ကျနော်စသိတဲ့ လေးထောင့်ပုံးလေးက အရုပ်တွေမြင်ရတယ်လေ။ သစ်သားလေးထောင့်ပုံးလေးပေါ့။ Toshiba (made in japan) ဆိုတဲ့ စာတမ်းလေးနဲ့။ စက်ရုံစတည်တော့ သယ်လာခဲ့တာ ၀န်ထမ်းတွေအတွက် ဖျော်ဖြေရေး။
ဝန်ထမ်းရပ်ကွက်တွေက ၁၅၀စကေး၊ ၂၁၀စကေး၊ ၄၀၀စကေး၊ ၄၅၀စကေး၊ ၈၀၀စကေး အရင်တုန်းက ရတဲ့လစာပေါ်မှာအခြေခံတဲ့ ရပ်ကွက်လေးတွေ။ ဆင်တူအိမ်လေးတွေနဲ့လေ။ တစ်ခြားအရပ်ကလူ လာလည်လို့ကတော့ မျက်စိလည်မြဲ။ ရပ်ကွက်တစ်ခုစီအတွက် အဲဒီလေးထောင့်ပုံလေးတစ်လုံး ကနေ နှစ်လုံးလောက်အထိ ထားထားပေးပါတယ်။ ဇာတ်ကားကောင်းပြီဟေ့ဆို နေရာဦးပေရော့။ ပါချီပါချက်အဲဒီ ရုပ်မြင်သံကြားစက်ကလေးတွေ တဖြည်းဖြည်းနဲ့ ချို့ယွင်းလာတော့ ဟိုဘက်ကပုတ် ဒီဘက်ကပုတ် ဟိုကျူးနင်းလေးလှည့် ဒီကျူးနင်းလေးလှည့်။ ဆီပျောက်မီးပျောက်ကယ်နဲ့ ပိန်မသာလိမ်မသာရယ်ပါ။ ဒါပေမယ့် အကြည့်မပျက်ခဲ့ကြဘူး။ ဇာတ်ကားမလာခင် အမျိုးသမီးတွေက စကားပြော ကျနော်တို့ ကလေးတွေကတော့ လူစုပေးထားတဲ့ ကစားကွင်းပေါ့ဗျာ။
ကျနော်ကလည်း ဘမျိုးဘိုးတူ ချိုကလေးနဲ့လေ။ ဘမျိုးဘိုးတူဆို ကျနော့အမေက ရွှေမန်းတဲ့ဆိုရင် လက်မှတ်ဖြတ်ပြီးသားတဲ့ဗျ။ မကြည့်ရလို့ကတော့ အိမ်ရှိပစ္စည်းကုန်အောင်ဖျက်ခဲ့တယ် ဆိုတာကိုး။ ဖေကကော ရုပ်ရုင်မကြည့်ရလို့ ငိုတဲ့စတိုင်လေးနဲ့ နာမည်တွင်သွားတာက မောင်ဖင်ဆောင့်ငိုတဲ့ဗျား။ ဆိုတော့ လာသမျှကား ပိတ်ကားပေါ်အရုပ်ထင်ကောင်းတယ် ဖြစ်အောင် ကျနော်ကလည်း ကြည့်တော့တာပါပဲ။ Air wolf လိုကားမျိုးဆို တီးလုံးကိုအလွတ်ရတဲ့အထိ စွဲလမ်းတာ။ ကျောင်းသွားကျောင်းပြန် နောက်ခံတီးလုံးက အဲဒီတီးလုံးဗျ။ မသိရင် ဟယ်လီကော်ပတာကြီးပဲ မောင်းနေသလိုလို။ တကယ်တမ်းက ရာဘာဖိနပ်ကို အ၀ိုင်းဝိုင်း ၀ါးခြမ်းပြားတွေကို သားရေပင်နဲ့လုပ်ထားတဲ့ ကိုယ်တိုင်လုပ်မော်တော်ကားလေးပါ။
၁၉၉၀ နောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ ရပ်ကွက် လေးထောင့်ပုံးလေး လုံးဝပျက်သွားခဲ့ပါတယ်။ ပြန်ပြင်ဖို့ကလည်း မလွယ် အသစ်ကလည်း ၀ယ်မပေးနိုင်ပြန်။ အဲဒီအချိန်မှာ ငွေကြေးတတ်နိုင်တဲ့လူတစ်ချို့ ဆီမှာတော့ လေးထောင့်ပုံးလှလှလေးတွေ ရှိနေပြန်ရော။
