14 January 2009

အလောင်းတော်ကဿပခရီး

ခရီးသွားတဲ့ အကြောင်းကို မရေးဖြစ်တာကြာပါပြီ။ ခရီးတွေ သွားဖို့စီစဉ်ရင်း အမှတ်တရ ခရီးစဉ် တစ်ခုကို ပြန်တွေးမိပြန်ရော။ မရွယ်ဘဲစော်ကဲမင်းဖြစ်သလို မစီစဉ်ပါဘဲ သွားဖြစ်ခဲ့တဲ့ ခရီးစဉ်တစ်ခု ပြီးတော့ တကယ်ဗရုတ်ဗရက်နဲ့ ကြုံခဲ့ရတဲ့ခရီးစဉ်တစ်ခုပါ။

တောင်ကြီးက အမျိုးတွေ နွေရာသီအပျင်းပြေဆင်းလာကြတုန်းပေါ့။ ၇တန်းဖြေအပြီး ၈တန်းအတက်ကာလ။ ထုံးစံအတိုင်း အနောက်ဖက်ကမ်းကို သွားကြဖို့စီစဉ်တော့ နေ့လည် ၁၁နာရီထိုးရော့မယ်။ အစကတည်းက ညောင်ပင်အိုင်ဆရာတော်ကို ဖူးမယ် ပြီးတော့ ဖိုးဝင်းတောင် ရွှေဘတောင်ကိုကူးမယ်ပေါ့။ ညောင်ပင်အိုင်ကိုရောက်တော့ ဆရာတော်ဆီက သက်သက်လွတ်ကို မလွတ်တမ်းစားဖြစ်ခဲ့သေးတာ။ အဲဒီအချိန် ဆရာတော်က ၀စီပိတ်ကျင့်နေတယ်ထင်ပါတယ်။ ဆရာတော် တရားကျင့်တဲ့ ဂူကိုလည်း စပ်စပ်စုစု ရောက်ဖူးတယ်ရှိအောင်သွားခဲ့သေး။

သိပ်ကိုလှတဲ့ ရွှေဘတောင်တစ်လျှောက် ငေးနေဖို့ လက်မနှေးခဲ့ပြန်ဘူး။ ကျောက်တောင်တွေကို ထွင်းထားလိုက်ကြတာ။ ဓါတ်ပုံတွေရိုက်လို့ကောင်းတဲ့နေရာဆိုတာ သေချာတယ်။ ဘုရားပုထိုးတွေ သိပ်များတဲ့ မြေဆိုတာ မငြင်းနိုင်အောင် ဖိုးဝင်းတောင်က ပြနေတော့တာကိုး။ အရမ်းကိုဆော့တဲ့ မျောက်တွေကလဲ တောင်ကြောတစ်လျောက် တွဲလောင်းခို။ ကျနော်တို့ရောက်တော့ တောင်ပေါ်ကမဆင်းတာမို့ မျောက်စာရောင်းသူတွေမှာ သူတို့ ကျေးဇူးရှင်တွေကို တကြော်ကြော်ခေါ်လိုက်ရတာ။

ဖိုးဝင်းတောင် ဘုန်းကြီးကျောင်းက အဆင်းမှာ ဒီခရီးဆက်ဖို့ အစပြုတော့တာ။ အစတည်းကနေ့ချင်းပြန်ခရီးမို့ အဝတ်အစားပိုလည်းမပါ။ ပိုက်ဆံလည်း သိပ်များများစားမထည့်ခဲ့။ တောင်ကြီးကလူတွေက မပူပါနဲ့ လိုက်သာလိုက်ခဲ့ ရောက်ဖူးတယ် ရှိအောင် သွားမယ်လေဆိုတော့ မငြင်းနိုင်ကြဘူးလေ။ ဘယ်သူမှ မရောက်ဖူးတာမို့ လည်းပါသပေါ့။ သင်္ကြန်မတိုင်မှီ အိမ်ပြန်ရောက်ပြီးရောဆိုပြီး။

