အဲဒီမြို့လေးက ကျနော့မြို့လေးမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီမြို့လေးကို ကျနော်ချစ်ခဲ့တယ်။ မြို့ကလေးကိုယ်တိုင်ကိုက ချစ်စရာကောင်းနေခဲ့တာ။ တကယ်…
အဲဒီမြို့လေးကို အမှတ်ထင်ထင်ရှိသွားတာ ကိုးတန်းအောင် ဆယ်တန်းမတက်ခင်ပေါ့။ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို အိမ်ပြန်ပို့ရင်းနဲ့ ဒီမြို့လေး ကျနော့်ရင်ဘတ်ထဲ တိတ်တိတ်လေး ၀င်နေခဲ့တာ။ မြို့အ၀င်လေးမှာ ဘုရားလေးတစ်ဆူရှိတယ်။ ဘုရားအောက်ခြေနားက စက်ကန်တွေကလည်း လွမ်းဆွတ်ဖွယ်။ ဒီဘုရားလေးနဲ့ ဒီစက်ကန်တွေမှာ ပုံပြင်တွေရှိတယ်လေ။ ဘုရားလေးပေါ်ကနေ ရှုခင်းတွေကို မျှော်ကြည့်မိရင်း နာမည်ကျော်ကြားလှတဲ့ အဲဒီချစ်ဇာတ်လမ်းကို စိတ်ကူးယဉ်ကြည့်မိတတ်တယ်။
လမ်းကလေးတွေကလည်း တကယ့်ကို မြတ်နိုးဖွယ်။ သစ်ပင်သစ်ရွက်တွေနဲ့ ဝေလွင်နေလေရဲ့။ ကျနော်ကြိုက်နှစ်သက်တဲ့ ပထမဆုံးဖတ်ဖူးခဲ့တဲ့ ၀တ္ထုစာအုပ်ထဲက မြို့လေးကို အပြင်မှာ ရင်းရင်းနှီးနှီးတွေ့လိုက်ရတာလေ။ ရွက်ကြွေတွေ တွေ့တိုင်း ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ ကျနော့အနားရောက်လာသလို ခံစားရတတ်တယ်။ ဒါပေမယ့် ရွက်ဝါကြွေတွေကို ဖယောင်းတိုက်ပြီး ကျနော်မသိမ်းခဲ့ပါဘူး။
ကျနော်တို့နေတဲ့ ရေနံဝင်းထဲက အထွက်ပေါက်မှာ နေ့လည်တိုင်း ငှက်ပျောသီးကောက်ညှင်းထုတ်သွားစားရတာကိုလည်း ကျနော်ကြိုက်ပါတယ်။ ရေနံဝင်းထဲက အိမ်ကြီးတွေကလည်း ပုံပြင်ထဲက အိမ်ကြီးတွေလို ရှိနေတတ်တယ်။ အခန်းတွေ အများကြီး ဖွဲ့စည်းမထားတဲ့ အိမ်အကြီးကြီးတွေနဲ့ အိမ်ဝန်းကျင်က စားပင်သစ်ပင်တွေက တကယ့်ကိုလိုက်ဖက်နေပြန်တယ်။ ဒီပတ်ဝန်းကျင်ကို ပြောင်းဖို့ ဖေ့ကို ပြောတိုင်း အကြောင်းအမျိုးမျိုးနဲ့ ပျက်သွားရတတ်တယ်။ ဒီမြို့လေးက ကျနော်နဲ့ အဝေးမှာပဲနေချင်ဟန် တူပါရဲ့။
သူငယ်ချင်းက ဆယ်တန်းအတွက် ကျူရှင်တွေတက်နေတဲ့ အချိန်မှာ ကျနော်က ခက်ဆစ်လေးတွေ ကျက်ရင်း မြို့လေးနဲ့ ရင်းနှီးဖို့ ကြိုးစားမိတယ်။ သူမနက်စောစော သွားရတဲ့ အချိန်တိုင်း မြို့လေးက လမ်းတွေကို လမ်းလျှောက်ရင်းပေါ့။ ဆယ်တန်းမှာ မက်တဲ့ အိပ်မက်ထဲမှာ ဒီမြို့လေးလည်း ပါနေတတ်တယ်လေ။ အိပ်မက်ဆိုတာ မပီပြင်ဝိုးတ၀ါးပါပဲ။
ညနေဖက် သူငယ်ချင်းကျူရှင်က ပြန်လာရင် ကျနော်တို့နှစ်ယောက် စက်ဘီးတစ်စင်းနဲ့ ပတ်နေမိပြန်ရော။ လမ်းထိပ်က ရေခဲသုပ်ရယ် ကြံရည်ရယ်တစ်လှည့်စီ နဲ့ မြို့ကလေးက အချောအလှတွေကို ငေးရင်း သံစဉ်တွေ တိုးတိတ်ဖွဲ့ဆိုတတ်တယ်။ အပြန်လမ်းကတော့ ပြန်နေကြ ကောင်စီလမ်းကပဲပေါ့။ ကောင်စီလမ်းထဲမှာ ကျနော့သူငယ်ချင်းရဲ့ နှလုံးသားရှိတယ်ဆိုပဲ။ တစ်ခါမှ မတွေ့ရတတ်ပင်မယ့် တစ်ရက်မှ လမ်းထဲက ဖြတ်ပြန်ဖို့ကို မပျက်ကွက်ခဲ့ဘူးလေ။
ဆယ်တန်းတက်ဖို့အချိန်ကျလာတော့ ခဏတဖြုတ်သွားခဲ့တဲ့ မြို့လေးကနေ ကျနော်ခွဲခွာလာရတယ်။ ဧည့်သည်ဆိုတော့ အချိန်တန်ရင် ပြန်ရပြီပေါ့။
နောက်ပိုင်းကာလတွေမှာ မကြာခဏ မြို့ကလေးဆီကို ရောက်ဖြစ်တယ်။ အရင်လို ရက်ကြာရှည်နေဖို့ တစ်ခါမှ မကြုံခဲ့ဘူး။ အခေါက်တိုင်း သုတ်သီးသုတ်ပြာနဲ့ ပြန်ခဲ့တာချည်းပဲ။ တခါတလေလည်း မိုးကြီးချုပ်မှ အစ်ကို့ကို ဂျီကျပြီးလိုက်ပို့ခိုင်းတတ်တယ်။ တစ်ညသား ကားပျက်ပြီး လမ်းတ၀က်နေ ကားကြုံနဲ့ အိမ်ကို ပြန်ခဲ့ရဖူးတယ်။
မြို့ကလေးက ကျနော့ဇာတိမြို့လေးလည်း မဟုတ်ပါဘဲ ဘယ့်နဲ့ကြောင့် စိတ်ထဲစွဲနေရတာပါလိမ့်။ ပဉ္စလက်ဆန်တဲ့ အတတ်တွေနဲ့ များ ဖမ်းစားထားလေသလား။ တစ်ခုခုတော့ ဆက်စပ်နေမယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမြို့လေးကို ယနေ့ထက်ထိ ကျနော်မေ့လို့မရသေးလို့ပါ………………………
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
16 comments:
ဘယ်မြို့ပါလိမ့်...... ။
ရေနံချောင်း၊ မကွေး၊ အထက်မင်းလှ.....
ွရွက်ဝါကြွေတွေကို ဖယောင်းတိုက်ပြီး သိမ်းတယ်ရေးတာက တက္ကသိုလ်ဘုန်းနိုင်လား...။
ဘယ်မြို့လည်း ဒီတစ်ခါပြန်သွားမလို့ ။
ငပုတော မြို့လား အဲ့တာဆို ရောက်ဖူးသား စာရေးသူ ညွှန်းလောက်ပါပေတယ် ရွက်ဝါတွေလည်းကြွေ ရွက်နီတွေလည်းကြွေတယ်နော့်း)
ကောင်မလေး ရှိလို့နေမှာပေါ့ ၊၊ မဟုတ်ဘူးလား ..ဟုတ်သလား ၊၊
ဘယ်မြို့ပါလိမ့်....... ဒီနေ့ထိမေ့မရအောင် ဘာတွေနဲ့များဖမ်းစားထားလဲ မသိ...
