10 January 2009

အနီရောင်ကျောက်ဆောင် ဇာတ်သိမ်း


အစရှိရင် အဆုံးရှိရသတဲ့။ ကိုယ်ကစမိပြီဆိုတော့ အဆုံးတော့သတ်ပေးရဦးမှာပေါ့။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာတာပါ။ တစ်ကယ်တမ်းက ဒီကားကိုမလာခင်ကတည်းကို ကြည့်ချင်နေတာ။ အဲဒီလို စိတ်နဲ့တော့ ခက်ပါသေးတယ်။




ဒီအပိုင်းမှာတော့ ၀ူဘုရင်ငယ်ရဲ့ ညီမက အများကြီး ဇာတ်သယ်သွားခဲ့တာ။ ရန်သူ့စခန်းမှာ သူလျှိုလုပ်ပြီး တကယ့်အရေးကြီးတဲ့ စစ်စခန်းမြေပုံကို သူဆွဲပေးနိုင်ခဲ့တာလေ။ တကယ်ကို အသုံးဝင်တဲ့ မိန်းမဥာဏ်လေးနဲ့ မကြောက်မရွံ့ သူမို့ တတ်လည်းတတ်နိုင်ပါပေတယ်။

စစ်ဖြစ်လာရင် တရားမျှတသော စစ်ဆင်နွှဲတဲ့သူရှိသလို အနိုင်ရရေး ဦးစားပေးတဲ့ သူတွေလည်း ရှိတတ်တာကိုး။ ကိုယ့်ဘက်က အားနည်းချက်ကို သူများဘက်ကိုလည်း ရောက်ရအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြံစည်တတ်ကြတယ်လေ။

လောကမှာ လူဆိုတဲ့ အသိနဲ့ ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် အတိဒုက္ခရောက်လာရင် ကိုယ်လက်မလောင်ပင်မယ့် ၀င်ရောက်ပူဆွေးခံစားတတ်သူတွေ ရှိသေးတယ်ဆိုတာကိုလည်း ကျိုးယုရဲ့ ဇနီးက ပြသခဲ့ပါတယ်။ လက်သည်းဆိတ်မှ လက်ထိပ်နာတတ်ကြတာက များတယ်လေနော်။ လူ့အသက်တစ်ချောင်းရယ်မို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမယ်ဆိုရင် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျနော်တော့ နှမြောမိတာပါပဲ။ အသက်တစ်ချောင်းနောက်မှာ အသက်ပေါင်းများစွာက ပူဆွေးနေရမှာလေ။ အများအတွက်အသက်စွန့်သွားလို့၊ ဘယ်လို လောကကိုကောင်းကျိုးပြုသွားလို့ ဆိုတဲ့ ကန့်သတ်ချက်တွေကို မေ့ထားပြီးမှပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်လောက်ဆိုးသွမ်းတဲ့လူပဲ ဖြစ်ဖြစ် သူ့မှာကောင်းမွန်တဲ့ အရာတစ်ခု သူ့အတွက် အသုံးဝင်တဲ့နေရာတစ်ခု မလွဲမသွေ ရှိကိုရှိနေလို့ပါပဲ။

ရိုးသားတဲ့လူဆိုတာလည်း ရှိနေတတ်တာပဲနော်။ ဘယ်လောက်တောင် ရိုးအ,သလဲဆို သူလျှိုကိုတောင်မှ သူငယ်ချင်းကောင်းလို့ထင်နေတဲ့အထိလေ။ နောက်ဆုံးအဲဒီရိုးအ,မှုနဲ့ပဲ သူ့အသက်ကို လွယ်လွယ်စွန့်လွှတ်သွားခဲ့ရတာ။ ဒါပေမယ့် သူ့မျက်နှာလေးက အမြဲအေးချမ်းနေတာပဲ။ သေတာတောင် ပြုံးပြုံးလေး သေသွားခဲ့တာလေ။

မိတ်ဆွေအတုအယောင်တွေကလည်း ပေါမှပေါပဲ။ ရာထူးဂုဏ်ရှိန်ဝါအတွက် မိတ်ဆွေဆိုတဲ့ အဆင့်ကို လွယ်လွယ်လေးဖျက်နေကြပါကလား။ တစ်ယောက်နဲ့တစ်ယောက်ပြန်လည် အသုံးချနေကြတဲ့သူတွေကို မိတ်ဆွေတွေလို့ ခေါ်သင့်ရဲ့လားဟင်။ ဖြစ်နိုင်ရင်တော့ အဲလိုမိတ်ဆွေတုဆိုရင် မတွေ့ချင် မဆုံချင်မိဘူး။ ဆုတောင်းတိုင်းကလည်း ပြည့်မှာမှ မဟုတ်ပဲ။

