12 October 2008

ဒုတိယမြောက် တောင်ကြီးဆီသို့


ဒီတစ်ခေါက်က အပျော်မဟုတ်သလို အလုပ်ကနေသွားခဲ့ရတဲ့ ခရီးတစ်ခု။ ဒါပေမယ့် ၂၀၀၆ ခုရဲ့ နှစ်အကုန် ၂၀၀၇နှစ်အသစ်ကို တောင်ကြီးမှာကြိုခဲ့တာပေါ့။

အလုပ်ကနေ မန္တလေးနဲ့ တောင်ကြီး စတိုတွေကို ပစ္စည်းစစ်ဆေးဖို့တာဝန်ပေးလိုက်တယ်။ ဌာနအလိုက် သုံးယောက်ရွေးလွှတ်လိုက်တာပါ။ ရုံးက ယာလည်းညက်စေ ထွန်လည်းမောစေဆိုပြီး သောကြာနေ့မှရန်ကုန်ကခွာ တနင်္လာနေ့ရုံးပြန်အတက်ဆိုပြီး လွှတ်လိုက်တာပါ။

ပြည်တွင်းလေယာဉ်ခရီးစဉ် အဖြစ် Air Mandalay နဲ့စတင်ကြုံရတာပါ။ ညောင်ဦးမှာ လေယာဉ်ဆင်းတော့ ကိုယ်လည်းလိုက်ဆင်းချင်လိုက်တာ။ ပုဂံမြေကိုလည်း ကျနော်ချစ်တာကိုး။ မန္တလေး တံတားဦးကို သိပ်မကြာဖူးရောက်ပါတယ်။ တံတားဦးကနေ မန္တလေး ကိုတော်တော်သွားရသေးတာပါကလား။ မန္တလေး လေဆိပ်ကြီးကိုလေ့လာချိန်မရပါဘူး။ မန္တလေး မှာ ဒီနေ့ညလုပ်စရာရှိတာလုပ် တစ်ညအိပ် မနက်ဟဲဟိုးကိုပြန်တက်ရမယ်လေ။

