08 October 2008

တောင်ကြီး (၁)


“ သူ့အတွက်အလွမ်းပြေ ပန်းတွေတစ်ပွင့်ဆီ ခြွေကာမြေမှာ စုထားရရင်ကွယ် ခုများဆို စကားဥပမာပြောလို့နှိုင်းတယ် မောတို့တိုင်းရဲ့ရှမ်းတောင်တန်းသဖွယ် ဖြစ်နေမယ်ထင်တယ်” ဆိုတဲ့ သီချင်းလေးကြားတိုင်း အဲဒီမရောက်ဖူးလေတဲ့ အလွမ်းတောင်တန်းတွေဆီကို သွားချင်နေမိတယ်။ တခါတခေါက် အရောက်သွားချင်စိတ်က တစ်ဘဝလုံးစာကို ကြီးစိုးနေတော့တာ။ ငယ်တုန်းကတော့ မေက လူရည်ချွန်ဆိုတဲ့ စကားလုံးနဲ့ ဖြားယောင်းဖူးတယ်။ ညီလင်းညိုတို့ အမာညိုတို့ လိုပေါ့ အင်းလေးတို့ ငပလီတို့ကို လူရည်ချွန်ဆိုတဲ့ အိပ်မက်နဲ့ မက်ခဲ့ကြသလိုပေါ့။ တစ်မျိုးတော့ တစ်မျိုးပဲနော် သမဝါယမမှာ ပစ္စည်းထုတ်သလိုမျိုး ဒီတစ်မျိုးယူမှ နောက်တစ်မျိုးပေးမယ်ဆိုတာမျိုးလေဗျာ။

ကျောင်းသင်ခန်းစာတွေ အားလုံးပြီးတဲ့နေ့မှာ အိမ်ကိုခဏအပြန်။ နဂိုတည်းက ရောဂါပေါတဲ့ မေ့မှာ နောက်ထပ်အသစ်နှစ်မျိုးရှိနေပြန်ပြီတဲ့။ ဆရာဝန်က စိတ်ပြေလက်ပျောက် ခရီးထွက်ဖို့ပြောတော့ အဲဒီတောင်ကြီးဆိုတဲ့အရပ်ကို ဦးတည်ခဲ့ကြတယ်။ အားလုံးစီစဉ်ပြီးတဲ့နောက်မှာတော့ ခရီးတစ်ခုစဖြစ်ခဲ့တယ်။ ကမ်းတစ်ဖက်အကူးမှ သတိရတာက ဦးတိကျဖေရယ် သူ့မှတ်ပုံတင်မပါလာခဲ့ဖူး။ ကားလိုင်စင်တော့ ပါတာမို့ ပြန်မလှည့်တော့ပဲ မကွေးဖက်မှာပဲ မနက်စာစားဖြစ်ခဲ့တယ်။ တရွေ့ရွေ့မောင်းလာလေတဲ့ ကားနဲ့ ကျောက်ပန်းတောင်းက ဖိုးပြုံးချိုမှာပဲ ထမင်းစားမယ်ထင်ခဲ့တာ တကယ်တော့ လဘက်ပြားရောက်မှာစားဖြစ်တော့တယ်။ ငါးသေတ္တောကို ခရမ်းချဉ်သီးနဲ့ ကြက်သွန်နိုင်နိုင်သုပ်လေတဲ့ ဒီဟင်းအမည်က အသစ်ဖြစ်စေခဲ့တယ်။ ကြက်သားကြော်မှာ နာမည်ကျော်တဲ့ အရပ်မို့ မဝယ်မဖြစ်ကြက်သားကြော်လည်းပါတာပေါ့။ ဝယ်လာတဲ့ ကြက်သားကျော်ကို တစ်လမ်းလုံးစားသွားလိုက်တာ ပါးကိုညောင်းယူရော။ ဘယ်လောက်ဝယ်ခဲ့လဲဆိုတော့ အသည်နှစ်သည်ကို အားနာတာနဲ့ နှစ်ဗန်းထဲရယ်ပါ။ 

အမှတ်မထင် ကားသမား အစ်ကိုကြီးနဲ့ လဘက်ပြားသူလေးရဲ့ဇာတ်လမ်းလေး ကိုလည်း ကြုံခဲ့ရသေးတယ်။ ခရီးသွားလာရင်းအကြံုကြိုက်ပေမယ့် တစွဲတလမ်းရှိတဲ့ အစ်ကိုကြီး အိမ်က သဘောမတူတာမို့ နှစ်ယောက်သားဝေးနေလိုက်ကြတာ။ ကိုသက်အောင်ခမျာ ဆုံးသာသွားရော ပေါင်းမသွားရဖူးထင်ပါရဲ့။ အချစ်စစ်တို့သည်လည်း ဆုံနိုင်ခွင့် ကြံုခဲတတ်ဘိခြင်း။

သာစည်နည်းနည်းကျော်တော့ မြင်ကွင်းတွေက ပြောင်းစပြုလာပြီ။ လမ်းကတော့ ကျဉ်းသေးတယ်။ ဖုံထူတဲ့ အညာမြေနဲ့ မောမြေတံခါးဝက စတင်ကွာခြားစပြုလာပြီ။ လမ်းဘေးတစ်ဖက်တစ်ချက်ကလည်း ကုက္ကိုပင်ကြီးတွေထင်ပါရဲ့။ တစ်ချို့ဆို လက်နှစ်ဖက်စာတောင် မလောက်နိုင်တော့လောက်အောင် ကြီးမားနေပြီ။ ဒါပေမယ့်ရာသီဥတုကတော့ ပူနွေးဆဲ။

တရစ်ပြီးတစ်ရစ် တက်လာပြီးတဲ့နောက်မှာ ရေဖြူလား ဝက်ဖြူလားမမှတ်မိတော့ပါ။ တောင်တွေပေါ်ကို တက်လာနေပြီဆိုတာ သတိထားမိတယ်။ လိမ္မော်သီးကင်းတွေမြင်တော့ ငေးလိုက်ကြတာ။ ကလောကို မကြာခင်ဝင်တော့မယ်။ မြေနီတွေ မြင်နေရပြီ။ ကောင်းကင်ကလည်း ပြာလိုက်တာနော်။ မြို့အဝင်မှာတော့ ထုံးစံအတိုင်း အညောင်းပြေအညာပြေ လမ်းဆင်းလျှောက်ရပါသေးတယ်။ ကလောမြို့လေးလှပင်မယ့် နေရစ်ဦးပေါ့။

ကလောပြီးတော့ အောင်ပန်းထင်ပါရဲ့။ မှတ်ဉာဏ်တွေလည်း ချို့တဲ့နေခဲ့ပြီ။ အောင်ပန်းမှာ ကားခဏရပ်တော့ ပြေးလာလိုက်တဲ့ လိမ္မော်သီးသည်တွေ မနည်းပါလား။ ကျောင်းသားအရွယ် လိမ္မော်သီးသည်လည်းတွေ့ပါရဲ့ ကျောင်းမှတက်ရဲ့လားမသိ။

အောင်ပန်းကအထွက်မှာ ပင်းတယကိုသွားဖို့ ရှမ်းပျိုနှစ်ယောက်က အကူတောင်းတာမို့ နောက်ခန်းမှာခေါ်တင်ရင်း သူတို့ရဲ့ ဘဝကို မေးနေမိတယ်။ ပင်းတယမရောက်ခင် ရွာကြီးတစ်ရွာကပါ။ အခုလည်းကုန်သွားသွင်းပြီးပြန်လာတာတဲ့။ ထုံထုံနဲ့မောင်းနေတဲ့ ထော်လာဂျီတွေမစီးဖူးလားဆိုတော့ ရီပြီးဖြေတယ် နှေးလို့မစီးချင်ဘူးတဲ့။ မြေပြန့်မှာအလုပ်ရှိရင် ခေါ်ပါဆိုလို့ရီခဲ့ကြသေးတယ်။ အခုဒီမှာတစ်နေ့ ငါးဆယ်ပဲရတာ တနေကုန်အောင်လုပ်ရတာဆိုမှ အရယ်မျက်နာတွေ ငိုမဲ့မဲ့ဖြစ်ခဲ့ရတယ်။ ဟုတ်မယ် ရှမ်းမတွေဆိုပေမယ့် မဖြူကြရှာပါဘူး။ အပြန်ကြဝင်ပါရှင့် ဂေါ်ဖီတွေတင်တဲ့ကား ကိုမြင်ရင် ဝေးလို့သာ အော်လိုက် လာခေါ်မယ်ရှင့်တဲ့။ တရှင့်ရှင့်ပြောတတ်တဲ့ ရှမ်းပြည်ရဲ့ စကားသံကနားထဲကို စိမ့်ဝင်လွယ်တယ်နော်။

ပင်းတယရောက်တော့ အမှောင်လုနေပြီ။ ထမင်းဆိုင်တွေ အားလုံးပိတ်နေပြီ။ ကြံလိုက်တစ်ဆိုင်တော့ မီးမပိတ်သေးတာမို့ အပြေးအလွှား သွားစားရတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကြောင့်လား ရှမ်းပြည်မှာ ထမင်းစားရတာ မြိန်လိုက်တာ။ ထမင်းစားပြီးရင် ကုံလုံကို ချီတက်ခဲ့ကြတယ်။ လမ်းတစ်လျှောက် တောင်းနေတဲ့ ကလေးတွေက ပစ်ချသူတွေကြောင့်လား အကျင့်တွေပါကုန်ကြပြီထင်ပါရဲ့။ ချိုချဉ်တွေ ကလွဲရင် ပိုက်ဆံပစ်မချချင်ခဲ့တဲ့ ကျနော့စိတ်က အဆန်းသား။

ကျောင်းရောက်တော့ မိုးချုပ်နေပြီ။ တခြားဘယ်မှာမှ မရှိတဲ့ ဧည့်စာရင်းကိုတိုင်ရင်း မနက်စာ အာရုံဆွမ်းကပ်ဖို့ လျှောက်ဖြစ်တယ်။ မနက်လေးနာရီမှာ မျက်နှာသစ်တော့ ခွက်ကိုတောင် ကောင်းကောင်းမကိုင်နိုင်တော့ အေးစက်လို့ကျင်တက်နေခဲ့ပြီ။ ခေါင်းလျှော်မယ်ဆိုတဲ့ အသံကြားမှာ ရေချိုးဖို့တောင် အားမမွေးရဲတဲ့ ကျနော်တို့တစ်တွေ ရီနေကြရတာပေါ့။ မနက်ငါးနာရီထရင်း ရှမ်းကိုရင်တွေကို ဆွမ်းလောင်းကြရတယ်။ သက်သက်လွတ်ပဲပုပ်ချက်နဲ့ အသီးအရွက်ပါပဲ။ တစ်ပါးချင်းရဲ့ သပိတ်ထဲကိုလောင်းထည့်ရင်း ကုသိုလ်တစ်ရားတွေပဲ ပွားနေမိတော့တယ်။ ပြီးတော့ ကုံလုံဆရာတော် အဖူးအမြော်ခံတဲ့ ဓမ္မာရုံကိုပေါ့။ ဆရာတော်ကို ဖူးအပြီး ပြန်ဆင်းလာခဲ့ကြတယ်။ ပင်းတယ ရွှေဥမင်ကို ဝင်ရင်းပါ။ တောင်ပေါ်မတက်ခင် လက်ဖက်တွေမြည်းရတာ ပျော်ဖို့ကောင်းတယ်။ ဝါးဆစ်ထဲက လက်ဖက်တွေက ဘာကြောင့်အရသာပိုရတာပါလိမ့်။ များပြားလှတဲ့ ဘုရားတွေကြားမှာ တကယ့်ကို ကြည်ညိုဖို့ကောင်းလိုက်တာ။ တောင်ပေါ်က အမြန်ဆင်းပြီး ပုတ်တလုပ်ကန်ရေပြင်ကိုငေးရသေးတယ်။ ကြီးမားလှပတဲ့ သစ်ပင်တွေကလည်း အပြိုင်းအရိုင်းဆိုတော့ ရှမ်းပြည်လှတာ တကယ်ပါပဲပေါ့ဗျာ။

ဆက်ပါဦးမယ်


ဓာတ်ပုံလေးက ဒီကယူပါတယ် http://i.pbase.com/g6/48/734148/2/73669869.NSRVzay4.jpg

6 comments:

capricorn said...

ဟီး...ဒါ..ညီမတို့ရဲ့ မြေပါရှင် :)
အစ်ကို.. A-2 တုန်းက AF trip နဲ့သွားတာလည်းရေးပါဦး
စောင့်ဖတ်မယ်... :)

ကိုရုပ်ဆိုး said...

capricorn ကတော့ သူရဲ့ မြေတဲ့။ ဘယ်တုန်းက ၀ယ်ထားလိုက်တာလည်းမသိ။ ဟုတ်ပ ရွာသားရေ ... အဲဒီ ခရီးစဉ်လေးအကြောင်းရေးပါဦးဟ။ မင်းရေးရင် ဖတ်ရတာ ပိုပြီးအသက်ဝင်တယ်ဟ။

Phyo Evergreen said...

အစ်ကိုရေ ပထမဆုံးအကြိမ်လာလည်တာပါ..။
အစ်ကို့အရေးအသားကောင်းလို့ ရှမ်းပြည်ကိုလွမ်းသွားတယ်။
ဓာတ်ပုံတွေရှိရင်လည်းတင်ပေးပါဦးဗျာ..။

ဇင်ယော် said...

ဟဲဟဲ ရွာသား ခရီးသွားနေသည်ပေါ့ဗျာ။ လွင်မိုးလို ဒီဗီဒီ ရိုက်ခဲ့တာ ဟုတ်ဘူး။ channel news မှာ ပြလိုက်လို့ ကတော့ ၀က်ဝက်ကွဲပဲ။ မိုက်တယ်ဗျာ။ ကိုယ်တကယ် ခရီးသွားနေရသလိုပဲ။ ဖတ်လို့ ကောင်း တယ်ဗျို.။

Unknown said...

အတူလိုက်ပါနေရသလို ခံစားမိပါတယ်ရှင်
အင်း ပင်းတယက လက်ဖက်နဲ့  ပဲပုတ်ဆီဆမ်းလေးကို အောက်မေ့မိတယ် ကဲ ခရီးဆက်ကြတာပေါ့နော့

ကောင်းကင်ပြာ said...

လဘက်ပြားလို့ ကြားဖူးပါဘူး၊ လက်ပန်ဖျား ကို အလွယ်ခေါ်တာထင်တယ်၊း)