18 January 2009

စိတ်

ဟူး….

လူတွေများပြောပါတယ်။ ငါးစိမ်းမြင်ရင် ငါးကင်ပစ်သတဲ့။ ချောင်းကိုပစ်ပြီး မြစ်ကိုရှာတတ်ကြတာချည်းပဲ။ မငြင်းနဲ့ သေချာတယ် အားလုံးအတူတူချည်းပဲ။ ကောင်းမိကောင်းရက် အစကတော့ ကျောလေးကိုင် ရင်လေးသပ်နဲ့ နောက်အသုံးမလိုတော့ ပစ်စလက်ခက်ပစ်လိုက်တာများ သံယောဇဉ်တစ်စက်မှ မရှိတဲ့အတိုင်း။ သူနဲ့ဘာမှ မပတ်သတ်ခဲ့ဘူးတဲ့အတိုင်း။ အတိတ်ဆိုတာကို ခပ်လွယ်လွယ် ပြည်ဖုံးကားမချနိုင်တဲ့ ကိုယ့်မှာသာရင်ကွဲပက်လက်…..

စဉ်းစားကြည့်ပါ။ အစကတော့ ကိုင်တွယ်တာကိုက ညင်သာချက်။ ငှက်မွှေးနဲ့ပွတ်နေသလား အောက်မေ့ရတယ်။ စကားပြောရင် ပါးနားကပ်ပြီး ခပ်တိုးတိုးလေးလာလာပြောတတ်တယ်။ တခါတလေဆို အနူးအညံ့လွန်ပြီး ကြားတောင်မကြားလိုက်ရဘူး။ ယုယကြင်နာတာတော့ ပြောမနေနဲ့တော့။ ဘယ်သူမှ လိုက်လို့ကှိုမမှီနိုင်အောင်။ ပထမဆုံးညကဆို သူ့မှာပျော်နေလိုက်တာများ ကိုယ်တိုင်တောင် အပျော်တွေကူးစက်ပြီး တော်တော်နဲ့ မအိပ်နိုင်ခဲ့ဘူး။

ဒါတင်ပဲလားဆိုတော့ ဟုတ်သေးပေါင်ဗျာ။ သွားလေရာလာလေရာလဲ တပူးတွဲတွဲ။ မပါရင်တောင် ခရီးရယ်လို့ဆက်မသွားဖြစ်သည်အထိ နောက်ကြောင်းပြန်လှည့် ခေါ်တတ်တာ။ ပြီးတော့ လူရှေ့သူရှေ့ဆို ဂုဏ်ယူဝင့်ကြွားစွာ လက်တွဲပြတတ်သေးတာ။ မမြင်သွားဘူးဆိုရင်တောင် မြင်ရတဲ့အထိ လှည့်ပြီးကို ပြတတ်တာလေ။

ဦးစားပေးဆိုလည်း ထိပ်ဆုံးက။ သူ့အပြင် ဒီ့ပြင်မရှိစေရ။ မျက်နှာတော်တစ်ချက်မညှိုးအောင် ထားတာပါ။ တစ်နေကုန်သူ့အနားမှာပဲနေ။ သူပြောသမျှနားထောင် သူခိုင်းသမျှကို လုပ်ပေးခဲ့တာ။ ထမင်းစားရင်တောင် နောက်ဆံတငင်ငင်နဲ့မို့ အစာအိမ်ဖြစ်မယ် ထမင်းကောင်းကောင်းစားပါဟဲ့လို့ သတိပေးနေရတာ။ ညအိပ်ရင်လည်း လက်ကလေးကိုင်လိုက် ခြေထောက်လေးကိုင်လိုက်နဲ့ ပိုးမွေးသလို မွေးနေတော့တာကိုး။ မိုးလင်းရင်လည်း ပထမဆုံးမြင်လိုက်ရမှ။

မကြာပါဘူး မကြာပါဘူး တစ်ရက်ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လ၊ ကြာလာတာနဲ့ အမျှ မင်းသားခေါင်းဆောင်းအောက်က မူရင်းကပေါ်လာတော့တာကိုး။ ဆီလိုအပေါက်ရှာ အပြစ်မြင်လာတော့တာပါပဲ။ အနားကပ်ပြန်ရင်လည်း ပူတယ်ဖြစ်ပြန်ရော။ စကားတွေအရင်လို ပြောပြန်တော့လည်း နားညည်းပြန်သတဲ့။ အလုပ်ကပင်ပန်းရတဲ့ အထဲ အနှောင့်အယှက်ကလည်း ပေးသေးတယ်ဆိုပဲ။

