်လာပြန်တယ်။ ရင်ထဲက ဆန္ဒ အမှန်ကို ပြောပါဆိုရင် ကျနော် ဘလော့မရေးချင်တော့ပါဘူး။ (မရေးချင်လို့သာတော်တော့တယ်လို့ ကော့မန့်ပေးရင် မောနေမစိုးလို့ ကြိုရေးထားလိုက်တယ်ဗျာ)

တစ်နှစ်လောက်မရှိခင်မှာ ကျနော့ဘလော့က ပို့စ်တွေကို ဝဘ်ဆိုဒ်တခုမှာ ဖော်ပြထားတယ်လို့ အသိတစ်ယောက်က ပြောလာတယ်။ လင့်နဲ့တကွ ဖော်ပြတာမို့ ထားပါစေလေလို့ အေးဆေးနေခဲ့တယ်။ ဒါပေမယ့် တင်သမျှ ပို့စ်တိုင်းကို ဖော်ပြနေပြန်တော့ စိတ်ထဲမှာ တမျိုးတမည် ဖြစ်လာတယ်။ ဒါနဲ့ ပို့စ်တွေကို မဖော်ပြအောင် ဘယ်လိုလုပ်လို့ရသလဲဆိုတော့ သူတို့ဆီက button လေးတခုကို နှိပ်လိုက်ရင် အဲ့ဒီပို့စ်တွေကို ဖျောက်ပေးပါလိမ့်မယ်တဲ့။ သုံးလေးခါထက်မနည်းနှိပ်ပေမယ့် ယနေ့ထက်ထိ အဲ့ဒီနေရာမှာ ဒီအတိုင်းပဲရှိနေသေး။ Software error ဆိုတဲ့ စကားလုံးနဲ့ပဲ ဖြေသိမ့်လိုက်ပါတယ်။

ကိုယ်တိုင်မကြုံရပေမယ့် အွန်လိုင်းစာရေးသူတစ်ယောက်ရဲ့ ပို့စ်ကို ဖော်ဝပ်မေးလ်က ရတယ်ဆိုပြီး ပြည်တွင်းမှာ ထုတ်တဲ့ နာမည်ကြီး မဂ္ဂဇင်းတစ်ခုမှာ ခွင့်မတောင်းပဲ ဖော်ပြခဲ့တာလည်း ဆုံဖြစ်လိုက်ပါသေးတယ်။ မဂ္ဂဇင်းဆိုတဲ့ အရှိန်အဝါက အရမ်းကြီးပါတယ်။ ဒီအထဲမှာ လုပ်နေကိုင်နေတဲ့သူတွေက copy right ဆိုတာနဲ့တော့ မစိမ်းတန်ကောင်းဘူး။ တစ်ခါတည်းလားဆိုတော့ မဟုတ်ပြန်ဘူး။ နောက်ထပ်တစ်ခါ ထပ်ထည့်တော့လည်း ခွင့်မတောင်းခဲ့ပြန်ဘူး။ ပြည်ပရောက်နေတာမို့ ဆက်သွယ်ရန်ခက်ခဲလို့ဆိုတာတော့ အကြောင်းပြချက်က ဆင်သေကိုဆိတ်သားရေနဲ့ ဖုံးသလို ဖြစ်နေမှာ အမှန်ပါပဲ။ စင်တင်မြေမြှောက်ပေးမယ်ဆိုလည်း စနစ်တကျတော့ ရှိသင့်တယ် မဟုတ်ပါလား။ ကျနော်တို့ အလေးထား ဖတ်ရှုနေကြဖြစ်တဲ့ မဂ္ဂဇင်းတွေကပါ အခုလို ပြုမူလာတော့ ဘလော့တွေမှာ စိတ်ထင်တိုင်း credit မပေးပဲ ကူးယူဖော်ပြနေတာကို လျစ်လျူပဲ ရှုရတော့မလိုလို။

ဖြစ်ပျက်သမျှတိုင်းကို ပြဿနာဆိုတဲ့ စကားလုံးနဲ့ မသုံးနှုန်းချင်မိဘူး။ အယူအဆလွဲနေကြတာလို့ပဲ အမြဲသတ်မှတ်ချင်ပါတယ်။ လက်ဖဝါးလည်း လက်ဖဝါးအလျှောက် လက်ဖမိုးလည်း လက်ဖမိုးအလျှောက် သူ့အထွာနဲ့သူ၊ သူ့အမြင်နဲ့သူ၊ လက်ဖ၀ါးနဲ့ လက်ဖမိုးကို ကပ်ပြီး လက်ဝါးပြင်တစ်ခု ဖြစ်ကြရင် မကောင်းဘူးလား။ အကယ်၍ လမ်းမတူကြဘူးဆိုလည်း ကိုယ့်လမ်းကိုပဲ ဆက်လျှောက်ပေါ့။ ဘယ်အကြောင်းကြောင်းကြောင့်မှ ဘေးဇောင်းတိုက် တွန်းချ နေစရာမှ မလိုတာ။ ရပ်တည်မှု မညီခြင်းက ရပ်တည်မှု မညီခြင်းလို့ပဲခံယူသင့်တယ်။ ငါ့လမ်း မလိုက်လို့ ငါ့ -င် လှန်ပြလိုက်မယ်ဆိုရင်တော့ဗျာ……..ပင်ပန်းပူလောင်လှပါတယ်။

အွန်လိုင်းစာပေနဲ့ ပြင်ပစာပေလောက ငြင်းခုံခြင်းတွေ ရှိလာပြန်ပြီ။ ပြင်ပစာပေလောက ဆိုတာတော့ တန်းဝင်တဲ့ စာပေပေါ့ဗျာ။ တည်းဖြတ်သူတွေနဲ့ အယ်ဒီတာတွေနဲ့ စာပေစီစစ်ရေးဆိုတာတွေ ကျော်လွန်ရတာကိုး။ ဒါနဲ့ပဲ အွန်လိုင်းစာပေ ဆိုတာ မရှိသင့်တော့ဘူးလား။ တန်းဝင်စာရေးနေတဲ့သူတွေ အွန်လိုင်းစာပေထဲကိုရော မဝင်ရတော့ဘူးလား။ အွန်လိုင်းစာပေရဲ့ အရည်အချင်းကိုရော မိမိသိထားတဲ့ မျက်တောင်မွှေးတထောက်စာလောက်နဲ့ အကဲဖြတ်တော့မလား။ Blog Directory ဆိုတာ ကျနော်ကြားဖူးမိလိုက်တယ်။ ဒါပေမယ့် Blog Directory ထဲမှာ မပါတဲ့ ဘလော့တွေ အပြင်မှာ အများကြီး။ research လုပ်တာလည်း တွေ့မိသေးတယ်။ ဘလော့မှာ စာရေးသူတချို့က ကျော်ကြားမှုကို မလိုလားပါဘူး။ စာပဲရေးနေတာ ဖြစ်တဲ့အတွက် မိမိဘလော့ကို Directory မှာထည့်ပေးပါလို့ ဘယ်လိုမှ လာပြောနေမှာ မဟုတ်နိုင်တဲ့အတွက် ပြည့်စုံတဲ့ Directory တခု ရဖို့ ခက်ခဲဘိချင်း။ ဒါကြောင့် အတားအဆီးမဲ့တဲ့အတိုင်း စီးဆင်းနေတဲ့ ဘလော့ကိုဝေဖန်ချင်ရင် ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းပဲ လူမသိသူမသိ စာရေးကောင်းတဲ့ တန်းဝင် အွန်လိုင်းစာရေးသူတွေ အများကြီး ရှိနေသေးတယ်ဆိုတာ သတိလေးချပ်စေချင်ပါတယ်။ တစ်တောင်ထက် မြင့်တဲ့ နောက်ထပ် တောင်တွေ တောမဆုံးအောင် ရှိနေသေးတယ်ဆိုတာကိုပါပဲ။

ဆက်ပါဦးမည်..

21 July 2010

ဘလော့ရေးခြင်း အနုပညာ (၄)

ဘလော့မှာက စာအုပ်တွေနဲ့ မတူကြဘူး။

စာအုပ်တွေမှာ စာရေးသူကို တခုခု ပြောချင် မေးချင်ပင်မယ့် မေးဖို့ မလွယ်ခဲ့ဘူး။ ပြီးတော့ စာအုပ်ကိုဝယ်ဖို့မလွယ်တာမို့ အပြန်ပြန်အလှန်လှန်ဖတ်နိုင်တယ်ဆိုရင်တောင် ဘယ်လောက်ဖတ်နိုင်မှာတဲ့လဲ။ စာရေးသူနဲ့ စာဖတ်သူကြားမှာ တံတိုင်းတွေ အတားအဆီးတွေ အများကြီး။

ဘလော့မှာတော့ သိပ်ကိုမြန်တယ်။ တင်ထားတဲ့ စာကို မကျေမညက်မခြင်း ဖတ်နေလို့ရတယ်။ ပြီးတော့ စာဖတ်သူရဲ့ ထင်မြင်ချက်တွေကို တမုဟုတ်ချင်း ပြောချလိုက်နိုင်တယ်။ အဲ့ဒီအတွက် ကောင်းတာတွေ ရှိသလို မကောင်းတာတွေ လည်း ရှိခဲ့တယ် အရာအရာတိုင်းမှာ အကောင်းအဆိုးက ဒွန်တွဲလေ့ရှိတာကိုး။

ပြီးတော့ ဘလော့တွေက အတားအဆီးမဲ့စီးဆင်းတယ်။ Publish ဆိုတဲ့ ခလုတ်လေး တစ်ချက်နှိပ်လိုက် အင်တာနက်ရှိတဲ့ နေရာအရပ်မရွေး ရောက်ဖို့လွယ်ကူတယ်။ စာအုပ်တွေလို ဖြန့်ချီဖို့၊ ငှားရမ်းဖို့၊ ဝယ်ယူဖို့ စတဲ့ ခက်ခဲလေးလံတဲ့ ခေါင်းစဉ်တွေကို ဖျောက်ပစ်ခဲ့နိုင်တယ်။

တည်းဖြတ်သူမဲ့တယ် ဆိုတော့ တချို့စာတွေက စာရေးသူအပေါ်မှာ တာဝန်လုံးလုံးကျနေတော့တာ။ ကျနော်လို စာအသေအချာ မရေးတတ်တဲ့ စာရေးသူ ဆိုလိုတဲ့ အကြောင်းအရာကို စာဖတ်တဲ့သူက ဒီအတိုင်း ရချင်မှ ရတာမျိုးပါ။ ဖောက်ထွက်တွေးတတ်ကြတဲ့ စာရေးသူအများအပြားရှိပါတယ်။ ပြီးတော့ စာမရေးချင်လို့သာမရေးကြပေမယ့် ကျနော်လို စာရေးသူထက် စာဖတ်နာတဲ့၊ အတွေး အမြင် ပိုကောင်းသူတွေ အများကြီးလေ။ စာရေးသူကို ချက်နဲ့လက်နဲ့ စိတ်ရှည်လက်ရှည် ထောက်ပြတဲ့ စာဖတ်သူတယောက်လည်း တွေ့ခဲ့ဖူးတယ်။ စာရေးသူက မိမိရေးတဲ့ စာမှာ တာဝန်ရှိတယ်လို့ ဆိုပေမယ့် လက်သင့်မခံသူတွေလည်း ရှိနေပြန်ပါတယ်။

နောက်ပိုင်း ဘလော့ရေးတဲ့သူတွေများလာတာနဲ့အမျှ ဘလော့ရေးသူတွေလည်း ပုံစံအမျိုးမျိုးပေါ့။ ကျော်ကြားအောင်ရေးနေတဲ့သူ၊ ဘလော့ကိုအရှေ့မှာ ချပြီး နောက်ကွယ်မှာ ကျီးအာသီးလုပ်နေတဲ့သူ၊ ဖော်ဝပ်မေးလ်ကရတယ်ဆိုပြီး သူတပါးရေးထားတဲ့စာကို လွယ်လင့်တကူ ဘလော့မှာ ဖော်ပြတတ်တဲ့သူ၊ ဘာမှ မသိပေမယ့် ခေတ်မှီအောင် ဘလော့တစ်ခုလုပ်လိုက်တယ်ဆိုတဲ့သူ တွေ များသည်ထက်များလာ။ ဘလော့ရေစီးကြောင်းဆိုတာ ဘယ်လိုနည်းနဲ့ စီးနေမှာလဲ…သိပ်အတွေးမခေါင်ပါနဲ့ သူ့ရေစီးအတိုင်း စီးနေကြမှာပါလို့ ကိုယ့်ဖာသာ ကိုယ်နှစ်သိမ့်လိုက်ပါတယ်။

ပြီးတော့ ကျနော်။ Response မြန်ပါတယ်။ ကော့မန့်တခုကို ချက်ချင်းတုန့်ပြန်တတ်တဲ့အကျင့်။ စာမှာ စကားပြောတဲ့အသံလို ခွဲခြမ်းစိတ်ဖြာလို့ မရဘူးဆိုတာကို ကျနော်မေ့လျော့နေတတ်ပါတယ်။ ဗျာ လို့ အသံတိုးတိုးထူးတာနဲ့ ဗျာ လို့ အသံဆောင့်ထူးလိုက်တာ ကြားရင် တဖက်လူက ဝေခွဲဆုံးဖြတ်နိုင်တယ်။ ကျနော် ပြန်ပြောဖြစ်တဲ့စကားအချို့က ဒေါသသံဖြစ်စေသလား ကျနော်မသိပါဘူး။ ရေးရိုးရေးစဉ် တွေးရိုးတွေးစဉ်အတိုင်း ကျနော်ရေးခဲ့မိပေမယ့် တဖက်လူတွေကို ဒေါသသင့်စေခဲ့ပါတယ်။

စာတွေကို ဖတ်ရင်လည်း ခေါင်းထဲဝင်အောင်ဖတ်ဖို့ကြိုးစားတယ်။ ကျနော်ဖတ်တဲ့စာတွေ ကျနော်ကြိုက်တဲ့စာတွေဆို အလွတ်ရမိသည်အထိ။ တခြားစာရေးသူတွေရဲ့ စီပုံးတွေမှာ စာလာဖတ်တယ်ဆိုတဲ့ စကားလုံးကို မချမိသလောက်ပါပဲ။ စာရေးတာကြိုက်လို့ အဟောင်းတွေလှန်ဖတ်ချင်တယ်လို့ စိတ်ရှိပင်မယ့် မရောက်ဖြစ်ပြန်ဘူး။ ကျနော့ဘလော့မှာလည်း စာတွေကုန်အောင်ဖတ်မယ်လို့ ကြုံးဝါးသူ သုံးယောက်ရှိခဲ့ဖူးပါတယ်။ အခုတော့ သုံးယောက်လုံး လက်လျှော့သွားလောက်ပါပြီ။ ပေးတဲ့အချိန်နဲ့ ထိုက်တန်အောင် ရေးထားတဲ့ စာမရှိတာကြောင့် ကျနော့အနေနဲ့ အားနာနေရတာလည်း မရှိတော့တာမို့ဝမ်းသာမိပါတယ်။

ဘလော့ကနေ လုပ်မိတာက Social အလုပ်ကလေးတွေပါ။ အတန်းထဲမှာ ထိုင်ရင် နောက်ဆုံးတန်းမှာ ချောင်ကပ်ထိုင်ဖို့ ကြိုးစားတတ်သူက Social အလုပ်တွေ လုပ်တယ်ဆိုရင် သူငယ်ချင်းတွေက ယုံကြမှာမဟုတ်ပါဘူး။ မြန်မြန်စီးဆင်းတဲ့ ဘလော့ကနေ အင်ဖော်မေးရှင်းတွေ မြန်မြန်ရောက်လွယ် စိမ့်ဝင်လွယ်တာမို့ တော်တော်လေးထဲထဲ ဝင်ဝင်လုပ်လိုက်မိပါတယ်။ အဲ့ဒီအတွက် လူအစုံအလင်နဲ့ ရုံတင်ပြဖို့ကောင်းတဲ့ ရုပ်ရှင်တွေ အများကြီးဖြစ်သွားခဲ့ပါရောလား။

တစ်ယောက်နဲ့ တစ်ယောက် မမြင်ရပဲဆက်သွယ်လို့ ရနေတဲ့ ဒီဘလော့ရပ်ဝန်းမှာ အစုလိုက်အပြုံလိုက် ၀ိုင်းပြီး ထိုးနှက်ကြတာ၊ ဝေဖန်ကြတာ၊ ဆဲဆိုကြတာတွေတော့ ကျနော့်စိတ်အရင်းအတိုင်း အလိုအရ ကန့်ကွက်လိုပါတယ်။ မကျေနပ်ရင် မကျေနပ်ကြောင်း ပြလို့ရပေမယ့် လူမြင်ကွင်း (အသက်အရွယ် မပြည့်သေးတဲ့ စာဖတ်သူတွေ ဖတ်နေတယ်ဆိုတာကို တွေးမိလို့ပါ) မှာ မောင်နဲ့နှမ၊ သားနဲ့အမိ မကြားဝံ့မနာသာတွေ ရေးပြနေတာတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ အဲ့လိုစကားလုံးတွေကို နှစ်ယောက်တည်းသိနိုင်မြင်နိုင်တဲ့ နေရာမှာပဲ သုံးသင့်တယ်လို့ ယူဆမိတယ်။ ကျနော့နာမည်တပ်ပြီး ရေးထားတဲ့ပို့စ်လေးတွေလည်း ဖတ်လို့တော့ ကောင်းသားပါပဲ။ ယုတ္တိယုတ္တာရှိမရှိကိုတော့ စာဖတ်သူတွေကပဲ သုံးသပ်သွားကြပါစေတော့။ ကျနော်ကတော့ ကျနော် အတိုင်းပဲ ရှိနေမှာပါပဲ……….

