08 November 2014

မွိုင်ဆမ်းနဲ့ ဟွေအမ်းတနေ့တာ

ချွေးတွေစိုရွှဲပြီး ဟိုတယ်ကိုပြန်ရောက်ခဲ့တယ်။ လေ့ကျင့်ခန်းရတာပေါ့လေ။ မနက်သွားမယ့်ခရီးစဉ်အတွက် ဘက်ထရီတွေဖြည့် အားလုံးအဆင်သင့်ဖြစ်တာနဲ့ အိပ်ရာဝင်ခဲ့တယ်။


ချမ်းအေးတဲ့ မနက်ခင်းမှာ ဟိုတယ်က မနက်စာပူပူကို စားရတာ အရသာရှိလိုက်တာ။ ယိုးဒယားဧည့်သည်တွေတွေ့တော့မှ ဒီနေရာဟာ ယိုးဒယား၊ ကမ်ဘောဒီးယား၊ လာအိုတို့နဲ့ ထိစပ်နေတာကို တွေ့မိတယ်။ ကားလမ်းနဲ့အလွယ်တကူသွားလာနိုင်တာမို့ ခရီးသွားလုပ်ငန်းတွေအတွက် တကယ့်ကို အချက်အချာနေရာပါပဲ။


ဒီနေ့ခရီးကတော့ ချမ်းလူမျိုးတွေရဲ့ အဓိက ဘာသာရေးနယ်မြေ သန့်ရှင်းသောနယ်မြေ မွိုင်ဆမ်းပါ။ ချမ်းတော်ဝင်လူမျိုးနဲ့ သူရဲကောင်းတွေကို မြုပ်နှံတဲ့နေရာ။ အရှေ့တောင်အာရှ သမိုင်းဝင်အဆောက်အဦးတွေနဲ့ အမြဲတမ်းချိန်ထိုးညှိနှိုင်းကြတဲ့ နေရာကိုပါ။
မိုးကအတော်လေးကို သည်းတယ်။ သွားတဲ့လမ်းတလျှောက် ရှုခင်းတွေကို သဲသဲကွဲကွဲမမြင်ရဘူး။ တဖြည်းဖြည်းနဲ့ တောင်တန်းတွေ တိမ်တိုက်တွေနဲ့ နီးလာတယ်လို့ ခံစားမိတယ်။ ခရစ်ယာန်ဘာသာဝင်တွေကလည်း အဲ့ဒီနေရာကို မြင့်မြတ်တဲ့နယ်မြေလို့ ထပ်တူ သတ်မှတ်ထားကြတယ်။ တောင်ကုန်းတွေကြားထဲက မြေပြန့်နေရာလေးဟာ ဟိုးမိုးပေါ်က နတ်ဒေဝတာတွေ ဆင်းသက်တာ မြင်ဖူးသလိုလို ကြားဖူးသလိုလိုတွေ ဒေသခံတွေဆီမှာတော့ ပျံ့နှံ့လို့။


တောင်ပေါ်  ကားဆက်မသွားနိုင်တဲ့ နေရတခုမှာ ကျနော်တို့ လမ်းလျှောက်ရမယ်လို့ တိုးဂိုက်က ပြောလာတယ်။ အရှေ့မှာ ခရီးသွားတွေ အများကြီး တအုံတမ လျှောက်နေကြတာလည်းတွေ့တယ်။ လမ်းမှာ ကျနော်က ထုံးစံအတိုင်း လမ်းဘေးဘယ်ညာကို ဓါတ်ပုံရိုက်လိုတယ်။ ဂိုက်က မြန်မြန်လာပါလို့ တချိန်လုံး ခေါ်နေခဲ့တာ။


တောင်တွေဝိုင်းနေတဲ့ မြေပြန့်လွင်ပြင်လေးဟာ တကယ့်ကို လွမ်းမောစရာ။ အစိမ်းရောင်တောင်တန်းတွေ အဖြူရောင်တိမ်ခိုးတွေကြားထဲမှာ အနီရောင် အဆောက်အဦးတွေဟာ ထင်းလင်းလို့။ ငေးလို့မဆုံးသေးခင် ဂိုက်က ကျနော့ကို အတင်းဆွဲခေါ်ပါတယ်။ သူခေါ်သွားတဲ့နေရာက ချမ်းလူမျိုးတွေရဲ့ အနုပညာ ဖျော်ဖြေမှုပွဲကိုပါ။





ဓါတ်ပုံရိုက်လိုတဲ့ ကျနော့ကို ပွဲခင်းအလည်တည့်တည့်မှာ နေရာချပေးတဲ့ သူ့ရဲ့ စီစဉ်တတ်မှု၊ သွက်လက်မြန်ဆန်မှုတို့ တကယ့်ကို ပညာရှင်ဆန်တယ်။ လက်တဖက်က ဓါတ်ပုံရိုက်ပြီး တဖက်က ဖုန်းနဲ့ ဗီဒီယိုရိုက်နေခဲ့တယ်။ အလင်းရောင်က အဝါတောက်တောက်ကို ထိုးထားတာမို့ ကျနော့စိတ်ထဲ ပုံတွေကို သဘောမတွေ့လှပါဘူး။