ယုယုယယကိုင်တွယ်ဖို့နေနေသာသာ တွန်းဖယ်ပြီးတော့ကို နေတော့တာ။ ခေါ်လို့များ ထူးသံကို ကြည့်ပါဦး ဘာတုန်းတဲ့။ မေ့ချင်လည်းမေ့ ထားချင်တဲ့နေရာမှာ ဖြစ်သလိုကို ထားခဲ့တော့တာ။ ကျီးထိုးထိုး ခွေးစားစားဆိုပါတော့။ သူ့ဘက်ကအသုံးမလိုမချင်းလေ။

ညအိပ်တော့လည်း ဝေးဝေးမှာနေတဲ့။ ဖြစ်နိုင်ရင်အသံမထွက်နဲ့ မလှုပ်နဲ့ဆိုပဲ။ အသံလေးများထွက်လိုက်ရင် အိပ်ရေးပျက်တယ်ကွာ အလုပ်ရှုပ်လိုက်တာဆိုပြီး အော်ညည်းတတ်သေးတာ။ အားမနာပါးမနာနော်။

သူများကို လက်တွဲပြဖို့နေနေသာသာ အိမ်ထဲကအိမ်ပြင်ကို မထွက်ရတာ။ အလုပ်လုပ်ချိန်လေးတောင် မတတ်နိုင်လွန်းလို့သာ လူရှေ့က ဖြတ်ခွင့်ရတာ။ ပြီးရင်မာန်မဲတာခံရမလားမသိဘူး။ အလိုက်ကန်းဆိုးမသိဘူးဆိုပြီးလေ။

အမှားများလုပ်မိလို့ကတော့ မျက်နှာညိုပုပ်ပြီး ဆောင့်အောင့်တော့တာပါပဲ။ ဒါလေးတောင်မှားရသလား ဒါလောက်တောင်မသိဘူးလား မလုပ်ပေးနိုင်ရကောင်းလားဆိုပြီးလေ။ ငှက်မွှေးကနေ ကျားလျှာအကူးအပြောင်းက တကယ့်ကို ခံရခက်လွန်းပါတယ်။

နောက်တော့ သူကပဲ စကားစပြောလာတယ်။ လမ်းခွဲကြရအောင်တဲ့။ ကဲဘယ်လိုလုပ်မလဲ မကြည်ဖြူတော့ပါဘူးဆိုတဲ့ သူနဲ့ ဘယ်လိုဆက်နေရမှာလဲ။ သူ့နှလုံးသားမှာမှ မရှိနိုင်တော့တာ။ ဖက်တွယ်ထားလို့လဲ အပိုပါပဲလေ။ သူကပြောသေးတယ်။ စိတ်မပူပါနဲ့တဲ့ မင်းအတွက်ကောင်းမယ်ထင်တာလေး ငါစီစဉ်ပေးလိုက်မှာပါတဲ့။ တစ်ဝမ်းတစ်ခါးလှဖို့ မင်းမပူပင်ရအောင်တဲ့။

ရက်ရက်စက်စက် သူများနောက်ကို ထည့်ရက်လိုက်တာ။ သူမလိုတော့ဘူးဆိုရင်တောင် သူ့အနားမှာ အရိပ်လေးပဲမြင်ရမြင်ရ အသံလေးပဲကြားရကြားရ ရနံ့လေးပဲရှူရရှူရ ရသေ့စိတ်ဖြေလေးတော့ နေမဟဲ့ဆိုပြီးအားခဲထားမိတာ။ အခုတော့ ငါစီစဉ်တဲ့အတိုင်းလိုက်သွားလိုက်ပါတဲ့။ ကောင်းစေချင်လို့စီစဉ်တာပါဆိုတော့ ဘယ်လိုငြင်းရတော့မလဲ။ ချည်ပြီးတုပ်ပြီးဖြစ်နေပြီလေ။

အခုလည်း နောက်တစ်ယောက်က သူနဲ့စတွေ့တုန်းကလိုညင်သာတဲ့ အကြင်နာတွေနဲ့ ကယုကယလုပ်နေပြန်ပြီ။ ဘယ်နေ့မှာတော့ အချစ်တွေမမြင်ပဲ အပြစ်တွေဝင်မလဲဆိုတာ စိုးထိတ်နဲ့တိုးတိတ်ကြောက်လန့်နေရတော့တာ…..


Sony Ericsson မှသည် Nokia အကူးအပြောင်းအမှတ်တရ

17 comments:

ခေါင်ခေါင် said...

.. ဒီ Nokia လေးကတော့ အပြစ်မမြင်ဘဲ...ချစ်ခင်မှာပါ... ဟီးဟီး..
ယုယုယယ လေးကိုင်တွယ် ဆက်ဆံပေါ့...

Anonymous said...

