06 January 2009

ဖိနပ်တစ်ဖက်ရဲ့ ဒိုင်ယာရီ

ဖိနပ်တစ်ဖက်အကြောင်းကို ဒိုင်ယာရီစာအုပ်ထဲမှာ ရက်စွဲတွေနဲ့ မှတ်သားခဲ့တာမဟုတ်ပါဘူး။သိပ်တန်ဖိုးကြီးတဲ့ ဖိနပ်လည်းမဟုတ်ဘူးလေ။ သူလိုကိုယ်လို ရာဘာကြက်ပေါင် ဖိနပ်လေးတစ်ဖက်ပါပဲ။ ဒါပေမယ့် ဒီဖိနပ်ရဲ့နောက်မှာ ဒဏ်ရာတွေရှိသလို နာကြင်မှုတွေလည်း ရှိနေပြန်တယ်။

သားရယ် ဒီနှစ်တော့ ဒီဖိနပ်လေးပဲစီးပါအုံး ဖေ့စကားကိုကြားတော့ ဖိနပ်ကိုပြန်ကြည့်မိတယ်။ အတန်းထဲကလူတွေရဲ့ ဖိနပ်လှလှလေးတွေကို မြင်ယောင်ရင်း ခေါင်းညိတ်ဖို့ လေးလံနေပြန်ရော။ နှစ်အစမှာ ဖိနပ်အသစ်နဲ့ကျောင်းတက်ရတော့မယ်ဆိုတဲ့ အပျော်ကို လွယ်လွယ်ပဲ ဇာတ်သိမ်းလိုက်ရတော့မတဲ့လား။ သူ့သူငယ်ချင်းတွေက အပြိုင်အဆိုင်ကြွားလာတဲ့ အခါ သူဘယ်လိုရင်ဆိုင်ရမလဲ။ ကုန်ဈေးတွေအရမ်းတက်တာပဲ ဟင်းတွေလျှော့ချက်မှဖြစ်တော့မယ်ဆိုတဲ့ မေ့ရဲ့ စကားကိုကြားယောင်ရင်း ဟင့်အင်း သားကို အသစ်တစ်ရံ ၀ယ်ပေးပါဆိုတဲ့ စကားကို ကြိတ်မှိတ်မြိုချခဲ့ပြန်ရော။

လျှောက်နေတဲ့ လမ်းတွေတိုင်းမှာ အသက်မရှိတဲ့ ဖိနပ်ကိုပဲမဲနေမိတော့တာ။ ဘာဖြစ်လို့ ဖင်ဖျားပဲပါးပါးသွားရတာလဲ။ စိတ်နာနာနဲ့ ဖိလျှောက်ပေမယ့် ပြတ်ပဲမပြတ်နိုင်ဘူး။ ငါ့နှယ်နော်…..

ကျောင်းဖွင့်တဲ့နေ့ရောက်တော့ တောက်ပတဲ့ သူငယ်ချင်းတွေကို ကြည့်ရင်း ကိုယ့်ကိုကိုယ် အရောင်မှိန်လိုက်တာလို့တွေးနေမိတယ်။ ခဏလောက်ဖြစ်ဖြစ် လူတွေမမြင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ချင်မိတယ်။ ဘာဖြစ်လို့ ငါဒီလိုဖြစ်နေရတာလဲ။ သူများတွေလည်း ဒီကျောင်းမှာပဲ တက်ကြတာလေ။ ဒီအသိုင်းအ၀ိုင်းမှာပဲ ရှင်သန်ကြတာချင်းအတူတူ။ သူမသိတဲ့ အကြောင်းအရာတွေက ငွေကြေးတွေ ကြွယ်ဝချမ်းသာမှုတွေ။ သူရတတ်တဲ့ မုန့်ဖိုးဆယ်ပြားနဲ့ ဒေါ်ရွှေကြီးဆိုင်က ထန်းလျက် မုန့်လက်ဆောင်းလေးတစ်ခွက်ပဲ အမြဲသောက်ရတတ်တယ်။ တစ်ကယ်သူကြိုက်တာက ဖြူဖြူလွနေတဲ့ အုန်းနို့တွေကြား အစိမ်းရောင် မုန့်လက်ဆောင်းလေးတစ်ခွက်ပါ။

ကျောင်းကအပြန်လမ်းတစ်လျှောက်မှာ ဘေးဘီကိုလည်း မကြည့်မိဘူး။ ငုံ့ကြည့်ရင်း အားငယ်စိတ်နဲ့ ဖိနပ်အတွက် သူစိတ်မကောင်းခြင်းကြီးစွာ။

ဗြုန်းဆို မကောင်းတဲ့စိတ်တစ်ခု ၀င်လာခဲ့တယ်။ သွေးတွေဆူလာတယ်။ ဒါလုပ်သင့်တယ်လို့လည်း သူ့ဘာသာကောက်ချက်ချမိတယ်။ တစ်ကယ်တမ်းက လုပ်ကိုလုပ်မယ်လို့ သူဆုံးဖြတ်ပြီးသားလေ။

အိမ်ကိုပြန်ရောက်တော့ မျက်နှာကမကောင်းဘူး။ နဂိုတည်းကမှ ဟန်မဆောင်တတ်ဘူးလေ။ ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် လိပ်ပြာမလုံတာရောပေါ့။ မကြာပါဘူး အိမ်ရှေ့ထွက်သွားတဲ့ မေ့ဆီက အသံတစ်ခုကြားရတယ်။ ဖေကြီးရေ တော့သားဖိနပ်ပြတ်သွားပြီ အသစ်ဝယ်ပေးလိုက်ဦးတဲ့ မနက်ဖြန်ကျောင်းတက်ရဦးမှာတဲ့။

နောက်တစ်နေ့မနက်ကို သူပျော်ရွှင်စွာကျောင်းသွားခဲ့တာပေါ့။ ဒါပေမယ့် အဲဒီနေ့မနက်က သားအဖနှစ်ယောက်ထမင်းချိုင့်ထည့် အပြီးမှာ အိမ်မှာ ဘာဟင်းမှ မကျန်ခဲ့တော့တာ သူသတိထားမိခဲ့တယ်။ အပျော်တွေလွန်ပြီး မေ့ကိုဘာမှ မမေးဖြစ်ခဲ့ဘူး။

မေ့မေ့ပျောက်ပျောက်ပါပဲ။ နောက်ရက်တွေမှာလည်း အဲဒီလိုပဲဆိုတာကိုပါ။

အခုဖိနပ်အသစ်တွေဝယ်လို့ ရနေပြီ။ အဲဒီဖိနပ်အသစ်တွေဝယ်ဖို့ အခွင့်အရေးကို ဖေနဲ့မေပျိုးထောင်ပေးတဲ့ ဘ၀နဲ့ရခဲ့တာ။ ဖိနပ်အသစ်တွေဝယ်တိုင်း ငယ်တုန်းက လုပ်ခဲ့မိတဲ့ အပြစ်က အတိတ်တစ္ဆေလိုပါပဲ။

မေနဲ့တွေ့ရင်တော့ အဲဒီတုန်းက ဟင်းဘာဖြစ်လို့မကျန်ခဲ့သလဲဆိုတာကို မေးဖြစ်အောင်မေးရအုန်းမယ်။ အံမယ် ကျုပ်က ငယ်ရာက ကြီးလာတာပါတော် ဒီဖိနပ်ဘာကြောင့်ပြတ်သွားတယ်ဆိုတာ သိတာမှ ဟိုဘက်ကမ်းတောင်လွန်နေသေးလို့များ မေက စရင် ရှက်ရှက်နဲ့ ရယ်နေမယ့် သူ့မျက်နှာကို တွေးရင်း အခုထဲက ရှက်နေပြန်ရော။

ဒီဖိနပ်တစ်ဖက်က အခုအချိန်ထိ ဒိုင်ယာရီထဲမှာပါ။ စာမျက်နှာပေါ်မတင်ပင်မယ့် ဒီဒိုင်ယာရီက သူ့အလိုလို ဖတ်နေမိတတ်တာ။ ရင်ဘတ်ထဲက ဒိုင်ယာရီမှာ တင်မိတာဆိုတော့လည်း…..

10 comments:

ကဗျာမ လေး said...

သားသမီးတိုင်း မိဘကျေးဇူးကို သိမြင်တတ်ကြရင် သိပ်ကောင်းမှာပဲနော်...။
"အခုဖိနပ်အသစ်တွေဝယ်လို့ ရနေပြီ။ အဲဒီဖိနပ်အသစ်တွေဝယ်ဖို့ အခွင့်အရေးကို ဖေနဲ့မေပျိုးထောင်ပေးတဲ့ ဘ၀နဲ့ရခဲ့တာ။" ... ဒီနေရာလေး အရောက်မှာ မျက်ရည်ဝဲလျက် ဖတ်ခဲ့ရပါတယ်။

:P said...

ရွာသားလေးရဲ့ အဖြစ်မှန်ဆိုရင် ငယ်ငယ်တုံးက ပြတ်ခဲလှတဲ့ ဖော့ဖိနပ်အထူရဲ့ ခေါင်သည်းကြိုးကို ခဲချွန်ဒါးနဲ့ တစ်နေ့နည်းနည်းချင်းလှီးပြီး ဖိနပ်ဖြတ်ခဲ့တဲ့ သူတစ်ယောက်ရှိနေပါသေးတယ်။
ဒီလူကတော့ ဖိနပ်အသစ်ရပြီး အိမ်မီးဖိုချောင် အခြေအနေကိုလည်း သတိမထားမိခဲ့ဘူး၊
တော်တော်ဆိုးခဲ့တဲ့ လူပါပဲ...။

ဟန်လင်းထွန်း said...

လန်းတယ်ဗျာ။ ပုံစံတော့မတူဘူး။ မတူးမခြားနားတွေ ရှိဘူးတယ်

ကိုရုပ်ဆိုး said...

ငယ်ဘ၀ အမှတ်တရ မိဘကို ဒုက္ခပေးခြင်းတွေက များမှ များသား ကိုယ့်လူရာ။ အလယ်အလတ်တန်းစားက မွေးဖွားလာတဲ့ ကလေးတိုင်း ကြုံတွေ့ရတာပ။ ဒီတော့ ကိုယ့်အလှည့်အဲဒီလို မဖြစ်အောင် ကြိုးစားရမှာပ .. မဟုတ်လား........။

Anonymous said...

အစ်ကို့မှာလည်း ဒီလို ဘ၀ဇတ်ကြောင်းတွေ ရှိခဲ့တာပဲ မထင်ရဘူး လူးသားတိုင်းသမိုင်းထဲက နေ့စွဲတွေလို့ ပြောလို့ရတဲ့ အမှတ်တရတွေ ရှိမှာပါလေ...။ အဲ့ဒီ ပျက်ကာနီး ဖိနပ်လေး အစား အခုတော့ အကောင်းစား ဖိနပ်တွေကို မထပ်အောင်လဲလည်း စီးနိုင်နေပြီးပဲ ဂုဏ်ယူလိုက်ပါ ။ အနော်ကတော့ လိုသေးတယ် 99ဘတ်တန်း ADDA တစ်ရံနဲ့ တစ်နှစ်ကျော်ကျော်ပေါ့း)

khin oo may said...

တို့ငယ်စဉ်က စာသိတ်ဖတ်တယ်။ အမေ့မှာ ပိုက်ဆံ အစိတ် ဈေးဘို့းရှိတယ်နေ့က... စာအုပ် ဆိုင် သွားချင်လို့ဆိုလို့....ငါးကျပ်ပေးတယ်။ အခုပြန်တွေးတိုင်း ဝမ်းနည်းမိတယ်။

မီယာ said...

ဖိနပ် မဖြတ်ဖူးပေမယ့် မြန်မြန်ပြတ်ပါစေ လို့တော့ ဆုတောင်းဖူးတယ်။ သားသမီး ၅ယောက် ရှိတဲ့ မုဆိုးမ အမေ့ကို မသိတတ်ခဲ့ဘူး။ နောင်မှတတဲ့ နောင်တပါ။

ThuHninSee said...

အခုရော ဘာဖိနပ်စီးလဲဟင်။

ဗီလိန် said...

အရေးအသားကော အကြောင်းအရာပါ သိပ်ကောင်းတယ်ဗျာ။ ထိထိမိမိရှိပါ့။ မျက်ရည်တောင်ဝဲတယ်။

Unknown said...

ရင်ဖတ်ထဲက ဒိုင်ယာရီလေးကို ဖတ်သွားပြီး စိတ်မကောင်းဖြစ်မိတယ် မိဘတွေဖက်ရော ကလေးတွေဖက်ကပါပေါ့ မိဘမေတ္တာတွေများ ကြီးမား လိုက်တာနော် (ဘယ်ပန်းချီရေးလို့ မမှီ ဆိုတဲ့ သီချင်းလေးကို သတိယသွားတယ်) ခပ်ဆိုးဆိုးကောင်လေး (တကယ်ဆိုးဘူးနော့) ကို ပြေးမြင်မိတယ် (ဗိုက်ခေါက်ဆွဲလိမ်ချင်စရာ) ဒါပေမယ့် အပြစ်တော့ မဆိုသာပါဘူး ကလေးကိုး မှတ်မိနေသေးတဲ့ စိတ်လေးကိုက မိဘကျေးဇူးကို သတိယနေတာပဲလေ