အသိဥာဏ်ပညာ က အရာရာမှာ တကယ့်တန်ဖိုးအစစ်အမှန်။ မိမိမှာရှိတဲ့ အသိကြောင့် တစ်ချို့ အခက်အခဲကြီးကြီးမားမားတွေ လွယ်လွယ်ကူကူ အောင်မြင်သွားတတ်ကြတယ်လေ။ ကျူးလျန်ဆိုတဲ့ ပညာရှိကြောင့် လွယ်လင့်တကူရလိုက်တဲ့ မျှားတွေက လိုတာထက်တောင်ပိုနေသေးတာကိုး။

ပြီးတော့ လောကကြီးရဲ့ ပြောင်းလဲတတ်တဲ့ သဘောသဘာဝ။ အခုရှိနေပင်မယ့် နောင်ရှိချင်မှ ရှိတတ်တာမျိုး။ အခြေအနေ အချိန်အခါကို လိုက်ပြီးပြောင်းလဲနေတဲ့ သဘာဝကို အလိုက်အထိုက်နေတတ်အောင် တော်တော်လေး လေ့ကျင့်ယူရပါလိမ့်မယ်။

နောက်ထပ်အရေးကြီးတာက သေနင်္ဂဗျူဟာ။ ဘယ်လိုနည်းနဲ့ ဘယ်လိုစနစ်တကျ လုပ်ဆောင်မယ်ဆိုတဲ့ နည်းပညာ အုပ်ချုပ်မှု သေ၀ပ်မှု စသည် စသည်။ ချောင်ချောင်းရဲ့ နေမကောင်းတဲ့ သူ့လူတွေကို လှုံဆော်တဲ့ အခန်းလေးကိုလည်း တော်တော်လေး သဘောကျမိတယ်။ ခေါင်းဆောင်ပီပီ ကိုယ်လိုချင်တဲ့ အရာကို မရောက်ရောက်အောင် ငါခေါင်းဆောင်ပဲ ငါပြောတာလုပ်ဆိုပြီး ဇွတ်အတင်းသွတ်သွင်းတာမဟုတ်ပဲ စိတ်လိုလက်ရအင်တိုက်အားတိုက် ဖြစ်အောင်လှုံ့ဆော်တဲ့နည်းလမ်းကိုပါ။

ဒီစစ်ပွဲရဲ့ ဦးတည်ချက်ကိုက မိန်းမတစ်ယောက်အတွက်တဲ့။ အခုလည်း ဒီမိန်းမချောတစ်ယောက်ရဲ့ လှည့်ဖျားမှု အောက်မှာ ချောင်ချောင်းတစ်ယောက် ရှုံးနိမ့်ခဲ့ရတာပါပဲ။ သူသောက်ခဲ့မိတဲ့ ရေနွေးကြမ်းတစ်ခွက်ရဲ့ တန်ဖိုးက သိပ်ကိုကြီးမားလွန်းတယ်။

စွန့်လွှတ်အနစ်နာခံခြင်း။ သိပ်ကို ကြီးကျယ်မြင့်မြတ်တဲ့ စကားလုံးပေါ့။ ပြည်သူပြည်သားတွေအတွက် စွန်လွှတ်အနစ်နာခံဖို့ ကိုယ့်အသက်ကို စတေးရဲတဲ့ မိန်းမတစ်ယောက်ကိုတော့ ချီးကျူးသင့်တယ်။ ဒါပေမယ့် သူ့ကို နှစ်ဖက်အမြင်နဲ့သုံးသပ်ရမယ်ဆိုရင် တစ်ဖက်က ပြည်သူပြည်သားတွေကိုကယ်ခဲ့တဲ့ မြင့်မြတ်သူတစ်ယောက်။ နောက်တစ်ဖက်က ချစ်ခြင်းမေတ္တာတရားကို အသုံးချပြီး လှည့်စားခဲ့သူတစ်ယောက်။ လောကကြီးမှာ အမြင်တွေက များကိုများတယ်လေ။

စစ်ပွဲဆိုတာနဲ့ သူရဲကောင်းဆိုတာတွေက အမြဲပါနေကျ။ အသေအပျောက် ဆုံးရှူံးမှု ဒဏ်ရာအနာတစ်ရဆိုတာ ကလည်း ဒုနဲ့ဒေး။ အောင်နိုင်သူတွေကကော အဲဒါတွေကြည့်ပြီး ပျော်နိုင်ကြရဲ့လား။ စစ်ပွဲဆင်နွှဲတဲ့သူတိုင်းကို အသောကလို သံဝေဂတွေ ရစေချင်ပါတယ်။ အခုလက်ရှိ ဂါဇာစစ်ပွဲ တစ်ပွဲတော့နွှဲနေကြပြန်ပြီလေ။

