13 September 2009

ယမန်နေ့ည စက်ရပ်သတင်း

အထူးသတင်းမှာ ယမန်နေ့ညက ခရမ်းရောင်လွင်ပြင်ရှိ ကမ်းပါးတစ်ခု ပြိုသွားခြင်းနှင့် အနီရောင်လွင်ပြင်မှ ပေါင်ကျိုးသွားသူနှစ်ယောက် ဖြစ်ပွားခဲ့သည့် သတင်း…..


သတင်းအစုံအလင်မှာ…………………………

ခရမ်းရောင်လွင်ပြင်တိုင်းပြည်မှ မင်းသမီးလေးတစ်ပါးနှင့် သူမ၏ အုပ်ထိန်းသူ ရံရွေတော်ကြီးတို့သည် တိုင်းပြည်အနီးဝန်းကျင်မှ နတ်ဆရာမကြီးထံတွင် မင်းသမီးလေး၏ ကံကြမ္မာကို တွက်ချက်ကြရာမှ အဆိုပါ ကိစ္စ စတင်ခဲ့ပါသည်။

ထိုနတ်ဆရာမကြီးမှ မင်းသမီးလေး၏ ရှေ့ရေးအတွက်ရင်လေးစွာ ထူးဆန်းလှစွာသော အဆိုပါ တန်ပြန်မှုတစ်ခုကို ယမန်နေ့ညကပြုလုပ်ရမည်ဟု ညွှန်ကြားလိုက်ပါသည်။ သို့ဖြစ်ရာ အုပ်ထိန်းသူ ရံရွေတော်ကြီးသည် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသကာလ လိုအပ်သော အစီအရင်များ ပြုလုပ်စီမံခဲ့ပါသည်။


အနှီ အစီအရင်မှာ လကွယ်ည သန်းခေါင်ယံအချိန်တွင် မင်းသမီးလေးမှ နောင်လာမည့် အညံ့များပျောက်ပျက်စေခြင်းငှာ မင်းသမီးလေးနှင့် လုံးဝလုံးဝ မအပ်စပ်သော ဆင်းရဲနွမ်းပါးခြင်း အတိပြီးသည့်ဝတ်စုံ (မြင်တွေ့လိုက်သူများ အဆိုပါဝတ်စုံကို သေချာပေါက်သိပါသည်) ကိုဝတ်ဆင်ကာ လက်ထဲတွင်လည်း ဖွတ်ဂလိဒင်္ဂါး စိုးစဉ်းမျှ မရှိအောင်နေ၍ ခေတ်သစ် Gipsy စတိုင်ဖြင့် မနက်အာရုဏ်မတက်ခင်အထိ နန်းတော်ပြင်ပတွင် နေထိုင်ရမည်ဟု ဆိုပါသည်။


သို့ဖြစ်ရာ ရံရွေတော်ကြီးမှ သင့်ရာသင့်ရာ နှိပ်စက်လိုသူများ (ချစ်ခင်လွန်းအားကြီး၍ ကောက်တော်မူသည်ဟုလည်း ဆိုရာ၏) ကိုစီစစ်ရွေးချယ်ရာ အနီရောင်လွင်ပြင်အရပ်မှ လူရွှင်တော်တစ်ယောက်(ခပ်တည်တည်နေတတ်တဲ့လူရွှင်တော်ဟုဆိုပါသည်) နှင့် အဆိုပါလူရွှင်တော်၏ အစ်မတော်လူမိုက်(အခုထိမိုက်မဲနေတုန်း)ကိုပါ ထည့်သွင်းဖိတ်ကြားခဲ့သည်။

ဤမျှ ထူးခြားဆန်းကြယ်သော သတင်းကိုယူရန် အကျွန်သတင်းထောက်မှ နန်းတော်သို့အရောက်တွင် မူလက အစီအစဉ်တွင်မပါဝင်ခဲ့သော အနီရောင်လွင်ပြင်မှ စားဖိုမှူးတစ်ယောက်ကိုပါ ထပ်မံတွေ့ရှိခဲ့ရပါသည် (မြင်ကတည်းက ဒယ်အိုးကြီးကိုင်ထားလို့ စားဖိုမှူးအဖြစ်ယူဆခဲ့ရပါသည်)။

ရွှေနာရီမှ သန်းခေါင်းယံမောင်းမတီးခင် စီစဉ်ထားသည့်အတိုင်း နန်းတော်ပြင်ပသို့ ကြွချီတော်မူလာခဲ့ပါသည်။ ခေတ်သစ် Gipsy စတိုင်အဖြစ် ကော်ဖီတစ်ဂျား ရေနွေးတစ်ခရားနှင့် တိုလီမုတ်စ မြေပဲလှော် ပေါင်မုန့်ကိတ်မုန့်များအပြင် နန်းပြင်နန်းရပ် ဆက်သွယ်ရန် မိုဘိုင်းဖုန်းများ ကိုယ်စီကိုယ်စီကိုင်ဆောင်ကာ တခမ်းတနားစုတ်ပြတ်စွာ သွားရောက်ခဲ့ကြသည်မှာ မြင်သူရင်နင့်စရာကောင်းလှပါတော့သည်။

ထိုနောက်ရံရွေတော်ကြီးမှ ရွှေကြိုးတော်မေ့ကျန်ရစ်သည်ဟု သတိပေးတော်မူသဖြင့် နန်းတော်သို့တစ်ဖန်ပြန်လည် ၀င်ရောက်ကာ ရွှေကြိုးတော်ကိုယူရင်းတစ်ဆက်တည်း နန်းတော်သုံး မင်းသမီး၏လက်စွဲတော် မှတ်စုစာအုပ်ကို ယူဆောင်လာခဲ့ပါသည်။ အဆိုပါ မှတ်စုစာအုပ်ဖြင့် နန်းပြင်အရပ်တွင် မင်းသမီး၏ မျိုးတော်အပေါင်းဆွေရှစ်သောင်းကို ဆက်သွယ်ရန်ကြိုးစားသော်လည်း Gipsy များ၏နေရပ်ဖြစ်ပါသဖြင့် ဆက်သွယ်၍ မရခဲ့သည်မှာ အသည်းနာစရာကောင်းလှပါသည်။ မဟုတ်ပါက မင်းသမီးလေး၏ ရင်နင့်ဖွယ်ဖြစ်ရပ်များကို မျက်ဝါးထင်ထင်တွေ့မြင်ရမည်မှာ မုချဧကန်ပင်။


သို့သော်လည်း ရပ်ဝေးပေါင်ကျိုးသူနှစ်ယောက်အဖြစ် အနီရောင်လွင်ပြင်အရပ်မှ ရည်းစားစကားမပြောတတ်သူ လူပြိုရံတစ်ဦး၊ အစိမ်းရောင်လွင်ပြင်အရပ်မှ ရလိုရလို မြို့စားကြီးတစ်ဦးတို့သည် မင်းသမီးအား အဝေးမှပင် မင်းသမီးအပါးစက္ကန့်မခြားခစားလိုပါကြောင်း အားပေးစကားများ အဆက်မပြတ်ပြောကြားကာ သူတို့လုပ်ချင်သည်များကို နေရင်းအရပ်၌ပင် အိနြေ္ဒမပျက်လုပ်ကိုင်နေခဲ့သည်ကိုလည်း တွေ့ရှိရပြန်ပါသည်။


ထိုမှ မင်းသမီးအား အနီရောင်အရပ်ဒေသမှ လူရွှင်တော်က စတင်ဖြေဖျော်ရာ အကျွန် သတင်းထောက်အဖို့ မကြုံစဖူးထူးကဲစွာ ရယ်မောမိ၏။ အကျွန်၏ရယ်မောခြင်းကြောင့် နန်းတော်နံရံများတုန်ခါမည်ကို စိုးရွံ့သည်ကတစ်ကြောင်း၊ အဆိုပါလူရွှင်တော်ကိုယ်တိုင်မှ ထိန်းချုပ်ရန်ခက်ခဲသည်ဟု တင်ပြသည်က တစ်ဖုံ၊ Gipsy စတိုင်အပြည့်ဖမ်းလိုသည်က အဓိကဖြစ်သည်မို့ မူလ စခန်းချရာနေရာမှ ထို့ထက်ဝေးလံသော အရပ်ဆီ ထွက်ခွာရမည်ဟု အမိန့်တော်ရှိပြန်သည်။


ထပ်မံရှာဖွေတွေ့ရှိသောနေရာသစ်မှာ တစ်တိုင်းတစ်ပြည်သားတို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခု၏ ဘေးတွင်ဖြစ်၏။ စခန်းချလို့မှ မဆုံးခင် ရံရွေတော်ကြီးမှ ပြောသင့်ပြောထိုက်သည်များကို စတင်ပြောကြားရာတွင် ရံရွေတော်ကြီး၏ အသံနောက်တွင် နောက်ထပ်အသံများ ထပ်ချပ်မကွာလိုက်ပါလာပြန်သည်။ ထို့အတွက် ကြောက်ရွံ့ခြင်းကြီးစွာ ဖြစ်တော်မူသဖြင့် ထိုအရပ်သည် စခန်းချရန် မသင့်လျော်ပြန် ဟုသတ်မှတ်၏။

ခရမ်းရောင်လွင်ပြင်ရှိ နာမည်ကြီး၍ လူသူအရောက်ပေါက်နည်းလှသော ပန်းဥယျာဉ်တစ်ခုမှာ ယခုရောက်ရှိနေရာမှ မနီးမဝေး နှစ်လံအကွယ် သုံးပြသာသာခရီးတွင်ရှိသည်ဟုဆိုပြန်၏။ အံ့သြမကုန်သော ခရီးကြမ်းတို့ကို ဖြတ်သန်းလိုသော ရွှေမင်းသမီးနဲ့ အပေါင်းအပါများသည် မကြောက်မရွံ့ နောက်မတွန့်ပဲ ရှေ့သို့သာ ချီကြကုန်၏။

သန့်ရှင်းမွှေးကြိုင်လှသော ပန်းခြံသို့အရောက်တွင် သယ်ဆောင်ခဲ့ခြင်းအလျဉ်းမရှိသော နူးညံ့လှသည့် သားမွှေးအခင်းတို့ကို ဆင်ယင်ခင်းကျင်းတော်မူခဲ့သည်။ ထိုမှတစ်ဝ စက်နာရီကို ကြည့်တော်မူသော် အစီအစဉ်၏ ၃၅ရာခိုင်နှုန်းသာ ပြီးသေးသည့် အဖြစ်ကို မှတ်တော်မူ၏။ နောက်ဆုံးစခန်းချရာ အဖြစ် ကွန်ဖမ်းယူကာ ရောက်တတ်ရာရာ စကားများဖြင့် ဟိုအကြောင်းဒီအကြောင်းသောင်းပြောင်းထွေလာများကို ပြောကာ ပါလာသမျှ အာဟာရတို့ကို တဇွတ်ဇွတ်နှင့် ပြွတ်ပြွတ်မြည်အောင်စားကြပါတော့သည်။

ပြောသမျှအကြောင်းအရာများအား အနှစ်ချုပ်ရသော် အကြွေးတောင်းခြင်းဆိုသည်တစ်မျိုး၊ ရထားမောင်းခြင်းဆိုသည်တစ်ခု၊ ချယ်ရီပန်းအရပ်မှ မဟာမိတ်များ လာသွားသည့် ခရီးစဉ်က တစ်ဖုံ၊ တမြန်နေ့ညတွင်ကျင်းပခဲ့သော ဇီးသီးတော ညီလာခံအကြောင်းတစေ့တစောင်း၊ မင်းသမီးအား တစ်အားချစ်ပါလျက် ပျက်ကွက်ကြသည့် ဆိုင်ရာဆိုင်ရာတို့ကို လွမ်းဆွေးခြင်းက တစ်လီ၊ ယနေ့ညတွင်ကျင်းပမည့် သက်ကြီးပူဇော်ပွဲ တစ်ခုအပါအ၀င် ထောင့်စုံအောင် ဆွေးနွေးကြသည်ကို မှတ်သားခဲ့ရပါသည်။

ထိုသို့သော အစီအစဉ်ကျင်းပနေချိန်တွင် ရပ်ဝေးရပ်နီးမှ စပျစ်သီးရှောက်သီးများ လိမ့်လာသည်ကိုလည်း အနီရောင်လွင်ပြင်အရပ်မှ လူရွှင်တော်က မှတ်သားထားသည်ကို တိုက်ဆိုင်စွာ တွေ့ရှိရပြန်ပါသည်။

စက်နာရီအာရုဏ်မတက်ခင် စားဖိုမှူးကြီး အပါအ၀င် အပေါင်းအပါများ အန္တရယ်နဲ့ ကြုံတွေ့နေရပါသဖြင့် မတိမ်းမစောင်းဗိန်းမောင်းတီးကာ လှပသာယာသော ပန်းဥယျာဉ်ကို ကျောခိုင်းခဲ့ကြပါတော့သည်။

နန်းတော်မ၀င်ခင် နန်းတော်ဝရှိ လုံခြုံရေးစခန်း၌် တစ်ထောက်နားခိုရင်း နန်းတော်အတွင်း သတင်းများ စနည်းနာခဲ့ကြပါသေးသည်။ မင်းသမီး၏လုံခြုံရေးကို ရှေ့ရှုကာ အချိန်တော်အခါမလင့် နန်းတော်တွင်းသို့ တိုးတိုးတိတ်တိတ် ပြန်လည်ဝင်ရောက်ခဲ့ကြပါသည်။

ထို့နောက် အစီအစဉ်ဖြစ်မြောက် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ခက်ခဲစွာ ချက်ပြုတ်ရသော လက်ဖက်ထမင်းကို ရံရွေတော်ကြီးမှ အားရပါးရလက်တော်ဖြင့် သုတ်ကျွေးခဲ့သည်မှာ နှစ်ထောင်းအားရရှိလှပါသည်။

အကျွန်သတင်းထောက်မှာ သတင်းများယူရသည်က ပင်ပန်းခြင်းကြီးစွာဖြစ်လျက် နန်းတော်ထိုင်ဖုံတွင် ခေတ္တခဏမှေးစက်ပျော်ခဲ့သည်ဖြစ်ရာ ထိုကာလအတွင်း မည်သို့ဖြစ်ပျက်ခဲ့သည်ကိုတော့ လစ်လပ်ခဲ့ရပြန်ပါသည်။ သို့သော် နိုးလျင်နိုးခြင်း ရွှေမင်းသမီးမှ ပါးစပ်ဆိုင်းဖြင့် မောင်းတော်တီးနေသည်ကိုတော့ မပျက်ကွက်အောင် မှတ်ခဲ့ပြန်ပါသေး၏။

ယမန်နေ့ညက အံ့မခန်းဖွယ်သော စက်ရပ်သတင်းကို ယခုမနက်နိုးထချိန်မှ စ၍ ပြန်လည်ရေးသားစီကုံးကာ သတင်းစောင့်စားသူတို့ စိတ်ကျေနပ်စေဖို့ သတင်းအမှန်များဖြင့် ထုတ်ပြန်လိုက်ပါကြောင်း…………………….


ညီမငယ်တစ်ယောက် Tag တဲ့ ပျော်ရွှင်စရာ အချိန်ကာလ (Happy moment) ဆိုတဲ့ ပို့စ်လေးပါ။ ဟာသဥာဏ် နည်းပါသဖြင့် ဖတ်၍မကောင်းပါက ထမင်းသိုးဟင်းသိုး ပို့စ်လေးအဖြစ် မှတ်ယူစေချင်ပါသည်။ ကျေနပ်ပျော်ရွှင်နိုင်ပါစေခင်ဗျာ…………………..

24 comments:

ကောင်းကင်ပြာ said...

သတင်းထောက်ကြီးရဲ့ ဟောက်သံကို အပေါင်းအပါများ မှတ်တမ်း ယူသွားကြောင်းလဲ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ရသွားကြောင်းးးးးးးးးးးး
ဟိဟိ

ရေတမာ said...

ရလို ရလို အပါးတော်မြဲကြီးလား.... လွင့်ပစ်တဲ့ အ၀တ်လေးများ ရနိုင်မလားဟင်.. အကျွန်န်ုပ် စိတ်ဝယ် မချိတင်ကဲ ယမန်နေ့ညပွဲ လွတ်သွားသကွယ်။

သီဟသစ် said...

နတ်ဆရာမကြီးကား ရက်စက်လှကြောင်း

မင်းသမီးကြီးကား တန်ပြန်မှုပြီးသောအခါ ရံရွေတော်ကြီးနှင့် အပေါင်းပါများကို လှည့်ပင်မကြည့်တော့ဟု ဆိုကြောင်း

သတင်းထောက်ကြီးမှာ နောက်တစ်ခါ တန်ပြန်မှုလုပ်လျှင် နတ်ဆရာမကြီး နှင့် အတူတူပြုလုပ်မည်ဆိုကြောင်း

မခိုင်လုံတခိုင်လုံသော သတင်းရပ်ကွက်များအရ သိရလေသည်။

KTT New Lion

Unknown said...

ဘာအကြောင်းအရာကိုအခြေခံပြီးရေးတာမှန်း သေချာမသိပေမယ့်..အရေးအသားကြောင့် တော်တော်ကြီးကိုဖတ်လို့ကောင်းပါတယ်။
တကယ့်စာရေးဆရာကောင်းတစ်ယောက်ပါပဲ။
ခုလို
တခုတ်တရ
ရေးပေးတဲ့အတွက်
ကျေးဇူး
အများကြီး
တင်ပါတယ်

Anonymous said...

အောင်မလေး ရွာသားရယ်.... ကမ်းပါပြိရာကနေ ဘယ်လိုဖြစ်ပြီး ဂလိုဖြစ်သွားတာလဲ။
အိမ်း.... ကောင်းပေစွ ကောင်းပေစွ..
အစီအမံအပြီး နန်းဆောင်သို့ မောင်တော်ဘုရား ကြွချီလာသောကြောင့် ဧည့်ဝတ်မကျေ ဖြစ်ခဲ့ရသည့် အတွက် စိတ်နှလုံး မကြည်လင် ဖြစ်ခဲ့ရပါတယ်။ အထိန်းတော်များလည်း ပင်ပန်းခဲ့လေစွ။
အသဟာကြောင့် အထိန်းတော်များအား ရွှေသားအသပြာ ၁၀၀၀၀၀ တိတိအား ချီးမြှင့်စေ... မောင်မင်းများ......

ထိပ်ခေါင်တင် ရောင်မင်းသမီး

မေဇင် said...

ထိပ်ခေါင်တင် ရောင်မင်းသမီးလေးအား ချစ်ခင်မှုအပြည့် ရှိပါသော်ငြား... လိုက်ပါ စောင့်ရှောက်မပြုနိုင်လောက်အောင်....ကိစ္စများမြောင်လူတို့ဘောင် ကြောင့်....ဤနေရာလေးမှ တောင်ပန်စကားဆိုခဲ့ကြောင်းကို.... သတင်းထောက်ကြီးမှ .... ပြောကြားပေးစေလိုပါသည်...။

WWKM said...

အဟက်ဟက်..
သူတို့ဇာတ်လမ်း နာသိတယ်.
စာရေးကတော့ ကောင်းပါပေရဲ့..
ဒါပေမယ့် ရှင်းအောင် နောက်တစ်ခေါက်ပြန်ဖတ်ရမယ်.း)
ရွာသားနော်..ရွာသား..
မင်းသမီးကို စောင့်ရှောက်ဖို့ အစ်မတော်တာဝန်ပေးထား
တာ.. အိပ်ငိုက်နေတယ်ပေါ့။
အပြစ်ဒါဏ်ချမှတ်မယ်..
မနက်ဖြန်မိုးမလင်းခင် မကြာခင်ကမှ လက်ခံရရှိထားတဲ့
ချစ်သူအသစ်စက်စက်လေးကို ကားတင်ပြေးစေ။
အဟက်ဟက်

မကြီးဝါ

ဆောင်းချမ်းမိုး said...

အမငေး
အဖြစ်ဆိုးလှချည်လား
ဂျစ်ပစီမမနဲ့ လူရွှင်တော်ကိုကိုတို့ရဲ့..

စာဖိုမှူးကြီး၊ လူမိုက်မကြီးနဲ့ သတင်းထောက်မှူးလေးပါ ရှိကြသကိုး..
ထူးဆန်းအံ့သြဖွယ်..

khin oo may said...

လိပ်ပတ်မလည်။

သစ်သစ် said...

ထုံပါတယ် ဆိုမှ သူလည်းလူဇိုးပဲ...နားလည်ဝူးးးးးး

အဆိပ်ခွက် said...

ဒီဇာတ်လမ်း တားတား တိရယ်.. ဟဲဟဲ..

ခင်မင်လျှက်
အဆိပ်ခွက်

စိမ်း... said...

ဟယ် နားလည်းလည်ဝူး... စကားဝှက်တွေလားဘာလားလဲ မသိပါဘူး... ရယ်တော့ရယ်ရတယ်... :P

libratun said...

အလို... စင်္ကာပူမှာ ညကြီးမင်းကြီးမောင်းတာ ဒီရထားပဲကြားဖူးသေးတယ်။ အကြွေးပါတင်သွားတယ်ပေါ့။

မိုးခါး said...

ဒီနေ့ပဲ ကြားလာတယ် :P

yangonthar said...

ကျွန်တော်လည်း မျက်စိနည်းနည်းလည်သွားတယ် :)
ယမန်နေ့ ည စက်ရပ်သတင်း ဆိုတာလေးစိတ်ဝင်စားဖို့ ကောင်းပါတယ်

မေလေး said...

အမယ်ဌီးးးးးးး ရက်စက်ပါ့ ကရွာသားနှယ်....
ဘီလိုဖစ်လို့ နာ့က အထိန်းတော်ကြီး ဖစ်တွားတာတုန်းးးးးးး
ရင်နာလိုက်ပါဘီ...သတင်းထောက်ကြီးရဲ့ ။
အသေစေလို့ နှမျောလှ....အဲလေ....မှားတုန်ပီ...
ဒီမယ် သတင်းထောက်ကြီး
မောင်မင်းစက်တော်ခေါ်တုန်းက မီးရထားခုတ်မောင်းသဖွယ် တစ်မျိုးးးး
မော်တော်ခုတ်မောင်းသဖွယ် တစ်ဖုံ
ခေါ ခေါ ခူး ခူး ရှူး ရှူးး .......
ဂလိုမျိုး အသံတော်တွေ ထွက်တော်မူတဲ့အချိန်သကာလဝယ်.
စိတ်တော်ကို ထိမ်းတော်မမူနိုင်တဲ့ လူရွှင်တော်ရဲ့  အစ်မတော် လူမိုက်(ခုထိမိုက်တုန်း) ခမျာ သတင်းထောက်ကြီးရဲ့  ပါးပြင်တော်ကို သုံးခါတိတိ အာဘွားပေးခဲ့ပါကြောင်းးးးးးး
အဆိုပါ ဖြစ်ရပ်အားး သတင်းထောက်ကြီး ယုံတော်မမူမည် စိုးလှတာကြောင့် အကျွန်ုပ် အထိန်းတော်ကြီးမှ သတင်းဒါပုံ သိမ်းယူထားကာ နောင်လာနောင်သားတို့ လေ့လာမှတ်သားရန် အင်တာနက်မှ တင်ပြနိုင်ရန် ကြိုးစားနေကြောင်းးးးး သတင်းထုတ်ပြန်အပ်ပါသည်။
ထပ်မံဖြည့်စွက်ရန်သတင်းကတော့.. သတင်းထောက်ကြီး ပင်ပန်းတော်မူလို့ စက်တော်ခေါ်ပြီး နှိုးထလာတဲ့ သကာလ သွားတော်ကိုတိုက်တော်မမူဘဲ မျက်နှာတော်ကို သစ်တော် မမူဘဲ လက်ဘက်ထမင်းတော်ကို သုံးဆောင်တော်မူကြောင်းးးးးးးးးးးးထပ်မံဖြည့်စွက်လိုက်ပါသည်။
ဒန့် တန့် တန့်............

ကိုရင်နော်ခင်လေးငယ် said...

ရွာသားရေ..
ခပ်ရေးရေးသိနေတာမို့ ဖတ်ရတာ မျက်လုံးထဲမြင်ယောင်ပြီး ပြုံးနေမိတယ်..

ရေးသားတင်ပြပုံ ကောင်းမှကောင်းပါပဲ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

puluque said...

လက်ဖက်ထမင်းကို သတင်းထောက်ကြီးက မျက်နှာမသစ်ပဲ စားတယ်။ တယ် ဒီသတင်းထောက်ကြီး လဖက် အသံကြားရင် ဘယ်လိုမှ ထိန်းမ၇ဘူးနဲ့တူတယ်..။ သတင်းထောက်ကြီးရဲ့ပါးကို အားဘွား ၃ ခါပေးခဲ့တဲ့ ဓါတ်ပုံလေး ကြည့်ချင်သဗျ...

ကောင်းကင်ပြာ said...

ဖရားးးးးဖရားးးးးဒီ သတင်းအမှန်များလားးးး သတင်းထောက်ကြီးရယ်၊ ရွှေစိတ်တော် ညိုချင်လိုက်တာ......ဟိဟိ

သီဟသစ် said...
This comment has been removed by the author.
သီဟသစ် said...

ထိပ်ရောင်တင် မင်းသမီးကြီး ကံများကောင်းလာတော်မူမည် ဆိုသည်မှာ မသေချာလှသေးသော်လည်း တန်ပြန်အစီအစဉ်ကို ကူညီရသော Joker ကိုကိုနှင့် Reporter မောင်မောင်တို့ နာမကျန်းဖြစ်နေသည်မှာ သေချာသလောက်ရှိသည်ဟု ကြားသိရကြောင်း

မြရေလျဉ် said...

တို့လည်းသိလိုက်ပါပြီ...ဒီဇာတ်ထုပ်ကို..။
နောက်တစ်ခါ တစ်ခန်းရပ် ကရင် သုံးမယ်..။
သရုပ်ဆောင်များကတော့ ...

အဟက် ဟက် ဟက် ဟားးးးး

Ree Noe Mann said...

ထိပ်ရောင်တင် မင်းသမီးနဲ့ အထိန်းတော် ကြီးတို့
နှစ်ဦးမှာ ရထားခုပ်မောင်းခြင်းသတင်အား မရမက
အတင်းလိုက်လှန့် စုံစမ်းနေပါသောကြောင့် သတင်းထောက်ကြီးနှင့်တကွ အနီရောင် လွင်ပြင်မှ
လူရွှင်တော်၊ အမတော် လူမိုက်ကြီးနှင် စားဖိုးမှူးကြီးတို့
မှာ ခွက်ထိုးခွက်လန် ဖြစ်ခဲ့ရပါကြောင်း.........

ရီနိုမာန်

Unknown said...

ဆံပင်တွေဖြူသွားပြီ ပြန်လျှော်ပေး
စဉ်းစားလိုက်ရလို့ 
နားမလည်ဘူး
တို့ က ပိန်းတယ်