ကိုဂျူလိုင်က ပုံတွေဆက်တိုက်တင်တော့ ကျနော်လည်း ဆက်တိုက်လွမ်းရတော့တာပေါ့။ အခုပုံလေးက နောက်ဆုံးအခေါက်မှာ ရိုက်ဖြစ်ခဲ့တဲ့ နေ၀င်ချိန်ရှုခင်းလေးပါဗျာ။
ထပ်တလဲလဲ သွားခဲ့ဖူးတယ်။ ဒါပေမယ့် မေ့လို့မရသလို နောက်ထပ်သွားခွင့်ရရင် ရသလောက် သွားဖို့ အဆင်သင့်။ ငယ်ငယ်တုန်းက ခရီးတွေ မသွားခဲ့ရသမျှ အတိုးချလည်ဖို့ ကြိုးစားနေမိတော့တာ။ အဲဒီနေရာကို ခြောက်ခေါက်တိတိ ရောက်ဖူးခဲ့တာ။ နည်းသေးတယ်ထင်ပါရဲ့။
ပထမဆုံး အဲဒီခရီးကို သွားရတော့မယ်ဆိုတော့ ရင်တွေခုန်လို့။ မေ့ဆီက ကြားဖူးတဲ့အတွေ့အကြုံတွေ ရုပ်မြင်သံကြားက ကြည့်ထားဖူးတဲ့ အဲဒီခရီးသွားဇာတ်ကားတွေ ပြန်လှန်တွေးရင်း စိတ်ကူးတွေယဉ်။
သူငယ်ချင်းအိမ်ကနေ မနက်ငါးနာရီမှာ စထွက်ဖြစ်ပါတယ်။ သူငယ်ချင်းအိမ်က ကျောင်းထဲက ပုဂံလမ်း မှာ။ မိသားစု ကားငှားပြီးသွားကြတာမို့ ကျနော်တို့ သူငယ်ချင်းသုံးယောက်က ကပ်လိုက်ခဲ့ကြတာ။ တလမ်းလုံးဆော့ရင်း ကစားရင်း မောပြီဆိုစားလိုက်သောက်လိုက် တကယ့် ပျော်ရွှင်စရာ။ ကားပေါ်မှာဆိုတော့ လေးတန်းတုန်းက ဆရာမဒေါ်ခင်ဌေးမူသင်ပေးတဲ့ meaning game ဆော့ဖို့အကြံပေးမိသည်။ မီးနင်းတစ်လုံးရဲ့ အဆုံးမှာ ရှိတဲ့ alphabet ကို အစပြုပြီး ပြန်ရွတ်ပြရတဲ့ မီးနင်းဂိမ်း။ x တို့ z တို့နဲ့ အဆုံးသတ်လို့ကတော့ စာလုံးတွေ ရှာမရတော့။ လိုရာခရီးကို ရောက်တော့ ညနေမစောင်းခင်။ နောက်နေ့မနက် ပြန်ထွက်ရမှာမို့ ခြေလျင်ခရီးကို တက်ခွင့်မရ။ အပြန်အဆင်းကိုတော့ မနက်စောစော ထဆင်းခွင့်ပြုမယ်ဆိုလို့ ၀မ်းသာမိခဲ့တယ်။ တောင်တွေ တောင်တွေ ကွေ့ရင်းပတ်ရင်း ဘွားကနဲ ဘုရားကို မြင်လိုက်ရတော့ ရင်ထဲမှာ အေးမြသွားလိုက်တာ ဘယ်ကြည်နူးမှုနဲ့မှ မလဲနိုင်။ အဲဒီတုန်းက ခရီးတစ်ဝက် ရသေ့တောင်အထိသာ ကားတက်ခွင့်ရှိခဲ့တာ။ ရေတစ်ပုံးတန်ဖိုးကလည်းမနည်း။ ရေနွေးများဆို ပိုတောင်ပေးရသေးသတဲ့။ သူတို့ချိုးရေပေးတဲ့ ရေပုံးလေးနဲ့ဆို ရေသုံးကြမ်းတဲ့ကျနော့အတွက် တိုင်ကီတစ်ဝက်လောက်ဆို အမလေး ပိုက်ဆံမလောက်ဘူးဆိုပြီး ရေမချိုးခဲ့ရပါ။ တောင်ပေါ်က ဆိုင်ရာ ဓမ္မာရုံတစ်ခု အခန်းကျဉ်းထဲမှာ ရှစ်ယောက် မလှုပ်သာမလွန့်သာ။ တစ်ညလုံး အိပ်မပျော်ခဲ့။ ရင်ပြင်တော်ပေါ်က