ချစ်ခြင်းမုန်းခြင်းတွေရဲ့ အကျိုးဆက်ကြောင့် စစ်ပွဲတွေ ဖြစ်တည်ခဲ့ကြတာတဲ့။ ဒီလောကကြီးမှာ ချစ်ခြင်းမုန်းခြင်းတွေကလည်း မကင်းနိုင်လေတော့ အိမ်တွင်းစစ် ပြည်တွင်းစစ် ကမ္ဘာ့စစ်အထိ ရှိနေကြတုန်းပဲ။ ငြိမ်းအေးတဲ့ သာယာလှပတဲ့ ကမ္ဘာကြီးဖြစ်ဖို့ ဘာတွေများပေးဆပ်ကြရဦးမှာပါလိမ့်။ လူ့အသက်တွေ ဘယ်လောက်များများ ထပ်ပြီး စတေးရဦးမှာပါလိမ့်………………

7 comments:

Anonymous said...

ကြည့်ချင်တယ်.. ကြည့်ချင်တယ်..။

capricorn said...

ဟုတ်ပါ့ အစ်ကိုရေ..
စမိထားတော့ ဆုံးခန်းလည်းလိုက်ရတော့မှာပေါ့
သူငယ်ချင်းတွေနဲ့ဆိုတော့ ပိုဆိုးတယ် :)အကြွးဆပ်ရဦးမယ် အဟိ..ပြောသာပြောတာ ဇါတ်လမ်းလေးက ဆွဲဆောင်တယ်... ၃ နာရီ ၀္ဋ်ခံလိုက်ကြစို့

Anonymous said...

အဲ့ကား မြန်မာ စာတန်းထိုးလားး =)

ဗီလိန် said...

ကိုမျိုးရေ့ စာတန်းထိုးက ပထမပိုင်းရှိတယ်။ ဝယ်ကြည့် ဒုတိယပိုင်းက ခုမှထွက်တာ ရုံတောင် မနေ့ကမှတင်တာ။ ဒါဗြဲ သွားကြည့်မလို့။ :)

ကဗျာမလေး said...

ဒီစာကြောင်းလေးတွေ စကားလုံးလေးတွေကို ကြိုက်တယ်...။
"ရာထူးဂုဏ်ရှိန်ဝါအတွက် တစ်ယောက်နဲ့ တစ်ယောက်ပြန်လည် အသုံးချနေကြတဲ့သူတွေကို မိတ်ဆွေတွေလို့ ခေါ်သင့်ရဲ့လား... အခြေအနေ အချိန်အခါကို လိုက်ပြီးပြောင်းလဲနေတဲ့ သဘာဝကို အလိုက်အထိုက်နေတတ်အောင် တော်တော်လေး လေ့ကျင့်ယူရပါလိမ့်မယ်... ခေါင်းဆောင်ပီပီ ကိုယ်လိုချင်တဲ့ အရာကို မရောက်ရောက်အောင် ငါခေါင်းဆောင်ပဲ ငါပြောတာလုပ်ဆိုပြီး ဇွတ်အတင်းသွတ်သွင်း... ပြည်သူပြည်သားတွေအတွက် စွန်လွှတ်အနစ်နာခံဖို့ ကိုယ့်အသက်ကို စတေးရဲတဲ့ မိန်းမတစ်ယောက်...။"
မိန်းမဖျက်လို့ ပြန်ပျက်ရတယ် ဆိုတဲ့စကားလေးနဲ့ ပတ်သက်ပြီးပို့စ်လေးတစ်ပုဒ်လောက် ဖတ်ချင်ပါတယ်။

ကဗျာမလေး said...

မိန်းမဖျက်လို့ ပြည်ပျက် ပါအမှားပါသွားတယ်နော်..... ချောတီး ဆောရီး ဟိ။

Unknown said...

ဇာတ်ကားလေးမှာ အတုယူစရာ ပညာယူစရာတွေ အများကြီးပါတာပဲ မောင်ရွာသားလေး ရေးတာဖတ်ပြီး ဇာတ်လမ်းသဘောကိုနားလည်သွားပြီ လောဘ ဒေါသ မောဟ မာန်မာနတွေ ချစ်ခြင်း မုန်းခြင်းတွေ ရှိနေသေးသ၍ ကမ္ဘာပေါ်မှာ စစ်တွေဖြစ်နေကြဦးမှာပါပဲ ဒီတော့ ကိုယ်တိုင် ငြိမ်းအေးမှုရှာတဲ့အနေနဲ့ အဲ့ဒီအပေါ်ကဟာတွေကို နည်း၂စီလျှော့မယ်ဆိုရင်တော့------