ဆက်ပါဦးမည်.

20 July 2010

ဘလော့ရေးခြင်း အနုပညာ (၃)

ဒီလိုနဲ့ ကျနော် ဘလော့လောကထဲမှာ လိမ်ဖယ်လိမ်ဖယ်လေးနဲ့ ရောက်ခဲ့တယ်။ စာတွေရေးလည်း ဖတ်မယ့်သူမရှိ။ ဘလော့ကိုမိတ်ဆက်ပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ဖတ်မိသူမရှိတဲ့အတွက်လည်း ဘာခံစားချက်မှလည်း မရှိပြန်ဘူး။ ဘလော့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဆိုတာ ကျနော်နားမလည်ခဲ့ဘူး။ ကျနော်ရေးတဲ့ စာတွေကို ပြန်ဖတ်မိတော့လည်း တောင်စဉ်ရေမရလေးတွေ။ အဲ့ဒီနှစ်ကာလကို လမ်းလျှောက်တတ်ကာစ ကာလလေးအဖြစ် ကျနော် အမှတ်ထားမိတယ်။ လမ်းလျှောက်တတ်ကာစ ဆိုတော့ ကျနော် တခြားအကူအညီတွေ ယူမိခဲ့ပါတယ်။ ငယ်ကျင့်အတိုင်း ဖော်ဝပ်အီးမေးလ်တွေ မျှဝေတတ်တဲ့ အကျင့်မပျောက်တာမို့ မေးလ်ထဲက ရတဲ့ အတိုအထွာလေးတွေကို ဘလော့မှာ ပြန်လည်တင်ပြဖြစ်ခဲ့တယ်။ ရီစရာဟာသလေးတွေ၊ ဘ၀အတွက် အားတက်စရာလေးတွေ စသည်ဖြင့်ပါ..

တကယ်ဘလော့ဆောက်ဖို့ ဇစ်မြစ်က ICRC ကသူငယ်ချင်းတယောက် အရေးဆိုလို့ပါပဲ။ သူတချိန်လုံးမေးတဲ့ မြန်မာပြည်ကနေလာပြီး စင်္ကာပူကိုလာရောက် အလုပ်လုပ်ကိုင်ဖို့ ဘာတွေလိုအပ်သလဲ ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတဲ့မေးခွန်းတွေ ဖြေရတော့ သူကအကြံပြုပါတယ် လူတိုင်းဖတ်လို့ရတဲ့ အနေအထားတစ်ခုဖြစ်ခဲ့ရင်ကောင်းမယ်တဲ့။ အဲ့ဒီမှာ ဘလော့ဆောက်ဖို့ဆိုတဲ့ အကြံတစ်ခုရခဲ့တယ်။ နောက် Total မှာ HR လုပ်နေတဲ့ အစ်မတယောက်လာတော့ ဒီက အလုပ်ဈေးကွက်အခြေအနေဆိုပြီးမေးလာပြန်ရော။ EP တွေ၊ SPass တွေ၊ WP တွေနဲ့ သက်ဆိုင်ရာလစာရပိုင်ခွင့်တွေ၊ ဒီက rules & regulation တွေ ရှင်းရပြန်တော့လည်း ဘလော့ဆောက်ဖို့ ဆိုတဲ့ အကြံ ဖြစ်လာပြန်တယ်။ ဘလော့တော့ ဆောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်းအိပ်မက်ဆိုတဲ့ ပို့စ်တခုကလွဲရင် မူလဦးတည်ချက်တွေနဲ့ အတော်လေး လွဲချော်ခဲ့တဲ့ ဘလော့ပါပဲ။

ကျနော့ဘလော့လေး ငါးလသားလောက်မှာ အတော်လေး အသက်ဝင်နေခဲ့ပြီ (ကျနော့အထင်ပါလေ)။ ကျနော်လည်း လည်တတ် ပတ်တတ်နေခဲ့ပြီ။ ဒါပေမယ့် အတတ်ပညာတွေကို သေချာ မတတ်မြောက်သေးခဲ့ပါဘူး။ အဲ့ဒီကမှ ကျနော့စာတွေကို ထောက်ပြပေးမယ့် စာရေးကောင်းတဲ့ အစ်ကိုတယောက်ရဲ့ သင်ပြမှုတွေရရှိခဲ့တယ်။ သွားလေရာ စာရွက်နဲ့ဘောပင်ကိုင်သွား ရေးသာရေး အဆက်မပြတ်ရေးဆိုတဲ့ သူ့ရဲ့ အားပေးစကားတွေက ခွန်အားတွေဖြစ်စေတယ်။

အရင်က ဘလော့အသစ်တစ်ခုကို အသိအမှတ်ပြုဖို့ ခဲယဉ်းပုံပါပဲ။ အခုနောက်ပိုင်း ဘလော့အသစ်တွေက ကျနော့အထင် ဘလော့နဲ့အကျွမ်းတ၀င်ရှိပြီးမှ (ဘလော့တွေမှာ စာဖတ်နာနေတဲ့ စာရေးသူတွေပေါ့) စာရေးလာကြသူတွေဆိုတော့ ဘယ်သို့ဘယ်ပုံဆိုတာ ပြောမပြလည်း သိပြီးသားတွေ များပါလိမ့်မယ်။

Honeymoon ကာလဆိုတဲ့ အချိန်အခိုက်အတန့်မှာ ကျနော် အတော်လေး ပျော်ဝင်ခဲ့မိပါတယ်။ စာတွေ အဆက်မပြတ်ရေးမိတယ်။ နောက်တော့ ကျနော့ကို ကျနော် ပြန်တွေ့မိသွားတယ်။ မူလအစ ဘလော့ဆောက်ဖို့ ရည်ရွက်ချက်ကို အသာချိတ်ပြီး စာရေးသားခြင်းဆိုတာ ကျနော့ ၀ါသနာတစ်ခု ဖြစ်သွားပါလားဆိုတာကိုပါပဲ။

အရာရာကို စိတ်မြန်လက်မြန် ရှိတတ်တဲ့ကျနော်က တစ်ခုခု အတွေးရရင် အမြဲ အမြန်ပဲချရေးတတ်ပါတယ်။ ဘလော့ မှာ တနေ့ကို ပို့စ်သုံးလေးငါးပုဒ် တင်ဖြစ်ခဲ့တယ်။ စာကောင်းတွေလားဆိုတော့ မဟုတ်ခဲ့ပါဘူး။ လက်တည့်စမ်း ရမ်းရေးနေတဲ့ စာလေးတွေပါပဲ။ စာဖတ်သူ အထိုက်အလျောက်ရှိလာခဲ့သလို ဘလော့ဆိုတဲ့ အသိုင်းအ၀ိုင်းထဲမှာ ကျနော် မတ်တပ်ရပ် ဆော့ကစားဖြစ်ခဲ့တယ်။

ပုထုဇဉ် လူသားပီပီ ကိုယ်အလုပ်တစ်ခုလုပ်ခဲ့ရင် အဲ့ဒီ အလုပ်ကို အသိအမှတ်ပြုတာခံချင်တတ်ကြပါတယ်။ ကော့မန့်ဆိုတဲ့အရာနဲ့ပတ်သတ်ပြီး အချေအတင်တွေ ဖြစ်ကြတဲ့ သတင်းကို ကြားရတော့ အတော်လေး အံ့သြမိတယ်။ ကျနော့ဘလော့မှာ ကော့မန့်မရှိတဲ့ ပို့စ်တွေ အများကြီးလေ။ စာရေးဖို့ပဲ အားသန်နေတဲ့အတွက် ဘလော့ပတ်ဝန်းကျင်ကို လည်ပတ်ရတယ်ဆိုတဲ့အချိန် ကျနော့မှာ ပါးရှားပါတယ်။ စာတွေကို ဖတ်မိတတ်တယ် ဒါပေမယ့် ကော့မန့်ချစကောင်းတယ်လို့လည်း ကျနော် မတွေးတောမိခဲ့ဘူး။ သူ့စာကိုဖတ်နေရင်းက ပြောစရာရှိတယ် ရေးစရာရှိတယ် လို့ခံယူမိရင် ကျနော် ကော့မန့်ရေးခဲ့ပါတယ်။ စာဖတ်သူတွေဟာ စာတွေကိုတင်မကပဲ ကော့မန့်တွေအထိပါ လိုက်လံဖတ်ရှုကြတယ်ဆိုတာကို နောက်တော့မှ သိလိုက်ရပါတယ်။ တချို့စာရေးသူတွေကလည်း ကော့မန့်တွေ အတင်းမပေးပဲ ကန့်သတ်ထိန်းချုပ်မှုလေးနဲ့ သူတို့ရဲ့ ကော့မန့်ချခြင်းကို တန်ဖိုးလေးထားလေ့ရှိတယ်ဆိုတာကိုလည်း တွေ့ရပြန်ပါတယ်။

ကျနော်စာတွေပဲရေးဖြစ် နေရာက ဘလော့အသိုင်းအ၀ိုင်းက မိတ်ဆွေတချို့နဲ့လည်း မိတ်ဆွေဖွဲ့တွေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော် ဆုံးဖြတ်ဖြစ်ခဲ့တာက ဘလော့ ရေးတဲ့ ကျနော်နဲ့ ပြင်ပဘ၀က ကျနော် တခြားစီ ရပ်တည်နေဖို့ပါ။ စာတွေကို ရေးတဲ့နေရာမှာ မြင်တာကြားတာ ခံစားရတာတွေကို ကူးယူပြီး ရေးဖွဲ့တာပါ။ ကိုယ်တိုင်ကြုံမှ သိမှ စာတစ်ပုဒ်ဖြစ်မယ်ဆိုရင် ကျနော် စာရေးဖြစ်မယ် မဟုတ်ပါဘူး။ ဆရာမကြီးခင်နှင်းယုနဲ့ အတူနေခဲ့ဖူးသူ ပြောပုံအရဆို စာတွေကိုဖတ်ပြီး ခင်နှင်းယု အိမ်ထောင်ဆက်တွေ များလိုက်တာ လို့ သတ်မှတ်တာ ခံရဖူးတယ်ဆိုတော့ စာဖတ်တဲ့သူတွေက စာရေးသူကို ရေးတဲ့စာတွေနဲ့ တွဲမြင်တတ်ကြပါလားလို့လည်း သတိထားမိပြန်တယ်။ အမှန် အတိုင်းပြောရရင် အတွေးတစ်စ ရရင်ကျနော်ချဲ့ကားပြီး ဆက်တွေးတတ်လေ့ရှိပါတယ်။ ပုံမှန်ကိုက တွေးတတ်တဲ့သူမို့ အတွေးတွေကို ဇာတ်အိမ်ဆင်ပြီး စာရေးဖြစ်သွားတာမျိုးပါ။

နောက်ထပ် ငယ်စဉ်ကတည်းက အကျင့်တခုက လွတ်လွတ်လပ်လပ်နေတတ်ခြင်းနဲ့ ကျနော့အကြောင်း စပ်စုတာကို သည်းညည်းမခံတတ်ခြင်းပါပဲ။ ကျနော်မကြိုက်တဲ့အချက်တွေနဲ့ ဘောင်လွတ်အောင်နေရင်း ကျနော်ဟာ လျှို့ဝှက်သူ၊ နားလည်ရန်ခက်သူတယောက် အဖြစ် ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါကြောင့် ကျနော့ ပြင်ပနာမည်အရင်းနဲ့ ဘလော့ကို တွဲပြီးသိတဲ့သူ လူရင်းပိုင်းလောက်သာ ရှိခဲ့ပါတယ်။ ကျနော်ဖတ်စေချင်တာ ကျနော်ရေးတဲ့ စာကိုပါပဲ ကျနော့အကြောင်းကို မဟုတ်ပါဘူး…

ဆက်ပါဦးမည်.

19 July 2010

ဘလော့ရေးခြင်း အနုပညာ (၂)

ဘလော့ဆိုတဲ့အရာကို 17 December 1997 မှာ အစပြုခဲ့တယ်လို့ ၀ီကီအလိုအရ ဆိုပါတယ်။ အဲ့ဒီအချိန် ကျနော်တို့ဆီမှာ ကွန်ပြူတာသင်တန်းတွေ အပြိုင်းအရိုင်းပေါ်ပေါက်နေချိန်ပေါ့။ ဒါပေမယ့် အင်တာနက်ဆိုတဲ့ ဆက်သွယ်မှု ကွန်ယက်နဲ့ တစိမ်းဆန်နေကြပါသေးတယ်။

အင်တာနက်ဆန်ဆန် စပြီးထိတွေ့မိတာ အလုပ်ထဲက software တခုနဲ့ ပတ်သတ်လို့ပါ။ မူရင်းဖန်တီးသူများက မလေးရှားက ဖြစ်တာမို့ modem အသုံးပြုပြီး ကျနော်တို့ system ထဲမှာ update လုပ်ဖို့ ဖြစ်လာတယ်။ နောက်ဆုံး hi I m Jack ဆိုတဲ့စာတမ်းလေး ပေါ်လာတော့ ငေါင်စင်းစင်းလေး ကြည့်နေမိသေးတယ်။ hi လို့ပြန်ရိုက်ထည့်လိုက်တော့မှ အပြန်အလှန် စကားပြောလို့ရပါလားဆိုတာ သိလာရတာပါ။

ကျနော်တို့ တက္ကသိုလ်နောက်ဆုံးနှစ် 2002 မှာ အင်တာနက် လို့ အစပြုနေပြီ။ ပထမဆုံး အသုံးပြုဖြစ်တာက အသိတယောက်ရဲ့ အိမ်မှာပါ။ Dial up access ဖြစ်တာမို့ အင်တာနက်ဆိုတာ အတော်လေး ကြာမြင့်ပါလားလို့ မှတ်ချက်ပြုမိတယ်။ Google ကို စာလုံးမှန်အောင် မပေါင်းတတ်တာမို့ search engine ကိုမရောက်လိုက် လိုင်းက ပြတ်ကျလိုက်နဲ့ပါ။ နောက်ထပ်သုံးဖြစ်သွားတာက MCC center နဲ့ Softlink မှာပါ။ အသုံးပြုဖြစ်ပုံက ကျောင်းအတွက် ပရောဂျက်တွေ တင်ဖို့ပါပဲ။

တစစနဲ့ အင်တာနက်ဆိုတာ ထဲထဲဝင်ဝင်ဖြစ်လာပြီ။ Softlink က ကွန်ပြူတာတွေ မလုံလောက်တော့တဲ့အပြင် နောက်ထပ် အခန်းတစ်ခန်းမှာပါ တိုးချဲ့လာရပြီ။ အင်တာနက်နဲ့အတူ gmail, ygn chat room စတဲ့ အရာတွေ ထပ်တူပါလာကြပြီ။ အဲ့ဒီကမှ တယောက်နဲ့တယောက် ဆက်သွယ်ဖို့ ဆိုတာကို ဦးတည်လာကြတယ်။ နိုင်ငံရပ်ခြား ရောက်နေသူများနဲ့ on the spot ပြောနိုင်လာပြီဆိုတော့ တဖြေးဖြေး နယ်မြေတွေကို ချုံ့နိုင်လာကြပြီပေါ့။

နည်းပညာခေတ်ဆိုသည်နှင့်အညီ ICT အဆောက်အဦးများ၊ လုပ်ငန်းစုများဖြင့် လူငယ်တွေ ခေတ်ကိုအမှီလိုက်လာပြီ။ ဖိုရမ်တို့ ၀ဘ်ဆိုက်တို့ဆိုတာတွေကို ကွန်ပြူတာ ပရိုဂရမ်မာတွေ၊ Network သမားတွေနဲ့ စတင်မိတ်ဆက်စပြုနေခဲ့ပြီမို့ Zawgyi font ကိုလည်း စမ်းသပ်လာကြပြီပေါ့။ ဒီကမှာ စာတိုပေစရေးတတ်သူတို့ ဟိုတစ ဒီတစ ဟိုက ဒီက တင်လာကြပြီ။ အများသူငှာ အပြိုင်အဆိုင် ဝင်ရောက်ရေးသားနိုင်တဲ့ နေရာတွေ ဖြစ်လာပြီ။ အွန်လိုင်းက သူငယ်ချင်းတွေ၊ မမြင်ရပေမယ့် ခင်ရတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆက်ရင်း အိပ်ပျက်ညတွေ များသည်ပေါ့လေ…

နှစ်တွေ လွန်ပြန်တော့ blogspot ဆိုတာ စလာပြီထင်ရဲ့။ HTML code တွေကို မျှဝေသူတွေက မျှဝေကြရင်း လက်တည့်စမ်းသူ၊ အွန်လိုင်းစာရေးသူတွေ ထွက်ပေါ်လာကြတာ ဒီနေ့ထက်ထိ။ blogspot နောက်မှာ co.cc တို့ .com တို့ .net တို့တွေဆီကိုပါ။

ကျနော် စာ စရေးဖြစ်တော့ ဘလော့ဆိုတာကို လူတိုင်း မသိတတ်ကြသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများ ပြောဆိုသံ မကြားမိလို့ပါ။ ဒီ့ထက်ခိုင်လုံတဲ့အချက်က ပြည်တွင်းမှာ ဘလော့တွေဖတ်လို့ရသလို ဘလော့တွေ ပိတ်ရကောင်းတယ်လို့ မသိကြသေးတာပါပဲ။ ဒါပေမယ့် ဘလော့မှာ နေရာယူနှင့်သူတွေ၊ နေရာတကျ ဖြစ်နေသူတွေ၊ ခေတ်မှီတဲ့ သိရှိသူတွေကြားမှာ အောင်မြင်နေတဲ့သူတွေ ရှိနေနှင့်ပြီ။

ဘလော့ရေးဖို့ ဘာများလိုအပ်ပါသလဲ။ မြန်မာစာ ဖောင့်သွင်းထားပြီး ဘလော့တစ်ခုရယ် မြန်မာစာလက်ကွက် ရိုက်တတ်ဖို့ရယ်ပါပဲ။ ဘလော့ရေးမှ ကျနော် မြန်မာစာလက်ကွက်ကို ရိုက်တတ်လာခဲ့တာမို့ အစပိုင်းမှာ အတော်လေး ဒုက္ခများပါတယ်။ စိတ်ထဲက သွားသမျှကို လက်က မလိုက်နိုင်တဲ့အခါ စိတ်တိုင်းမကျမှုဆိုတဲ့ အရသာပါပဲ။ စတင်ရေးကာစမို့ အချိန်ပေးဖို့ဆိုတာ သိပ်မလိုအပ်ခဲ့တာ အမှန်ပါပဲ။ ကွန်ပြူတာတစ်လုံး ရှိမယ်၊ အင်တာနက်သုံးရလွယ်ကူမယ်ဆိုရင် ဘလော့အတွက် လုံလောက်ပြီ။ Universal truth အရဆိုရင်တော့ နိုင်ငံရပ်ခြားရောက် လူလွတ်များ၊ အလုပ်တာဝန်သိပ်မကြီးလွန်းတဲ့သူ၊ အကယ်၍ အိမ်ထောင်သည်ဆိုပါကလည်း ကလေးမရှိ သို့မဟုတ် ကလေးက လက်လွတ်လို့ရတဲ့အရွယ် စာရေးသူများ ဖြစ်နိုင်ချေ အများဆုံးရှိသည် ဟုဆိုပါသည်။ များသောအားဖြင့် အထီးကျန်ဆန်ခြင်းကို ဘလော့ဖြင့် ဖြေဖျောက်ဖို့၊ စိတ်မွန်းကြပ်ခြင်းအတွက် ထွက်ပေါက်ရှာဖို့ လို့ ထင်ရပါတယ်။ ဒါပေမယ့် သုတ၊ ရသ၊ ပညာပေး၊ လူမှုရေး၊ နိုင်ငံရေးဘလော့များလည်း အရောင်စုံလင်အောင် ဖြစ်ထွန်းလာတာမို့ ဒီပန်းခင်းကြီးက ပိုမွှေးလာတာဖြစ်ပါလိမ့်မယ်။

စရေးပြီးသိပ်မကြာခင် ဖြစ်ပွားခဲ့တဲ့ နာဂစ်အမည်ရှိ သဘာဝဘေးဆိုးကြောင့် ဘလော့ဆိုတာရယ် အွန်လိုင်းသတင်းဌာနတွေရယ် မျက်စိပွင့်လာခဲ့တယ်။ ဘလော့ရေးသူ အပြင် ဘလော့ဖတ်သူတွေ တိုးပွားလာခဲ့ပြီ။ အွန်လိုင်းစာပေ တခေတ်ဆန်းပြီလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။

ဆက်ပါဦးမည်.

18 July 2010

ဘလော့ရေးခြင်း အနုပညာ (၁)

ဘလော့ဆိုသည်မှာကို စာမျက်နှာတနေရာမှာ ကျနော်ရေးခဲ့ဖူးပါပြီ။ ဘလော့ရေစီးကြောင်းတစ်ခု ဖြစ်တည်နေတာ နှစ်အတော်ကြာခဲ့ပြီ။ ဒီထဲကမှ မြန်မာဘလော့များ တရက်ထက်တရက် တိုးသည်ထက်တိုးလာခဲ့သော မြန်မာဘလော့များကို ဖတ်ရှုရင်း ဒီဘလော့ရေးခြင်းအနုပညာဆိုတာ ကျနော့ခေါင်းထဲရောက်လာပါတော့တယ်။ ကျနော်က မသိနားမလည် ဘလော့ရေးသူတယောက်မျှသာမို့ ကျနော့ချိန်ဆမှုတွေမှာ သက်ရောက်မှုတွေ လွဲကောင်းလွဲသွားနိုင်ပါတယ်။ စာဖတ်သူမိတ်ဆွေများ အပြုသဘောဆောင်သော အကြံပြုချက်များဖြင့် တည့်မတ်ပေးနိုင်မည်ဆိုပါလျှင်…

မြန်မာစာပေကို ကျနော်မှတ်ခဲ့ဖူးသလောက် ကျောက်စာတွေကစတယ်လို့ဆိုနိုင်ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အထောက်အထားတွေ ကျန်ရစ်နေခဲ့လို့ပါ။ အဲ့ဒီကမှ စကားလုံး၊ စကားပြေ အရေးအသားဆိုတဲ့ ဖက်ကို တဖြည်းဖြည်းပြောင်းလဲလာခဲ့မှာပါ။ ဆိုတော့ ပုံနှိပ်စာလုံးဆိုတဲ့ စကားလုံးနဲ့အတူ ကျနော်တို့ အတွက် စာအုပ်ဆိုတာတွေကို ရွှေ့ပြောင်းလာခဲ့မယ်။ ဒီကမှ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ ရုပ်ပြ စတဲ့ ပုံစံတွေအထိ။ ပြီးတော့ အများပြည်သူ ဖတ်ရှုခြင်းငှာ ထိုက်သင့်သလားဟု ဝေဖန်ပိုင်းခြားပေးခြင်းဆိုသော အမှုကိစ္စ။ ထိုကမှတဆင့် စာရေးသူ၊ စာရေးဆရာများ။ ထိုနောက်တွင်မူ စာပေအရေးအသား။ ခေတ်စမ်းစာပေကို စတင်ခြင်း။ မည်သည့်ခေတ်မဆို ခေတ်ဟောင်းနှင့် ခေတ်သစ်၊ စနစ်ဟောင်းနှင့် စနစ်သစ် များစွာ ဒွန်တွဲ တွန်းကန်နေမည်မှာ အမှန်ပင်။ တဖြည်းဖြည်း ပြောင်းလဲလာသည်မှ အသစ်အသစ်တို့ကို လက်သင့်ခံဖို့ ကြိုးစားရစမြဲ။ ပြောင်းလဲမှုဆိုတာကို ကြုံလာတိုင်း အမြဲတန်း ဖြစ်လေ့ရှိတတ်တာက ကွဲပြားခြားနားမှုတွေပါပဲ။ လက်သင့်ခံသည်က တစ်ဖက်၊ လက်သင့်မခံသည်က တစ်ဖက်။

ပုံနှိပ်စာပေဟူသည် ကျနော်တို့နှင့် မစိမ်းခဲ့ပါ။ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် စသည်ဖြင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြမည်သာပင်။ ထိုအထဲမှ ပုံနှိပ်စာပေဖြန့်ချီရေးကို ကြည့်မည်ဆိုပါစို့ သတင်းစာကို နေရာတိုင်းမှ အချိန်တပြေးညီဖတ်ရနိုင်ဖို့သည် အတော်လေး ခဲယဉ်းပေမည်။ ကျနော်သတင်းစာ ဝေသည့်အလုပ်ကို လုပ်ခဲ့ဖူးပါသည်။ မန္တလေးရထားနှင့် ပါလာသည့် သတင်းစာများကို ဘူတာတွင်ရွေးပြီး သတင်းစာတစ်စောင်ဖြစ်ဖို့ စာမျက်နှာအလိုက်ပြန်စီရသည်ကပင် မနက်မနက် အတော်လေး လက်ဝင်နှောင့်နှေးစေပါသည်။ အဓိကအချက် တခုမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နေရာများသို့ သတင်းအချိန်မှီ ရောက်ရှိရန် မဖြစ်နိုင်ခြင်းပင်။ ရွှေသွေး၊တေဇ၊ မိုးသောက်ပန်းကို အိမ်ရှေ့ကနေ လည်ပင်းညောင်ရေအိုး ဖြစ်မတတ် မျှော်ခဲ့ဖူးပြီ၊ တချို့အပတ်များ အစောင်ရေ မလောက်၍ မရခဲ့သည်ကိုလည်း ကြုံခဲ့ဖူးပါပြီ။ ကျနော်တို့ ငယ်ငယ်က ချင်းပြည်နယ် စသော ဝေးလံခေါင်သီ အရပ်ဒေသများအတွက် ဆယ်တန်းအောင်စာရင်းကို ရေဒီယိုမှ ကြေငြာပေးရခြင်း ကို ပြန်လည်တွေးဆကြည့်နိုင်ပါသည်။ ထို့အတူ ပုံနှိပ်စာပေများ မည်မျှ ဖြန့်ဝေနိုင်၍ လူတိုင်းလက်ထဲကို ရောက်ရှိနိုင်ဖို့ဆိုသည့် အဖြစ်ကို စိတ်ကူးမျှသာ မှန်းဆနိုင်ပါလိမ့်မည်။

စာအုပ်တစ်အုပ်ကို ၀ယ်နိုင်ဖို့ဆိုသည်မှာ သာမာန်လူတန်းစားအဖို့ အတော်လေးခဲယဉ်း ပါသည်။ ထို့ကြောင့် စာအုပ်အငှားဆိုင်များ ပေါ်ပေါက်လာခြင်းပင်။ စာအုပ်အငှားဆိုင်များမှ မိမိနှစ်သက်သော စာအုပ်များ ငှားရမ်းခြင်းဖြင့် ရသစာပေ၊သုတစာပေ လေ့လာမှုဖြစ်တည်လာနိုင်သည်။

ထို့အတူ စာရေးသူ၊ စာရေးဆရာများလည်း အလုပ်သဘောဆောင်သော စာပေရေးသားခြင်းကို လုပ်ကိုင်လာနိုင်သည်။ ပိုမိုမြင့်မားလာသောအခါ ပြည်သူ့အကျိုးပြုစာပေများအဖြစ်သတ်မှတ်ကာ စာပေဆုများချီးမြှင့်ခြင်းဖြင့် စာရေးသူ၊ စာရေးဆရာများကို ဂုဏ်ပြုခဲ့ကြသည်။

စာအုပ်တိုက်များ၊ ဖြန့်ချီရေးတိုက်များဖြင့် စာပေ စီးပွားရေး လမ်းကြောင်းတခုသည်လည်း ပီပီပြင်ပြင်စီးဆင်းလာပေသည်။ စီးပွားရေးဆိုသော ကိန်းဂဏန်းငွေကြေးများနောက်တွင် အခြားအခြားသော အရာများသည်လည်း သူ့နည်းသူ့ဟန်ဖြင့် အတူတကွပါလာကြသည်။ ထိုအခါ စာပေတွင် စီးပွားရေးဆန်သော ယဉ်ကျေးမှုတခုလည်း ထွန်းကားခဲ့သည်။ သို့တည်းမဟုတ်ပဲ အားပြိုင်မှုများ၊ အဖွဲ့အစည်းအင်အားစုများလည်း တွန်းတွန်းတိုက်တိုက် ရှိခဲ့ပါသည်။ ဝေဖန်ခြင်း ပြန်လည်ချေပခြင်းတို့လည်း ထိုက်သင့်သလျောက် ပေါက်ပေါက်မြောက်မြောက်နေရာယူခဲ့သည်။

များသောအားဖြင့် စာပေမျိုးဆက်သစ်တို့ ကျန်ရစ်ဖို့ ရှေ့ကဦးဆောင်သူတို့ ဖေးမကြသည်သာ။ စာကို စတင်ရေးသူတို့သည် များစွာသော လောကဓံကို ရင်ဆိုင်ရမည်ချည်း။ အကြိမ်ကြိမ်ပယ်ချခံရနိုင်ပါသည်။ မိမိရေးသော စာ စာမျက်နှာပေါ်တွင်ပါသောနေ့သည် ဘဝတွင် အပျော်ဆုံးနေ့ များထဲက တနေ့ဖြစ်နိုင်ပါသည်။ မည်သူမဆို အစက စရသည်ချည်းဖြစ်ပါသည်။ ပုံနှိပ်ဖော်ပြခွင့်ရဖို့သည် တည်းဖြတ်သူ အမျိုးမျိုးတို့ကို ဖြတ်ကျော်အောင်မြင်နိုင်ရမှု အပေါ် အတော်လေး အဓိကကျနေခဲ့သည်။ အောင်မြင်သော စာရေးသူတယောက် ဖြစ်ဖို့ကိုမူကား ဆိုဖွယ်ရာ မရှိပါ..

သို့သော် ယနေ့ထက်ထိ ပုံနှိပ်စာပေ ယဉ်ကျေးမှု ကျန်နေခဲ့သေးသည်။ အဘယ်ကြောင့်နည်း။ စာဖတ်သူများကြောင့် ဟု ဆိုရင် ငြင်းနိုင်မည်လော။

စာအုပ်စာပေများလွန်မြောက်ပြီး ယခုခေတ် ကွန်ပြူတာ ပညာရပ်များဖြင့် အင်မတိ အင်မတန် ဖောင်းပွနေသောခေတ်။ စာရွက်များဖြင့် ထုတ်ဝေခြင်းကို အတော်လေး ခြောက်လှန့်စေခဲ့သော ခေတ်တစ်ခုလည်း ဖြစ်နေခဲ့ပါသည်။ ယခင်က အောင်မြင်ကျော်ကြားခဲ့သော သတင်းစာများ အွန်လိုင်းမှ တဆင့် ဖော်ပြပေးဖို့ဖိအားများလာခြင်း။ သတင်းစာရောင်းအားကျဆင်းလာခြင်း စသော အချက်အလက်များ။ ပုံနှိပ်ထုတ်ဝေဖို့ ကုန်ကြမ်းများ၊ လုပ်အားများ၊ ခွင့်ပြုချက်ရယူခြင်း စသောအချက်များသည် အဓိက နေရာမှ ပါဝင်နေကြပြန်သည်။ နိုင်ငံတကာမှာ ရင်ဆိုင်တွေ့နေရသော အချက်များပင်။

တလောက ပုံနှိပ်စာပေများ ပျောက်ဆုံးတော့မည်လော ဟူသော ကိစ္စတရပ်ကို ကြားလိုက်မိသည်။ မည်သို့မျှ လက်မခံနိုင်ခဲ့။ စာဖတ်ခြင်းကို စာအုပ်ကို ကိုင်၍သာ ဖတ်ရှုလိုပါသည်။ pdf, word ဖိုင်စသော ပုံစံအမျိုးမျိုးဖြင့် ကွန်ပြူတာမှတဆင့် စာဖတ်ရခြင်းကို ဘယ်လိုမှ မနှစ်ခြိုက်နိုင်သော ကျနော်တစ်ဦးတည်း အမြင်ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိကြိုက်နှစ်သက်သလို ဝိဝါဒ ကွဲပြားနိုင်ပါသည်။

ဆက်ပါဦးမည်…

17 July 2010

ကြိုးပျောက်သွားသော ဖိနပ်တစ်ရံ


ထိုဖိနပ်တစ်ရံကို ရရှိလိုက်သည့် အချိန်မှစ၍ ကျနော်နှစ်ခြိုက်စွာ မြတ်နိုးစွာ ခုံခုံမင်မင်ပဲ စီးလေ့ရှိပါသည်။ ထိုဖိနပ်တစ်ရံသည် ကျနော့အတွက်တော့ ဖိနပ်တစ်ရံသက်သက်ဟု အနက်ပြန်လျှင် လုံလောက်မည်မထင်..

အရေပြားပါးသူ ပီသစွာ ကျနော် ဖိနပ်များများနှင့် အကျွမ်းတ၀င် မရှိတတ်ပါ။ ငယ်စဉ်က စီးရလေ့ရှိသော ဆင်ကြယ် ကြက်ပေါင်ဖိနပ်များနောက်တွင် သားရေဖိနပ်များသည် ကျနော့ကို အထူးပင် နာကျင်စေပါသည်။ ကတ္တီပါသား သည်းကြိုးပင်ဖြစ်သော်ငြား အသစ်ဖြစ်သည်ဆိုသောကြောင့် တင်းကျပ်မှုက ကျနော့ ခြေဖမိုးကို တိုက်စားလေ့ရှိတတ်ပါသည်။ မကြာခင်သည်းကြိုးရာ တလျှောက်တွင် ရေနွေးပူလောင်သကဲ့သို့ အရည်ကြည်ဖုများကြောင့် ခြေဗလာဖြင့်သာ အသင့်အလျော်ဆုံးဟု ဆုံးဖြတ်ရမလို ဖြစ်ခဲ့ဖူးသည်။ သို့ဖြစ်၍ စီးနေကျထက် တစ်ဆင့်ပိုကြီးသော နံပါတ် ၁၀ ကို စီးဖို့ကြိုးစားသော်လည်း ချောင်သည့်အလျောက် ကျွတ်ထွက်သွားသည်က များနေပြန်သည်။

ထို့အတွက် ဖိနပ်လှလှများသည် ကျနော်နှင့် ဆန့်ကျင်ဖက်ကိုသာ ဦးတည်နေတတ်ပါသည်။ သူငယ်ချင်းများ အဆန်းတကြယ် စီးလာလျင် ငေးမောအားကျခြင်းကလွဲ၍ တပ်မက်ခြင်းကို ဦးတည်မသွားသည်မှာတော့ သေချာပါသည်။

အိမ်မှာတော့ ကျနော့ကို မောင်နုဟု မေက စ,လေ့ရှိသလို သူ့သားအတွက် သင့်လျော်မည့်ဖိနပ်ကိုလည်း သူပဲရှာပေးတတ်ပြန်သည်။ အံဝင်ခွင်ကျ ဖြစ်သွားသော တံဆိပ်များကို မှတ်မှတ်သားသားထားလေ့ရှိပြီး ဈေးဝယ်သွားတိုင်း ဝယ်လာတတ်သူမှာလည်း သူပင်ဖြစ်သည်။ ထပ်တူညီနေသော ဖိနပ်များ စီးရခြင်းအတွက် ကျနော့ကို ငြီးငွေ့ပါသလားဟု မေးလာခဲ့ရင် ကျနော် အလိုက်သင့် ခေါင်းငြိမ့်မည် မဟုတ်ပါ။ ဖိနပ်အသစ်များ၏နာကျင်စေခြင်းက ကျနော့ကိုဟန့်တားထားသောကြောင့် ဖြစ်ပါလိမ့်မည်။

ယခုဖိနပ်ကို ကျနော်နှစ်ခြိုက်ခုံမင်ခြင်းမှာ ကျနော့ကို မနာကျင်စေသောကြောင့်ဟု အတ္တနှင့်ယှဉ်၍ ဆိုက ဆိုလိုက်နိုင်ပါသည်။ သူ့ကို ကျနော်နှစ်ခြိုက်ရသော အကြောင်းများလည်း ရှိနေပါသေးသည်။ သို့သော် ထိုအရာများသည် အပေါ်ယံ ရုပ်ဝတ္ထုဆန်မှုများသာ ဖြစ်ပါသည်။

ထိုဖိနပ်စီး၍ လမ်းလျှောက်တိုင်း ဘေးနားမှ လူငယ်တချို့ အားကျငေးမောသွားခြင်းကို ကျနော် သဘောကျပါသည်။ တခါတရံ ကြည့်သူမရှိသောအခါ ဖိနပ်ကို ကျောက်ပြားကြမ်းပြင်နှင့် ပွတ်တိုက်ခြင်းဖြင့် အသံထွက်လာကာ လူစိတ်ဝင်စားအောင် ပြုလုပ်ဖို့ကိုလည်း ကျနော် ၀န်မလေးပါ။ သြော် သူ့ဖိနပ်ကလေးက အသံထွက်နေတာကိုးလို့ အံသြမှတ်ချက်ပြုသွားသော မျက်နှာများကို ကြည့်ရသည်ကိုလည်း ပီတိဖြစ်တတ်ပြန်သည်။

သို့သော် ထိုဖိနပ် ဘယ်လောက်ပေးရသလဲဟု မေးလာသူများကိုမူ ကျနော် ငြိုငြင်တတ်ပါသည်။ တန်ရာတန်ဖိုးတခုထိ ရှိသော်လည်း ဖိနပ်၏တန်ဖိုးကို ကိန်းဂဏန်းများဖြင့် သတ်မှတ်ထားခြင်းကို ကန့်ကွက်ချင်ပါသည်။ ဘောင်ကန့်သတ်ထားခြင်းကို သက်ရှိအရာဆိုလျှင် လက်ခံမည် မဟုတ်ဟု တထစ်ချ ယူဆထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျနော့အတွက် ဖိနပ်ကပေးသော သန္တရသများသည် ဖိနပ်တန်ဖိုးကို အဖိုးမဖြတ်စေနိုင်ခြင်းပင်။

နေသားတကျရှိလှသော ဖိနပ်တစ်ရံနှင့် ကျနော် ထာဝရရှိလိုလှသည်။ သင်္ခါ ရဆိုသော သဘောကိုလည်းကောင်း၊ အနိစ္စဟူသော သဘောကိုလည်းကောင်း၊ အနတ္တဟူသော သဘောကို လည်းကောင်း ကျနော်ကောင်းကောင်းနားမလည်နိုင်သေးခင် အဆိုပါဖိနပ်မှ ဖိနပ်ကြိုးများ ပျောက်ဆုံးသွားပါတော့သည်။

ပျောက်ဆုံးသွားသော ဖိနပ်ကြိုးများကို အစားထိုးဖို့ အများက တိုက်တွန်းကြသည်။ ထိုအခါ ကျနော်က ကျနော် နားမလည်ပါးမလည်ရှိသော သစ္စာဟူသော စကားလုံးကို တွင်တွင်သုံးပြီးငြင်းပစ်ခဲ့သည်။ ခေါင်းမာလှသည်ဟူသော စွပ်စွဲချက်ဖြင့် ကျနော့ကို နားချစေခြင်းမှ ကျနော်လွတ်မြောက်စေခဲ့သည်။

ဒီအတိုင်း ဘူးထဲတွင် သိမ်းထားမည်လားဟု အကြိမ်ကြိမ်မေးသည်ကိုလည်း လျစ်လျူရှုပစ်ခဲ့ပါသည်။ ကိုယ် အသုံးမတည့်လျှင် တခြားအသုံးတည့်သူတွေ အတွက်………စသော ပရဆန်ဆန် စကားလုံးများကိုလည်း ပြောတတ်ကြပါသည်။

အစကပြောခဲ့ဖူးသလို ကြိုးပျောက်သွားသော ဖိနပ်တစ်ရံသည် ကျနော့အတွက် ဖိနပ်တစ်ရံသက်သက် မဟုတ်ခဲ့ပါ။ သူ့တွင် ခြေလက်များမရှိတော့သောကြောင့် အင်္ဂါမစုံလင်မှုဟူသော ပြစ်မှုတခုဖြင့် ကျနော်နှင့် ဝေးလွင့်အောင်လုပ်ခြင်း ပုဒ်မသည် တကယ်တော့ မတရားပါ။ ရဲဘော်ရဲဘက်စိတ် အပြည့်ဖြင့် ကျနော်နှင့်အတူ ထားခြင်းကို မည်သူကမျှ လက်မခံသော်လည်း ကျနော့်ဖာသာ လက်ခံလိုက်ပါသည်။

ကြိုးပျောက်သွားသော ဖိနပ်တရံကြောင့် ကျနော့ကို စိတ္တဇ ဆန်သည်ဟု သတ်မှတ်နိုင်ပါသလား....ကျနော်မသိပါ။

နေထိုင်မှုပုံစံပြောင်းလဲခြင်း

ခြေလှမ်းတွေကျဲနေတယ်ဆိုလို့
အခု ခြေထောက်နှစ်ချောင်းကို
ပူးမတတ် လျှောက်တယ်

ငွေသုံးကြမ်းတယ်ဆိုလို့
အခု ငွေမထုတ်တော့ဘူး
master နဲ့ပဲ ရှင်းတယ်

စကားများတယ်ဆိုလို့
အခု ပါးစပ်ကမပြောဘူး
လက်နဲ့ပဲ ရေးတယ်

အစားနည်းတယ်ဆိုလို့
အခု အစားများအောင်
ဂဏန်းပေါင်းစက်မှာ အစားတခုပဲထားတယ်

မျက်လုံးတွေကိုကြည့်ပြီး အိပ်ရေးမ၀ဘူးလားဆိုလို့
အခု အိပ်ရေးဝအောင်
မှောက်ပြီး အိပ်တယ်

အခန်းက ရှုပ်ပွနေတယ်ဆိုလို့
အခု ရှုပ်နေတာတွေကို
အခန်းထဲက ထုတ်ပစ်လိုက်တယ်

အခု......
အခု.........

အခု...............

16 July 2010

မိုးတွေရွာစဉ်

ဒီနေ့မိုးတွေရွာတယ်
မိုးတွေရွာတုန်း ငါဘာတွေလုပ်သလဲ
ရေကူးကန်ထဲကို ၀င်လာတဲ့ မိုးရေတွေကို ငါပက်ထုတ်တယ်

လူတွေ အားလုံး
ငါ့ကို ဒီအတိုင်း ကြည့်နေကြတယ်
ဘယ်သူမှ မကူကြဘူး
တကယ်ဆို ဒီရေကူးကန်ကို
သူတို့တွေလည်း ကူးကြတယ်
ဒါပေမယ့် မိုးရေတွေကို
ပက်ထုတ်တော့ ငါတယောက်တည်း

မိုးတိတ်သွားတော့မှ
ငါရပ်လိုက်တယ်
ဒါပေမယ့် စိတ်ထဲမှာတော့
ရေကူးကန်တခုလုံး ကုန်အောင်
ခပ်ထုတ်နေမြဲ

ပြီးတော့မှ
သက်ပြင်းခပ်ထူထူချပြီး
ဆုံးဖြတ်ပစ်လိုက်တယ်
မိုးရေတွေနဲ့ ရောနေတဲ့
ဒီရေကူးကန်ကို
ဘယ်တော့မှ ငါမကူးတော့ဘူး…

အိပ်မက်လိုက်မုဆိုးများအကြောင်း


အိပ်မက်တွေ ပေါင်းစပ်ဖူးပါသလား။ သို့တည်းမဟုတ် အိပ်မက်တခုကို ပြိုင်တူမက်ဖို့ ကြိုးစားဖူးပါသလား။ ဖြစ်နိုင်မည် မဟုတ်ပါ။ သို့သော် ဒီတညတော့ အိပ်မက်လိုက် မုဆိုးများအကြောင်းကို ကျနော်လေ့လာခွင့် ရသွားခဲ့ပါသည်။ လူတယောက်၏ အိပ်မက်အတွင်း ဝင်ရောက်ခြင်း (ထိုအိပ်မက်ထဲတွင် နောက်ထပ်အိပ်မက်များ ထပ်ဆင့်မက်ခြင်း စသည်ဖြင့်) ဖြင့် အိပ်မက်မုဆိုးများအကြောင်းသည် အံ့သြထူးဆန်းမှုများဖြင့် ကျနော့ကို အိပ်ရေးပျက်စေပါတော့သည်…..

Cobb ဆိုသောသူသည် အိပ်မက်လိုက်မုဆိုး ခေါင်းဆောင်ပင် ဖြစ်သည်။ သူနှင့်အတူ အိပ်မက်ကမ္ဘာများ ဖန်ဆင်းနိုင်သူ အာခီတက်တယောက်၊ အိပ်မက်အတွင်း ရုပ်ပြောင်းရုပ်လွဲဖန်ဆင်းနိုင်သူတယောက်၊ အိပ်မက်ကမ္ဘာအဖြစ်ကို ဖြည့်စွမ်းပေးမည့် chemical အရည်များ တီထွင်ပေးသူတယောက်၊ နောက်ထပ်လူငယ် မိန်းမပျို အာခီတက်တယောက်တို့ဖြင့် အိပ်မက်မုဆိုးအဖွဲ့ကို ဖွဲ့စည်းထားခြင်းပင်။ အဓိက လုပ်ငန်းမှာ ဆာအိတိုဆိုသော ဂျပန်လုပ်ငန်းရှင်သူဌေးတယောက်၏ အိပ်မက်ထဲတွင် နောက်ထပ် အိပ်မက်များ ဖွဲ့တည်ခြင်းဖြင့် လုပ်ငန်းရှင် လိုအပ်သော အချက်အလက်များရှာဖွေခြင်း အစရှိသော ခိုင်းစေမှုများအတွက်ပင်ဖြစ်သည်။

မည်သည့်နေရာတွင်မဆို SOP (Standard Operating Procedure) များထားရှိရသလို rule & regulation များလည်း ရှိရသကဲ့သို့ အိပ်မက်ကမ္ဘာတွင်လည်း အဆိုပါ အချက်များဖြင့် ရှိနေပြန်သေးသည်။ အိပ်မက်ထဲတွင် နောက်ထပ်အိပ်မက်များ မက်ခြင်းသည် nested if ကဲ့သို့ပင် တွန့်ကွင်းများ များစွာပါဝင်နေပြန်၏်။ ပထမအိပ်မက်တွင် ဆယ်မိနစ်ကြာချိန်သည် နောက်အိပ်မက်တွင် တနာရီကြာမြင့်သည်ဖြစ်ရာ အိပ်မက်များ ထပ်ဆင့်မက်ခြင်းဖြင့် အချိန်သည်လည်း များစွာကြာမြင့်ပေမည်။ ထို့အတူ Limbo state ဆိုသော အခြေအနေတရပ်လည်း ရှိနေပြန်သေးသည်။ အိပ်မက်ကမ္ဘာအတွင်း လူတယောက်သည် အချိန် အကန့်အသတ်မရှိသော ထောင်ချောက်အတွင်း ကျရောက်တတ်ခြင်းပင်ဖြစ်သည်။ ထို့အပြင် အိပ်မက်ကမ္ဘာအတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက လက်တွေ့ပြင်ပတွင်ထိခိုက်သလို ခံစားရမည်ဖြစ်သည်။ အကယ်၍ သေဆုံးသွားပါမူ လက်တွေ့ဘ၀တွင် ချက်ချင်းပြန်လည် နိုးထလာမည်ဖြစ်သည်။

ဆာအိတို၏ ပြိုင်ဘက်အဖွဲ့အစည်းမှ လူတယောက်သည် အိပ်မက်မုဆိုးများ၏ သားကောင်ဖြစ်ခဲ့သည်။ သူမသိအောင် ထိုလူ၏အိပ်မက်များအတွင်း ခုန်ဝင်လိုက်ကြခြင်းဖြင့် မိမိတို့လိုသော လမ်းကြောင်းကို ရောက်အောင် ခေါ်ဆောင်ဖို့ကြိုးစားကြသည်။ မထင်မှတ်သောအရာတို့ ဖြစ်ပျက်တတ်ခြင်းနှင့် လောကတွင် ဘယ်အရာမှ ကိုယ်ဖြစ်ချင်သလို မဖြစ်ကြခြင်းကို အိပ်မက်ကမ္ဘာတွင်လည်းတွေ့မြင်နိုင်ပါသည်။ အနှောင့်အယှက်များ ကြုံရသည်ထက် ဆာအိတို ထိခိုက်ဒဏ်ရာ ရသွားသည်ကလည်း ခရီးတာကို နှောင့်နှေးစေသောအချက်တခု ဖြစ်သည်။ လုပ်ငန်းကို ထိခိုက်စေသော အဓိက အချက်မှာ မုဆိုးခေါင်းဆောင် Cobb ၏ စိတ်ဒဏ်ရာ ကြောင့်ပင်။

Cobbနှင့် သူ၏ဇနီးတို့ အဆိုပါ အိပ်မက်လုပ်ငန်းကို ထူထောင်ရင်း ဇနီးဖြစ်သူ၏ အိပ်မက်ကမ္ဘာကို စွဲလမ်းမှုက ပိုမိုသွားခဲ့သည်။ စိတ်အခြေအနေမတည်ငြိမ်မှုကြောင့် တကယ့်လက်တွေ့နှင့် အိပ်မက်ကမ္ဘာကို ရောထွေးမှုများ ဖြစ်ပွားစေခဲ့သည်။ အဆိုးဆုံးက သူမ အသက်ဆုံးရှုံးရခြင်းနှင့် Cobb၏ အိပ်မက်များတွင် ၀င်ရောက်နှောင့်ယှက်ခြင်းပင်..

လက်တွေ့ဘ၀နှင့် အိပ်မက်ဘ၀ကို ခွဲခြားနိုင်သော ကရိယာမှာ ကျနော်တို့အလိုအရ လက်လှည့်ဂျင်လေးတလုံးပင်။ အိပ်မက်ထဲတွင် အဆိုပါဂျင်သည် မလည်ဟူဆိုပါသည်။

Cobb တယောက် သူလိုချင်သော လက်တွေ့ဘ၀ကို နောက်ဆုံး အလုပ်ဖြင့် အလျော်အစားလုပ်ခဲ့သည်။ သူ့ ပြင်ပလောကတွင် သားနှင့်သမီး အိမ်တွင် ကျန်ရစ်နေခဲ့သည်လေ။

မုဆိုးများက သားကောင်ကို အမှီလိုက်ရင်း ဒဏ်ရာရထားသော ဆာအိတိုတယောက် Limbo state ကိုရောက်သွားပြန်သည်။ ထပ်ဆင့်မက်ထားသော အိပ်မက်တို့တွင် အချိန်တို့ သိပ်မကျန်တော့။ ဆာအိတိုကိုလည်း Limbo state မှ ပြန်လည်နိုးဖို့ Cobb တယောက် နောက်ထပ် အိပ်ရဦးမည်။ သူတို့ အချိန်မှီ ပြန်လည်နိုးထ လာပါဦးမည်လော…

လက်လှည့်ဂျင်လေးတလုံး အဆုံးမသတ်အောင်လည်နေခဲ့ခြင်းဖြင့် ဇာတ်ကားကို အဆုံးသတ်ထားခဲ့သည်…

အိပ်မက်လိုက် မုဆိုးများဘ၀ကို အားကျစွာဖြင့် တခါတလေမှာ သူတပါးအိပ်မက်တွေကို သိလိုစိတ်ကြီးမားစွာဖြင့် ဝင်ရောက်ကြည့်ချင်မိသည်။ သို့သော် စေတလုံးပိုင်ရှင်လို ဖြစ်သွားမှာကိုလည်း ကြောက်လန့်မိပြန်ပါသည်။ လူတို့၏စိတ်တွင်းသဘောများကို ထိတွေ့ဖို့ရန် ထိတ်လန့်နေမိသည်မှာ အသေအချာပင်။ စိတ်ရင်းတွေကို သိဖို့ အိပ်မက်တွေထဲဝင်ရသော မုဆိုးဖြစ်ရဦးမည်ဆိုလျှင် ကျနော့အလိုအရ အဆိုပါ အလုပ်မျိုးကို မည်သည့်နည်းဖြင့်မဆို အပြင်းအထန် ငြင်းဆန်မိမှာ အမှန်ပင်ဖြစ်ပါတော့သည်………….

15 July 2010

တိုက်မိခြင်းများအတွက်

ဒီနေ့ ရုံးကတံခါးကို ကမန်းကတန်း ဖွင့်ပြီး အထွက် လူတယောက်နဲ့ တိုက်မိမလိုဖြစ်သွားခဲ့တယ်။ အချိန်တွေ သိပ်မလောက်ဘူးလို့ ယူဆထားသူချင်း အတူတူ အကြည့်တချက်လောက်စီနဲ့ပဲ ကိုယ့်လမ်းကို ဆက်လျှောက်ဖြစ်သွားကြတယ်။ ဒီလိုတိုက်မိခြင်းတွေက ဘ၀မှာ ဘယ်လောက်ရှိနေခဲ့ပြီလဲ………

ကျနော့ရဲ့ အမှတ်မထင် တိုက်မိခဲ့တဲ့သူတွေ အင်း…ဘဝတလျှောက်လုံးစာဆို နည်းမှ မနည်းပဲ။ ခလေးဘဝတုန်းက ခုန်လိုက်ပေါက်လိုက် ပြေးလိုက်လွှားလိုက် ဝင်ဝင်တိုက်ဖြစ်တာတွေ။ သတိထားမိလား………တိုက်မိတာခြင်းတူပေမယ့် စိတ်အခြေခံတွေ မတူကြတော့တာကိုပါ။ ခလေးဘဝတုန်းက တိုက်မိခဲ့ရင် ဟာဒီခလေး ရှပ်တီးရှပ်ပြာနဲ့လို့ပဲ ဆူပြောလေး ပြောတတ်ကြတယ်။ ဒါပေမယ့် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ ပြောသွားတဲ့ပုံစံတွေပါပဲ။

အရွယ်လေးရောက်လာတော့ တိုက်မိတဲ့ ဇာတ်လမ်းတွေကို သိရှိလာခဲ့ပြီ။ အမှတ်မထင်ကနေ အမှတ်ထင်ထင်တွေလည်း ရှိရှိလာခဲ့ပြီပေါ့။ အရွယ်ရောက်လာတာနဲ့ အကြောင်းအရာ တော်တော်များများ ပြောင်းလဲသွားခဲ့ပါကလား။

တိုက်မိတာခြင်းတူတာတောင် ဒေါသတွေ မာန်မာနတွေက အနောက်မှာ အပြည့်။ ဒါလေးတောင် မမြင်ဖူးလား၊ အဲ့လောက် နမော်နမဲ့နိုင်ရလား၊ ဆပ်ပြာသည် လင်ပျောက်နိုင်လှချည်လား စသည် စသည် မဆုံးနိုင်တဲ့ ဂမုန်းခိုင်တွေ တသီကြီး လွှတ်ချင်လွှတ်တတ်ကြပါဦးမယ်။ တဖက်က ငြိမ်မနေပဲ ပြန်ပြောရင် အကျယ်အကျယ် မ,ငြိမ်းဖွယ်တွေဖြစ်မယ်။ အခုဖတ်ပြီးသွားတဲ့ စာအုပ်ထဲက စစ်တွေဖြစ်ရခြင်းအကြောင်းအရင်းက ဒီလိုတိုက်မိတာလေးနဲ့လည်း စတင်နိုင်တယ် ဆိုတာကိုလည်း တွေးမိသွားပြန်တယ်။

ကျနော်တို့တွေ ဒီလို တိုက်မိခြင်းကို သာမာန်ရိုးရိုးလေး တွေးမပေးနိုင်ကြတော့ဘူးလား (ဒါကျနော့် တွေးနေတဲ့အဓိကအချက်ပါ)။ မတော်တဆ ဆိုတဲ့ အကြောင်းအရာကို မေ့ပျောက်ပြီး ကြိုတင်ကြံစည်မှုလိုလို လုပ်ကြံမှုကြီးတခုလို ဖြစ်စေခဲ့တာ ဘာကြောင့်များပါလိမ့်။ ကျနော်တို့ရဲ့ လူသားဆန်မှုတွေ ပျောက်ဆုံးကုန်လို့လား။ ပြုံးပြီး ခွင့်လွတ်ကြည့်နဲ့ တခါတလေ ကြည့်လိုက်စမ်းပါဗျာ။ ဟိုတခြမ်းကလူလဲ အားနာပြီး သူ့ရဲ့ မတော်တဆမှုအတွက် တောင်းပန်ပြုံးလေး ပြန်ရမှာပါ။

ကျနော့မှာ ဓါတ်လှေခါး အတွေ့အကြုံလေးတခု ရှိခဲ့တယ်။ ဒီနေ့အထိ မေ့မရပါဘူး။ တရက်ကျနော် အသိအိမ်ကနေ အပြန်။ သူတို့အိမ်က ၈ထပ်မှာမို့ ပြီးတော့ သွားစရာလည်း အရေးတကြီးရှိနေပြန်၊ ဓါတ်လှေခါးကို သုံးခဲ့တယ်။ နံပါတ်၁ကို နှိပ်ပြီး နောက် စိတ်ထဲမှာ ဆက်လုပ်ရမယ့် အရာတွေကို တွေးနေမိတယ်။ ဓါတ်လှေခါးပွင့်သွားတော့ တက်သုတ်ရိုက်ထွက်တာပေါ့။ အရှေ့က ဝင်လာတဲ့လူကို အမှုမဲ့အမှတ်မဲ့ပဲ။ ဝင်တိုက်မိတယ်။ ဟာ ဆောရီးဆိုပြီး တောင်းပန်တယ်။ သူက ကျနော့ကို ကြည့်ပြီးရီနေတော့တာ။ ကျနော်လည်း ခပ်ရှက်ရှက်ပဲ ဘာလုပ်ရမှန်းမသိတော့ဘူး။ တကယ်ဆို သူက စိတ်ဆိုးရမှာလေ။ ကျနော်က အိုးတိုးအမ်းတန်းဖြစ်လေ သူက ဖိပြီးရယ်လေ။ ပြီးတော့ ဓါတ်လှေခါးအပေါ်ကိုလည်း လက်ညိုးထိုးပြီးရယ်။ တခုခုတော့ မှားပြီပေါ့။ သူက ကျနော့ကို ပြန်ဝင်ခဲ့ လို့ခေါ်တယ်။ ဟုတ်ပါတယ် တကယ်က သုံးထပ်ပဲရှိသေးတာ။ ကျနော်ဆင်းမှာက မြေညီထပ်အထိလေ။ ကြုံပလေ ဘုံဘွေပေါ့ဗျာ။ ဓါတ်လှေခါး မြေညီထပ်ရောက်တော့ ကျနော်တို့ နှစ်ယောက် တွေးမိပြီး နောက်တခေါက် ရယ်ဖြစ်ကြပြန်ရော။

တကယ်တမ်း ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အဖြစ်လေးတွေပါပဲ။ ကျနော်တို့ စိတ်မှာ ဘယ်လိုခံယူသင့်သလဲ။ ကိုယ်က ပေါ့ပေါ့ပါးပါးလေးဆို တဖက်လူမှာလဲ ပေါ့ပေါ့ပါးပါးလေးဖြစ်သွားမှာ မဟုတ်လား။

ကျနော့ဘဝမှာ အမှတ်မထင်ရော အမှတ်ထင်ထင်ရော မတော်တဆ ဝင်တိုက်မိတဲ့သူတွေ ရှိပါတယ်။ နောက်ထပ်လည်း တိုက်မိကောင်း တိုက်မိပါလိမ့်မယ်။ အကယ်၍များ တိုက်မိဖြစ်ခဲ့ရင် ကျနော်တို့ ပြိုင်တူပြုံးပြီး သင်ပုန်းချေလိုက်ကြရင် မကောင်းဘူးလားလို့ပါ…………

(အရင်က တိုက်မိပြီး ကျနော်ဒေါသဖြစ်မိခဲ့တာတွေလည်း ရှိခဲ့မှာပါပဲ။ အဲ့ဒီအတွက် ပြန်တောင်းပန်လို့ မမှီတော့မယ့်အတူတူ အခုအချိန်မှာ နောက်ထပ်မဖြစ်စေရတော့ဘူးလို့ပဲ စိတ်ထဲမှာ ရည်ရွယ်ထားပါတယ်..)

14 July 2010

မြစ်တစ်စင်းပါ



နေခြည်ဖြာ၍
ရွှေရောင်ဝါသည်
သို့သော်မြစ်တစင်းပါ

ကောက်ကွေ့သည်
ပြီးတော့ အလှမ်းကွာသည်
သို့သော် မြစ်တစ်စင်းပါ

ရေပြည့်နေသေးသရွေ့
အရေးပါသေးသည်
သို့သော် မြစ်တစ်စင်းပါ

္ကဤသို့ဖြင့်
မြစ်တစ်စင်းပီသစွာ
ယနေ့ထိ
စင်းစင်းကြီး
စီးဆင်းနေပေသည်.....

အနှီ မြစ်တစ်စင်းသည်...

13 July 2010

ပုံရိပ်များနှင့် ချစ်ခြင်း

ကိုကို ဆိုတဲ့အသံကို နားထဲကြားယောင်နေဆဲ…

သူကအမှောင်ကိုကြိုက်တယ်။ သူအမြဲပြောလေ့ရှိတယ်။ အခုလိုလွယ်လွယ်ကူကူရိုက်ပြီး ကြည့်လို့ရတဲ့အရာတွေထက် တဖြည်းဖြည်း ဖလင်တွေကို ကူးဆေးပြီး ဘာပုံလေးထွက်လာမလဲဆိုတဲ့ အရာကို စောင့်ကြည့်ရင်ခုန်ရတဲ့ အရသာ။ ပြီးတော့ ကိုယ်လိုချင်တဲ့ အရောင်လေးတွေ ထည့်သွင်းရင်းပေါ့လို့ အစချီရင်း…………

ခက်တာက ကိုယ်က အမှောင်ခန်းကို မကြိုက်ခဲ့ဘူး။ ဘ၀မှာ ကိုယ်အမုန်းဆုံး တကယ်တမ်းဆို အကြောက်ဆုံးလို့ ဆိုနိုင်တဲ့အရာက အမှောင်ခန်းထဲမှာ နေရမယ့် အချိန်ကာလပါ။ သူပြောတိုင်း ဟာသလုပ်ပြီး ကိုယ်ပြန်ပြောလေ့ရှိတာက အမှောင်ခန်းမရှိတော့ ကိုယ်လည်း မြနှင်းဆီလို အမျိုးသမီးနဲ့ မဆုံဖြစ်တော့ဘူးပေါ့လို့၊ ဒါမှ မဟုတ် ကိုရီးယားကားထဲကလို chemicalတွေနဲ့ မတော်တဆ ဖြစ်မယ့် မိန်းမလှလေးတယောက်လည်း ရှိမလာနိုင်တော့ဘူး လို့။အဲ့ဒီအခါတိုင်း သူက ပေါက်တတ်ကရ ကိုကို မြနှင်းဆီနဲ့တွေ့တိုင်း ဒီက ဖြူ့လို ငြိမ်ငြိမ်လေးနေမယ် မထင်နဲ့လို ကျားသစ်ပေါက်ကလေးလို ဒေါသတကြီး ပြန်ပြောတတ်လေရဲ့။ သူစိတ်ကောင်းဝင်နေခဲ့ရင်တော့ ဟောဒီ ပုံရိပ်တွေ ပတ်လည်ဝိုင်းနေတဲ့ ပြီးတော့ ဖြည်းဖြည်းခြင်း တိုးဖွသွားတဲ့ အသံလေးနဲ့ ငြိမ်သက်တိတ်ဆိတ်နေတဲ့ အခန်းတခုထဲက ချစ်ခြင်းမေတ္တာအကြောင်းကို မခံစားတတ်တဲ့ လူအ ဆိုပြီး ချွဲချွဲနွဲ့နွဲ့ ပြောသွားတတ်ပြန်ရော..

အခုတော့ သူမရှိတော့ပါဘူး။ သူ အသက်မကချစ်ပါတယ်ဆိုတဲ့ ပုံရိပ်တွေကို သူထားသွားခဲ့ပါပြီ။ တကယ်တမ်းက သူနဲ့ကိုယ့်ကြားမှာ ပုံရိပ်တွေတင်သာမက ပုံရိပ်တွေကို ဖန်တီးပေးတဲ့ ကင်မရာတလုံး ရှိနေခဲ့တာပါ။ သူသိမသွားတဲ့အကြောင်းက ကိုယ့်မျက်လုံးတွေက ကင်မရာ ချောင်းကြည့်ပေါက်တခုလို ဖြစ်နေခဲ့တယ်ဆိုတာကိုပါပဲ။

သူနဲ့အတူ ခရီးတခုက ပြန်လာတော့ ကိုယ်တို့ flat ကို ဆေးတွေ ပြောင်းသုတ်ထားကြပြီ။ ဒါပေမယ့် ကိုယ့်မျက်လုံးထဲမှာ ဆေးမသုတ်သေးခင်က အတိုင်း ထိုင်နေကြ နေရာလေးရဲ့ ဘေးနား တ၀ိုက်ကို အလွတ်ရနေခဲ့တယ်လေ။ မှတ်မိသေးရဲ့လား…

လျှောက်နေကြ လမ်းရဲ့ အနိမ့်အမြင့်တွေ၊ ချိုင့်ခွက်တွေဆီ ရောက်မလာခင် သူ့ကို ကိုယ့်ဖက်ဆွဲခေါ်ယူတတ်တာတွေ သူသိလိုက်မှာမဟုတ်ပါဘူး။ အနားကို တိုးဖို့ခေါ်ငင်တယ်လို့ပဲ အမှုမဲ့အမှတ်မဲ့ မဟုတ်လား။ ကိုယ်က လမ်းတခုလုံးကို သိနေခဲ့တာပါ…

ပြီးတော့ ကိုယ်တို့ ထိုင်နေကြ စားသောက်ဆိုင်က ခုံလေး။ သူ့လက်သည်းနဲ့ ခြစ်ထားတဲ့အရာလေးတွေ။ သူ့လက်မက ခရုပတ်ဗွေ ပြီးတော့ လက်ညိုးက ဗွေလျှောလေ။ မအံ့သြနဲ့လေ ဇွန်းလေးကို ကိုင်တော့ စတီးဇွန်းမှာ ကျန်ခဲ့တာကို ကိုယ်သတိထားမိသွားတာပါ..

ကိုယ့်ဆီမှာ နောက်ထပ် ပုံရိပ်တွေ အများကြီး ကျန်ပါသေးတယ်။ အဲ့ဒီပုံရိပ်တွေကို သက်ဆိုင်တဲ့ နေရာအလိုက် ထုတ်ပြီးကြည့်ဖြစ်နေဆဲပါပဲ

အမှောင်အခန်းလေးထဲမှာ နေနေတုန်းပဲလား။ အခုနောက်ပိုင်း ပုံရိပ်တွေ ဖမ်းလို့မရတော့ဘူးနော်။ အလင်းမလောက်ရင် ပုံတွေထွက်မလာဘူးလေ။ တုန်မှုန်ဝါးနေတဲ့ ပုံရိပ်တွေ ကိုယ်ဘယ်လိုမှ ခံစားလို့မတတ်တာ သိသားနဲ့….

ကိုယ့်ဆီမှာ ပုံရိပ်တွေနဲ့ ချစ်ခြင်းတွေ ကျန်ရစ်ခဲ့ပါတယ်….

ပုံရိပ်ဟောင်းတွေပါ ဒါပေမယ့် ချစ်ခြင်းကတော့ အသစ်အသစ်တွေဖြစ်လို့……..


ဘာရယ် မဟုတ်ပါဘူး ဖတ်နေလက်စ စာအုပ်ထဲက အတွေးတခုခေါင်းထဲရောက်လာလို့ ရောက်တတ်ရာရာလေး ချရေးကြည့်တာပါ။ ဖတ်လို့အဆင်မပြေဖြစ်ရင် မေ့ပစ်လိုက်ပါဗျာ...

12 July 2010

တမ်းမက်ခဲ့သော မိုးသားပြာသို့


မကြာမတင်မှာ
ရွာဟန်ဆင်နေကြပြီ

တရိပ်ရိပ်ထူလာတဲ့
တိမ်ထု တိမ်စိုင်ပြင်
ဖြတ်ခနဲ အဟမှာ
ကြည်စင်တဲ့ အပြာ
စွဲလမ်း တိမ်းမူး
ရူးသွပ်စေတဲ့ အပြာ

ခဏစောင့်ပါဦး
အသည်းစူးအောင်
မှတ်လိုက်ချင်လို့
ပြောမယ်အပြင်

လေကအ၀င်
တိမ်က အရွေ့
ငါလည်း မေ့သင့်ပြီတဲ့လေ…….

ကျိန်စာသင့်သူတယောက်အကြောင်း

လက်ဆောင်ရထားတဲ့ ရေမွှေးပုလင်းလေး ကုန်တော့မယ်။ သူငယ်ချင်းကလည်း ရေမွှေး ၀ယ်ဖို့ ဆွယ်တရားဟောနေတာမို့ ဒီနေ့ ရေမွှေးကောင်တာတွေ ရှေ့ကို ရောက်ဖြစ်ခဲ့တယ်။ ဒီအနံ့က ချိုတယ် ဒီအနံ့ကပြင်းလွန်းတယ် ဒီအနံ့က သိပ်ကြာရှည်မခံဘူးဆိုပြီး ဟိုဟိုဒီဒီ ရွေးချယ်ရင်း လူတကိုယ်လုံးမှာ အနံ့ပေါင်းစုံနဲ့။ ၁၂နာရီကြာခံမယ်ဆိုတဲ့ ရနံ့တွေကလည်း အိမ်ရောက်ပြီး သိပ်မကြာခင်မှာ ပြယ်ပါရောလား။ အကြိုက်ဆုံးလို့ ယူဆရတဲ့ အနံ့တခုကို ရွေးချယ်မိပေမယ့် မ၀ယ်ဖြစ်ခဲ့သေးဘူး။ ရနံ့တွေနဲ့ အတူ အိမ်အထိပါလာခဲ့တာက ကျိန်စာသင့်တဲ့ သူတယောက်အကြောင်းပါ…



သူ့နာမည်က ယွန်ပါ့တစ် ဂရွန်းဝီး (ဂရွန်းဝီးဆိုတာ ပြင်သစ်လို ဖားလေးလို့ အနက်ပြန်နိုင်ပါတယ်) ဆိုတဲ့ လူထူးလူဆန်းတယောက်ပါ…

သူ့ကို ၁၇ ဂျူလိုင် ၁၇၃၈ခုနှစ် ဥရောပရဲ့ အကြီးဆုံးမြို့တော်တခုဖြစ်တဲ့ ပါရီမှာ မွေးဖွားခဲ့တယ်။ မွေးဖွားတဲ့နေရာက ငါးစိမ်းသည်တန်း မှာဖြစ်ပြီး သူ့အမေရဲ့ ငါးယောက်မြောက်ခလေး ဖြစ်ပါတယ်။ အရှေ့ ခလေးတွေတုန်းကလို စွန့်ပစ်မှု မခံလိုတဲ့ သူရဲ့ ထူးခြားတဲ့အချက်တွေကြောင့် သူက သေဘေးကနေ လွတ်မြောက်ခဲ့ပါလေရဲ့။ ဒါပေမယ့် သားသမီးကို ဖျောက်ဖျက်မှုနဲ့ အမေကတော့ ကြိုးစင်ပေါ်တက်ရပါတော့တယ်.

အဲ့လိုနဲ့ မိဘမဲ့ဂေဟာ ကို သူရောက်လာပြန်တယ်။ မိဘမဲ့ခလေးတွေရဲ့ အနိုင်ကျင့်မှုပေါင်းစုံကြားမှာ ကြီးပြင်းရင်း ငါးနှစ်အထိ သူဟာ စကားလုံးဝမပြောခဲ့ပါဘူး။ စကားလုံးတွေကိုလည်း ပတ်ဝန်းကျင်က ရတဲ့ ရနံ့တွေနဲ့အတူ သင်ကြားတတ်မြောက်နေခဲ့ပါတော့တယ်။ သူ့ရဲ့ မွေးရာပါထူးခြားချက်က ဝေးလံတဲ့ဒေသက ရနံ့တွေအထိ ရနံ့ခံယူနိုင်စွမ်းရှိသူ တယောက်ဖြစ်ခြင်းပါပဲ။

၁၃နှစ်အရွယ်ရောက်လာတဲ့ ဂရွန်းဝီးကို မိဘမဲ့ ဂေဟာက မထားနိုင်တော့တဲ့နောက် သားရေကြမ်းတွေလုပ်တဲ့ အလုပ်ရုံကို ရောင်းခံလိုက်ရပါတယ်။ သားရေတွေမြို့တက်ရောင်းဖို့ အခွင့်ကြုံတုန်း ပါရာစီရန်တွေရဲ့ အလေ့အထတွေ ရနံ့တွေကို ဂရွန်းဝီးလေ့လာခွင့်ရသွားခဲ့ပါတယ်။ ရေမွှေး ယဉ်ကျေးမှုစတင်နေပြီမို့ ဂရွန်းဝီးအတွက် အသစ်အဆန်းတွေ အများကြီး ရစေခဲ့ပါတယ်။ အမှတ်မထင်ပဲ မိန်းမပျို တယောက်ရဲ့ ကိုယ်သင်းရနံ့ရဲ့ ညှို့ယူခြင်းကို ခံရပါတော့တယ်။ တရှိုက်မက်မက် လိုက်လံစူးစမ်းတဲ့ ဂရွန်းဝီးတယောက် မိန်းမပျိုကို မရည်ရွယ်ပဲ သတ်ပစ်ခဲ့မိပြန်ရော။ အသက်သေဆုံးသွားပြီး အချိန်တိုလေးအတွင်းမှာပဲ မိန်းမပျိုဆီက ကိုယ်သင်းရနံ့ပျောက်ဆုံးသွားပါတော့တယ်။ သူဘာလုပ်ရမလဲ။ မိန်းမပျိုကို ပြန်ရှင်သန်အောင်လုပ်လို့ မဖြစ်သလို ရနံ့တွေကိုလည်း သူ ဘယ်လို ပြန်ရအောင်လုပ်ရမလဲ…

ပါရီမြို့ကနာမည်ကျော် ရေမွှေးထုတ်လုပ်သူ တယောက်ဆီမှာ သူ့အရည်အချင်းကို အစစ်ဆေးခံခဲ့ပြီး ရေမွှေးထုတ်လုပ်ခြင်း ပညာကို သင်ကြားဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူမအောင်မြင်ခဲ့ပြန်ဘူး။ မူလအရင်းအမြစ်ဆီက ရနံ့တွေကို ထုတ်ယူထိန်းသိမ်းထားနိုင်ဖို့ဆိုတာက သိပ်ကို မဖြစ်နိုင်ဘူး ဆိုပြန်တယ်။ ဒါကြောင်မို့ အဲ့ဒီနေရာကို သူကျောခိုင်းခဲ့ပြန်တယ်။ သူလိုချင်တဲ့ ပညာကို ဘယ်မှာ ရယူနိုင်မလဲ..

နောက်တနေရာမှာတော့ သူရဲ့ကျွမ်းကျင်မှုတွေနဲ့ လူတွေယုံကြည်လာအောင်ပြုလုပ်ရင်း စမ်းသပ်လေ့လာမှုတွေ စတင်ခဲ့တယ်။ သူ့ရဲလေ့လာမှုအတွက် စတေးလိုက်ရတာ အပျိုစင်မိန်းမပျို ၂၅ယောက်ပါ။ မိန်းမပျိုတွေဆီက ကိုယ်သင်းနံ့တွေကို စုဆောင်းဖို့ တယောက်ချင်းဆီကို သူသွေးအေးအေးနဲ့သတ်ပစ်ခဲ့တယ်။ တမြို့လုံး အုံးအုံးကြွက်ကြွက်နဲ့ အမိန့်တွေထုတ်ပြန်ထားပေမယ့် ပိရိသေသပ်တဲ့ နည်းတွေသုံးပြီး သူလိုချင်တာကို ရအောင်ယူခဲ့တယ်။

နောက်ဆုံးတယောက်ဖြစ်တဲ့ လော်ရာကို သတ်အပြီးမှာတော့ သူအဖမ်းခံရပါတယ်။ သူ့ရဲ့ ရေမွှေးဖော်စပ်မှုကြီးလဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ ကျူးလွန်ခဲ့တဲ့ ပစ်မှုအတွက် အုံကြွဆူပူနေတဲ့ မြို့ခံတွေကို နှစ်သိမ့်ဖို့ သေဒဏ်အမိန့်က သူနဲ့ အထိုက်တန်ဆုံးပါပဲ။

ဒါပေမယ့် သူတီထွင်ဖော်ထုတ်ခဲ့တဲ့ ရေမွှေးကို အသုံးပြုပြီး ဒီလူသတ်ကွင်းကနေ သူလွတ်မြောက်ခဲ့ပါတယ်။ ရေမွှေးရဲ့အစွမ်းအစကြောင့် သူဟာ တန်ခိုးရှင်တယောက်ဖြစ်နေခဲ့ပါပြီ။ သူသာအလိုရှိမယ်ဆိုရင် ဗာဆိုင်းနန်းတော်က ဘုရင်ဟာ သူ့ခြေဖမိုးကို နမ်းရှိုက်လိုတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ လူတွေအားလုံးရဲ့ ချစ်မြတ်နိုးခြင်းကို ရယူနိုင်ဖို့ လုံလောက်တဲ့ ရေမွှေးပမာဏ သူ့မှာ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ရေမွှေးက သူ့ကိုယ်သူ ချစ်မြတ်နိုးဖို့ကိုတော့ မစွမ်းဆောင်နိုင်ပါဘူး။

အဲ့ဒီအတွက် စိတ်ပျက်လက်ပျက်နဲ့ ၂၅ ဂျွန် ၁၇၆၆ ည၁၁နာရီမှာ သူ့ရဲ့ ဇာတိ ပါရီကို ပြန်လည်ရောက်ရှိလာခဲ့တယ်။ အိပ်မက်ယောင်သူတယောက်လို လျှောက်လာရင်း အတိတ်က သူမွေးဖွားခဲ့တဲ့ ငါးတန်းလေးကို မြင်ယောင်လာပါတယ်။ ပြီးတော့ ဆင်းရဲသားလူတန်းစားတသိုက်ရဲ့ ရှေ့မှာ ရေမွှေးတပုလင်းလုံးကို သူ့ခန္ဓာကိုယ်အနှံ့လောင်းချလိုက်ပါတော့တယ်။ ရေမွှေးရဲ့ ရနံ့ကြောင့် သူ့ကို နတ်သားတပါးအဖြစ် အားလုံး မြင်ယောင်လာတဲ့အပြင် သူ့အပေါ် ချစ်မြတ်နိုးလွန်းမက ချစ်မြတ်နိုးမှုဖြစ်စေတဲ့ စိတ်ကြောင့် လူတွေက သူ့ကို ဖဲ့ယူစားသောက်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။ ဂရွန်းဝီးဆိုတဲ့သူတယောက် သူမွေးဖွားတဲ့ နေရာမှာပဲ ပျောက်ဆုံးသွားခဲ့ပါတော့တယ်….

တချို့သောသူတွေအတွက် လောကကြီးက မယုံကြည်နိုင်လောက်အောင် ထူးခြားဆန်းကြယ်တဲ့အရာတွေ ဖန်ဆင်းပေးခဲ့ပါတယ်။ ဒါပေမယ့် တခါတလေတော့ အဲ့ဒီအရာတွေက အဲ့ဒီလူတွေ အတွက် ကျိန်စာတွေ ဖြစ်စေခဲ့တယ်ဆိုတာကို ဖန်ဆင်းတဲ့သူတွေ သိမှ သိပါလေစ…………….

10 July 2010

ကစားပွဲတခုအတွက်


အခုလတ်တလောမှာ ရေပန်းအစားဆုံးက ကမ္ဘာ့ဖလား ဖြစ်နေတယ်။ မိမိအားပေးတဲ့ အသင်းတွေ အလျှိုလျှို ထွက်သွားပြီးတဲ့နောက် အားပေးတဲ့ လူကိုယ်တိုင်ရော ထွက်နေသင့်ပါလား။ ၀င်ခွင့်ဆိုတာ မရလိုက်တဲ့ အသင်းတွေကရော မကောင်းဖူးလို့ တထစ်ချ ပြောနိုင်ပါသလား…..

ဘောလုံးဆိုတာ လုံးနေတာမို့ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ ကျနော်တို့ လက်ပိုက်ကြည့်နေခဲ့ကြလိမ့်မယ်ထင်တယ်။ ဘောလုံးရဲ့ နောက်ကွယ်က အကြောင်းအရာတွေကိုကော စာဖတ်သူတို့ တွေးတောကြည့်မိလေ့ ရှိဟန်မတူ။ နည်းဗျူဟာဆိုတာ စစ်ပွဲတခုတည်းအတွက် မလုံလောက်တော့ပါဘူး။ အဆုံးသတ် ပိရိသေသပ်လှပဖို့က အနိုင်ဂိုးနဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ဓါတ်ဆိုတဲ့စကားလုံးကို ဘယ်အရာနဲ့ အနက်ဖွင့်မလဲ။ အသင်းအဖွဲ့ဆိုတာ တယောက်တပေါက် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ခွဲထွက်ကုန်ကြတယ်ဆိုတဲ့ စကားလုံးကို အသင်းအဖွဲ့တခုရဲ့ နောက်ဆုံးအချိန်အဖြစ် လက်သင့်ခံလိုက်ကြရတယ်။

ကစားပွဲတခုရဲ့ အချိန်အတိုင်းအတာ အတိုလေးအတွင်းမှာ အရှုံးအနိုင် အဆုံးအဖြတ်က ဘယ်အရာတွေကို သတ္ထုကျနေသလဲ တွေးနေမိတယ်။ ငယ်ငယ်က စာမေးပွဲဖြေချိန်နာရီပိုင်းအတွင်းမှာ ကျောင်းသားတယောက်အတွက် အရည်အချင်းတွေ အကုန်ချပြနိုင်ဖို့ဆိုတာ အတော်လေး လက်မခံနိုင်ဖြစ်ခဲ့ဖူးတယ်။ မှားယွင်းမှုတခုလုပ်ခဲ့မိရင် စာသင်နှစ်တခုစာ အရင်းအနှီးက အများကြီးလေ။ ပြီးတော့ အခွင့်အရေးမပေးခဲ့ရင် ဆိုတဲ့ အကြောင်းအရာ...

ကံကြမ္မာနဲ့ ယတြာဆိုတာတွေကို အကြွင်းမဲ့ ယုံလွယ်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်အရာကို တထစ်ချ ဖက်တွယ်ထားရမလဲ။ ဘယ်အသင်းကိုကော ယုံကြည်ပြီး ပုံအပ်သင့်သလဲ။

ကျနော်ကြည့်နေဖြစ်တာ ကမ္ဘာ့ဖလားပွဲတခုတည်း မဟုတ်ပါဘူး။ နောက်တပွဲကိုလည်း ကျနော်ရင်ခုန်စွာ စောင့်ကြည့်နေပါတယ်။

ဒိုင်လူကြီး လက်ထဲက ချလိုက်တာနဲ့..

အမြန်ဆိုတာကို သုံးမလား၊ ခွန်အားကို သုံးမလား၊ ငွေအားကိုသုံးမလား…

ဂုဏ်သိက္ခာတွေ ချနင်းချင်လည်း နင်းကြပါလိမ့်မယ်။ နာမည်တွေ အတွက် ထည့်တွက်စရာမှ မလိုတော့ပဲ။ ရိုးသားမှုဆိုတာကိုတော့ ဘုရားသခင်ကိုယ်တော်မှ လွဲပြီး တခြားသူ မသိနိုင်တာ ကြာခဲ့ပါပြီ။ သမ္မာသမတ်ရှိပြီး မျှတမှုကိုတော့ အသင်းတိုင်းက ဆန္ဒရှိမယ် ထင်ပါတယ်။

ကျနော်စောင့်ကြည့်နေပါတယ်။ ပြီးတော့ ၀င်ခွင့်မရလိုက်တဲ့အသင်းအတွက် ကျနော်လည်း ဘေးထွက်ထိုင်နေသင့်လား စဉ်းစားနေပါတယ်။ ဒီကစားပွဲ လောင်းကြေးက သိပ်အလျော်အစားကြီးတာမို့ပါ။

ခင်ဗျားတို့ရော ဘယ်သူနိုင်မယ်ထင်ပါသလဲ…

09 July 2010

ကက်ဆက်နဲ့ကျနော်

သီချင်းတွေကို ကျနော်ကြိုက်ပါတယ်။ ဘယ်အချိန်က ကြိုက်သွားတာလဲ ဘာကြောင့်ကြိုက်သွားတာလဲ ကျနော့မှာ အဖြေတခုမှ မရှိပါ။ သီချင်းသံတွေထုတ်ပေးနေတဲ့ စက်တခုနဲ့ စသတိထားမိချိန်က စလို့ပေါ့..

ကျနော် သိတတ်စအရွယ် မေကျောင်းပိတ်ချိန်ဆို အဖိုးအဖွားအိမ်ကို ပြန်ရပါတယ်။ အဲ့ဒီအိမ်မှာက မနက်ဆို စောစောထရတယ် ပြီးတော့ အဲ့ဒီ စက်တခုဆီက အသံကိုစကြားရ စမြဲ။ မနက်ခင်းတိုင်း ရေဒီယိုကလာတဲ့ တစ် နှစ် သုံး လေး လေ့ကျင့်ခန်းတွေနဲ့ အတူ နိုးထရတယ်။ မထသေးသောသူသည် ပျင်းရိသူဖြစ်သည် လို့အယူရှိတဲ့ အဖွားကတော့ ကြိမ်တချောင်းနဲ့ တအိမ်လုံးကို ပတ်နှိုးတော့တာ။ အိမ်ရှေ့ မြေပြင် လမ်းမပေါ်မှာ တံမြက်စည်းလှည်း ရေဖြန်းပြီးကြပြီ။ သောက်ရေအိုးတွေ အကုန်ဖြည့်ရမယ့်တာဝန်။ ပြီးရင် တအိမ်လုံးစားဖို့ ဇရပ်ဝိုင်းနားမှာ အကြော်ဝယ်မလား၊ ဈေးဟောင်းနားမှာ အကြော်ဝယ်ရမလား။

ကက်ဆက်ထဲမှာ ပထမဆုံး စထိတွေ့တာ ကားကက်ဆက်ပါ။ ဦးလေးကားက ဖြုတ်ပြီး အိမ်ရှေ့က ပြတင်းပေါက် ဘောင်မှာတင်ထားတာပေါ့။ သူတို့ဖွင့်သမျှ သီချင်း ကိုယ့်သီချင်းဖြစ်ရော။ သီချင်း မရသေးရင် နောက်ပြန်လှည့်ရစ် အရှေ့ရစ်နဲ့ နောက်ဆုံးတော့ အဲ့ဒီကားကက်ဆက်လေး ပျက်ကရော။ နောင်နှစ်ပေါင်းများစွာအထိ ကက်ဆက်ဆိုတာနဲ့ မထိတွေ့တော့ဘူး။

အရပ်ထဲက အလှူမင်္ဂလာဆောင်မှာ ဖွင့်တဲ့ သီချင်း၊ ထီဆိုင်လေးတွေက ဖွင့်တဲ့သီချင်း ကိုယ့်သီချင်းလုပ်ရတော့တာပါပဲ။

ဖေရှိတဲ့အရပ်ကို ရောက်တော့လည်း ပိုပြီးဆိုးသေးတယ်။ စက်ရုံတည်ထောင်ကာစ အချိန်မှာ ဇိမ်ခံပစ္စည်းဆိုတဲ့အရာတွေက အဝေးကြီးလေ။ နောက်နှစ်ပေါင်းများစွာကြာပြီး ကျနော့အထင် ကျနော် ခြောက်တန်းနှစ်လောက်မှာ အိမ်မှာ ကက်ဆက်တလုံးဝယ်ဖြစ်တယ်။ ဆိုနီစင်တာက ကက်ဆက်ပါ။ အလိုအလျောက်အပြန်ပြန်အလှန်လှန်ဖွင့်တဲ့ စနစ်မပါသေးဘူး။ အဲ့ဒီခေတ်ကာလက ဗဒင်ရဲ့ တို့ကတော့ကို အလွတ်မရမချင်း အပြန်ပြန်အလှန်လှန် ဟိုဖက်လှည့် ဒီဖက်လှည့်ဖွင့်နေရတာကို မှတ်မိသေးတယ်။ ပြီးတော့ ရေဒီယိုဇာတ်လမ်းတွေ တခုတ်တရ စောင့်ပြီး နားထောင်ခဲ့ရတဲ့ ကာလတွေ။

နောက်ထပ်ဆိုနီတစ်လုံးလဲတော့ အေဆိုဒ်ဘီဆိုဒ် အလိုလိုပြောင်းတဲ့ စက်ဖြစ်သွားပြီ။ အဟောင်းကိုတော့ ဖေ့တပည့်တယောက်က ပြန်ယူသွားခဲ့တယ်။ တသောင်းနဲ့ပဲလား မသိဘူး။ တလက်ကို စနစ်တကျ ရှိတဲ့ စက်မို့ သူကလည်း အားရ၀မ်းသာ ယူသွားလေရဲ့။ နောက်ဆုံး ဝယ်ခဲ့တဲ့ ကက်ဆက်လေးကတော့ အခုထက်ထိ အိမ်မှရှိသေးတယ်။ ဒီကိုထွက်မလာခင် စာမေးပွဲ တခုဖြေမယ်ဆိုပီး ကျနော်ယူထားလိုက်သေးတယ်။ ဒါပေမယ့် မသုံးဖြစ်တာမို့ ဖေ ရန်ကုန်လာတော့ ပြန်ယူသွားပြန်ရော။ ကက်ဆက် ဆောင်းဘောက်အရှေ့က Watt ဘယ်လောက်ဆိုပြီး ကပ်ထားတဲ့ စာရွက်ကလေး ကျနော့ကြောင့်ကွာသွားတာမို့ အဆူပါခံလိုက်ရသေးတယ်။ ကက်ဆက်ထည့်တဲ့ ပုံးကအစ ဝယ်တုန်းကအတိုင်းထားတတ်တဲ့ သူနဲ့ ပစ္စလက္ခတ်နေတတ်တဲ့ ကျနော်..

တက္ကသိုလ်တက်တော့ ဆိုနီဝေါ့ခ်မန်းလေးတစ်လုံး ရတယ်။ သီချင်းတွေနဲ့ ရူးသွပ်နေကြ ကျနော်အတွက်တော့ အိပ်လည်းနားကြပ်နဲ့ စားလည်းနားကြပ်နဲ့။ အိမ်ကလူကြီးတွေက ဘယ်နေ့ နောက်က ကားဝင်တိုက်သွားမလဲမသိဘူးဆိုပြီး စောင့်ကြည့်ခြင်းကို ခံရတဲ့အထိ။ မကြာပါဘူး နားကြပ်တပ်ရင်း အမြဲအိပ်ပျော်သွားတတ်တာမို့ နားထဲက အရိုးနုကွင်းလေးတွေ ဒဏ်ဖြစ်ပါတော့တယ်။ နားကြပ်တပ်ရင် ဆယ်မိနစ်လောက်ဆို နာလာတတ်တာ ယနေ့ထက်အထိပါပဲ။ ဒီကက်ဆက်လည်း တစ်နှစ်လောက်အကျော်မှာ ပျက်သွားပါလေရော။ လေဒီယို မလာလို့ပြင်လိုက်တာ အော်တိုရီဗာ့စ်ပါ ပျက်၊ ဒါနဲ့ထပ်ပြင်တော့ နောက်ဆုံး စက်ပါမလည်တော့တဲ့ အထိ။ ကျနော် ပြင်တာ မဟုတ်ဖူးနော်…

စီဒီပလေယာ ပြီးတော့ မီနီဒစ်လေးတွေပေါ်လာတယ်။ ကျနော်နဲ့ အလှမ်းကွာနေပြီ။ ပုံမှန် ဝေါ့ခမန်းလေးတွေထက် ဘက်ထရီ အစားခံတာမို့ လိုချင်သလားလို့ အဲ့အချိန်ကများ မေးခဲ့ရင် ….

နောက်တော့ လုပ်ငန်းခွင်ထဲ ရောက်ခဲ့ပြီ။ သီချင်းနားထောင်ခြင်းဆိုတာထက် လက်ဖက်ရည်ဆိုင်ထိုင် သူငယ်ချင်းတွေနဲ့ ဆွေးနွေးခြင်းကို ပိုခုံမင်တတ်လာတယ်။ ကက်ဆက်ရှိမှ ဖြစ်မယ်ဆိုတဲ့ အတွေးလည်း လွင့်ပျောက်နေခဲ့တဲ့ကာလတွေ။

နောက်တော့ အမ်ပီသရီး အမ်ပီဖိုး ပလေယာလေးတွေက မမ်မိုရီစတစ်တွေနဲ့အတူ မှိုလိုပေါက်လာပြန်တယ်။ ဖော်ဝပ်အီးမေးလ်တွေက ဒေါင်းလုပ်လုပ်ထားတာရယ်၊ NGO အလုပ်တွေ ရုံးမှာ ပြန်ပြီး ဖော်ဝပ်လုပ်ပေးဖို့ တွေရယ် ဒီမမ်မိုရီစတစ်တွေက လိုအပ်လာပြန်ရော။ ဘန်ကောက်ကို သင်တန်းသွားတော့ သူငယ်ချင်းနှစ်ယောက်ဆင်တူ အမ်ပီသရီး ပလေယာလေးတွေ ပန်တစ်ကထင်တယ် ဝယ်ဖြစ်ခဲ့တယ်။ အဲ့ဒီတုန်းက 1GB ဆိုတာ အတော်လေးဈေးကြီးနေခဲ့ပြီ။ အခုနေဆိုရင်တော့ ရီစရာပေါ့။ မှတ်မှတ်ရရ ဘန်ကောက် အင်တာနက်ဆိုင်မှာ သုံးရင်း ယိုးဒယားသီချင်းတွေပါ တောင်းယူလာခဲ့တာ..အမျိုးအစားမကောင်းလို့ ထင်ရဲ့ သိပ်မခံပါဘူး။ ပလေယာအဖြစ်သုံးလို့မရတော့ပဲ ဒေတာ အကူအပြောင်းပဲ လက်ခံရှာတယ်။ ဒီလာခါနီးမှာမှ အလုပ်ထဲက ခလေးတယောက် ကွန်ပြူတာသင်တန်းတက်နေတာမို့ ပေးခဲ့လိုက်ပါတယ်။

ဒီရောက်ပြန်တော့ သီချင်း ဆိုတာကို ကွန်ပြူတာကနေပဲ ဖွင့်ပြီးနားထောင်ဖြစ်တယ်။ လမ်းသွားရင်း အများသူငှာတွေ အိုင်ပေါ့တွေ ပလေယာမျိုးစုံကနေ နားကြပ်မျိုးစုံနဲ့ နားထောင်တာကို တွေ့ရပြန်တော့ ငယ်ဘဝကို ပြန်တွေးမိပြန်တယ်။ ဒီလိုအရွယ်တုန်းက ဒီလိုမျိုးတွေ မလုပ်နိုင်ခဲ့ဖူးလေ ဆိုတာမျိုးပါ။

အခုတလောရုံးမှာ ဖုံးထဲက သီချင်းတွေ ဖွင့်ပြီး နားထောင်ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တယောက်ကတော့ နားကြပ်နဲ့ နားထောင်ဖို့ ပြောတယ်။ နောက်တယောက်ကတော့ တေးချစ်သူတို့လိုရာတေးနဲ့မှားပြီး ကျနော့ကို သူနားထောင်ချင်တဲ့ သီချင်းတွေ ဖွင့်ခိုင်းတယ်။ သီချင်းတွေ နားထောင်ဖြစ်ရင်းကနေ အတိတ်ကို ပြန်တွေးမိသွားတာပါ။

အခုလက်ရှိ ကျနော့မှာ ကက်ဆက်တလုံးမှ မရှိပါဘူး။ ကက်ဆက်လိုချင်သေးလားလို့ မေးလာခဲ့ရင်ကော…….

08 July 2010

ပုံပြင်နှင့် ချစ်ကျွမ်းဝင်မိသူ

အစ်မ မသက်ဝေ တဂ်၍ ရေးရပါသည်………………..အသွားစေခိုင်းသူ အစ်မ မသက်ဝေ လေးပစ်သူ ကျနော်မောင်ရွာသားပါခင်ဗျာ.အစ်မ မသက်ဝေ ကျေနပ်ပျော်ရွှင်နိုင်ပါစေ..

ဗေဒင်ကို ကျနော် ယုံကြည်လေ့မရှိပါဘူး။ ဒါပေမယ့် ကျနော့ ဘေးနားမှာ ယုံကြည်တဲ့သူ ရှိပါတယ်။ အခန့်မသင့်သည်လား သင့်သည်လား မသေချာပေမယ့် ကျနော့လက်နှစ်ဖက်ကို အဲ့ဒီ အမျိုးသမီးရှေ့မှာ ပြခဲ့မိတယ်။ တခဏအတွင်း နောက်တပတ်မှာ နိုင်ငံရပ်ခြားထွက်ရမယ် အစချီတဲ့ စကားကြားတော့ မျက်ခုံးပင့်မိပြန်ရော…သူဆက်ပြောတဲ့စကားတွေအပြီးမှာ မေးစရာရှိလားဆိုတော့ ကျနော်က ခေါင်းယမ်းပြတယ်။ အတူသွားတဲ့သူငယ်ချင်းက ကျနော့ကိုနောက်ချင်တာမို့ ဒီကောင်လူပျိုကြီးဖြစ်မှာ မဟုတ်လားဆိုတော့ အဲ့ဒီအမျိုးသမီးက ခေါင်းယမ်းခဲ့တယ်။ ဟုတ်တယ် ကျနော်လူပျိုကြီး မဖြစ်နိုင်ပါဘူး ကျနော် ပုံပြင်နဲ့ ချစ်ကျွမ်းဝင်နေမိခဲ့တာ ဘ၀တစ်ခုစာ ကြာခဲ့ပြီလေ…

မှတ်မှတ်ထင်ထင်က အိပ်ပျော်နေတဲ့ မင်းသမီးလေး။ မင်းသမီးလေးရဲ့ မွေးနေ့ပွဲကို အဖိတ်မခံရတဲ့ နတ်ဆိုးမကြီးရဲ့ ကျိန်စာ..အရွယ်ရောက်လို့ အပ်ထိုးမိရင် ထာဝရအိပ်ပျော်သွားပါစေတဲ့။ တတိုင်းပြည်လုံး အပ်ဆိုတာ မသုံးရအောင် အမိန့်ထုတ်ထားပါလျက် အမှုမဲ့အမှတ်မဲ့ဖွက်ထားမိတဲ့ အပ်တချောင်းကြောင့် မင်းသမီးလေး အိပ်ပျော်သွားခဲ့တာ။ သူမနဲ့အတူ တတိုင်းပြည်လုံး အိပ်ပျော်သွားခဲ့တာ ယနေ့ထက်ထိ။ ကျနော်သူမကို သွားနှိုးရဦးမယ်။ ကျနော့အနမ်းကို ရရင် သူမနိုးထလာမယ်။ ဒါပေမယ့် ကျနော်က Sherk တော့ မဟုတ်ဖူးနော်……ကျနော်က Sherk လောက်မလှလို့ပါ..

နောက်ထပ်မင်းသမီးလေးကတော့ လူတွေ သိပ်မသိနိုင်သေးတဲ့ မင်းသမီးလေးပါ။ နန်းကျဘုရင် တပါးရဲ့ သမီးတော်လေးပေါ့။ သူမတိုင်းပြည်ကနေ ထွက်လာတော့ သူမမှာ အလှဆုံးဝတ်စုံ သုံးစုံပါလာခဲ့ပါတယ်။ သူဆင်းရဲမဟန်ဆောင်ထားတဲ့ မင်းသမီးလေး ရဲ့ လက်စွမ်းပြ ဟင်းလက်ရာတွေရယ် သိပ်လှတဲ့ ရွှေရောင် ငွေရောင် မိုးပြာရောင် ၀တ်စုံသုံးစုံရယ်။ မင်းသမီးလေးက သိပ်ရဲရင့်တည်ကြည်ပြီး စိတ်သဘောထားလဲ ဖြောင့်မတ်တယ်။ အင်း ဒါကြောင့် ချစ်ရတာပါလေ။

မနှင်းဖြူလေးကိုလည်း မေ့ထားလို့မဖြစ်ပြန်ဘူး။ ရုပ်ဆိုးဆိုး ဘုရင်မကြီးလက်က လွတ်အောင် ရှောင်ပုန်းနေရတဲ့ သူလေး။ လူပုလေးတွေ လက်ထဲက ပြန်သွားခေါ်ရဦးမယ်။ ဟိုရုပ်ဆိုးမကြီး ပန်းသီးမကျွေးခင် အချိန်မှီ ကျနော် ရောက်ပါ့မလား။

သန်းခေါင်ယံမတိုင်ခင် ကပွဲသဘင်ထဲက ပျောက်ပျောက်သွားတဲ့ စင်ဒရဲလားလေးကော။ ရွှေဖရုံသီးလှည်းကြီး သူနဲ့ တူတူစီးမယ်လို့ ကြံစည်ထားခဲ့တာ။ ကျနော့ဆီ ချန်ထားရစ်ခဲ့တဲ့ ဖန်ဖိနပ်လေး တရံနဲ့ ကျနော့မှာတော့ အခုထိ ချာချာကိုလည်လို့..သူ့ကိုတော့ သနားချစ်နဲ့ ချစ်မိပြန်ရော..

ကျနော့အတွက် ကိုယ်ခန္ဓာပေါ်က အတောင်လေးတွေ နှုတ်ပြီး ရက်ကန်းရက်ပေးတဲ့ ကြိုးကြာမလေးကော။ သူ့ရဲ့လျှို့ဝှက်ချက်တွေ တွေ့သွားခဲ့လို့ ကျနော့ဆီကနေ ထွက်သွားခဲ့တာ နှစ်တွေ ချီကြာနေခဲ့ပြီ။ ပြန်လာခဲ့ပါတော့ ကြိုးကြာမလေးရေ..

ဝါးပင်တွေထဲမှာ မွေးဖွားခဲ့တဲ့ လစန္ဒာ မင်းသမီးလေးရေ။ သူပေးခဲ့တဲ့ မသေဆေးတွေကို ဖူဂျီယာမာတောင်မှာ မီးရှို့ခဲ့တာ သိမှ သိပါလေစ။ ဒီတခေါက် လကမ္ဘာပေါ်ကို သွားမယ့် ယာဉ်နဲ့ သူ့ဆီကို မဖြစ်ဖြစ်အောင် အရောက်လာမယ်ဆိုတာ ပြောချင်မိပြန်တယ်။

သစ္စာတရားကြီးမားတယ်ဆိုတဲ့ အင်းတော်ကြီးအိုင်က ရှမ်းမင်းသမီးလေးလည်း မကျန်ရစ်စေချင်ဘူး။ သစ္စာတရားအတွက် ကျိန်စာတွေ ဆိုခဲ့တဲ့ သူပေါ့..

ကျနော့မှာ ကျန်နေပါသေးတယ်..ဒါပေမယ့် စာမေးပွဲဖြေဆိုချိန်စေ့သွားတာမို့ ပုဒ်မနှစ်ချောင်းချခဲ့လိုက်ပါတယ်။ အထက်မှာ မပါသူတွေကို ကျနော့နှလုံးသားထဲမှာ လာရောက်ကြည့်ရှုနိုင်ပါတယ်။ ကျနော်နဲ့ တူမတူကိုတော့ စာဖတ်သူတွေပဲ ချိန်ထိုးကြည့်ကြပါတော့ဗျာ...

စိတ်နဲ့ကိုယ်နဲ့ မကပ်လို့ သူရူးတယောက်လို့ ကျနော့ကို ပြောချင်ပြောနိုင်ပါတယ်။ ကျနော်က ကျိန်စာသင့်နေတဲ့သူတယောက် ပြီးတော့ ပုံပြင်နဲ့ ချစ်ကျွမ်းဝင်နေတဲ့သူတယောက်ဖြစ်နေတာမို့ ဘာဆို ဘာကိုမှ ကျနော် မငြင်းရဲတော့ပါဘူးလေ…………………


ဒီစာရေးဖို့ အတွေးလေးပေးတဲ့ သီချင်းလေးပါ။ သီချင်းကို လွန်ခဲ့တဲ့ တနှစ်လောက်က အစ်မတယောက် မျှဝေခဲ့တာပါ။ အဲ့ဒီအစ်မကိုလည်း ဒီနေရာက ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ခင်ဗျာ..



Fairy Tale
Years ago, when I was younger
I kinda liked a girl I knew
She was mine and we were sweethearts
That was then but then it's true

(Chorus)

I'm in love with a fairytale, even though it hurts
'Cause I don't care if I loose my mind
I'm already cursed

Every day we start a fighting
Every night we fell in love
No one else could make me sadder
But no one else could lift me high above

I don't know, what I was doing
When suddenly, we fell apart
Now a days, I cannot find her
But when I do, we'll get a brand new start

(Chorus)

I'm in love with a fairytale, even though it hurts
'Cause I don't care, if I loose my mind
I'm already cursed

She's a fairytale yeah even though it hurts
'Cause I don't care, if I loose my mind
I'm already cursed

07 July 2010

ပုဂံနှင့် လူမှုပတ်ဝန်းကျင်

ဓါတ်ပုံရိုက်ဖြစ်ရင် ကျနော် အဓိက ရိုက်ဖြစ်တာ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေပါ။ လူပုံတွေ ရိုက်ဖြစ်ခဲပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဓါတ်ပုံအရိုက်ခံရတာ ဝါသနာမပါတာကြောင့်ဖြစ်မယ် ထင်ပါတယ်။ အသေချာဆုံးကတော့ ကင်မရာရှေ့ရောက်ရင် လူက အလိုလို ကြောက်မိတတ်တယ်။ ဒါကြောင့် တခြားလူကို ရိုက်တော့မယ်ဆိုရင် ကျနော် အားနာမိပါတယ်။ ရိုက်သင့်မရိုက်သင့် ချင့်ချိန်နေတုန်းမှာပဲ အဲ့ဒီရိုက်ကွက်ကို ကျနော်လွတ်ထွက်သွားတတ်ပြန်ရော။ အခုတခေါက် ပုဂံမှာ ကျနော် လူမှုပတ်ဝန်းကျင်လေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ကျနော် ရိုက်ဖြစ်ခဲ့တာ သာမာန်လက်လုပ်လက်စားလူတန်းစားတွေပါ။ နှိမ့်ချလိုတဲ့ စိတ်နဲ့ မဟုတ်ပဲ တကယ့်လူမှုပတ်ဝန်းကျင် သရုပ်အမှန်ကို ပြချင်လို့ဆိုတဲ့ စိတ်နဲ့ နားလည် ခွင့်လွှတ်ပေးပါလို့ တောင်းပန်လိုပါတယ်ခင်ဗျာ..

ကျနော်သွားခဲ့တဲ့ အချိန်က ဘုရားဖူးပါးတဲ့ ရာသီဖြစ်လို့ စျေးသည်တွေ တညည်းညည်းတညူညူနဲ့ပါ။ တိုးကားတစ်ကား ဆိုက်လာရင် အားလုံးက အမဲဖျက်သလို ဝိုင်းလို့။




ဘုရားတွေရဲ့ နံရံဆေးရေးတွေကို ကူးဆွဲထားတဲ့ ပန်းချီတွေ ရောင်းနေတာပါ။ နိုင်ငံခြားသားတွေက မလှုပ်တော့ သူတို့ကို ကျောင်းမတက်ဘူးလား၊ တနေ့ ဘယ်လောက်ကျန်သလဲ၊ အောက်က ရဲလာတော့ သူတို့တွေ ပုန်းနေတာကို တမေ့တမောငေးနေတဲ့ ကျနော့ကို အစ်ကိုပဲ ယူလိုက်ပါဗျာ။ အချင်းချင်းတွေ တစ်သောင်းပဲပေးလို့ မျက်နှာချိုသွေးကြလေရဲ့။


ကျနော်တို့တွေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းတက်ရတဲ့ မင်္ဂလာစေတီက လှေခါးထစ်တွေကို သူတို့များတော့ တထီးလွှားလွှား တက်လိုက်ဆင်းလိုက်နဲ့။ မြေပြန့်မှာပြေးလွှားနေသလို လျင်မြန်သွက်လက် လို့….


တန့်ကြည်တောင် စက်လှေဆိပ်က ခလေးနှစ်ယောက်။ သူတို့ကို ဓါတ်ပုံရိုက်တော့ ဟိုဖက်လှည့်သွားတယ်။ အကူအညီပေးလို့ မုန့်ဖိုးတောင်းနေတဲ့ ခလေးတွေပေါ့။


ငါးဖမ်းနေတဲ့ ဧရာဝတီမြစ်ထဲက ခလေးတွေ…


ဒီပုံကိုတော့ မောင်တထမ်း မယ်တရွက််လို့ နာမည်ပေးထာပါတယ်.


ဗူးဘုရား အတက်က ခလေးငယ်။ သူ့မျက်နှာ အနေအထားကို ကြည့်ပြီး ဓါတ်ပုံရိုက်ချင်လာလို့ပါ။ ခပ်တည်တည်ပဲ ရစရာရှိတဲ့အကြွေး ပြန်လာတောင်းတဲ့ ငွေရှင်လိုလို..


ထန်းလျက်ခဲ ဝယ်တော့ ဆိုင်ကို ဝိုင်းအုံလာကြတဲ့ အညာကျေးလက်ခလေးတွေပုံပါပဲ။ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲသေးဘူးလို့ သူတို့ကို ကြည့်ပြီး စိတ်ထဲတွေးမိတယ်။


သေသေချာချာ စကားပြောဖြစ်တာက ရွှေစည်းခုံနဲ့ ဓမ္မရံကြီးက ဂိုက်ကြီးတွေပါ။ ကျနော်သွားတဲ့အချိန် ရွှေစည်းခုံမှာ လူကြီးလာတယ်ဆိုလား (ကျနော်ပဲ ကလေးလိုလို)၊ သူတို့ကို ဘုရားပရဝုဏ်ထဲ မလာခိုင်းတာမို့ ခိုးကြောင်ခိုးဝှက်လေးတွေပါ။ ရှင်းကလည်းပြချင် (ပိုက်ဆံရမှာမို့ပါ) ကြောက်ကလည်းကြောက်နဲ့ သူတို့ကို ကြည့်ရင်းသနားတာနဲ့ ကျနော်အချဉ်ဖမ်းခံလိုက်ပါတယ် (ဆိုလိုတာက သူတို့ရှင်းပြတာကို နားထောင်ဖို့ မသိမသာ သဘောတူလိုက်တာပါ)။ သူတို့ရှင်းပြီး ကျနော့ထုံးစံအတိုင်း တောင်မေးမြောက်မေးမှာ သူတို့လေးတွေ ခေါင်းတွေကိုယ်စီကုတ်လို့။ နောက်တော့ ဖမ်းတဲ့သူလာတာနဲ့ ပြေးပါလေရော။ ပိုက်ဆံမပေးရသေးတာမို့ နောက်ကနေလိုက်သွားတော့ တအုပ်တမကြီး မန်ကျည်းပင်အောက်မှာ။ ဓါတ်ပုံရိုက်ခွင့်ပြုပါဆိုတော့ အားလုံးက ငြင်းကြတယ်။ ဒါနဲ့ သူတို့ပုံတော့ ပါမလာဘူးဗျာ။

ဓမ္မရံကြီးက ဂိုက်ကတော့ ဘာသာနှစ်မျိုးရတယ်ဆိုတယ်။ မြန်မာလို အရင် ရှင်းပါဆိုတော့ ထုံးစံအတိုင်း ကျက်ထားတဲ့ စာတွေ ရွတ်လေရော။ နောက်တော့ ပြီးပြီတဲ့။ ဒါနဲ့ အင်္ဂလိပ်လိုရှင်းပါဦးဆိုတော့ လည်း…….သူတို့ကိုကြည့်ရင်း တဂ်ဂျမဟာထဲက ဂျမားကို မြင်ယောင်မိတယ်။ တို့တွေ သိပ်မကွာခြားပါပဲလားလို့လေ။

ဆုံခဲ့တဲ့ ခလေးတွေ စကားပြောဖြစ်ခဲ့တဲ့ ခလေးတွေ အကုန်လုံး ကျောင်းမနေကြပါဘူးတဲ့။ နှစ်ပေါက်အောင် ဒီအလုပ်ပဲ လုပ်နေကြတာ။ ဒီအလုပ်က ထမင်းကျွေးတယ်တဲ့လေ။ ကျောင်းနေပျော်၍ စာတော်ရမည်၊ မိဘဆရာပူးပေါင်း ကလေးပညာရေးကောင်း၊ ကျောင်းမှန်မှန်တက် စာမခက်၊ ပြည်လုံးကျွတ်စာတတ်မြောက်ရေးဆိုတဲ့ ဆိုင်းဘုတ်တွေနောက်ကို ကျနော် ရောက်သွားမိတယ်။

၀မ်းစာရေးအတွက်ဆိုတဲ့နောက်ကို အခုလို လိုက်ပြီး ပညာသင်ဖို့ ပျက်ကွက်နေတဲ့ ခလေးငယ် ဘယ်နှစ်ယောက်လောက်ရှိနေပြီလဲ။မိဘတွေအတွက် တဖက်တလမ်းက ငွေရှာရင်း အိမ်ထောင့်တာဝန်ကို အသက်မပြည့်ခင်က ထမ်းပိုးနေရတဲ့ အခုလို ခလေးငယ်တွေ ရှိနေသေးတယ်ဆိုတာကို ဒီလူမှုပတ်ဝန်းကျင်တခုနဲ့တင်…………………

Mad World

သူငယ်ချင်းက မင်းကြိုက်လောက်တယ်ဆိုပြီး သီချင်းတစ်ပုဒ်ပေးလာပါတယ်။ ထပ်တလဲလဲနားထောင်ဖြစ်နေတယ်။
စိတ်ခံစားချက်နဲ့လည်း ငြိတွယ်နေတာမို့ ...............



All around me are familiar faces
Worn out places
Worn out faces
Bright and early for the daily races
Going no where
Going no where
And the tears are filling up their glasses
No expression
No expression
And in my head I want to drown my sorrow
No tomorrow
No tomorrow

And I find it kind of funny
I find it kind of sad
The dreams in which I'm dying
Are the best I've ever had
And I find it hard to tell you
I find it hard to take
When people run in circles
It's a very, very... mad world... mad world...

Children waiting for the day they feel good
Happy birthday
Happy birthday
Made to feel the way that every child should
Sit and listen
Sit and listen
Went to school and I was very nervous
No one knew me
No one knew me
Hello teacher tell me what's my lesson
Look right through me
Look right through me

And I find it kind of funny
I find it kind of sad
The dreams in which I'm dying
Are the best I've ever had
I find it hard to tell you
I find it hard to take
When people run in circles
It's a very, very... mad world... mad world...
Mad World
Mad World

06 July 2010

ဆုတောင်းပြည့်တာ စွယ်တော်လေးဆူ

စွယ်တော်လေးဆူကို နေ့ချင်း ဖူးနိုင်ရင် ဒါမှမဟုတ်မွန်းမတည့်ခင်ဖူးနိုင်ရင် လိုရာဆုပြည့်တယ်လို့ ဆိုပါတယ်။ ဘယ်သူက တီထွင်လိုက်တယ်တော့ မသိပါဘူး။ ဒါပါနဲ့ဆို နှစ်ခေါက်တိတိ ဖူးဖြစ်ခဲ့ပါပြီ။ ဆုတောင်းပြည့်လား ကျနော်မသိပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဆုမတောင်းခဲ့လို့ပါ။

အကယ်၍များ အဲ့ဒီစကားမှန်ခဲ့တယ်ဆိုရင် စာဖတ်သူတွေလည်း ဒီနေ့ နေ့ချင်း စွယ်တော်လေးဆူဖူးပြီးပြီပေါ့...ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ.

တန့်ကြည်တောင် အရုဏ်တက်






လောကနန္ဒာ






လောကနန္ဒာ ဆိပ်ကမ်း


ရွှေစည်းခုံ



တုရင်တောင်စေတီ



05 July 2010

ဓမ္မရာဇကစေတီနှင့် ပုဂံရှုခင်း

အထက်ပစ္စယံကို တက်ရောက်ဖူးမြော်ခွင့်ရတဲ့ ဒုတိယ စေတီက ဓမ္မရာဇက စေတီဖြစ်ပါတယ်..

ဒီဘုရားကိုဖူးမြင်ရတော့ သင်္ခ ါရဆိုတဲ့ တရားသဘောတွေ၊ ရေပွက်ပမာဆိုတဲ့ အတွေး၊ မင်းခစားကမ်းနားသစ်ပင်ဆိုတဲ့ အရာတွေကို ပိုမြင်လာမိတယ်။ ဘုရားအမှတ်အလိုက် တာဝန်ယူလှူဒါန်းတဲ့အထဲမှာ ဒီဘုရားကို တာဝန်ယူခဲ့သူက အရင်က အာဏာစည်းစိမ်ကျော်ကြားမှုတွေနဲ့ ပြည့်နေခဲ့ပြီး အခုလက်ရှိ သူ့လက်ထဲမှာ ဘာမှ မရှိတော့တဲ့နောက် ဘုရားကို ပြုပြင်သူလည်း မဲ့နေဟန်တူပါတယ်။

ပြီးတော့ အဟောင်းတွေကြားမှာ အသစ်တွေကို သိသာထင်ရှားစေတဲ့ နေရာတခုလို့ ခံစားမိတာမို့ ကျနော့အတွက်တော့ နှမြောတဿဖြစ်ခြင်းဆိုတာကိုလည်း ဖြစ်စေခဲ့ပါတယ်....















04 July 2010

မိုးရွာတုန်း ရေခံ၊ သံခဲနီတုန်းတူထု၊ လသာတုန်းဗိုင်းငင်

ယနေ့အခါ အဆိုပါ စကိုင်းပါ့သ်ဆိုသော အရာသည် ဘလော့စာမျက်နှာများတွင် အတော်အတန်နေရာယူနေသည်က တကြောင်း၊

ကျနော့ဘလော့တွင် ပို့စ်အတက်နှေးသည်ဟု ကွန်ပလိန့်တက်သူများ ရှိနေသည်က တကြောင်း၊

ဓါတ်ပုံများ ကြည့်ရသည်ကို အားမရအောင်ရှိလှသည်ဟု အိမ်တိုင်ရာရောက် အရေးဆိုသူရှိနေသည်က တကြောင်း၊ (ချင့်ယုံပါ)

ယခင်က စာရေးရပ်ထားသဖြင့် ပို့အသစ်တင်ပါရန် တဖွဖွပြောကြားထားသော်လည်း ယခုအခါ ခြေဦးမျှ မလှည့်ကြတော့သောကြောင့် တကြောင်း၊

ခေတ်မီအောင် ခေတ်စားအောင် လုပ်ရခြင်းသည်လည်း ယခုခေတ်အလိုအရဖြစ်နေသည်က တကြောင်း၊

ကျနော့မှာ အချိန်ရှိခိုက် လုံ့လစိုက်လိုက်ရပါတော့သည်...

မြင်အောင်ကြည့်ပါခင်ဗျာ(နာမည်ကျော် အောင် ခပ်ဝါးဝါးရိုက်တတ်ရမည်)


တန်းမြင့်ပို့စ်များဖြစ်ရေး ဟိုတယ်ပေါ်တက်ရောက်ရေးနေသောကာလဖြစ်သဖြင့် လေယာဉ်ပျံဖြင့် တက်ရောက်ရိုက်ယူထားသောပုံဖြစ်ပါသည် ။အာကာသယာဉ်ဖြင့် ရိုက်ယူနိုင်သူများအား ပုံများ မြန်မြန်တင်ပါရန် တိုက်တွန်းလိုက်ပါသည်..


တည်ဆောက်ဆဲမြင်ကွင်းများ






စောင်းမြောင်းရေးထားသည်ကို မိမိဖာသာသိသူသည် ပညာရှိမြည်၏။
ပညာရှိဆိုသူတို့ကား အမျက်အပြင်မထွက်။
ဤကားစကားချပ်....