02 January 2009

နှင်းခြေရာ

ဇန်န၀ါရီလမှာ နှင်းတွေကျတတ်တယ်။ သိပ်သိပ်သည်းသည်း မဟုတ်ပေမယ့် နှင်းတွေကျနေတယ်ဆိုတာကို မှန်ပြတင်းပေါက်ကနေ မြင်ရတတ်တယ်လေ။ နှင်းစက်တွေမှုန်မှုန်ကျပြီးရင် လူသူမဖြတ်တဲ့ နေရာတွေမှာ မသိမသာလေး နှင်းတွေ ကျန်ရှိနေတတ်လေရဲ့။ မင်းဖြတ်သွားခဲ့တယ်ဆိုတာ နှင်းခြေရာတွေကနေ တစ်ဆင့် မြင်ခဲ့ရတာပါ။ မငြင်းနဲ့နော် နေလာရင် နှင်းခြေရာတွေ ပျောက်မှာကို သိသိနဲ့ မငြင်းလိုက်ပါနဲ့။ မျက်စိမှောက်တယ်ပြောချင်လည်းပြောလိုက်ပါ နှင်းခြေရာရှင်ရယ် ငြင်းတော့မငြင်းလိုက်ပါနဲ့…

မင်းကလေ သုတ်ခနဲ ထွက်ပြေးသွားတတ်တဲ့လေပြေလိုပဲ တစ်ချက်တစ်ချက် ငါ့ရင်ကို တိုက်ခတ်သွားတတ်တယ်။ မင်းရောက်လာတာကို အစက ငါမှမမြင်မသိခဲ့တာ။ မင်းဆီက ၀င်သက်ထွက်သက်ကို တစ်ချက်တစ်ချက် ငါရတတ်တယ်။ ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ သစ်ရွက်ခြောက်တွေကို နင်းသွားတဲ့ခြေသံလား သဲ့သဲ့တော့ ငါကြားမိတတ်တယ်။ ဒါပေမယ့် အကောင်ပလောင်လေးတွေ လျှောက်သွားနေတယ်ပဲ စိတ်ထဲကတွေးနေမိတာ။

အနံ့အသက်ဆန်းဆန်း တစ်ခုလည်းငါခံစားမိခဲ့တယ်။ သစ်ပင်တွေက ထွက်တဲ့ အနံ့တွေလို့ပဲ စိတ်မှာစွဲနေခဲ့တာ။ အနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်ထင်မိလို့ ဖျတ်ခနဲ လှည့်ကြည့်မိတာလည်း မရေမတွက်နိုင်အောင်ပါပဲ။ လုံအောင်ပုန်းနေသူကို ဘယ်လိုလုပ်တွေ့နိုင်မှာလဲနော်။ မင်းကတော့ လုံခြုံတဲ့ တစ်နေရာကနေ ငါ့အဖြစ်ကို ဟားတိုက်ရယ်နေသတဲ့လား….ဟင်။

မသိုးမသန့် စိတ်ထဲမှာဖြစ်လာတိုင်း ငါလုပ်နေကြ ဘုရားစာကို ရှေ့နောက် အကြိမ်ပေါင်းများစွာ ရွတ်ခဲ့ပါရဲ့။ စိတ်ထဲမှာတော့ ရှင်းမသွားခဲ့ဘူး။ မင်းဘာလိုချင်ခဲ့တာလဲ။ င့ါကို ခြောက်လှန့်ယုံသက်သက်တဲ့လား။ မင်းရဲ့ ပျော်ရွှင်မှုအတွက်တဲ့လား။ ဟား………..မင်းတော်တော်လေး တတ်နိုင်ပါလား။ မင်းရသွားတဲ့ ပျော်ရွှင်မှုအတွက် ငါ့ဖက်က ပေးဆပ်ရတာတွေကို ထည့်တွက်ခဲ့သင့်ပါတယ်လေ။ ငါလေ..ငါလေ မင်းရဲ့ ခြောက်လှန့်မှုတွေ အတွက် သွေးပျက်မတတ် ကြောက်လန့်ခဲ့ရတာ။ အနှစ်နှစ်အလလ မင်းငါ့ကို ခြောက်လှန့်ခဲ့တာလေ။ ဟောဒီ ဇန်န၀ါရီနှင်းစက်တွေကို မြင်တိုင်း အလဲလဲ အပြိုပြို။ နှင်းတွေနဲ့အတူ မင်းရောက်လာတတ်စမြဲမို့။