ညဖက်အေးအေးလူလူ ခရီးဆက်ခဲ့ကြတယ်။ ခရီးရှည်လာတာနဲ့ အမျှ ပူပြင်းမှုက သိသာလာတယ်။ ရွာတွေရှိပေမယ့် ရေရှားဒေသဆိုတာကိုး။ နောက်တော့ ရေလျှံတွင်း ကိုးဆယ့်ကိုးခုဒေသကို ဖြတ်တော့ ရေချိုးချင်လို့ ကလေးတွေ အားလုံးဂျီကျတော့ ခဏရပ်ပြီး အဲဒီတွင်းတွေနားမှာ အေးမျှတဲ့ ရေကို ချိုးခဲ့ကြသေးတာ။ ထမင်းဆိုင်ရှာရတာ အိမ်သာရှာရတာကလွဲရင် ကျန်တာအိုကေ။

တဖြည်းဖြည်း တောကလည်းနက်လာတယ်။ ဒီဒေသက နယ်မြေကြမ်းသလို တောကောင်တွေလည်း ရှိတတ်တယ်တဲ့။ သင်္ကြန်စကျနေပြီဆိုတော့ ရွာတွေက ရေထွက်ပက်ကြတယ်။ အပိုမပါတဲ့ ဝတ်စုံတွေ ရေစိုလိုက်ပြန်ခြောက်လိုက်ပေါ့။ တောထဲဝင်ခါနီး နောက်ဆုံးရွာ ဖြစ်တဲ့ ကပိုင်ရွာ(ဒီရွာပြီးရင် လူနေအိမ်ခြေသိပ်မရှိတော့ဘူး) အဝင်မှာတော့ ကားဘီးထဲက မီးခိုးတွေထွက်လာတယ်။ သူတို့ရွာကလည်း ကလေးတွေ ဝါးလုံးနဲ့ကားကိုတားပြီးရေပက်ကြတာ။ ကားမှန်ဖွင့်ပြီး ကားဘီးကို ရေပက်ပေးပါပြောဖို့ကြိုးစားတာ ဘယ်လိုမှကို မအောင်မြင်ဘူး။ ခေါင်းထွက်တာနဲ့ မျက်နှာကိုရေနဲ့ ဝိုင်းပက်ကြတာ။ စကားပြောခွင့်ကိုမရှိခဲ့ဘူး။ နောက်ဆုံးကားထိုးရပ်တဲ့နေရာက တရွာလုံးကိုရေဝေနေတဲ့ ရေစက်အရှေ့တည့်တည့်မှာ။ အဲဒီတော့မှ တရွာလုံးထွက်ပြီးကားကို ရေလောင်းကြတော့တာ။

ကားပြန်ကောင်းပြီဆိုတော့ ရွာထဲက လူကြီးတစ်ယောက်က အလောင်းတော်ကဿပ ဆင်စခန်းကိုလိုက်ချင်ပါတယ်ဆိုတာနဲ့ ခေါ်ခဲ့ရပါတယ်။ သူက ကလေးတွေ စကားပြောဆင်ခြင်ပါနဲ့ တတွတ်တွတ်ပြောရင်း နောက်တစ်ခါကား ပျက်ရင်ပူစရာမလိုဘူးတဲ့။ သူ့စခန်းကဆင်တွေနဲ့ ဆွဲခိုင်းမယ်ဆိုပဲ။ မကြာပါဘူးကားက တော်တော်လေးတောနက်ထဲသွားအပြီးမှာ ထိုးရပ်သွားပါတော့တယ်။ မှောင်စကလည်းပျိုးလာပြီ။ ကားပေါ်ပါလာတဲ့ အရေးပေါ်မီးချောင်းကို ထွန်းထားရင်း လမ်းဘေးမှာ ရပ်နေရတယ်။ ကလေးငယ်တွေကတော့ အိပ်ငိုက်နေပြီလေ။ လူကြီးတွေက တောကောင်တွေရှိတဲ့ အရပ်မို့ စိုးရိမ်စပြုလာပြီ။ လူနေအိမ်ခြေလည်းမနီး ဘယ်လိုမှဆက်သွယ်အကူအညီတောင်းစရာလည်း မရှိတာမို့ တကယ့်ကို အတိဒုက္ခနဲ့ပေါ့။

ဘုရားတရားကျေးဇူးကြောင့်ထင်ပါရဲ့ ဟိုးတစ်မိုင်နှစ်မိုင်လောက်မှာ လူသံကားသံကြားလာရတယ်။ တကယ်တမ်းဒီလမ်းကို ညဘက် ဘယ်သူမှမလာနိုင်ဘူးလေ။ အစ်ကိုက ပြေးသွားပြီး အကူအညီတောင်းရှာတယ်။ ရွာလူကြီးရဲ့ ခြောက်တောင့်ထိုးဓါတ်မီးကြီး ပါလာလို့တော်ပါသေးရဲ့။ ထူးဆန်းတိုက်ဆိုင်စွာရောက်လာတဲ့ ကားက လမ်းပြင်တဲ့အဖွဲ့ကားပါ။ ကျနော်တို့ရဲ့ ပျက်နေတဲ့ ကားကိုဝိုင်းဆွဲကြရင်း ကပိုင်ရွာကို နောက်ပြန်ဆုတ်ခဲ့ရတာ။

ရွာအထိရောက်အောင်မသွားပဲ ရွာအထွက်က သစ်စခန်းမှာကျနော်တို့ကိုထားခဲ့တယ်။ လူတစ်ယောက်ပဲရှိတဲ့ သစ်စခန်းကျယ်ကြီးထဲမှာ ကျနော်တို့တွေ တည်းခိုခဲ့ရပါတယ်။ ပျက်သွားတဲ့ ကားအင်ဂျင်ကိုပြင်နိုင်တာ ညောင်ပင်ကြီးက စက်ဆရာတွေပဲတတ်နိုင်တယ်ဆိုလို့ ညောင်ပင်ကြီးကို ကားကြုံနဲ့ အစ်ကို့ကိုလွှတ်လိုက်ရတယ်။ ရှားပါးတဲ့တောရွာကြောင့်လား သင်္ကြန်ရက်တွင်းမို့လား စျေးဆိုတာ မရှိတာမို့ ကျနော်တို့အဲဒီရက်အတွင်းမှာ မငြီးမငွေ့စားနေရတာက ပဲပုတ်ချက် ပဲပုတ်ကြော် တစ်လှည့်စီလေ။ အိပ်လို့ကောင်းလိုက်တာမပြောပါနဲ့တော့။

ညောင်ပင်ကြီးက စက်ဆရာတွေကားပြင်နေတုန်းမှာ စက်ဆရာတွေခေါ်လာတဲ့ ကားနဲ့ ကျနော်တို့ ခရီးဆက်ခဲ့ပြန်တယ်။ စိတ်တော့မလျှော့သေးဘူး။ လမ်းတစ်လျှောက် ချောင်းတွေကို အဖြတ်မှာ ခရီးသွားကားအချင်းချင်း ဘေးချင်းကပ်ရပ်ပြီး ချောင်းရေနဲ့ပက်ကြတာ တစ်မျိုးတော့ ပျော်စရာကောင်းတယ်။

နာမည်ကျော်တဲ့ ပြာပုံ၁၂ကွေ့ကလည်း ကျော်လောက်ပါပေတယ်။ လမ်းဘေးဝဲယာက အုပ်ဆိုင်းစိမ်းစိုတဲ့ သစ်တောရယ် ကျေးငှက်သံတွေရယ်တကယ့် သာယာနာပျော်ဖွယ်ပါပဲ။ သစ်ပင်မြင့်တွေဆီက သစ်ခွပင်တွေကိုလည်း ကားရပ်တိုင်း ခူးခိုင်းရတာ မနားတမ်း။ ခြေချစရာမရှိတော့ပြီဆိုမှ ရပ်တော့တာ။