ဟားဟားဟားဟား.. ဖတ်ပြီးရင်တထိတ်ထိတ်..
ဘယ်လိုကြီးပါလိမ့်ပေါ့.. အဲ့မိန်းကလေးတော့ သနားပါတယ်မှတ်တာ.. ဘယ်ဟုတ်မလဲ.. ရေးလည်းရေးတတ်ပါပေ့ ကိုရွာသားရယ်း)
Nokia အသစ်နဲ့ အပြစ်မြင်မခံရပါစေနဲ့။

မီယာ said...

ဘယ်သူ့များ ပြောနေပါလိမ့်လို့.. အသစ်မြင် အဟောင်းပစ်.. လူ့သဘာဝပါလေ

khin oo may said...

ဖတ်နေရင်းနဲ့ အစကတည်းကထင်သားဘဲ. ။ အချစ်အကြောင်းတော့မဖြစ်နိုင်ဘူးလို့။

sait phay yar said...

ကိုကို ရွာစား လေးစားပါတယ်
တစ်ခုတော့တစ်ခုပါလို့ထင်စားတော်..
ကျူပ်က အဟုတ်မှတ်နေတာတော့..ကိုရွာစားရာ အတော်လေးဖတ်ကောင်းတာ အဖြေလေးမရေးထားရင်တော့ အချစ်အကြောင်းလို့ထင်နေစာတော့။
ကောင်းလယ်ကောင်းလယ်..

Anonymous said...

အသစ်ဆိုတော့ ချစ်မှာပေါ့ ဟောင်းသွားရင် ပစ်အုံးမှာ မြင်ယောင်သေး အဲ့တာ လူ့သဘေား)

:P said...

ငါးအစိမ်းက ဒီတိုင်းစားလို့မှမရတာ....
တို့ကတော့ ငါးကင်ပဲ....ဟိ

WWKM said...

ဖတ်နေရင်းနဲ့ သိတော့သိနေသား... :D
တစ်ခုခုတော့ တစ်ခုခုပဲ..ဘာများပါလိမ့်လို့.. :D

ကဗျာမ လေး said...

ဘာကိုပြောချင်တယ်ဆိုတာ သိနေပေမယ့် ဖတ်ရတာ အရမ်းစိတ်ဝင်တစားရှိလှပါတယ် ... ရေးတတ်လိုက်တာနော် ကောင်းလိုက်တဲ့ပို့စ်...။
အမြဲအားပေးနေပါတယ်။

Saing Khan Tun said...

ဒီနေ့ဖတ်စရာထဲထည့်လိုက်ပြီဗျာ ... ပရိတ်သတ်တိုးပါစေ

Unknown said...

အရိပ်ပြလို့ အကောင်မမြင်တာကိုကညံ့တာ...........................

မောင်ဖားကြီး said...

မဆိုနီကိုရော ဘယ်သူနဲ့ စီစဉ်ပေးလိုက်တာလဲဗျ...
စိတ်ဝင်စားလို့ပါ...
ကိုရွာသား ကိုရွာသား ရေးလည်းရေးတတ်ပါပေ့ဗျာ
အဆုံးထိကို ဘယ်လိုများလဲလို့ ဖတ်လိုက်ရတာ

RePublic said...

အီကော်နော်မီ ဒေါင်းတန်းမှာ ဖုန်းအသစ်လဲ ကိုင်တာ ဘဒူလဲကွ ၊၊ မကျေနပ်ဖူး ၊၊ ဒါပဲ ၊၊

RePublic said...

စတာနော် ကိုင်ပါ ကိုင်ပါ ၊၊ ဟီး

တန်ခူး said...

ထင်တော့ထင်သား…
သူငယ်ချင်းတယောက်လဲ မဆိုနီကို အဲဒီလိုပစ်ပြီး နိုကီနောက် ကောက်ကောက်ပါသွားတာ…
အိမ်က အမျိုးသားကတော့ နိုကီမှ နိုကီ… ဒါပေမယ့် ဒီနိုကီက နောက်နိုကီ အသစ်လေးတွေနောက် လိုက်လွန်းလို့  တားထားရတယ်…
တို့ ကတော့ သစ္စာရှိတယ်… (ပိုက်ဆံကုန်မှာကြောက်လို့ )

Unknown said...

ဘုရား ဘုရား ဖုန်းလေးတွေမလို့ သာပေါ့
လူကိုသာဆိုရင် မောင်ရွာသားစိတ်များ ကြောက်စရာကောင်းတာ အစကတည်းက ငါးစိမ်းပဲ ၀ယ်ပါဗျာ ငါးကင်ပစ်စရာမလိုအောင် (ဖုန်းလေးတွေအစား ရင်တထိတ်ထိတ်နဲ့  လန့် သွားတယ်)

Unknown said...

စိတ်ကလေးကို တသတ်မတ်တည်းမှန်မှန်ဖြစ်အောင် ထားနိုင်အောင် ကြိုးစားပါဗျာ