ကံကောင်းထောက်မစွာ ဇန်န၀ါရီလရဲ့ နေ့ရက်တစ်ချို့မှာသာ နှင်းကျတတ်တာပါ။ နေ့တိုင်း မကျတတ်တာတော့ ငါ့အတွက် ဘုရားသခင်ရဲ့ ခွင့်လွတ်မှုတစ်ခုပါပဲ။ မဟုတ်ရင် ငါဟာနေ့တိုင်းရူးသွပ်နေရမှာ။

ဝန်ခံစရာတစ်ခုတော့ ရှိပါတယ်။ ငါ့နားရွက်ထဲကို မင်းဖွဖွလေး စကားပြောတိုင်း ငါကြည်နူးမိတယ်။ တကယ်ပြောတာ။ မင်းပြောတဲ့ စကားသံကိုက ညင်သာမှုအပြည့်နဲ့။ အဲဒီအချိန်တွေက မင်းစိတ်ကောင်းရှိတဲ့ အချိန်တွေဖြစ်မယ်ထင်တယ်နော်။ ဘာဖြစ်လို့ မင်းဘာဖြစ်လို့ အကြင်နာဆိုတာကို မခံစားတတ်ခဲ့တာပါလိမ့်။ ထည့်မတွက်ရလောက်အောင်အထိ ငါဟာ သေးဖွဲသိမ်နုပ်နေပြီလားဟင်။

မင်းဟာဆော့ကစားတတ်ပါလားလို့ သိလိုက်တဲ့ အချိန်မှာ ငါဟာတော်တော်လေး နောက်ကျနေခဲ့ပြီ။ မင်းရှိနေတယ်ဆိုတာကို သိပြီး အချိန်အတော်ကြာနေခဲ့ပြီ။ ငါဟာ မင်းအတွက်ခံစားတတ်နေခဲ့ပြီ။ မင်းရဲ့ ဖြစ်တည်မှုအတွက် ငါနှလုံးသွင်းမိသွားပြီ။ မင်းမရှိလည်း ငါဟာ လိုက်ရှာနေချင်ခဲ့တာ။ ခြေရာတွေကို ကောက်ရင်း မင်းရဲ့ လာရင်းအစစ်အမှန်ကိုလည်း ငါသိပ်သိချင်နေခဲ့တာ။

တစ်ချက်လောက်ဖြစ်ဖြစ် အရိပ်အယောင်ပြခဲ့ရင် ငါကျေနပ်ခဲ့မှာ။ သစ်ရွက်ကလေးတွေလှုပ်ပြတာ၊ လေတစ်ချက်အဝှေ့မှာငါနားကိုကပ်ကပ်လာတတ်တာ၊ အသံတွေအမျိုးမျိုးပေးခဲ့တာတွေဟာ ငါ့အတွက် မင်းရဲ့ ခြောက်လှန့်မှုတွေဖြစ်ခဲ့တယ်။ နှင်းစက်ခြေရာတွေကတော့ သေချာတဲ့ အမှတ်အသားတွေပေါ့။ မင်းမဖျောက်ဖျက်ခဲ့ပေမယ့် နေရောင်လာရင်တော့ ငါမတွေ့နိုင်တော့ပြီလေ။

ရက်စက်တယ်လို့ ငါမဆိုရက်ပါဘူး။ တစ်ခုလောက်ပဲ ငါတောင်းဆိုချင်တာပါ။ ဇန်န၀ါရီရောက်တိုင်း ငါ့ရင်ဘတ်ထဲက နှင်းစက်ခြေရာတွေမရောက်ရှိရလေအောင် တစ်ချက်လောက် ကူညီပေးပါ။ နေရောင်လာရင် ဒီခြေရာတွေ ပျောက်မယ်ဆိုတာသိပေမယ့်။ ဒီခြေရာတွေ မရှိခဲ့အောင် မရှိရလေအောင် မင်းတစ်ချက်လောက်ကူညီပေးပါ။ မင်းခြေရာတွေ မချန်ရစ်ခဲ့ပါဘူးလို့တော့ မငြင်းလိုက်ပါနဲ့နော်။ နှင်းစက်တွေပေါ်က ခြေရာတွေက ငါ့ရင်ဘတ်မှာ အတိုင်းသားထင်ကျန်ရစ်ခဲ့ပြီ။ မင်းမနင်းခဲ့ဘူးဆိုပေမယ့် ကြွင်းကျန်ရစ်တဲ့ ဒီခြေရာတွေက အထင်းသားလေ…………..နေရောင်မလာခင်အထိပေါ့

10 comments:

RePublic said...

ညီ ရွာသားရဲ့ ရင်ဘတ်ဒဏ်ရာ တော်တော်ပြင်းပုံပဲ ၊၊ အားရပါးရရေးပါဗျာ ၊၊

pandora said...

အရေးအသားလေးက တကယ်ကို နူးညံ့နေတယ်။ ရင်တွင်းဖြစ်တွေဖြစ်မယ်။

sait phay yar said...

ေ၇ေ၇လည်လည်မိုက်တယ်ဗျာ အရေးကော အတွေးကော တော်တော်လေးခံစားချက်ပြင်းထန်ပုံဘဲ
ခြေရာလေးတော့ သိမ်းထားလိုက်ပါလား အမှတ်တရပေါ့

ThuHninSee said...

စာသားလေးတွေက နုလိုက်တာဟယ်။ ဒါနဲ့
သူမရဲ့ နှင်းခြေရာ မကျန်အောင် နှင်းရှင်းပေးမယ်။ တစ်နာရီ ၁၀ဒေါ်လာပဲပေး။ :P

Anonymous said...

ဂွတ်လှချည်လား ကိုရွာသား။။း)

မောင်ဖားကြီး said...

နှင်းနဲ့ ပတ်သတ်ရင် ကျွန်တော်လည်း ခံစားချက်ရှိတယ် အစ်ကိုရေ...
သြော် နှင်း နှင်း.......
မေ့မရတော့မယ် နှင်း..
ဒီအချိန်ဆို ဝေနေပြန်ပြီပေါ့

Anonymous said...

နှင်းတွေ ဝေနေတယ်
ဟိုးး အဝေးကြီးမှာ အဲ့တာ တကယ်တော့ ဆောင်းငွေ့တွေ လွမ်းလို့ ငိုနေတာတဲ့ ။

Unknown said...

မောင်လှမျိုး(ချင်းချောင်းခြံ)
ဖတ်နေရသလို ပဲ

Unknown said...

ဇန်န၀ါရီရဲ့  နှင်းကျတဲ့ ဆောင်းမနက်မှာ
မထင်မှတ်ပဲ မင်းရောက်လာတာ
ခြေရာတွေထားပြီး မင်းအဝေးပြေးသွားတော့
ငါ့ရင်တွင်းမှာ ထင်ကျန်ခဲ့ပြီ နှင်းခြေရာ
မင်းအတွက် ပျော်၇ွှင်မှုသက်သက်သာဖြစ်ခဲ့ပေမယ့်
ငါပေးဆပ်ခဲ့တဲ့ ဝေဒနာတွေက ရင်နဲ့ အပြည့်
နေရောင်လာရင် နှင်းခြေရာပျောက်သွားပေမယ့်
ငါ့ရင်တွင်းက ထင်ကျန်ခဲ့တဲ့ မင်းခြေရာကိုတော့
မင်းကိုယ်တိုင်ပဲ ကူညီပေးဖျက်ပေးလှည့်ပါ ---
(အရေးကောင်းလွန်းလို့  ဖတ်ပြီး ထပ်ဆင့် ခံစားပေးသွားတယ်)

သက်ဝေ said...

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ခိုင်ထူးရဲ့ နှင်း သီချင်းတွေ နားထောင်နေမိတာ....
နှင်းထက်စာရင် မိုးက ကိုယ့်ကို ဒုက္ခပိုပေးတတ်တယ်...
ကောင်းပါဘူးကွာ...