အောင်မြေနင်းနည်းဆိုပြီး အပြောင်အပြက်နင်းရတဲ့ နည်းလေးကိုလည်း သတိရမိသေးတယ်။ ပြီးတော့ ဓါတ်ပုံအဖွဲ့ရဲ့ ဘုရားကို အပြိုင်အဆိုင် ရိုက်နေကြတော့ ကျနော်တို့လည်း မနေသာ ကျနော်တို့သူငယ်ချင်းတွေကို သူတို့ရဲ့ professional ကင်မရာနဲ့ ရိုက်ပေးဖို့ ၀ိုင်းပြောကြရင်း သူတို့တွေကလည်း ပြောင်နောက်နေတော့တာ။ ရန်ကုန်ရောက်တော့ ဓါတ်ပုံအသင်းမှာ ပုံသွားရွေးရပါတယ်။ ကျနော်တို့နဲ့ပါတွဲရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာက ညောင်ဦးဖိုးချိုဆိုတာ အဲဒီတော့မှ သိရတာ။ မနက်လေးနာရီ အာရုဏ်ဆွမ်းကပ်အပြီး မီးတုတ်တွေလက်ဆွဲလို့ တောင်အောက်ကိုဆင်း။ အားပါးပါး များပြားလှတဲ့ အလှူခံပုံးတွေပါလား။ ဆင်းရင်းဆင်းရင်း ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အနွေးထည်တွေ အဆင့်ဆင့် ချွတ်ရင်း တောင်တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့်။ ကင်ပွန်းစခန်းကိုရောက်တော့မယ်ဆိုတော့ ကျနော် အသင့်ပြင်။ သူများတွေက တစ်ဆင့်ကြားဖူးပါတယ် ဆွဲလားရမ်းလား သိပ်လုပ်တာပဲဆိုပါတယ် (ဆိုင်ဧည့်သည် အပြိုင်လုကြတာပါ)။ ဘေးနားကပ်လာရင် မလာနဲ့အော်ရင်း လက်နှစ်ဖက်ကို ပိုက်။ ဒါပေမယ့် ကျနော့သူငယ်ချင်းညီငယ်ခမျာ ပါသွားရှာပါတော့တယ်။ သူပါသွားမှတော့ ကျနော်တို့လည်း အဲဒီဆိုင်မှာပဲ မထူးဇာတ်ခင်းလိုက်ရတာပေါ့ဗျာ။ အင်း ဆွဲတဲ့သူတွေက အပိန်ဆုံးကောင်လေးကိုမှ ရွေးဆွဲသွားတယ် ပိုင်တယ်ဗျာ။ တောင်ခြေရောက်ရောက်ခြင်း ကားပေါ်ကိုတက် ကားထွက်ခဲ့လေသတည်း ထင်ထားတာ ဝေါအလွန်မှာ ကားပျက်ပါလေရော။ မှောင်ကလည်းမှောင် ကားကလည်း ပြင်မပြီးသေး။ မနက်ဖြန်သူငယ်ချင်း အဖေကရုံးပြန်တက်ရမှာမို့ နောက်ဆုံးတော့ ပဲခူးကားတစ်စီးကို လက်ပြ။ လူကြီးတွေကို ကားအလယ်ခုံမှာပေးထိုင် ကျနော်တို့တွေက ကားခေါင်မိုးပေါ်မှာ။ အစကတော့ ပျော်သလို။ နောက်တော့ ခြေထောက်တွေကျဉ်။ လေတွေကလည်း တဟူးဟူး အေးလိုက်တာလည်း ခိုက်ခိုက်တုန်။ အနွေးထည်တွေက ကားထဲမှာ။ ကားအရှိန်ကလည်းမသေး။ ရောက်ပါစေပဲဆုတောင်းနေမိတော့တာ။ ပဲခူးရောက်တော့ ရန်ကုန်ကားမှ ကျန်သေးရဲ့လား ပူရသေးတယ်။ နောက်ကားပေါ်တက်မှပဲ ဟင်းချနိုင်တော့တယ်။ လှည်းတန်းရောက်တော့ အိပ်ငိုက်နေရာက ပြန်နိုးလာခဲ့တာ။ ၁၁နာရီခွဲပြီလေ။ ပုဂံလမ်းအိမ်မှာပဲ တစ်ညအိပ် မိုးလင်း။