မန္တလေး စတိုကိုတန်းသွားပါတယ်။ စတိုဌာနကလူတွေလည်း ရုံးပိတ်ရက်ပေမယ့် ကျနော်တို့ကို စောင့်နေရရှာတယ်။ စစ်စရာရှိတာတွေစစ်ရင်း မရောက်ဖူးတဲ့ မန္တလေးရုံးကို တစ်ခေါက်တော့ လှည့်ကြည့်မိခဲ့သေးတယ်။ အားလုံးလက်စသိမ်းတော့ တော်တော်လေးမှောင်နေခဲ့ပြီ။ ကူညီညာဝိုင်းကြတဲ့လူတွေကို ညစာကျွေးအပြီး ဟိုတယ်ကို ရောက်တော့ မိုးချုပ်နေခဲ့ပေမယ့် မရပ်နိုင်ကြသေးပါဘူး။ မန္တလေးက ဆိုင်တစ်ဆိုင်ကို အော့ဒစ်ဝင်ရင်း ညစာစားခဲ့ကြတယ်။ နောက်တော့ မန္တလေးအိမ်ကို သတိရတာမို့ ဆိုက်ကားဆရာတစ်ယောက်ကို မေးတော့ သူလိုက်ပို့ပေးမယ်တဲ့။ အတူလာတဲ့ လူတွေကို ပြေးပြေးပြောပြော လုပ်ပြီး မန္တလာဆောင်းကို အန်တုပြီး ဆိုက်ကားတစ်စီးနဲ့ ၃၆လမ်းအိမ်ကို သွားဖြစ်ခဲ့တယ်။ မောင်နှမတွေ မတွေ့တာကြာပြီမို့ အိပ်နေတဲ့လူတွေအားလုံးတန်းစီးနိုးခဲ့ရတာ။ နောက်တစ်ခေါက် ပြန်ဆုံဖို့ဆိုတာ ဘယ်တော့လဲမှ မသိနိုင်တာ။ ဟိုတယ်ကို ပြန်ရောက်တော့ ၁၂နာရီထိုးနေခဲ့ပြီ။ ကျောချလိုက်ရုံပဲရှိသေး မောနင်းကောကခေါ်နေပြီ။ ဘုရားကြီးကိုလည်း ဖူးခဲ့ချင်တယ်လေ။ ဘုရားကြီးကို ဦးချရင်း မျက်နှာတော်သစ်နေတာနဲ့လွှဲသွားပါလားလို့ သတိထားမိလိုက်တယ်။ နောက်တော့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်တယ်။ လမ်းဖြတ်သွားတဲ့ လူတစ်ယောက်ကို အကူအညီတောင်းကာမှ တော်တော်ရီစရာကောင်းတဲ့ အဖြစ်ဖြစ်ခဲ့သေးတယ်။ သူက ဗေဒင်ဆရာပါတဲ့ ပထမဆုံး ၃ယောက်ကို အလကားဟောပေးပါတယ်တဲ့။ လက်ဆွဲပြီးခေါ်သွားတာမို့ တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြရင်းလိုက်ခဲ့ကြတယ်။ ပထမဆုံးကတော့ ကျနော်ပေါ့။ ဟောရှာပါတယ်။ အဟောခံနေတဲ့ လူရဲ့ စိတ်မရှည်မှု မယုံကြည်မှုတွေကို မြင်ဟန်တူပါတယ်။ နောက်တော့ ကျန်တဲ့ လူကြီးနှစ်ယောက်။ သူတို့နှစ်ယောက်ကိုတော့ ဘာဖြစ်မယ် ညာဖြစ်မယ် နဲ့ ယတြာချေဖို့ ၅ထောင်ဆီလောက် တောင်းထားလိုက်တယ်လေ။ အဲလိုမျိုး။ သိပ်မများဖူးဆိုပြီး ပေးပစ်ခဲ့တဲ့ သူတို့ကို အငယ်ဖြစ်တဲ့ကိုယ့်မှာ ဆူရအခက် တားရအခက်။ ဓါတ်ပုံရိုက်ရင် သတိထားကြပေါ့ဗျာ။

တံတားဦးလေဆိပ်ကို အခုမှပြန်လေ့လာမိတယ်။ တော်တော်လေးကြီးကျယ်ပါပေတယ်။ အဲဒီတုန်းက ရန်ကုန်လေဆိပ်သစ်ကြီး မဖွင့်သေးဘူးလေ။ ကော်ဖီဆိုင်ရဲ့နာမည်ကိုက ကမ္ဘာကျော် နာမည်ဆိုပါလား။ မနက်စာကို လေဆိပ်က ရောင်းတဲ့ ခေါက်ဆွဲဗူးနဲ့ပေါ့။ ဆွမ်းခံရင်းငှက်သင့်တာက ကိုစန်းထွဋ်။ ဒီနှစ်ပွဲမှာသူ့ကို တင်ဆက်သူအဖြစ်ငှားချင်တာမို့ လေဆိပ်မှာပဲ စကားပြောရင်းဖုံးနံပါတ်တောင်းခဲ့တယ်။ Dreamboard က ကိုမောင်မောင်အေးပါပါလေရဲ့။ အဆင်သင့်တာတော့ အဲလို လိုက်ရှာစရာမလိုခဲ့ဖူး။ ဒီတစ်ခါတော့ Air Bagan နဲ့ဗျ။ ဟဲဟိုးကို ဆင်းဖို့တော်တော်ခက်ပါတယ်။ မြူတွေဆိုင်း နှင်းတွေဝိုင်းနေတာမို့ မဟုတ်ရင် မန္တလေးပြန်ရောက်တတ်ပါတယ်။ ကံကောင်းတော့ ဆင်းလို့ရသွားပါတယ်။ ဟဲဟိုးလေဆိပ်ဆိုလို့ အကြီးကြီးမထင်လိုက်ပါနဲ့။ နယ်မြို့က ဘူတာရုံသာသာပါ။ နိုင်ငံခြားသားတွေ တော်တော်များပါတယ်။ ဆောင်းတွင်းမို့ထင်ပါရဲ့။ အင်းလေးကို ဆင်းမယ် ပြီးရင်တောင်ကြီးတက်မယ်ဆိုပြီး ကားငှားလိုက်ပါတယ်။ ညောင်ရွှေမှရောက်မယ်မကြံသေး တယ်လီဖုန်းကလိုက်လာပါပြီ။ နောက်လထဲမှာ ကျနော်တို့ကုမ္ပဏီက တစ်နိုင်ငံလုံးက ၀န်ထမ်းတွေအတွက် နှစ်ပတ်လည် ညစာစားပွဲရှိပါတယ်။ အဲဒီပွဲအတွက် ကျနော်စီစဉ်ပေးရမှာက ၀န်ထမ်းတွေနဲ့ အကဖျော်ဖြေမှုပါ။ အခု လူစာရင်းလှမ်းတောင်းတာတဲ့။ ကဲ အဲလောက်ထိ။ ဘယ်သူမှမကရင် ကျနော် ချိုမိုင်မိုင်တက်က ပေးမယ်ပြောလိုက်မှ ဖုံးချသွားတော့တယ်။ အင်းထဲကိုလည်း နောက်တစ်ခေါက်ရောက်ခဲ့ပြန်ပေါ့။ မစိမ်းလေတဲ့ အင်းလေးက အရင်လိုသာယာစွာဆီးကြိုပြန်တယ်။ ဒီတစ်ခေါက်တော့ ပတ်ဝန်းကျင်ကို မမြင်ရအောင် မြူတွေဆိုင်းနေခဲ့တာ။ အင်းထဲမှာပဲ နေ့လည်စာစားဖြစ်တယ်။ ပြီးမှဖူးနေကျဘုရားနှစ်ဆူကိုဖူးပြီး ပြန်လှည့်ခဲ့ရတယ်။

တောင်ကြီးကို ရောက်တော့ ၂နာရီလောက်ရှိပါပြီ။ တောင်ကြီးရုံးက တောင်ကြီးဟိုတယ်မှာစီစဉ်ထားတာမို့ ဟိုတယ်ပြန်ရေမိုးချိုးပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အနွေးထည်နှစ်ထပ်တော့ဝတ်ခဲ့တာပဲ။ ရုံးမှာလုပ်စရာတွေ အားလုံးပြီးတော့ မိုးချုပ်နေပြီ။ ညစာကို နီးတဲ့ဆိုင်မှာစားလိုက်တယ်။ ရုံးကမှာလိုက်တဲ့ ပစ္စည်းပစ္စယတွေလည်းဝယ်ဖြစ်တယ်။ ကလေးတစ်ယောက်က သူ့အမေအတွက် ဆွယ်တာဆိုလို့ ခေါင်းခြောက်အောင်ရှာခဲ့ရသေးတယ်။ ပြီးတော့ တောင်ကြီးက ဆိုင်တစ်ဆိုင်ကို အောဒစ်ဝင်ရပြန်ရော။ အဲဒီဆိုင်က တောင်ပေါ်မှာ ဆိုင်သစ်ဖွင့်ထားတာနဲ့ တောင်ပေါ်ဆိုင်ကို သွားခဲ့ကြရပြန်တယ်။ ဆိုင်မှာ အဆိုနဲ့ဖျော်ဖြေကြပါတယ်။ အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တာမို့ မချီးကျူးပဲမနေနိုင်။ နှစ်သစ်ကူးကို အဲဒီဆိုင်မှာပဲကြိုခဲ့ရတာ။ အရိုးကွဲအောင်ချမ်းတယ်ဆိုတာ အဲဒီမှာထင်တာပဲ။ ဂျင်းဘောင်းဘီ ကိုတိုးလာတဲ့လေက သိပ်အေးလွန်းတယ်။ အအေးကြောက်တဲ့ကိုယ့်အတွက် ခေါင်းဆောင်းတွေ အနွေးထည်တွေပါပေမယ့် မလုံဖူးထင်နေမိတယ်။ ဟိုတယ်ရောက်မှပဲ နွေးနိုင်တော့တယ်။ ဟိုတယ်မှာ မေစပယ်ညိုတို့ကို တွေ့သေးတယ်။ အေးသာယာမှာပွဲလာလုပ်တာပါ။ ကျနော်တို့တော့ မနွှဲနိုင်တော့ပြီပေါ့။

ဟိုတယ်ကို မနက်၆နာရီထိုး ကားခေါ်ခိုင်းထားတယ်။ ဟဲဟိုးကိုပြန်ဆင်းရမယ်လေ။ လေယာဉ်က ကိုးနာရီထင်ပါရဲ့။ မပွင့်တပွင့်မနက်ခင်းမှာ ဈေးကိုဝင် စတော်ဘယ်ရီ ခြင်းပက်ပက်ကို ဖက်နဲ့ထုပ်လို့ ၀ယ်ခဲ့သေးတယ်။ လေဆိပ်ကိုရောက်တော့ ထုံးစံအတိုင်းစောင့်ပေါ့။ လေယာဉ်လိုင်းသိပ်အများကြီးမရှိလို့သာ။ ရင်ဘတ်မှာကပ်ထားတဲ့ စတစ်ကာကိုကြည့်ပြီး ကိုယ့်ဧည့်သည်ကိုခေါ် ပြီးတော့ အော်လံလေးနဲ့ အော် အင်းဧည့်သွားဧည့်လာများတဲ့ ဒီလေဆိပ်ကို တိုးတက်အောင်လုပ်သင့်တယ်ထင်မိတယ်။ ဧည့်လမ်းညွှန်တွေကိုလည်းတွေ့မိတယ်။ လေယာဉ်တွေနောက်ကျမှာမို့ သူတို့လည်း ရောက်ယက်ခပ်နေပါတယ်။

နောက်ဆုံးဆိုက်တာက Air Bagan ပါ။ နှစ်သစ်ပါလို့ကြိုရင်း စာအုပ်လေးတစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဆီလက်ဆောင်ပေးပါတယ်။ ဒီလေယာဉ်က နည်းနည်းကြီးတာမို့ အလာထက်စာရင်လူနည်းနည်းသက်သာတယ်ထင်ရတယ်။ ပုဂံကို ပြန်ဝင်ပြီး မကြာခင်မှာ ရန်ကုန်ကိုရောက်ပါတယ်။

ဒီတစ်ခေါက်က အပန်းဖြေခရီးမဟုတ်ပဲ တာဝန်တွေနဲ့ဆိုတော့ မွန်းကြပ်မိတယ်။ ဒါပေမယ့် သက်တောင့်သက်သာသွားခဲ့ရတဲ့ ခရီးတစ်ခုတော့ဖြစ်ခဲ့ပါတယ်။ ပင်ပန်းတယ်ဆိုပေမယ့်လည်း နောက်တစ်ခေါက်သွားမလားမေးရင်တော့ အိုကေ………….

4 comments:

khin oo may said...

အိုကေ.။

ဇင်ယော် said...

ဟီး ချိုမိုင်မိုင်တက်ကမယ် ဆိုပါလား။ ကြည့်ချင်လို့ ပါဗျို.။ သူငယ်တော် အ၀တ်အစားလေးဝတ်ပြီး ရောင်ပေစူးလေးနဲ့ ဆို ပိုလိုက်မယ်ဗျ။ ဂယ်ပြောတာ။

Unknown said...

well done again!keep on writing and all the best to you.by the way,who is the guy inside the photo?

Unknown said...

ဖတ်ရင်းနဲ့  တော်၂လေးမောသွားတယ် ရေတခွက် အရင်တိုက်ပါ ပြီးမှ ချိုမိုင်မိုင်ကတာကြည့်ရင် စတော်ဘယ်ရီဖျော်ရည်သောက်မယ်