14 November 2014

ကျနော်နဲ့ ဂျိုဂျကာတာ (၅)



ဒီနေ့ နန်းတော်ကိုသွားဖို့ ရွေးချယ်ထားတယ်။ အင်ဒိုနီးရှားက ပြည်နယ်တွေလို ခွဲပြီးအုပ်ချုပ်တာမို့ နယ်တခုမှာ ဘုရင် တယောက်ရှိနေတတ်လေရဲ့။ ကျနော်တို့ဆီက ရှမ်းစော်ဘွားတွေလို နေမယ်။ ဂျိုဂျကာတာနန်းတော်မှာ ဂီတနဲ့အကကို စနေနေ့တိုင်း တင်ဆက်တာမို့ ကျနော် ဒီနေ့ကို ရွေးချယ်ထားခဲ့တာပါ။

မနက်စာကို စားရင်း ကျနော်စိတ်က တက်ကြွနေခဲ့ပြီ။ ဂျိုဂျကာတာဟာ ဂျကာတာတကျွန်းလုံးမှာ ရိုးရာအနုပညာထိန်းသိမ်းထားရာနေရာ။ သူများနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကို မြင်ခွင့်ရမှာမို့ ထင်တယ်။ ကြားဖူးတယ်မဟုတ်လား  အရင်လို အနှေးအတွေ့တဲ့ ကိုးနာရီကျော်ကတည်းက ကျနော် အပြင်မှာ ထွက်စောင့်နေခဲ့တယ်။ ကားသမား ဘိုးတော်ကြီးက ပေါ်မလာဘူး။ ဂီတပွဲက ဆယ်နာရီမှာ စမှာ။ လူက ဖင်တကြွကြွဖြစ်နေပြီ။

ဟိုတယ်ထဲကို ဝင်လိုက်ထွက်လိုက်နဲ့ ယောက်ယပ်ခတ်လို့။ ဧည့်ကြိုကိုလည်း မေးထားတယ် ဟိုတယ်ကနေ နန်းတော်ကို သွားဖို့ ဘယ်လောက်ကြာသလဲလို့။ မိနစ်နှစ်ဆယ်ကနေ နာရီဝက်တဲ့။ ဒါဆို ကားသမားကြီးက ရောက်သင့်နေပြီ။ ကိုးနာရီခွဲ ဟမ်…ဘယ်လိုလုပ်မလဲ။ ထီးတင်ပွဲလည်း မမှီ ဘုန်းကြီးပျံလည်း လွတ်တော့မယ်။ ပြီးတော့ နောက်စနေတခုအထိ ကျနော်က နေမှာမဟုတ်ဘူးလေ။ ဒီအခွင့်အရေးလွတ်သွားရင် ကျနော် နောက်တခေါက် ထပ်လာမှပဲ ရတော့မယ်။ သွေးတွေက ဆူပွက်လာတယ်။

အေးဂျင့်ကို ဖုန်းဆက်လိုက်တယ်။ မင်းတို့ကားသမားက ခုထိမလာသေးဘူး ငါမစောင့်နိုင်တော့ဘူး ဒီနေ့အစီအစဉ် ဖျက်တယ်လို့။ တလက်စတည်း ဟိုတယ်ကို တက္ကစီငှားခိုင်းလိုက်တယ်။ ရောက်မယ့်ရောက်တော့လည်း ကားသမား ဘိုးတော်ကော၊ တက္ကစီပါ တပြိုင်တည်း။ ကားသမားဘိုးတော်က I am Sorry. I am Sorry. ဆိုတာကို တွင်တွင်ရွတ်တယ်။ ဒီ့ထက်လည်း သူက ဘာမှ မပြောတတ်ဘူးလေ။

နောက်ဆုံးတော့ အသက်ကြီးပါတယ်လေ ဆိုတဲ့ စိတ်နဲ့ ပြန်လျှော့လိုက်တယ်။ တကယ်က အတော်လေး နောက်ကျသွားပြီပဲမဟုတ်လား။ ပြန်ပြင်လို့ မရတဲ့အစိတ်အပိုင်းတွေကို လိုက်ပြီး ခံစားနေတာထက် ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်သင့်လုပ်ထိုက်တာကို ဦးစားပေးလိုက်တာအမှန်ဆုံးပဲလေ။ တက္ကစီသမားကို တောင်းပန်ပြီး မူလအစီအစဉ်အတိုင်းပဲ သွားလိုက်တော့တယ်။ စိတ်ထဲမှာတော့ သိပ်မကြည် ဟန်မဆောင်တတ်တဲ့ ကျနော့မျက်နှာကလည်း ခပ်တည်တည်ဖြစ်နေမှာသေချာတယ်။


နန်းတော်ကိုရောက်တော့ အဝင်မှာ တခါတည်း ဧည့်လမ်းညွှန်ကိုပါငှားရပါတယ်။ ဂီတပိုင်းဖြစ်တဲ့ ဆိုင်းဝိုင်းကတော့ ပြီးလုနီးပြီ။ နန်းတော်ဝန်ထမ်းတွေကို နန်းတော်ဝန်းကျင်မှာပဲ အိမ်ရာတွေ စီစဉ်ပေးထားပြီး သူတို့ဟာ နိုင်ငံအတွင်းကောက်ခံတဲ့ အခွန်ကင်းလွတ်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ရပါသတဲ့။



နန်းတော်တံခါးပေါက်က အစောင့်ဘီလူးပုံပါ။
ယခုအချိန်အထိ အသုံးချဆဲ ဘုရင့်ဝေါယာဉ်


တကယ်က ဘုရင်နဲ့ ဘုရင့်မိသားစုလည်း ဒီဝန်းထဲမှာ နေပါတယ်။ ဒါပေမယ့် တခြားဧည့်သည်တွေ ခရီးသွားတွေကိုလည်း ဧရိယာတော်တော်များများမှာ လေ့လာလည်ပတ်ခွင့်ပေးထားခဲ့တယ်။ ပြတိုက်လိုမျိုး အခန်းထဲမှာတော့ နန်းတွင်းသုံး ပါတိတ်တွေပါ ခင်းကျင်းထားတယ်။ အဲ့ဒီပါတိတ်အဆင်တွေကို သာမန်ပြည်သူတွေ လုံးဝ ဝတ်ခွင့်မရှိဘူးဆိုတယ်။ တချို့နေရာမှာတော့ နန်းသုံးအဆင်တွေဖြစ်ပြီး ဓါတ်ပုံရိုက်ခွင့် တားမြစ်ထားတာတွေ့ရတယ်။ အလယ်ပိုင်းဂျာဗားကျွန်းဖြစ်တဲ့ ဂျိုဂျကာတာက ပါတိတ်ဆင်တွေဟာ အဖြူအမည်းနဲ့ အရောင်ဖျော့တွေကို သုံးတာများပြီး၊ ဆူရာဗာရာလိုမျိုးမှာကျတော့ အရောင်တောက်တောက်စိုစိုတွေကို သုံးကြတာ။ သေချာတာတော့ ဈေးထဲမှာ တွေ့ရတဲ့ ပါတိတ်ဆင်မျိုးတွေ မဟုတ်တာပါ။







နောက်ဆုံးပိတ်မှာတော့ အက အခင်းအကျင်းဆီကို ဦးတည်လိုက်တယ်။ နန်းတွင်းမှာ ဖျော်ဖြေတဲ့ အကပညာရှင်တွေကိုလည်း ဝန်ထမ်းတွေအဖြစ် ခန့်အပ်ထားတာဖြစ်တယ်လို့ ဧည့်လမ်းညွှန်က ရှင်းပြတယ်။ ပထမဆုံး အက ကတော့ အပျိုတော်အကနဲ့တူတယ်။ ကပြတဲ့သူတွေဟာ ဘုရင်အရှေ့မှာ ဖျော်ဖြေနေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကပြတာပဲဖြစ်တယ်။ ဝင်လာတဲ့သူတိုင်း ထိုင်လျှက်ကနေမှ ကပြရမယ့် နေရာကို ရွှေ့ပြီး တလေးတစားဝင်လာတယ်။



ဒုတိယတခုအနေနဲ့ သူငယ်တော်အကနဲ့ဖျော်ဖြေတယ်။ ကပြသူတယောက်တည်းဖြစ်ပေမယ့် ပရိတ်သတ်အားလုံးကို ဖမ်းစားနိုင်ပါပေတယ်။ 





နောက်ဆုံးတခုအနေနဲ့ ရာမယဏဇာတ်ထဲက ကကြိုးတခုနဲ့တင်ဆက်တယ်။ ထူးခြားတာက ဒီတခါ ကပြသူတွေအားလုံး မတ်တပ်ရပ်ပြီး လုံချည်အနားတဖက်ကို ဖြန့်ကိုင်ကာ ဝင်လာကြတာပါပဲ။ ပြီးတော့ အတိုက်အခိုက်ပုံစံတွေပါ ထည့်သွင်းကပြတာကိုပါ တွေ့ရတယ်။

ကပြဖျော်ဖြေတဲ့သူတွေရဲ့ ကျွမ်းကျင်ပိုင်နိုင် စနစ်ကျမှုက လက်ကိုနှုတ်တာ ခြေကို ရုပ်တာကအစ အတိအကျပဲ။ တယောက်ကိုတယောက် အချက်ပေးတာမျိုးမရှိပဲ။ စည်းချက်နဲ့ အညီ လှုပ်ရှားသွားတဲ့အခါ အနုပညာဆိုတဲ့ ဖမ်းစားမှုတခုကို  ပရိတ်သတ်အားလုံး အငိုက်မိသွားပြီပေါ့။

နန်းတော်အရှေ့မှာ ရောင်းနေတဲ့အသီး ဘာသီးမှန်းမသိပါ။ မေးလို့လည်း မရလို့ ဓါတ်ပုံရိုက်ယူလာခဲ့တယ်။




နန်းတော်ထဲကနေ ထွက်လာတဲ့အခါ တာမန်ဆာရီလို့ခေါ်တဲ့ ဘုရင့်ချိုးရေတော်သုံး နေရာကိုသွားတယ်။ အဆောက်အဦးပုံစံကို ဘုရင့်ခေါင်းဆောင်းနဲ့ အလားပုံစံတူ ဆောက်ထားတာလို့ဆိုပါတယ်။ ဘုရင့်ကန်နဲ့ တခြားမိဖုရား၊ သားတော်သမီးတော်တို့ရေကန်ကြားမှာ အဆောက်အဦးတခုနဲ့ခြားထားတယ်။ အဆောက်အဦးရဲ့ အမြင့်နေရာမှာ ဘုရင်အိပ်ဆောင်လိုထားပြီး ဘုရင်က လေသာပြတင်းကနေ ပန်းပွင့် တပွင့် ပစ်ချပေးလိုက်တယ်။ အဲ့ဒီပန်းပွင့်ကို ရတဲ့မိဖုရားဟာ ဘုရင်နဲ့အတူ အဲ့ဒီအိပ်ဆောင်မှာ စံခွင့်ရတယ်လို့ဆိုတယ်။ သူ့ရွေးချယ်ပုံကလည်း မဆိုးပါလားလို့တွေးမိစေတယ်။




မိဖုရားတွေ ထားတဲ့ အဆောင်ကိုလည်း သွားကြည့်ဖြစ်တယ်။ အခုတော့ ပျက်စီးနေပြီဖြစ်ပေမယ့် အဆောင်ဆောင်အခန်းခန်းတွေနဲ့ မိဖုရားတွေ ဘယ်လောက်များမလဲဆိုတာ နှစ်ထပ်အဆောက်အအုံကြီးကို ကြည့်ပြီး သုံးသပ်ကြည့်နိုင်တယ်။

နန်းတော်က နေ့တပိုင်းနဲ့ပြီးသွားတာမို့ ဘယ်သွားချင်သေးလဲလို့ မေးတဲ့အခါ ကျနော်က မကျေပွဲဖြစ်တဲ့ ပါရာဘန်နန်းကို ပြန်သွားချင်တယ်လို့ ပြောလိုက်တယ်။ ရတယ်လေတဲ့ ပိုက်ဆံ ငါးသောင်းထပ်ပေးမယ်ဆို ရတယ်တဲ့။ အိုခေ ဆိုပြီး ကျနော်တို့ ပါရာဘန်နန်းကို ဆက်ပါလေရော….

No comments: