20 July 2010

ဘလော့ရေးခြင်း အနုပညာ (၃)

ဒီလိုနဲ့ ကျနော် ဘလော့လောကထဲမှာ လိမ်ဖယ်လိမ်ဖယ်လေးနဲ့ ရောက်ခဲ့တယ်။ စာတွေရေးလည်း ဖတ်မယ့်သူမရှိ။ ဘလော့ကိုမိတ်ဆက်ပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ဖတ်မိသူမရှိတဲ့အတွက်လည်း ဘာခံစားချက်မှလည်း မရှိပြန်ဘူး။ ဘလော့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဆိုတာ ကျနော်နားမလည်ခဲ့ဘူး။ ကျနော်ရေးတဲ့ စာတွေကို ပြန်ဖတ်မိတော့လည်း တောင်စဉ်ရေမရလေးတွေ။ အဲ့ဒီနှစ်ကာလကို လမ်းလျှောက်တတ်ကာစ ကာလလေးအဖြစ် ကျနော် အမှတ်ထားမိတယ်။ လမ်းလျှောက်တတ်ကာစ ဆိုတော့ ကျနော် တခြားအကူအညီတွေ ယူမိခဲ့ပါတယ်။ ငယ်ကျင့်အတိုင်း ဖော်ဝပ်အီးမေးလ်တွေ မျှဝေတတ်တဲ့ အကျင့်မပျောက်တာမို့ မေးလ်ထဲက ရတဲ့ အတိုအထွာလေးတွေကို ဘလော့မှာ ပြန်လည်တင်ပြဖြစ်ခဲ့တယ်။ ရီစရာဟာသလေးတွေ၊ ဘ၀အတွက် အားတက်စရာလေးတွေ စသည်ဖြင့်ပါ..

တကယ်ဘလော့ဆောက်ဖို့ ဇစ်မြစ်က ICRC ကသူငယ်ချင်းတယောက် အရေးဆိုလို့ပါပဲ။ သူတချိန်လုံးမေးတဲ့ မြန်မာပြည်ကနေလာပြီး စင်္ကာပူကိုလာရောက် အလုပ်လုပ်ကိုင်ဖို့ ဘာတွေလိုအပ်သလဲ ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတဲ့မေးခွန်းတွေ ဖြေရတော့ သူကအကြံပြုပါတယ် လူတိုင်းဖတ်လို့ရတဲ့ အနေအထားတစ်ခုဖြစ်ခဲ့ရင်ကောင်းမယ်တဲ့။ အဲ့ဒီမှာ ဘလော့ဆောက်ဖို့ဆိုတဲ့ အကြံတစ်ခုရခဲ့တယ်။ နောက် Total မှာ HR လုပ်နေတဲ့ အစ်မတယောက်လာတော့ ဒီက အလုပ်ဈေးကွက်အခြေအနေဆိုပြီးမေးလာပြန်ရော။ EP တွေ၊ SPass တွေ၊ WP တွေနဲ့ သက်ဆိုင်ရာလစာရပိုင်ခွင့်တွေ၊ ဒီက rules & regulation တွေ ရှင်းရပြန်တော့လည်း ဘလော့ဆောက်ဖို့ ဆိုတဲ့ အကြံ ဖြစ်လာပြန်တယ်။ ဘလော့တော့ ဆောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်းအိပ်မက်ဆိုတဲ့ ပို့စ်တခုကလွဲရင် မူလဦးတည်ချက်တွေနဲ့ အတော်လေး လွဲချော်ခဲ့တဲ့ ဘလော့ပါပဲ။

ကျနော့ဘလော့လေး ငါးလသားလောက်မှာ အတော်လေး အသက်ဝင်နေခဲ့ပြီ (ကျနော့အထင်ပါလေ)။ ကျနော်လည်း လည်တတ် ပတ်တတ်နေခဲ့ပြီ။ ဒါပေမယ့် အတတ်ပညာတွေကို သေချာ မတတ်မြောက်သေးခဲ့ပါဘူး။ အဲ့ဒီကမှ ကျနော့စာတွေကို ထောက်ပြပေးမယ့် စာရေးကောင်းတဲ့ အစ်ကိုတယောက်ရဲ့ သင်ပြမှုတွေရရှိခဲ့တယ်။ သွားလေရာ စာရွက်နဲ့ဘောပင်ကိုင်သွား ရေးသာရေး အဆက်မပြတ်ရေးဆိုတဲ့ သူ့ရဲ့ အားပေးစကားတွေက ခွန်အားတွေဖြစ်စေတယ်။

အရင်က ဘလော့အသစ်တစ်ခုကို အသိအမှတ်ပြုဖို့ ခဲယဉ်းပုံပါပဲ။ အခုနောက်ပိုင်း ဘလော့အသစ်တွေက ကျနော့အထင် ဘလော့နဲ့အကျွမ်းတ၀င်ရှိပြီးမှ (ဘလော့တွေမှာ စာဖတ်နာနေတဲ့ စာရေးသူတွေပေါ့) စာရေးလာကြသူတွေဆိုတော့ ဘယ်သို့ဘယ်ပုံဆိုတာ ပြောမပြလည်း သိပြီးသားတွေ များပါလိမ့်မယ်။

Honeymoon ကာလဆိုတဲ့ အချိန်အခိုက်အတန့်မှာ ကျနော် အတော်လေး ပျော်ဝင်ခဲ့မိပါတယ်။ စာတွေ အဆက်မပြတ်ရေးမိတယ်။ နောက်တော့ ကျနော့ကို ကျနော် ပြန်တွေ့မိသွားတယ်။ မူလအစ ဘလော့ဆောက်ဖို့ ရည်ရွက်ချက်ကို အသာချိတ်ပြီး စာရေးသားခြင်းဆိုတာ ကျနော့ ၀ါသနာတစ်ခု ဖြစ်သွားပါလားဆိုတာကိုပါပဲ။

အရာရာကို စိတ်မြန်လက်မြန် ရှိတတ်တဲ့ကျနော်က တစ်ခုခု အတွေးရရင် အမြဲ အမြန်ပဲချရေးတတ်ပါတယ်။ ဘလော့ မှာ တနေ့ကို ပို့စ်သုံးလေးငါးပုဒ် တင်ဖြစ်ခဲ့တယ်။ စာကောင်းတွေလားဆိုတော့ မဟုတ်ခဲ့ပါဘူး။ လက်တည့်စမ်း ရမ်းရေးနေတဲ့ စာလေးတွေပါပဲ။ စာဖတ်သူ အထိုက်အလျောက်ရှိလာခဲ့သလို ဘလော့ဆိုတဲ့ အသိုင်းအ၀ိုင်းထဲမှာ ကျနော် မတ်တပ်ရပ် ဆော့ကစားဖြစ်ခဲ့တယ်။

ပုထုဇဉ် လူသားပီပီ ကိုယ်အလုပ်တစ်ခုလုပ်ခဲ့ရင် အဲ့ဒီ အလုပ်ကို အသိအမှတ်ပြုတာခံချင်တတ်ကြပါတယ်။ ကော့မန့်ဆိုတဲ့အရာနဲ့ပတ်သတ်ပြီး အချေအတင်တွေ ဖြစ်ကြတဲ့ သတင်းကို ကြားရတော့ အတော်လေး အံ့သြမိတယ်။ ကျနော့ဘလော့မှာ ကော့မန့်မရှိတဲ့ ပို့စ်တွေ အများကြီးလေ။ စာရေးဖို့ပဲ အားသန်နေတဲ့အတွက် ဘလော့ပတ်ဝန်းကျင်ကို လည်ပတ်ရတယ်ဆိုတဲ့အချိန် ကျနော့မှာ ပါးရှားပါတယ်။ စာတွေကို ဖတ်မိတတ်တယ် ဒါပေမယ့် ကော့မန့်ချစကောင်းတယ်လို့လည်း ကျနော် မတွေးတောမိခဲ့ဘူး။ သူ့စာကိုဖတ်နေရင်းက ပြောစရာရှိတယ် ရေးစရာရှိတယ် လို့ခံယူမိရင် ကျနော် ကော့မန့်ရေးခဲ့ပါတယ်။ စာဖတ်သူတွေဟာ စာတွေကိုတင်မကပဲ ကော့မန့်တွေအထိပါ လိုက်လံဖတ်ရှုကြတယ်ဆိုတာကို နောက်တော့မှ သိလိုက်ရပါတယ်။ တချို့စာရေးသူတွေကလည်း ကော့မန့်တွေ အတင်းမပေးပဲ ကန့်သတ်ထိန်းချုပ်မှုလေးနဲ့ သူတို့ရဲ့ ကော့မန့်ချခြင်းကို တန်ဖိုးလေးထားလေ့ရှိတယ်ဆိုတာကိုလည်း တွေ့ရပြန်ပါတယ်။

ကျနော်စာတွေပဲရေးဖြစ် နေရာက ဘလော့အသိုင်းအ၀ိုင်းက မိတ်ဆွေတချို့နဲ့လည်း မိတ်ဆွေဖွဲ့တွေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော် ဆုံးဖြတ်ဖြစ်ခဲ့တာက ဘလော့ ရေးတဲ့ ကျနော်နဲ့ ပြင်ပဘ၀က ကျနော် တခြားစီ ရပ်တည်နေဖို့ပါ။ စာတွေကို ရေးတဲ့နေရာမှာ မြင်တာကြားတာ ခံစားရတာတွေကို ကူးယူပြီး ရေးဖွဲ့တာပါ။ ကိုယ်တိုင်ကြုံမှ သိမှ စာတစ်ပုဒ်ဖြစ်မယ်ဆိုရင် ကျနော် စာရေးဖြစ်မယ် မဟုတ်ပါဘူး။ ဆရာမကြီးခင်နှင်းယုနဲ့ အတူနေခဲ့ဖူးသူ ပြောပုံအရဆို စာတွေကိုဖတ်ပြီး ခင်နှင်းယု အိမ်ထောင်ဆက်တွေ များလိုက်တာ လို့ သတ်မှတ်တာ ခံရဖူးတယ်ဆိုတော့ စာဖတ်တဲ့သူတွေက စာရေးသူကို ရေးတဲ့စာတွေနဲ့ တွဲမြင်တတ်ကြပါလားလို့လည်း သတိထားမိပြန်တယ်။ အမှန် အတိုင်းပြောရရင် အတွေးတစ်စ ရရင်ကျနော်ချဲ့ကားပြီး ဆက်တွေးတတ်လေ့ရှိပါတယ်။ ပုံမှန်ကိုက တွေးတတ်တဲ့သူမို့ အတွေးတွေကို ဇာတ်အိမ်ဆင်ပြီး စာရေးဖြစ်သွားတာမျိုးပါ။

နောက်ထပ် ငယ်စဉ်ကတည်းက အကျင့်တခုက လွတ်လွတ်လပ်လပ်နေတတ်ခြင်းနဲ့ ကျနော့အကြောင်း စပ်စုတာကို သည်းညည်းမခံတတ်ခြင်းပါပဲ။ ကျနော်မကြိုက်တဲ့အချက်တွေနဲ့ ဘောင်လွတ်အောင်နေရင်း ကျနော်ဟာ လျှို့ဝှက်သူ၊ နားလည်ရန်ခက်သူတယောက် အဖြစ် ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါကြောင့် ကျနော့ ပြင်ပနာမည်အရင်းနဲ့ ဘလော့ကို တွဲပြီးသိတဲ့သူ လူရင်းပိုင်းလောက်သာ ရှိခဲ့ပါတယ်။ ကျနော်ဖတ်စေချင်တာ ကျနော်ရေးတဲ့ စာကိုပါပဲ ကျနော့အကြောင်းကို မဟုတ်ပါဘူး…

ဆက်ပါဦးမည်.

11 comments:

နေ၀သန် said...

အစ်ကို့ဘလော့ခ်သမိုင်းလေးကို ခံစားသွားပါတယ်... ဆက်ပြီးတော့လည်း စောင့်ဖတ်နေပါဦးမယ်

ခင်မင်တဲ့
နေ၀သန်

khet myint myint said...

ဒီအပိုင်းကို ကြိုက်တယ် ၊ အကိုက စာအဖြစ်ရေးထားသလိုပဲ ကျွန်တော်ခံစားမိတာ တွေးမိပါတယ် ။ အထူးသဖြင့် ကိုယ်ရေးတဲ့စာနဲ့ကိုယ့်ကို တွဲမြင်တတ်ကြတယ်ဆိုတဲ့ အကြောင်းကိုပါ ။

ခမမ

ဧည့်သည် said...

ခံစားသွားပါတယ် ခင်ဗျ ....။ မကြိုက်ဘူးဆိုလို့ လမ်းကြုံရင် မေးစရာရှိပါသေးတယ် ...။ စိတ်ဆိုးနဲ့နော် ။ ဟီးဟီး

Unknown said...

တချို့ စာတွေက
အေ၇းအသားကောင်းလွန်းတဲ့ အတွက်
တကယ့်အဖြစ်အပျက်ဖြစ်မှာပါလို့ ယူဆနိုင်တယ်
ဒါဟာ စာဖတ်သူတွေ ရဲ့ မှားယွင်းစွာ တွေးခေါ်မှု လို့ ပြောလို့ မရပါဘူး
ဒါဟာ စာရေးသူ ရဲ့  အရေးအသားနောက်ကို စီးဝင်သွားခြင်းလို့ နားလည်ပေးလိုက်ပါ

စာရေးဆရာမ ဂျူးဟာ အခုထိ အိမ်ထောင်မပြု နိုင်ခြင်းဟာ အမှတ်တရ ရဲ့ လွှမ်းမိုးမှု များသွားလို့  လို့  တချို့ ကဆိုတယ် ဒါဟာ တကယ့် အဖြစ်အပျက်လို့ ပဲ ယုံကြည်ကြတယ် တကယ် ဟုတ်မဟုတ်ကတော့ ဂျူးပဲ သိနိုင်မှာပါ ။

Unknown said...

"မွှေး " ဟာ ဆရာမကြီး ခင်နှင်းယု ရဲ့  ဘဝ အပိုင်းအစ တခု လို့ စာဖတ်သူတွေ ယုံကြည်ကြသလို

" ဘကြီးအောင်ညာတယ် " ဆိုတဲ့ စာမှာ အချစ်အကြောင်း တခု မှ မပါဘဲ ဆရာကြီး မင်းသုဝဏ် ရဲ့ ချစ်ခဲ့ဘူးတဲ့ မိန်းကလေး တယောက်အကြောင်းလို့  ယူဆကြတယ် ။

symbols တွေကို သုံးပြီး ရေးသွားတယ်လို့ လဲ ယူဆကြပြန်ပါတယ်။

စာတပုဒ်ဟာေ၇းပြီးသွားတာနဲ့  စာရေးသူ က မပိုင်တော့ပဲ စာဖတ်သူရဲ့ ထင်မြင်မှု ထဲ ကို ရောက်သွားတယ်ဆိုတဲ့အချက်ကလဲလက်ခံရမယ့် အချက်တချက်လို့ ထင်ပါတယ် ။

Maung Myo said...

ဘလော့နဲ့ ပက်သက်တဲ့ အမှတ်ရ စရာတွေ ရှိသလို စိတ်ပျက်စရာတွေလည်း အများကြီးကြုံခဲ့ဖူးတယ် ။

ဒါပေမယ့် မမြင်နိုင်တဲ့ ဘလော့ပေါ်က ညီနောင် စိတ်ဓာတ်တွေက အပြင်ထိ ကူးစက်တာကိုတော့ ၀မ်းသာတယ် အများကြီးတွေးမတတ်ပါဘူး စာလည်းရေးချင်လို့ရေးနေတာပဲပေါ့ .။

ဘလော့က တစ်ခါခါ virtual world
တစ်ခါခါ real feeling တွေ ရောစပ်နေခြင်းပါ ။

JulyDream said...

လူ့သဘော သဘာဝအရ... စာတွေကို ဖတ်ရင်း စာရေးသူရဲ့ ဘဝကိုပါ သိချင်လာတတ်ပါတယ်။ စပ်စုတတ်ပါတယ်။ အပြင်မှာပါ တွေ့ချင်လာပါတယ်။ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်နေတာကို တချို့တလေက ဈေးကိုင်တယ်လို့ မြင်နိုင်ပါတယ်။ တခါတလေ ထိရှလွယ်လွန်းတာ ကိုယ့်အတွက် သိပ်မကောင်းဘူး။ လွှတ်ချသင့်တာကို လွှတ်ချလိုက်ပါ။ ခံစားမနေပါနဲ့။ ကိုယ့်စတိုင် ကိုယ့်ပုံစံအတိုင်း နေတတ်သလိုလေးပဲ နေလိုက်ပေါ့ဗျာ။ ကျွန်တော်တော့ တာဝန်အရ ဆိုတဲ့ ပုံစံမျိုးနဲ့ မနေချင်တော့ဘူး။ =)

WWKM said...

စိတ်ပေါ့ပေါ့ပါးပါးလေး နေနိုင်အောင် ၊နေတတ်အောင် ကြိုးစားပါ ရွာသားရေ။ ဘာကိုမှ အရမ်းကြီး ခံစားမနေပါနဲ့။
ဒီလိုပဲ ဘလော့ဂါတိုင်းလိုလို ဘလော့ဂ်လောကမှာ စိတ်ပျော်ရွှင်စရာတွေ ကြုံခဲ့ဘူးတယ်။ စိတ်ရှုတ်စရာတွေ ကြုံခဲ့ဖူးတယ်။စိတ်ရှုတ်စရာတွေကို အရမ်း မခံစားပဲ ချစ်ခင်စရာ မောင်နှမတွေနဲ့ တွေ့ဆုံပျော်ရွှင်ကြရတဲ့ အချိန်လေးတွေကိုပဲ ပြန်တွေး ကျေနပ်ပျော်ရွှင်အောင်နေပါ။

ဟဲဟဲ.. အချင်းချင်းပြန်အားပေးရတာ..
ရွာသားနာမည် သိချင်တဲ့သူလာခဲ့ ပြောပြမယ်..****** :D


ကျန်းမာပါစေ။

မကြီးဝါ

မမသီရိ said...

အမ လဲ မောင်လေးနဲ့ အတူတူပဲ ဝေ.. အမ ရဲ့ ပြင်ပနာမည်ရင်းနဲ့ ဘလော့ ကို တွဲပြီးသိတာ ၃ ယောက်လောက်တောင် ပြည့်ပါ့မလား မသိ..း)..ရေးနေတာတွေ နဲ့ လက်တွေ့ဘ၀ က လဲ အဝေးကြီးဆိုတာ ဘယ်သူမှ သိမယ် မထင်..း)..

Moe Cho Thinn said...

လက်တည့်စမ်းတဲ့ စာလေးတွေပါ တဲ့..
တို့်များဖြင့် အခက်။

ဇွန်မိုးစက် said...

တို့ကိုတော့ သိကုန်ကြပြီ။ မတတ်နိုင်ဘူးကွယ် ခုချိန်မှတော့။း(