ဖတ်ရင်းနဲ့ ရွက်ဝါကြွေတွေကို ဖယောင်းတိုက်ပြီးလည်း သိမ်းသွားတယ်..
ကောက်ညင်းထုတ်တွေလည်း စားသွားပါတယ်..
ဟိုမြို့မလား။ ဟိုဒင်းလေ။ မြိတ်မြို့ လွမ်းစေတီလေးနဲ့။ :)
မင်းလှသားလား ကိုရွာသားက အော် ဟုတ်ပြီ သိပြီ မမေ့နိုင်သေးတဲ့သူဆိုတာ ဟိုကောင်မလေးလေ သိတာပေါ့တော် ကျူပ်က... ရွာသား မမေ့နိုင်လို့တောင် အခုထိ အိမ်မက်တွေမက်နေတာလေ
အဲဒီကောင်မလေးက ယောကျားရသွားပြီဆို မေ့လိုက်ပါတော့နော်.. ကျူပ်ကြားပါတယ်တော် ကလေးနှစ်ယောက်ဆိုလား
ဟဟဟဟဟ
လာဖွပေးတာ
I know!
I also miss.
ဘယ်မြို.တုန်းဗျ ရှင်းရှင်းပြောတာဟုတ်ဘူး ဒီကောင်က ဒုန်းဝေးတယ်ဗျ။ ခုထိမေ့မရဆို ဇာတ်လမ်းလေးတွေ ရှိခဲ့လို့ နေမှာပေါ့ ဟုတ်တယ်ဟုတ်။ အဟဲ လာဖွခဲ့ပြီ ( အင်္ဂလိပ်အပြေး ဂျပန်အသိမ်း ခင်ဗျားအခြေအနေ ဘယ်လိုရှိလဲ လာချောင်းဦးမယ် ငှဲငှဲ )
မြို့လေးထဲကိုဝင်ရောက်ခံစားသွားပါတယ်...။
သူ ငယ်ချင်းလိုပဲဆက်ရွေခေါ်မယ်ခိုင် ထဲ က သန်လျှင်
မြို့လေးမှာ သံယောဇဉ်တွေ များထင်ကျန်နေတာလား...
လူကိုမှ မဟုတ်ဘူးနော်... အရာရာကို ပြောတာ ...ဟီး
တိုတိုလေးနဲ့ ဖတ်ချင်အောင် ဆွဲဆောင်သွားပြန်ပြီ
တကယ်ကောင်းတယ်ဗျာ
မှန်းရတာ မောလိုက်တာ....
ဖွင့်သာပြောလိုက်ပါတော့ အေ...။
မြို့ လေး အကြောင်းဖတ်ပြီး
စာရေးဆရာမ ဂျူးကို သတိယမိတယ်
အဲ့လို မြို့ လေးတမြို့ ကို သူလည်း မှတ်၂ထင်၂ ရေးဖွဲ့ ခဲ့ဖူးတယ် ထင်တာပဲ (မေ့မရတဲ့ အကြောင်းအရာတွေ ရှိမနေတတ်ပေမယ့် စိတ်ထဲစွဲနေတတ်တဲ့ အဖြစ်လေးတွေကြောင့်ပဲ မေ့မရတာဖြစ်ရမယ်)
လာလည်ပါတယ်..ကျနော်က သန်လျှင်သူပါ...
ဒီမြို.တမြို.အလွမ်းကို ကျနော့်ရဲ. မြို.လေးသန်လျှင်အဖွဲ.(mmit)ဆိုဒ် ဘလောဂ်မှာ ဖော်ပြချင်ပါတယ်..ခွင့်ပြုတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါလား..
Post a Comment