အနီးအနားရွာတွေက အဲဒီခရီးကို ခြေကျင်သွားကြတာတဲ့။ သွားလိုက်ကြ နားလိုက်ကြ စားလိုက်ကြနဲ့ တော်တော်ပျော်စရာကောင်းမယ့်ပုံပါပဲ။ ခုနောက်ပိုင်းလည်း ပွဲတော်ချိန်ဆို သွားနေကြတုန်းလို့ဆိုပါတယ်။ တစ်ယောက်စနှစ်ယောက်စတော့ အထုပ်လေးတွေ ခေါင်းပေါ်ရွက်တာတွေ့ရတတ်တယ်။

တောတောင်အရိပ်မှာ မင်သက်ရင်း ဆင်စခန်းကိုရောက်ခဲ့ရတယ်။ စီးဖူးတယ်ရှိအောင်စီးကြမယ် ဆိုပြီး စင်ပေါ်ကနေစောင့်ကြရတယ်။ ကျနော့တို့ ဆင်ကအမ,လေးဗျ။ ပြီးတော့ နာမည်က ချစ်စနိုးပေးထားတာ စိုးမြတ်သူဇာတဲ့။ ဆင်မယဉ်သာဆိုတဲ့အတိုင်း အိပဲ့အိပဲ့နဲ့ တောလမ်းလေးတစ်လျှောက် သွားရှာတယ်။ ဗြုန်းဆို မှီထားတဲ့ နောက်ကျောက သစ်ပြားက ပြုတ်ထွက်သွားသေးတယ်။ အောက်များကျသွားလို့ကတော့ ဆင်နင်းခံရရင် တော်တော်အညောင်းပြေသွားမယ်။ ကံကြီးတယ်ခေါ်ရမလား လုံးလုံးမမှီရသေးခင် ပြုတ်သွားလို့။

အပေါ်ကဘုရားကို ဦးချပြီး အောက်ထဲကိုဆင်းဖို့ပြင်ဆင်ကြတယ်။ လှေကားတွေက ရေတွေကြောင့်လား ရေညှိတွေတက်လို့။ လင်းနို့ချေးနဲ့ကလည်း လေအဝှေ့မှာ ဘယ်လိုမှရှောင်လို့မရ။ ဆင်းလိုက်တက်လိုက်အပြီးမှာ ကျောက်တံခါးရှေ့ကို ရောက်ပါတော့တယ်။ ရွှေချထားတဲ့ ကျောက်တံခါးနောက်မှာ ရှင်မဟာကဿပ ကိုယ်တော်မြတ်ရှိပါတယ်။ အခွင့်သင့်ပါက တံခါးပွင့်တာနဲ့ ကြုံတတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဂူထဲကိုဖြတ်စီးသွားတဲ့ ချောင်းတစ်လျှောက် မိမိကပ်ချင်တဲ့ လှူဖွယ်တွေကို ပန်းကန်နဲ့ထည့်ပြီး မျောလိုက်ရင် တစ်ဖက်ထွက်ပေါက်မှာ ပန်းကန်ပဲ ပြန်ပါလာတယ်လို့ ကြားဖူးတယ်။ ဟုတ်မဟုတ်စမ်းသပ်ချိန်မရလိုက်ဘူး။ ဒီနေ့ပဲ ပြန်ရမှာမို့ ခပ်သွက်သွက်ဖူးခဲ့ရတာ။ ရှင်သူငယ်ပေါက်ဆိုတာကိုလည်း ကြည့်ဖြစ်အောင်တော့ ကြည့်ခဲ့ပါသေးတယ်။ အခွင့်များရရင် အဖော်ကောင်းနဲ့ အထဲကို သွားကြည့်ချင်သေးတာ။ ရွှေဥမင်က ပုဂံထိပေါက်တယ်ဆိုတဲ့လမ်းလိုမျိုး ဟုတ်မဟုတ် စူးစမ်းချင်စိတ်နဲ့ပါ။

သစ်စခန်းကို ပြန်ရောက်တော့ ကားက ပြင်ဆင်လို့ ပြီးနေခဲ့ပြီ။ တစ်ခါတည်း ကားနှစ်စီးအပြိုင်မောင်းပြီး ပြန်လာခဲ့တယ်။ ညောင်ပင်ကြီးဆိပ်ရောက်တော့ ညကြီးမိုးချုပ်ရေပက်နေသေးတော့တာ။ လှေသမားတွေကို မနည်းတောင်းပန်ပြီး မပက်ဖို့ ပြောရတယ်။ ဒီနေ့ သင်္ကြန်နောက်ဆုံးနေ့လေ။

အိမ်ပြန်ရောက်တော့ အတွေ့အကြုံတွေ ဖောင်ဖွဲ့ပြောရင်း ရီလိုက်ကြ မောလိုက်ကြ။ သြော်……ခရီးဆိုတာ အခက်အခဲတွေနဲ့လည်း တွေ့ကြံုရတတ်တာကိုး။ တစ်ခါတစ်လေလည်း မစီစဉ်ပဲ ခရီးတစ်ခုကို သွားဖြစ်ခဲ့တတ်ပါလား။ ခရီးစဉ်တိုင်းကလည်း အဆင်ပြေချောမွေ့နေတတ်တာမျိုးချည်းပဲလည်း မဟုတ်ဘူးလေ။ စိတ်လှုပ်ရှားစရာတွေ ကိုလည်း ပေးစွမ်းတတ်တာကိုး။ အခက်အခက်ကြံုခဲ့တာမို့ ခရီးမထွက်တော့ဘူးလားလို့ဆုံးဖြတ်ဖို့နေနေသာသာ ခရီးဆက်ဖို့ချည်းဖြစ်နေတော့တာ…

4 comments:

Anonymous said...

ဟုတ်ပါ့.. တကယ့်ကိုပျော်စရာကြီးနော်.. အဲ့လိုမျိုး သူငယ်ချင်းတွေနဲ့ လွတ်၂လပ်၂ သွားချင်လိုက်စမ်းပါဘိ။း)
ဒီလောက်ဝေးကြီးသွားတာကို အ၀တ်ပိုလေးတောင် ထည့်မသွားမိတာမှားတာပေါ့။

မီယာ said...

ရပ်ချင်တဲ့နေရာရပ် ပန်းတွေခူး ကြည့်ချင်တာတွေကြည့် အချိန် ကန့်သတ်မှုမရှိဘဲ ခရီးသွားရတာ ကောင်းလိုက်တာ တခါမှ မလုပ်ဖူးသေးဘူး။ အားကျလိုက်တာ။

ပန်းခရမ်းပြာ said...

စုစုဝေးဝေးနဲ့ ခရီးသွားရတာ ပျော်စရာကြီးနော်။ ဒါကြောင့်မို့လည်း အသေးစိတ် မှတ်မိနေတာ ထင်ပါရဲ့။

Unknown said...

ဒီခရီးလေးကို သိပ်ကိုသွားဖူးချင်ခဲ့တာ ခုတော့ မောင်ရွာသားလေးကျေးဇူးနဲ့  ရောက်ဖူးသွားပြီ ကျေးဇူးတင်မိပါတယ် (လမ်းခရီးက သိပ်ကိုပင်ပန်းမယ့်ပုံပဲ) ဒါပေမယ့် ခုလို တစုတဝေးနဲ့ သွားရတော့ ဖတ်ရင်းနဲ့ တောင် အပျော်တွေကူးစက်လာတယ် နောက်လည်း ခုလို ခရီးသွားပိုစ့်တွေ များများရေးနိုင်ပါစေ