ပထမဆုံးရောက်ဖူးလေတဲ့ ကျိုက်ထီးရိုးအတွေ့အကြုံက အဲလို ဗရုတ်ဗရက်အမှတ်တရဗျ
ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကတော့ ဆက်တိုက်ဖြစ်သွားခဲ့ပါတယ် ဒုတိယအကြိမ်အကြောင်းကို
ဂျုံးဂျုံးကျသို့မတော်တဆ ဆိုတဲ့ ပို့စ်ထဲမှာ ရေးဖြစ်ခဲ့တယ်။ ဒုတိယအခေါက်အထိ ဘုရားပေါ်မှာ အေးအေးဆေးဆေး နေခဲ့ရတယ်ဆိုတာ မရှိခဲ့သေးဘူး။ ကျောက်ထပ်ကြီးကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ၀ါးလုံးတန်းပေါ်ကနေ ဘုရားထီးတော်ကို တက်တဲ့ လူတွေကိုလည်း တအံ့တသြ ငေးမောခဲ့သေးတာပေါ့။ ပြီးတော့ ကျိုက္ခမီအထိ ခြေဆန့်ဖြစ်ခဲ့တဲ့ ခရီးလေ။ အဲဒီခရီးကလည်း ကမောက်ကမပါ။
ဒုတိယအကြိမ်ကနေ အိမ်ပြန်ရောက်ပြီး နောက်တနေ့ညမှာ တတိယအကြိမ်ကို ပြန်သွားဖြစ်ခဲ့တယ်။ နောင်ပိုအောင် ရွာသူကြီးနဲ့ သူ့ဇနီးတို့ကို လိုက်ပို့တဲ့ခရီးစဉ်ပေါ့။ ဒီတစ်ခေါက်တော့ ဧည့်သည်တွေက ညအိပ်မယ်တဲ့ အေးအေးဆေးဆေး ဘုရားဖူးဖြစ်ခဲ့တာ။ ကျိုက်ထိုဟိုတယ်မှာ ပထမဆုံးတည်းခဲ့ဖူးတာပါ။
တောင်ပေါ်ရောက်တော့ ရေနွေးလေးနဲ့ ရေချိုးရင်း ပြီးခဲ့တဲ့နှစ်ခေါက်က ရေမချိုးရတဲ့ အဖြစ်ကို ပြန်တွေးနေမိတယ်။ ဘုရားပေါ်မှာ ကြာကြာနေခွင့်ရလိုက်တယ်။ ပြီးတော့ ကျီးကန်းပါးစပ်နဲ့ လေယာဉ်ကွင်းအနား အထိ။ လမ်းတစ်လျှောက် အလှူခံတွေနဲ့ အညာသားဦးကြီးရဲ့ ဒေါသကို ဖြေရှင်းပေးရသေးတယ်။ လှူဖို့တန်းဖို့ ငါတို့ သဒ္ဒါပါတယ်ကွာ ဒါပေမယ့် လွန်ကိုလွန်လွန်းတယ်ဆိုပြီး အော်တော့တာကိုး။ ဟိုဖက်ကိုလည်း မျက်နှာပူ ဒီဖက်ကိုလည်း မျက်နှာနာနဲ့ အင်းတိုးဂိုက်လုပ်လို့တော့ မဖြစ်တော့ပါဘူး။ ဦးရီးရာ စိတ်လျှော့ပါဗျာဆိုပြီး ကိုယ်နိုင်တဲ့ သူကိုပဲဆွဲခေါ်ခဲ့ရတော့တာ။
မနက်လေးနာရီထ ရေမိုးချိုးပြီး ဘုရားကို ဆွမ်းတော်ကပ်။ ရှစ်နာရီလောက်မှာ တောင်အောက်ပြန်ဆင်းခဲ့ရတယ်။ တောင်ခြေက ထမင်းဆိုင်ကလည်း ထမင်းမစားမချင်း အနားကပ်ပြီးတော့ကို အော်နေတော့တာ။ ထမင်းစားလို့ရပြီဆိုတာက ထမင်းမစားသေးတဲ့ အဖွဲ့ ထမစားမချင်း ၅မိနစ်ခြားတစ်ခါ အော်နေတာလေ။ နောက်တော့ ဆာ, ဆာ မဆာ, ဆာ နားအေးပြီးရော ဆို စားလိုက်မှ တစ်ခြားနေရာရွှေ့သွားတော့တာ။ ချဉ်ပေါင်ကျော်က စားကောင်းလို့ ထပ်တောင်းပြန်တော့ ရန်ဖြစ်ရပြန်ရော။ ထမင်းဆိုင်ဆိုတာ စေတနာလေးပါ ထည့်ရင် ကုသိုလ်လည်းရ ၀မ်းလည်းဝမယ့်အလုပ်မျိုးပါ။ ကိုယ်တိုင်ဆိုင်မဖွင့်ရသေးလို့ ထင်ပါရဲ့ ဆိုင်ဖက်က တွေးမိရင် ဘယ်လိုနေမလဲမသိ။
စတုတ္ထအကြိမ်ကတော့ အလုပ်ဟောင်းက လုပ်ဖော်ကိုင်ဖက်များနဲ့ပါ။ သူတို့နဲ့ ပထမဆုံး ပဲခူးခရီးအပြီး ကျိုက်ထီးရိုး ခရီးစဉ်လိုက်ဖြစ်ခဲ့တယ်။ တောင်ပေါ်ကို ဒီတစ်ခါတော့ ခြေလျင်တက်မဟဲ့ ဆိုပြီး အားခဲထားတာ လွဲပြန်ပါလေရော။ လူကြီးတစ်ယောက်ပါတာရယ် ဟိုမှာတည်းခိုဖို့ စီစဉ်ရမှာရယ်မို့ အနစ်နာခံပါတဲ့။ ကဲလေ ကုသိုလ်ရပါတယ်ပေါ့ ကားနဲ့တက်ခဲ့ရပြန်ရော။ တောင်ပေါ်ရောက်တော့ ရုံးပိတ်ရက်ရယ် ပွဲတော်ရက်ရယ်မို့ စည်ကားနေတယ်။ ရင်ပြင်တော်ပေါ်မှာတင်အိပ်တဲ့ အဖွဲ့တွေက အိပ်စက်ကြတယ်။ အခန်းတစ်ခန်းရဖို့အရေး ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်။ အားလုံးက ခေါင်းခါကြတာကိုး။ ဈေးကလည်း ခေါ်နိုင်တဲ့အချိန်ဆိုတော့ လာသမျှ လူအရေအတွက်နဲ့ ပြန်စားရင်း ဦးနှောက်ကို ခြောက်ရော။ ထမင်းဆိုင်တွေရဲ့ နောက်ဖက်မှာ အခန်းလေးတစ်ခန်းရလိုက်တယ်။ အခန်းရှေ့မှာ ရေတိုင်ကီလေးပါ ထည့်ပေးထားတာမို့ ရေပါဝယ်ရင်း အားလုံး စီစဉ်အပြီး တောင်တက်အဖွဲ့တွေလည်းအရောက်။ မောတယ်မောတယ်ဆိုပြီး ဖဲထိုင်ရိုက်လိုက်ကြတာ ညနေဖက်အထိ သူတို့မထကြ။ ဘယ်သူ့ကိုမှ ခေါ်မရ။ လူစုပြီးဖဲထိုင်အရိုက်ခိုင်းသလား အောက်မေ့ရတယ်။ အစတော့ အပျော်ဆိုပြီး ၀င်ကစားလိုက်ပါသေးတယ်။ နောက်တော့ တော်တော်နဲ့ မရပ် ပြောလို့ကလည်း မရ ဒါနဲ့ ဘုရားပေါ်တစ်ယောက်တည်း တက်ရင်း ဘုံကျောင်းက အစ်ကိုကြီးတွေနဲ့တစ်ခေါက်။ သူငယ်ချင်းစုံတွဲနဲ့ တစ်ခေါက် ဆုံဖြစ်ခဲ့တယ်။ ဘုံကျောင်းက အစ်ကိုကြီးတွေနဲ့ နောက်ထပ် ကျောက်ထပ်ကြီးကိုရောက်ခဲ့ပြန်တယ်။
ကျောက်ထပ်ကြီးက ပြန်လာတော့ ဖဲနိုင်တဲ့ သူငယ်ချင်းက အမိုးဆိုင်မှာ တောဝက်သားနဲ့ တာလပေါဟင်း ကျွေးမယ်ဆိုပြီး ခေါ်သွားပြန်ရော။ အမိုးနဲ့ ဖထီးရန်ဖြစ်တဲ့ ပုံလေးကို အမှတ်ရမိတယ်။ ဖထီးက နားညည်းတယ် နင့်ဟာနင်လုပ်တော့ ဆိုပြီး ထွက်သွားလို့လေ။
အဆင်းမှာတော့ ခြေလျင်အဖွဲ့နဲ့ လိုက်ခွင့်ရခဲ့တယ်လေ။ ဓါတ်ပုံတွေရိုက်ရင်း ကင်မရာအိတ်ကလေး တောင်အောက် ပြုတ်ကျသွားတာကို နှမြောတသ ကြည့်နေခဲ့ရတာ။ တကယ်က ဆင်းကောက်ချင်သေးတာပါ။ အစောကြီးဆင်းသွားတဲ့ အဖွဲ့ တောင်ခြေထန်းရည်ဆိုင်မှာ သူငယ်ချင်းတွေတစ်ဖွဲ့ကြီး သောက်နေကြလေရဲ့။
ထမင်းဆိုင်မှာစောင့်ရင်း ပေါ်မလာ ပေါ်မလာနဲ့ သွားခေါ်တဲ့ ကောင်မလေးပါ ငိုပြီးပြန်လာခဲ့တာ။ စလွှတ်လိုက်ကြတယ်ထင်တယ်။ မကြာပါဘူး ကျနော့သူငယ်ချင်းဦးဆောင်တဲ့ ထန်းရည်မူးတပ်ဖွဲ့ကြီး ဆိုင်ရောက်လာခဲ့တာ။ ရောက်လာတယ်ဆိုကတည်းက အတုံးအရုံး တန်းစီအိပ်ကြတယ်။ သူငယ်ချင်းကလည်း အန်၊ ဘေးကလူတွေကလည်း နှာခေါင်းရှုံ့။ နောက်တစ်ခေါက် သူတို့မန္တလေးသင်္ကြန်သွားတော့ ကျနော် နောက်ချန်နေရစ်ခဲ့တော့တဲ့အထိ။ ကျိုက်ထီးရိုးဆိုတာ ဖဲရိုက်ဖို့နဲ့ ထန်းရည်သောက်ဖို့ ခရီးစဉ်တစ်ခုလို့ မှတ်သွားမိတဲ့ အခေါက်ပေါ့…..
ပဉ္စမမြောက်အခေါက်ကိုတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မိသားစုနဲ့လိုက်ဖြစ်ခဲ့တာပါ။ အလုပ်တစ်ဖက်နဲ့ နေ့တ၀က်ခွင့်ယူပြီး လိုက်သွားခဲ့တာ။ အမှတ်မမှားဘူးဆိုရင်တော့ ရွှေအိုးကြီးထမင်းဆိုင်မှာပဲ တည်းခဲ့တာ။ အဲဒီအခေါက်မှာတော့ မီးလောင်ပြီးသွားပြီမို့ ထမင်းဆိုင်တွေက တိုက်တွေဖြစ်သွားခဲ့ပြီ။ အားလုံးက တိုက်တန်းတွေလေ။
တည်းခိုခတော့ ပေးစရာမလို ဧည့်စာရင်းတိုင်ခတော့ ပေးလိုက်ရတယ်ထင်တယ်။ ညဖက် ဘေးပတ်လည်အခန်းတွေက ဂီတာတီး သီချင်းဆိုကြတာမို့ မြေအောက်ထပ်လေးမှာ ဆူညံလို့။ ညတာရှည်လွန်းလိုက်တာလို့ စိတ်ထဲမှာမှတ်ထင်စေခဲ့တာ။
ညဦးပိုင်းကတော့ ကျောက်သမ္မာန်ပေါ်မှာ သွားထိုင်နေခဲ့ကြတာ။ တစ်ခြားအဖွဲ့တွေက ဂစ်တာတီး သီချင်းဆိုရင် အဖွဲ့သုံးဖွဲ့လောက်ကနေ တစ်ဖွဲ့တည်းကိုဖြစ်သွားတော့တာ။ ကျိုက်ထီးရိုးရဲ့ ရသအစစ်အမှန်က အဲ့လိုဗျ။ မသိသေးတဲ့သူတွေ ဒီခရီးမှာရင်းနှီးလွယ်စေသတဲ့လေ။ အဲဒီညက မဖြူဆိုတဲ့ အစ်မကြီးကို အခုအထိအမှတ်ရတုန်း။ သူတို့တည်းတဲ့ဓမ္မာရုံက အနီးဆုံးဆိုတော့ လက်ဖက်သုတ်တွေ ဇလုံကြီးနဲ့ သုတ်လာပြီး အားလုံးကို အားရပါးရခွံ့ကျွေးခဲ့တာ။ တကယ်ဆို တစ်ခါမှမတွေ့ဖူးကြတဲ့ တစ်စိမ်းပြင်ပြင်တွေလေ။ ကျနော်တို့မြန်မာတွေရဲ့ ခင်မင်ရင်းနှီးလွယ်တဲ့ စိတ်ဓါတ်က အတိုင်းသားနော်။ အခုပြင်ပမှာတော့ မမျှော်လေနဲ့။
အဲဒီအခေါက်ကတော့ သမရိုးကျပုံမှန်လေးပေါ့။ ပြန်လာကာစ ရုံးပြန်အတက်မှာ ရုံးက ကျိုက်ထီးရိုးခရီးစဉ်တစ်ခုနဲ့ ကြုံပြန်ပါတယ်။ ဒီတစ်ခါတော့ အားနာနာနဲ့ပဲ ငြင်းလိုက်ရတယ်။ ကံတော့ အတော်စပ်တယ်ဆိုရမယ်ဗျ။
နောက်ဆုံးရောက်ဖြစ်တဲ့အခေါက်က ဖေနဲ့မေကိုလိုက်ပို့ခဲ့တာ။ ကျနော်ဆုကြေးရတဲ့ပိုက်ဆံထဲက သူတို့နှစ်ယောက်ကို ကုသိုလ်ဖြစ်ဘုရားဖူးလိုက်ပို့ခဲ့တာ။ ဝေါကိုခဏခဏလာရတဲ့ ဖေက ကျိုက်ထီးရိုးကို တစ်ခါမှမရောက်ဖူးခဲ့ပါဘူး။ ရန်ကုန်မှာ ကျောင်းတက်တဲ့ မေက ကျိုက်ထီးရိုးကို တစ်နှစ်တစ်ခေါက်တဲ့။ အဲဒီတော့ ကျနော်တို့သားအမိ ကျိုက်ထီးရိုးအကြောင်း ပြောကြရင် သူ့ခမျာ သနားစရာ။ အဓိက သူရောက်ဖူးတယ်ရှိအောင်လိုက်ပို့ကြတာပါ။ ရန်ကုန်ကနေ အဲယားကွန်းလေအိတ်ကားဆိုတဲ့ လက်မှတ်ဝယ်ပြီး ကြေးသွန်းဘုရားကြီးနားက စောင့်နေခဲ့တာ။ မလာ မလာနဲ့ ခရီးသည်မပြည့်လို့ တစ်ခြားကားဂိတ်တစ်ခုကို အကူအညီတောင်းပြီး ခုံနေရာတောင်းပြီး အကြုံတင်ခိုင်းခဲ့တယ်တဲ့။ အဲဒီကားကလည်း ကျနော်တို့ကို မမေး ငုတ်တုပ်၊ ကျနော်တို့ကလည်း ကားမလာပါဘူးဆိုပြီး စောင့်နေ။ နောက်တော့ဂိတ်စာရေးက အသိမို့ မနေနိုင်ပဲမေးတော့မှ နှစ်ဦးနှစ်ဖက် စောင့်နေကြတာကို သိတော့တယ်။ အဲယားကွန်းကားမို့ မှန်ချပ်တွေကို မရှိတော့ ကားဝမ်းဗိုက်ကလည်း ဟိုတစ်ပေါက် ဒီတစ်ပေါက်။ ထွက်လာမှတော့ မထူးတော့ပါဘူးဆိုပြီး လိုက်ခဲ့တော့တာပါပဲ။ အဲလိုမျိုး ခဏခဏကြုံရတယ်လို့ အသိတွေက ပြန်လာတော့ ပြောပါတယ်။
ဆောင်းတွင်းကြီးတက်ခဲ့တာမို့ တောင်ခြေမှာတင် တော်တော်အေးနေခဲ့ပြီ။ တောင်ပေါ်အထိ ကားတက်ခွင့်မရှိတော့တာမို့ ရသေ့တောင်ကနေ ခြေလျင်တက်ခဲ့ရတယ်။ ဘုရားနဲ့နီးတဲ့ နေရာမှာ တည်းစေချင်လို့ တိဿဆောင်မှာပဲ တည်းဖို့ စီစဉ်ခဲ့ပါတယ်။ သေသပ်တဲ့အခန်းတစ်ခန်းတော့ ရခဲ့တယ်။ ရေပူတော့မရဘူးပေါ့ဗျာ။
ဘုရားပေါ်မှာရွှေသင်္ကန်းကပ်တော့ ဘုရားလူကြီး ဘကြီးတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ အဘရယ် ကြက်မတစ်ဝပ်စာနေရာလေးပြပါ ကျနော့အဖေကိုဖူးစေချင်လို့ပါဆိုတော့ သူကပြပေးတဲ့အပြင် ဘုရားကိုတိုင်တည်ပြီး ကျောက်တုံးကြီးကိုလှုပ်ပြခဲ့ပါတယ်။ ကျောက်တုံးအလှုပ်ကို အောက်မှာထောက်ထားလေးတဲ့ ၀ါးခြမ်းလေးတွေအညွှတ်က သက်သေပြခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း လှုပ်ဖို့ကြိုးစားပေမယ့် လုံးဝမလှုပ်ခဲ့ပါဘူး။ သမာဓိ သီလတွေ သစ္စာတရားတွေလိုအပ်သေးတယ်လို့ဆိုပါတယ်။ ကြက်သီးတဖြန်းဖြန်းထရင်း ဘုရားရဲ့ အံထူးဖွယ်ကို ဖူးတွေ့ခဲ့ရပါတယ်။
ဝေးဝေးလံလံမသွားနိုင်တဲ့နောက် တောင်ပေါ်မှာ တစ်ညအိပ်ပြီး နောက်နေ့မှာ ပြန်ဆင်းခဲ့ပါတယ်။
ခြောက်ခေါက်သာရောက်ဖူးခဲ့တယ် တစ်ခေါက်မှ ခြေလျင် တက်ဖူးခဲ့တာမရှိခဲ့သေးဘူး။ ငယ်တုန်းလေး သန်တုန်းလေး တက်ချင်ပေမယ့် အခွင့်မရခဲ့သေး။ အင်း နောက်တစ်ခေါက်ဆိုတာ များရှိခဲ့ရင် ခြေလျင်တက်ပြီး နောက်တစ်ခေါက်ထပ်လွမ်းချင်ပါသေးတယ်။ အခုတော့ အလွမ်းတွေ ကုန်သွားအောင် သွားခဲ့သမျှ အခေါက်တိုင်းကို လွမ်းထည့်လိုက်ပါပြီ။
17 comments:
၁. ဦးထားတယ်..။ မအိပ်ခင်လေး အဟဲကိုရွာသားရေ အိပ်တော့မယ်ဆိုပြီး...။
ကျွန်တော့်မမေ့နိုင်အတွေ့အကြုံကတော့ ဘောင်ဘီပြဲ.. ဟိုဟာတက်နင်းမိ..ပြီးတော့ ကားနဲ့တက်တော့ နောက်ကဒေသခံအဒေါ်ကြီးက ဟဲ့ကောင်လေးနင့်ခြေထောက်မှာ ဘာတွေပေနေတာလဲလို့ အာပြဲကြီးနဲ့မေးတော့ ရှက်လိုက်တာ..။ ပြိုင်ဦးမဲ့လူလည်းမရှိ.. ထပ်ရှက်စ်..။
မရှက်ပါနဲ့ ။တို့ချည်းဘဲ ၁ ဖြစ်နေလို့ရှက်လို့ နေရာခဏဖယ်ပေးထားတာ ..ကျေးဇူးတင်လိုက်တာ..:P
ဖြိုးရယ်။
လွမ်းးးးးးးးးးးးးးးးလွမ်း..ပါသည်။
တခါမှ မရောက်ဖူးဘူး... အတွေ့အကြုံတွေ သတိတရ မှတ်ထားတာ ကောင်းတယ်နော်...
အများကြီးလည်းချစ်တတ်ပါတယ်။လို့ ဆိုပါတယ်။ ပြောသမျှလည်းယုံတတ်ပါတယ်တဲ့။
လွမ်းလွမ်း သူကလွမ်းလိုက် ဓါတ်ပုံတွေတင်လိုက် လူကို ပြန်ချင်အောင်လာလာ လုပ်နေတယ်
အိမ်ထောင်ကျပြီးလို့ ခလေးတွေရရင်တစ်ခေါက်ထပ်လာအုးံလေ ။ လိုက်ပို့ပေးမယ် ကားမယူလာပါနဲ့ ရွာကကင်ပွန်းစခန်းနဲ့နီးတယ်ဆိုတော့ လှည်းနဲ့သွားလည်းရတယ် ။
တကယ်မဖြစ်သေးပဲနဲ့လိုက်ပြောနေတော့ အာချောင်သလိုကြီးဖြစ်နေတယ်နော်း) တကယ်ကိုဆုံချင်ပါသေးတယ် ။
ကျိုက်ထီးရိုးရောက်ဖူးသေးဘူး။
ရောက်ဖူးတဲ့သူတွေက ရေးနိုင်ကြတာပေါ့...
သာမညတော့ ရောက်ဖူးတယ်... ဟီး..သာမညမှာ ဖူးစာ
ဆုံကြတာလေ.သာမညအပြန် ကျိုက်ထီးရိုးတက်ရင်ရပေမယ့်
မတက်ဖြစ်ခဲ့ကြဘူး။
ရွာသားလေးရော.. ဖူးစာတွေ့မလာဘူးလား. ;D
တမ်းတလွမ်းဆွတ်ဖွယ်ရာ အမှတ်တရလေးတွေပေါ့ဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကောင်းပါ့ဗျာ.. ထပ်တလဲလဲမမေ့နိုင်အောင်ဖြစ်သွားတာပေါ့..။
အမက ၃ ခေါက်ပဲ ရောက်ဖူးတယ်… ပထမဆုံးအခေါက်က ခြေလျင်တက်၊ ခြေလျင်ဆင်းတယ်… အဖေ၊အမေမပါပဲနဲ့  ပထမဆုံးသွားတဲ့ ခရီးပေါ့… ခြေလျက်တက်ရတာ အပျော်ဆုံးပဲ… နောက် ၂ခေါက် ကားနဲ့ တက်တာ စိတ်ညစ်စရာကြီး… ဘုရားလာဖူးကြတာကိုပဲ ကားပေါ်မှာ အချင်းချင်း ပြဿနာတွေ တက်နေကြတာ… သားလေးခေါ်ပြီး တနှစ်လောက်တော့ ခြေလျက်တက်ဦးမယ်
ငယ်ငယ်တုန်းကသန်တုန်းလေးဆိုတော့ အဘရွာသားက တော်တော်အသက်ပြီးပြီပေါ့နော်ဗျာ.....။
ကျိုက်ထီးရိုးကို ၂ခါပဲ တက်ဖူးပါတယ်။ ကြီးမှဆို ၁ခါထဲပါ။ အဲဒီတုန်းက စိတ်ကြည်နူးမှုကို ပြန်သတိရမိလို့ သွားချင်ပါသေးတယ်။ တသက်လုံးမှာ မိန်းမဖြစ်ရတာကို တခါပဲ စိတ်တိုင်းမကျဖြစ်ဖူးတဲ့ အချိန်က စေတီတော်နား မိန်းကလေးတွေ တက်လို့မရဘူးဆိုတာ တွေးမိတဲ့အချိန်မှာပါ...
သုံးခေါက်လားပဲရောက်ဖူးတယ်။
ခြေလျှင်လည်းတစ်ခါမှမတက်ရဘူး။ အဆင်းတော့ ကားနဲ့ဆင်းချင်တယ် တောင်တက်ရတာကြိုက်ပေမယ့် အဆင်းဆို အောက်ကိုကြည့်ပြီး အသည်းယားလွန်းလို့..... ခြေကမခိုင်ဘူးရယ်..... အဟီးးး
ကျောက်သမ္မာန်ဖက်လည်းမရောက်ဖူးဘူး
လက်ဖက်သုတ်စားချင်သွားတယ်....
အနော်နဲ့ကျိုက်ထီးရိုးရောက်တဲ့အကြိမ်ပြိုင်မလား။ဒါဆိုအနော်နိုင်မှာဗျား။
သဘောကျတာက အပိန်ဆုံးကောင်လေးကိုရွေးဆွဲခေါ်သွားလို့တည်းလိုက်ရတယ်ဆိုတာပဲ။အဟီး
အလွမ်းတွေ ကုန်သွားအောင် လွမ်းထည့်ပြီး ရေးလိုက်တာဖတ်ပြီး အရမ်းကိုလွမ်းသွားတယ်
၂ ခေါက်ရောက်ဖူးတယ် ထပ်လည်းသွားချင်မိတယ်
ကားစီးတဲ့အချိန်တော့ သိပ်ကြောက်တာပဲ
မနက်အစောဆုံးနဲ့  ညသန်းခေါင်လူရှင်းတဲ့အချိန်ဆို ဘုရားကိုပူဇော်ရတာ သိပ်ကြည်ညိုဖို့ ကောင်းတာပဲ
အေး၂ချမ်း၂နဲ့ 
(ကိုယ်တိုင်ရွှေသင်္ကန်းမကပ်နိုင်တော့ ဆုတောင်းတယ် ဖြစ်လေရာဘ၀ ယောက်ျားလေးသာ ဖြစ်ရပါ၏လို့ ) အပေါ်ဆုံးက ဆည်းဆာပုံလေးကို သိပ်သဘောကျတယ်
အဲ့ဒီ့ဘုရားပေါ်က မုန့် ဟင်းခါး (အသီးအရွက်အစုံနဲ့ ဟာလည်းသဘောကျတယ်) အပြန်မှာ လမ်းမှာရောင်းတဲ့ ငါးသလောက်ကင်ကိုလည်း ကြိုက်တယ်
ဖတ်ပြီး ထပ်သွားချင်မိတယ်
Post a Comment