အိမ်နားက လူဝကြီးတွေအိမ်က (တစ်မိသားစုလုံးကို ၀တာပါ) သူတို့ အိမ်မှာ လာကြည့်ပါဆိုတော့ ဘယ်နေလိမ့်မလဲ ညတိုင်းနီးပါးလောက်ကို သွားကြည့်ဖြစ်တာ။ နောက်တော့ ကျနော့ကြောင့် သူတို့ အိပ်ရေးပျက်ရတယ် အလိုက်မသိတတ်ဘူးဆိုမှပဲ ကျနော့ခြေလှမ်းတွေကို ရပ်လိုက်ရတယ်။ အဲလောက် အတာ နတာ။
ဗွီဒီယိုတွေထွန်းကားတော့ ဈေးလေးသေးသေးလေး ထဲက သုံးဆိုင်သော ရုံရဲ့ အပြိုင်အဆိုင်ကားတွေကြားမှာ ရွေးရခက်ကြီး ဖြစ်ရမြဲ။ ဘယ်လောက်တောင်ကြည့်ခဲ့သလဲဆိုတော့ သူငယ်ချင်းတစ်ယောက်တောင် ရလိုက်တဲ့အထိ။ ရုံပိုင်နဲ့ ရင်းနှီးသွားတာလေ။
မြ၀တီစလွှင့်တော့ နောက်တစ်အိမ်က ထပ်မံဖိတ်ခေါ်ပြန်ရော။ ကားတွေ သီချင်းတွေကလည်းကောင်းဆိုတော့ အိမ်မှာနေတဲ့ အချိန်ထက် လေးထောင့်ပုံးလေရှေ့မှာနေတဲ့အချိန်က ပိုများနေတတ်တယ်။ စာမေးပွဲတွင်းလည်း ဦးနှောက်ဆေးတယ်ဆိုပြီး ကြည့်တာပါပဲ။
ကျနော်တို့ရဲ့ ပထမဆုံး ကိုယ်ပိုင် လေးထောင့်လေးက Daweoo ဆိုတဲ့ တံဆိပ်လေးပါ။ ၀န်ထမ်းတွေကို ပေးတဲ့ Gasကို ဖေကလျှောက်ရပါတယ်။ ရပြီလာထုတ်ပါဆိုတော့ ပျော်ကြတာပေါ့ဗျာ။ မေကတော့ ပိုက်ဆံမလောက်ခဲ့ရင် ဘိုးဘွားပိုင်ပစ္စည်းလေး နည်းနည်း ထည့်မယ်ပြောပါတယ်။ ဒါပေမယ့် တကယ်တမ်း သူ့လက်က ဘာမှထွက်မလာဘူး။ သူရွတ်နေကြက ရှေးပစ္စည်းတွေတဲ့လေ။ ဖေရန်ကုန်ကပြန်လာတော့ အဲဒီလေးထောင့်ပုံးလေး နဲ့ဗျ။ ရောင်းလို့ရတဲ့ သုံးသောင်း (နောက်မှ အများကြီးတန်ဖိုးရှိတာ သိလိုက်ရတာပါ၊ တောသူတောင်သားဆိုတော့ ရန်ကုန်မှာလည်း နေဖို့အစီအစဉ် မရှိ ဘာမရှိ ရောင်းလိုက်တာပဲ အေးပါတယ်နဲ့ ရောင်းခဲ့လိုက်တာ) ဖေ့သူငယ်ချင်းက စိုက်ပေးလိုက်တဲ့ ငွေလေးနဲ့ ၀ယ်လာခဲ့တာ။
စည်းကမ်းကြီးတဲ့ ဖေကတော့ တစ်လက်ကိုင်တရိုတသေလေ။ ဖေ့တပည့်တစ်ယောက်ပြန်ဝယ်သွားတော့ကို တော်တော်လေးကောင်းနေသေးတာ။
အခုတော့ အရင်လို မှန်ဘီလူးခုံးတွေ မဟုတ်တော့ဘူးတဲ့။ LCDတွေ ပြီးတော့ HDV ဆိုတာတွေလည်း ဖြစ်လာတယ်။ တိုးတက်လာတဲ့ နည်းပညာပိုင်းနဲ့အတူ အိမ်တိုင်းအိမ်တိုင်းမှာ လေးထောင့်ပုံးကိုယ်စီနဲ့။ အိမ်ထဲဝင်မကြည့်ဖြစ်ရင်တောင် ခေါင်မိုးပေါ်က ငါးကြင်းရိုးကို ကြည့်ရင်သိနိုင်တယ်လေ။ တစ်ချို့ ဒယ်အိုးကြီးတောင်လှန်လို့။
ဒါပေမယ့် ကျနော်လွမ်းနေမိတာက အရင်လို သစ်သားပုံးလေးရယ် ကျနော့်ကစားဖော်တွေရယ်။ ခုတော့ တစ်အိမ်တစ်လုံးနဲ့ ၀ါးအစည်းပြေသလိုပဲ။ တစ်အိမ်တည်းသား ကျနော်တောင်မှ အခုရုပ်မြင်သံကြားမကြည့်ဖြစ်တာ ကြာပြီ…….
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
9 comments:
ဘမျိုးဘိုးတူ ချိုကလေးနဲ့ ဆိုတော့ကြည့်ကောင်းမယ် တရုတ်သိုင်းကားထဲ မင်းသားလိုပေါ့ ဟဟားး ဘဘကြီးနာမည်က “မောင်ဖင်ဆောင့်ငို” လန်ထွက်နေတာပဲ ဘယ်သူပေးလိုက်တာလဲမသိနော့် ။ တစ်ယောက်တည်းမကြည့်ချင် အဖော်မြန်မြန်ရှာဝေ့ ခဏခဏ ကြောင်ညာမ၀င်နဲ့ ဒါပဲ အခု လေးထောင်ပုံးကွန်ပျူတာကြီးနဲ့ ခိုးလည်နေရတာ :P
ဟုတ်တယ် ညီ ...
အဲ ငယ်ငယ်တုန်းက 6 million dollar man, Airwolf, Manimal, swat နဲ့ computer car ကွာ နာမည်တောင် မေ့နေတယ်၊ ဇာတ်လမ်းကောင်းလေးတွေ အများကြီးပဲ ... အဲဒါက ကာလာဖြစ်နေပြီ၊ ဟိုးအရင် အဖြူအမည်းခေတ်တုန်းက လာတာက မြင်းပျံဖြူကြီးအကြောင်း အဲဒါက သိပ်ငယ်တယ် ဇာတ်လမ်းတောင် မမှတ်မိတော့ဘူး ... ။ အခုတော့ ၀မ်ဆွေ့ဝမ်ဆွေ့၊ နိဟောင်တရုတ်ကားနဲ့ နောက်တော့ ကိုရီးယားကားတွေ ဖြစ်ကုန်ပြီ အမှတ်ရစရာတွေ ပြန်ဖော်ပေးလိုက်တော့ လွမ်းသွားတယ် အဲကာလတွေကို ... ။
အကုန်လုံးမှတ်မိတယ်ဗျ။ မက်ဂိုင်ဗာတို့ ဘာတို့လည်းပါသေးတယ်။ ရမ်ဘို ၁ တို့ ၂ တို့လည်းကြည့်ရသေးတယ်။ စွန်းဝူခုန်းကားတွေရောပဲ။ စုံလို့ပါဗျာ။
ဟီး..ဟီး..ရီရတယ်.. ဦးဖင်ဆောင့်ငိုရဲ့သား...တဲ့
ူကြာပြီ .. ကြာပြီ..တူတူပဲ.. မကြည့်ဖြစ်တာ
ကွန်ပူတာနဲ့ ပဲ အလုပ်ရှုပ်နေတာနဲ့...
ဘက်စ် ကားပေါ်မှာပဲ.. ဟိုငေး ဒီငေး...
ကောင်းပါလေ့ရှင်..
ဒါနဲ့ ကျွန်မရဲ့ favorite, "Little House on the Prairie" တော့ ဘယ်သူမှ သတိမရကြပါလား..
ကိုရွာသားရေ မိုက်တယ်ဗျာ..
ရုပ်မြင်သံကြားစက်အကြောင်းကို ဖတ်ချင်အောင်ရေးထားတာ
တကယ်ပြောင်မြောက်တဲ့ အက်ဆေးလေးတစ်ပုဒ်ပါပဲဗျာ
ဘမျိုးဘိုးတူ ချိုကလေးနဲ့လေတဲ့။
ှအဘတွေ အဘိုးတွေကို ချိုနဲ့ပြေးမြင်ရမလိုလို။
ဘလော့ဂ်နေတာကိုး၊ တီဗီအတွက် အချိန် ဘယ်ရှိတော့မလဲဟယ်။
အရင်တုန်းက တီဗီဇာတ်လမ်းတွေက ပိုကောင်းတယ် လို့ထင်တာပဲ။ လူကြီးရော ကလေးပါ ကြိုက်ကြတာ။ အခုတော့ ကလေးတွေလည်း တီဗီထက် တခြားဟာတွေနဲ့ အချိန်ကုန်နေကြတယ်ထင်ပါရဲ့။
ရုပ်ရှင်ကြိုက်တဲ့ ရွာသားလေးပေါ့ ထိထိမိမိနဲ့  ပေါ်လွင်အောင်ရေးတတ်ပါ့ ခုတော့ ရုပ်ရှင်ထက် ဘလော့ကို ပိုနှစ်သက်နေတယ် ထင်တယ် (မှတ်၂ယ၂ တို့ ငယ်ငယ်တုန်းက ဖေဖေ စ၀ယ်ပေးတဲ့ လေးထောင့်ပုံးကြီးကလည်း ဒေ၀ူးကြီးပါပဲဗျာ ငယ်က ဘ၀ကိုတောင် သတိယသွားမိတယ် လေးထောင့်ပုံးကြီး ထမ်းလာတဲ့ အချိန် ပျော်လွန်းလို့ ထအော်ကြတာကိုပေါ့)
Post a Comment