09 October 2008

တောင်ကြီး (၂)

ပင်းတယကနေ မေက သူ့ရဲ့ ဝါသနာသစ်ခွတွေ ဝယ်ဖြစ်အောင်ဝယ်ခဲ့သေးတယ်။ အခုဆို အိမ်က သရက်ပင်မှာ ပွင့်နေလောက်ရောပေါ့။ မနက်စာစားရင် ရန်ကုန်ကညီလေးတို့ နဲ့ အမှတ်မထင်ဆုံကြတယ်။ အန်တီခင်အေးတို့မိသားစုတွေ ပျော်ပျော်ပါး ဘုရားဖူးထွက်လာတာတဲ့။ အရင်တုန်းက ကျနော်ထိန်းခဲ့ရတဲ့ နိုနိုတို့ ဇိုဇိုတို့တောင် အရွယ်ရောက်နေပြီပဲ။ အင်းလေကိုယ်တိုင်တောင် ငယ်တော့တာမှမဟုတ်တာနော်။

ပင်းတယကပြန်ဆင်းလာပြီး တောင်ကြီးကို တက်ခဲ့ကြတယ်။ ဒီနေ့မီးပုံပျံပွဲစမယ်လေ။ ညက မမြင်ရလေတဲ့ ရှုခင်းကို မနက်အပြန်ခရီးမှာ ငေးရတော့တာပဲ။ ဟိုနေရာလေး ဓါတ်ပုံရိုက်မယ် ဒီနေရာလေးဓါတ်ပုံရိုက်မယ်နဲ့ ရှုခင်းတွေလှလေသမျှ ကားပေါ်မှာ ဂျီကျမိတော့တာ။ တောင်ကြီးကို ရောက်တော့ ၃နာရီထိုးပြီထင်ပါရဲ့။ ဦးသင်းတို့ အမတွေဆီကိုပဲတိုက်ရိုက်သွားမိတယ်။ လူအလာများတဲ့ ရက်မို့ ဟိုတယ်က သုံးယောက်စာပဲ စီစဉ်ပေးနိုင်တယ်တဲ့။ အတူတူလာလူ ရှစ်ယောက်မို့ အားလုံးတည်းဖို့ အဲဒီဗိုလ်ချုပ်လမ်းပေါ်က စိုက်ပျိုးရေးရုံး ဧည့်ဂေဟာမှာပဲ တည်းဖို့ဆုံးဖြတ်လိုက်တယ်။ တောင်ကြီးအိမ်မှာ ဘွားပုရောက်နေတာမို့ ကျနော်တို့ သားအမိတွေပျော်လိုက်ကြတာ။ ဟိုမှာ ဘွားပုလာလည်တုန်းက ဟင်းပေါင်း မုန်ညင်းစော ကင်ပေါင်းကြော်တို့ဆိုတာ နေ့စဉ်ရက်ဆက် စားရင်းဘွားပုလက်ရာ ရှမ်းစာက စွဲနေမိခဲ့ပြီ။

အဲဒီညနေမှာပဲ နာမည်ကျော်တဲ့ ကက္ကူကိုသွားဖြစ်ခဲ့တယ်။ အရင်တုန်းကလို အညိုရောင်နယ်မြေမဟုတ်တော့တာမို့ သွားရေးလာရေးအဆင်ပြေနေခဲ့တာ။ လမ်းတစ်လျှောက်ကရွာတွေကို ကြည့်ရင်း ဆရာမြသန်းတင့်ရဲ့ ကမ္ဘောဇအကြောင်းရေးထားတဲ့ စာအုပ်လေးကို သတိရမိတယ်။




ကက္ကူကိုရောက်တော့ နေစောင်းနေပြီ။ ဘုရားပွဲမှာ ရှမ်းအငြိမ့်တွေ ဇာတ်တွေကဖို့ ပြင်ဆင်နေကြပြီ။ သစ်ပင်ဝိုင်းကြီတွေအောက်မှာ ရွာနီးချုပ်စပ်က ဘုရားပွဲတက်စတိုင်က ကျနော်တို့ အညာအတိုင်းပဲနော်။ ဘွားပုပွဲခင်းထဲစျေးဝယ်နေတုန်း ကင်မရာတစ်လုံးနဲ့ ကျနော်ကတော့ ထုံးစံအတိုင်း ငြမ်းစင်ထားတဲ့ စင်ပေါ်ကို တက်နေမိပြီ။ အနောက်ဘက်ချောင်းကလေးကလည်း လွမ်းစရာတော့ အကောင်းသား။ ငါးရယ် ခဲတံချောင်းရယ်ဝယ်လာပြီး မနက်ဖြန်ငါးထမင်းနယ်ကျွေးမယ်တဲ့ အိုးပျော်စရာကောင်းလိုက်တာ။

အဲဒီညက အပြန်မောခမ်းမှာထမင်းသွားစားမယ်ဆိုပြီး အားကြိုးမာန်တက်ချီတက်ခဲ့တယ်။ အဝင်မှာပဲ စားပွဲထိုးလေးတွေက ကုန်ပြီတဲ့ ပြန်တော့တဲ့။ အရိုးခံတိုင်းရင်းသားတွေရဲ့ အရှိကိုအရှိတိုင်းပြောလိုက်တာ ဆာနေတဲ့ ဗိုက်တောင်မေ့သွားစေတယ်လေ။ လမ်းမထက်မှာတော့ မီးပုံးတွေနဲ့ အလှပြနေကြပြီ။ ကားနဲ့မဟုတ်ဘူးနော် လူတန်းကြီးက တန်းစီရွှေ့လျားနေတာ။ အားလုံးက စူဠာမဏိကို ဦးတည်နေကြတာထင်ပါရဲ့။









ကားဆက်မသွားနိုင်တာနဲ့ ကားကိုရပ်ပြီး လမ်းဆင်းလျှောက်ကြတယ်။ ဘုရားရောက်ဖို့တော်တော်လိုသေးတယ်။ အင်း လောင်းကစားဝိုင်းတွေက အများသား။ အမျိုးသာတွေတင်မက အမျိုးသမီးတစ်ချို့တောင်ပါသေးတယ်။ ဘုရားထိရောက်ဖို့ တော်တော်လျှောက်ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေရယ် မြို့ခံတွေရယ် ဘုရားရင်ပြင်တော်ပေါ်မှာ အပြည့်။ ဘုရားတန်ခိုးကြောင့်ထင်ပါရဲ့ ပြွတ်သိပ်နေတဲ့ မွန်းကြပ်မှုကို မခံစားလိုက်ရဘူး။ ဘုရားရှိခိုးပြီး ပြန်ထွက်လာတော့ မှည်းနက်တဲ့ ကောင်းကင်ယံမှာ အလှတွေဆင်နေကြပြီ။ ခဏတစ်ဖြုတ်ဆိုပြီး ငေးနေလိုက်ကြတာ အအေးဒဏ်ခံရတော့မှ အိမ်ပြန်ဖို့သတိရကြတော့တာ။ ဒါတောင်လမ်းတဝက်မှာ ကားရပ်ပြီးကြည့်နေမိတဲ့အထိ နောက်ဆံကတင်းနေခဲ့တယ်။ ပင်ပန်းမှုအပြည့်နဲ့ အိပ်ပျော်သွားခဲ့တဲ့ ညတစ်ညပေါ့။

မနက်မိုးလင်းတော့ ရေချိုးဖို့ကြိုးစားရတယ်။ မချိုးဖြစ်တာ နှစ်ရက်ရှိပြီလေ။ မနက်စာစားအပြီးမှာတော့ အင်းထဲဆင်းဖို့ပြင်ကြရတယ်။ ကျောက်မဲက ဧည့်သည်တွေနဲ့ ကားနှစ်စီးပြိုင်ထွက်ခဲ့ကြတာ။ အင်းထဲမှာ စက်လှေမကျန်တော့တာမို့ ညောင်ရွှေက အမျိုးတွေကို စီစဉ်ခိုင်းလိုက်ရတယ်။ အင်းလေးကို ရောက်ရဦးမှာပေါ့……..

4 comments:

လင်းဒီပ said...

ရှမ်းမလေးတွေ ပေါတယ်ချောတယ်ဆိုတာ မပါသေးဘူးနော်...
ဘာပဲဖြစ်ဖြစ်ကိုယ်တိုင်သွားနေရသလိုပဲ..ရေးတတ်ပ

ဂျူနို said...

ပျော်စရာကြီး။
....တောင်ပေါ်မြေမှာရွှေဝါပိတောက်ပန်းမရှိပေမဲ့ တောင်ပေါ်သူတွေအရိုးခံစိတ်ရင်းရှိကြတယ်....
...ဒီခေါက်ဆွဲကောင်းလို့ ပဲစားတာလား ကောင်မလေးလှလို့ ပဲစားတာလား...
...ရှမ်းပဲပုတ်လို့ ခေါ်ချင်ခေါ်ပါလေ ဒါကိုဗွေမယူနိုင်ဘူးလေ...
...ရှမ်းစကားလေးတော့သင်ချင်တယ်...
...ရှမ်းဘောင်ဘီတကားကားနဲ့ တွဲသွားရတာမရှက်ဘူးလား..
..တောင်ပေါ်မြေကိုလာနော့ အလည်ခေါ်တယ်နော့...

ဇင်ယော် said...

အင်း မွေတော်ကက္ကူက ဧရာမ သစ်ပင်ကြီးတွေကို လွမ်းမိတယ်ဗျာ။ အင်း ဟုတ်တယ် ရှမ်းမလေးတွေ ပေါတယ်ချောတယ်ဆိုတာ မပါသေးဘူး။ ရေးပါဦးဗျို.။

Unknown said...

ပျော်စရာ ခရီးလေးပဲ တောင်ကြီးထိမရောက်ဖူးပေမယ့် ခုတော့ အတူလိုက်ပါရလို ရေးနိုင်တဲ့အတွက် ရောက်ဖူးသွားပြီ ကျေးဇူးပါ (တော်သေးတာပေါ့ ရေချိုးလို့ )