အစောက ပြောခဲ့တဲ့ ဟိန္ဒိူလူမျိုးနဲ့တူတယ်ဆိုတာလေး သေချာသွားတယ်။ အဝတ်ဖြူဖြူတွေနဲ့ သယ်တဲ့ ရေအိုးပုံစံကိုက တကယ့်ကို ချွတ်စွပ်ပါပဲ။









ဒီအကကို မြင်ရတဲ့အခါ အတော်လေး အံ့သြသွားပါတယ်။ ကျနော်တို့ ပုဂံအကနဲ့ အတော်လေး ဆင်တာကိုး။ စည်းချက်သံက နှလုံးထဲကို ဖြတ်စီးသွားသလိုပါပဲ။ ခြေထောက်ကွေးပုံ၊ လက်အနေအထား စသည် စသည်။ အင်ပိုင်ယာနှစ်ခုရဲ့ ရာစုတွေ သိပ်မကွာတာမို့ ယဉ်ကျေးမှုတွေ ကူးလူးဆက်သွယ်ထားကြဟန်တူရဲ့။




မွိုင်ဆမ်းဟာ စစ်ဓါးစာခံဖြစ်ခဲ့ဖူးတယ်။ ဗီယက်ကောင်းတွေ ခြေကုတ်ယူထားတဲ့နေရာမို့ အမေရိကန်တွေ အကြိမ်ကြိမ်ကြဲချတဲ့ ဗုံးတွေကြောင့် အတော်လေး ပျက်စီးခဲ့ရတယ်။ ဗုံးကြတဲ့နေရာ၊ ဗုံးခွံတွေကိုလည်း အမှတ်တရ အဖြစ်ပြသထားပါတယ်။ စစ်ဆိုတာမျိုးက သနားခြင်း၊ လေးစားတန်ဖိုးထားခြင်းဆိုတဲ့အရာတွေနဲ့မှ လားလားမှ မသက်ဆိုင်ပဲ။








ပုဂံတို့၊ အန်ကောဝပ်တို့နဲ့ ယှဉ်ရလောက်အောင် များပြားတဲ့  သမိုင်းအဆောက်အဦးတွေ မရှိပါဘူး။ ဒါပေမယ့် နေရာဒေသလေးက အတော်လေးသာယာတယ်။ နေ့တဝက်ပဲ အချိန်ရတာမို့ ရသလောက်အချိန်လေးမှာပဲ ပုံတွေရိုက်ခဲ့ရတယ်။


ဟွေအမ်းမြို့ရဲ့ တဖက်ကမ်းက ပန်းပုထုတဲ့ရွာကိုလိုက်ပို့တယ်။ သင်္ဘောဆိပ်က လှေလှော်သူရဲ့ ပုံစံဟာ ကဗျာဆန်သလိုပါပဲ။ သင်္ဘောကြီးနဲ့ အမှတ်တရ ရိုက်ပါဦးဆိုလို့ စိတ်ကျေနပ်အောင် အရိုက်ခံလိုက်ရတယ်။ ကျနော်က ကင်မရာရှေ့မှာ ဘယ်လိုမှ မအပ်စပ်ဖူးလေ။


ပန်းပုမှာ နာမည်ကျော်တဲ့ ဒါးပိန်ကဆင်းသက်လာတာမို့ သူတို့ပြတဲ့ ပန်းပုလုပ်ငန်းက ကျနော့အတွက် ရင်သပ်ရှုမောလောက်စရာမရှိပါဘူး။ အဲ့ဒီကနေ ပြန်တော့ ဟိုတယ်ပြန်ရေမိုးချိုး ထုံးစံအတိုင်း ဟွေအမ်းရဲ့ ညဟာ ကျနော့အတွက် အထီးကျန်ကျန် ဖြတ်ကျော်ရတဲ့ ညတွေပေါ့။







နှစ်သစ်ကူးအကြိုမို့ ရိုးရာ အကဖျော်ဖြေပွဲကို ဗလာဇာတ်အနေနဲ့ ပြပါတယ်။ ဗီယက်နမ် ယပ်တောင်အကနဲ့ ဟိုတနေ့က တံငါအိုနဲ့ကညာပျိုအကပါပဲ။


နောက်တနေ့မနက် မြုနှင်းတွေကြားက ဟွေအမ်းမြို့ကို နှုတ်ဆက်ထွက်ခွာရတယ်။ လာတဲ့လမ်းကြောင်းအတိုင်း ဒါနံ-ကေအယ်လ်-စင်ကာပူ။ စင်ကာပူကို ရောက်တဲ့အခါ မိုးစုံးစုံးချုပ်နေခဲ့ပါပြီ။ ဗီယက်နမ်ကို နောင်ဘယ်အချိန်ပြန်ရောက်ဦးမလဲ မသေချာတော့သလို သိပ်မကြာခင််မှာပဲ ခရီးစဉ်တခုလုံး တဖြည်းဖြည်းနဲ့ မေ့ပျောက်သွားမှာပဲ မဟုတ်ပါလား။

No comments: