22 November 2014

ငယ်အိပ်မက်ထဲကမြို့ဟောင်းဆီသို့ (၁)

လူတိုင်းမှာ အိပ်မက်ဆိုတာရှိတယ်။ အထူးသဖြင့်ငယ်ဘဝမှာဆို ပိုတောင်ရှိဦးမယ်။ တချို့အိပ်မက်တွေက ပြင်ပကမ္ဘာကို ရောက်လာသလို။ တချို့အိပ်မက်တွေကတော့ ဆက်ပြီးတော့ မက်လို့ကောင်းနေဆဲ။ ကျောင်းက ဖတ်စာအုပ်ထဲမှာ ဒီဘုရားကျောင်း သင်ခန်းစာကို သင်ပြီးကတည်းက အဲ့ဒီအိပ်မက်ဟာ အစပြုလာခဲ့တယ်။ တကယ် ဖြစ်မဖြစ် မသေချာပေမယ့် အခွင့်ရရင်ဆိုတဲ့ စိတ်နဲ့ ကျနော် ဒီအိပ်မက်ကို အရှိန်မပြတ်ဆက်လက် ရှင်သန်စေခဲ့ပါတယ်။ အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရပြီဆိုတော့ ပျော်မိတဲ့အပျော်ဟာ နှိုင်းလို့မရနိုင်အောင်ပါပဲ။

ဂျိုဂျကာတာက အပြန် နောက်တပတ်မှာ ဒီခရီးကိုသွားဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ အဲ့ဒီခရီးကတော့ Sieam Reap လို့ခေါ်တဲ့ ကျနော့အိပ်မက်မြို့တော်ဆီကိုပါ။ လေယာဉ်လက်မှတ်ကို ကြိုပြီးဝယ်ထားပေမယ့် ဈေးမသက်သာလှဘူး။ အသွားအပြန် စလုံး ၂၉၀လောက်နီးနီးပေးရပါတယ်။ လေယာဉ်ခ ဈေးကြီးပေမယ့် ဟိုတယ်ခက သက်သာပြန်ရော။ လေးညအိပ်ကိုမှ အမေရိကန်ဒေါ်လာ ၆၀ပဲကျသင့်ပြီး မနက်စာပါကျွေးပါတယ်။ ဟိုတယ်ကို သူငယ်ချင်း ဝေဖြိုးမြင့်ဆီကနေ မေးမြန်းပြီးမှ ရွေးလိုက်တာ။ ဟိုတယ်နာမည်က Avista Hostel။

ဂျိုဂျကာတာက အပြန် ကျနော့မှာ အလုပ်တခုပိုလာပါတယ်။ ပျက်သွားတဲ့ ကင်မရာကို ပြင်ဖို့အရင်ဆုံး Canon service center ကိုသွားပြီးပို့ထားတယ်။ နောက်ခရီးမထွက်ခင် ပြန်ရဖို့ ကျနော် အရင်လိုတာမို့ အမြန်ကြေးပေးရင်း စလုံး၁၀၀ကျော်လောက်တော့ ပါသွားပြန်ရော။  အခုအချိန်မှာ ကင်မရာအသစ်ဝယ်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။ တကယ်က လိုချင်တာပေါ့ဗျာ…

ဟိုမှာလျှောက်သွားဖို့ အစီအစဉ်ကိုလည်း ဧည့်လမ်းညွှန်နဲ့ ဆက်သွယ်ပြီး ဈေးနှုန်းညှိနှိုင်းရ။ ကိုယ်သွားချင်တဲ့နေရာ၊ သူလိုက်ပို့နိုင်တဲ့ နေရာ၊ သူခေါ်တဲ့ဈေးနှုန်း၊ ကိုယ်ပေးနိုင်တဲ့ ပမာဏ ညှိဖို့ အပြန်အလှန် စာတွေပို့ရတယ်။ နောက်ဆုံးမှာ ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၂၅ ကျပ်နဲ့ နှစ်ဖက်ကျေလည်စွာ လက်ခံလိုက်ကြရော။
လေယာဉ်က အတော်လေးလမ်းကြမ်းပါတယ်။ ဘုရားကို တပြီးလိုက်နေရတာ။ တခါမှ အဲ့ဒီလောက်ဆိုးတာမကြုံဖူးသေးတော့ ဒီတခေါက်ငါတော့ သွားပြီလို့တောင် တွက်မိတယ်။ ကျနော်ကသာကြောက်နေတာ အဖြူတွေကတော့ လေယာဉ်တစင်းလုံး စားရင်းသောက်ရင်း အလုပ်ထဲမှာ စားပွဲပတ်ပြီးလည်သလို ပေါ့ပေါ့ပါးပါး။





လေဆိပ်ရောက်တော့ ဆိုက်ရောက်ဗီဇာ တန်းစီရတယ်။ အတော်လေးကိုမြန်ပါတယ်။ ရီရတာက သူတို့အရာရှိက ကျနော့ကို သူတို့နိုင်ငံသားတန်းစီတဲ့နေရာမှာစီတဲ့ မင်းကဗီဇာမလိုဘူးလေလို့ပြောတာကိုပါ။ ကျနော် ဒီနိုင်ငံသားမဟုတ်ဘူးဆိုတော့ နိုင်ငံကူးလက်မှတ်စာအုပ်ကို တောင်းကြည့်ပြန်ရော။ အာရှနိုင်ငံသားတွေဟာ စကားသာမပြောပဲနေကြည့် မလေး၊ဖိလစ်ပိုင်၊မြန်မာ၊ ကမ္ဗောဒီးယား အတော်လေးဆင်တူတာကလား။ (ကျနော်သွားတဲ့အချိန်က နှစ်နိုင်ငံသဘောတူ ဗီဇာကင်းလွတ်ခွင့် မကျသေးပါဘူး၊ အခုဆိုရင် ဗီဇာ ကင်းလွတ်ပြီး လည်ပတ်နေထိုင်ခွင့် သက်တမ်း ၁၄ရက်နဲ့ သွားလာလို့ အရမ်းအဆင်ပြေနေပြီ)။
ဆိုက်ရောက်ဗီဇာကို ဖြတ်လာတော့ sim ကဒ်တကဒ်ဝယ်တယ် ပိုက်ဆံမဖြည့်ဘူး။ အမေရိကန်တဒေါ်လာပဲပေးရတယ်။ အကောက်ခွန်တွေကို ကျော်လာတာလည်း အေးဆေးပဲ စစ်လားဆေးလား မေးလားငေါက်လားလည်း မရှိပါဘူး။ အထွက်မှာ ကျနော့နာမည် ဆိုင်းဘုတ်ကို ကိုင်ထားတဲ့လူကိုတွေ့တယ်. သူတို့အခေါ် TUK TUK လေးနဲ့ ကျနော့ကို လေဆိပ်ကနေ ဟိုတယ်ကို လိုက်ပို့ဖို့။

ဟိုတယ်ကို ရောက်တဲ့အခါ အခန်းကိုကြည့်ပြီး အတော်လေး ပျော်သွားတယ်။ ဂျိုဂျကာတာမှာတည်းခဲ့တဲ့ အခန်းထက် နှစ်ဆလောက်ကျယ်တာကိုး။ နယ်မှာနေခဲ့တဲ့အလျောက် အသက်ရှူချောင်တဲ့ အခန်းများမှာ နေရမှ ကျေနပ်တာမျိုး။
နားပြီးနောက် မှောင်စပျိုးလာခဲ့ပြီ။ ဒီအတိုင်းငြိမ်မနေချင်တဲ့သူဆိုတော့ ဟိုတယ်က အလကားငှားပေးတဲ့ စက်ဘီးနဲ့ တခါမှ မသွားလာဘူးတဲ့မြို့ရဲ့ ညနေခင်းကို တယောက်တည်း ပတ်ဖို့ပြင်တယ်။ ညဈေးကို မေးစမ်းပြီး နင်းတယ်။ သိပ်မဝေးဘူးတဲ့ အဖြောင့်တိုင်း နင်းဆိုပြီးနင်းတာ နှစ်ပြသုံးပြလောက်တော့ အသာလေးပဲ

နာမည်ကျော် Pub တွေ Bar တွေနဲ့ Sieam Reap ရဲ့လမ်းမပေါ်ကို လျှောက်သွားနေမိတယ်။ မီးရောင်တွေနဲ့ ပုလင်းရောင်တွေနဲ့ ပြိုးပြက်ဝင်းလက်လို့။ night market ကိုလည်း မွှေလိုက်သေးတယ်။ မီးပွင့်လေးတွေ ကိုယ်စီနဲ့ လင်းလက်တောက်ပနေတဲ့ စားသောက်ဆိုင်လေးတွေဟာ လှပလို့။ ဘာစားစား ကန်တဒေါ်လာပဲ ပေးရတယ်။ တန်လိုက်တာ။

ညဈေးခင်းမှာ အနှိပ်သည်တွေကလည်းခေါ်လို့၊ ပန်းချီပန်းပု လက်ဆောင် တိုလီမိုလီရောင်းသူတွေကလည်း ဝင်ပါလာပါ တကြော်ကြော်အော်လို့။ Sieam Reap ရဲ့ ညခင်းတခုကို ချွေးကလေးစို့ပြီး ကျော်ဖြတ်ရင်း နောက်တနေ့ သွားရမယ့် ခရီးစဉ်ကို ရင်ခုန်စွာဖြင့် ဟိုတယ်ကို ပြန်ခဲ့တယ်…

၂၀၁၁မှာသွားခဲ့ပြီး မရေးဖြစ်သေးတဲ့ ခရီးစဉ်ကို မှတ်တမ်းမှတ်ရာကျန်ဖြစ်အောင် ပြန်ရေးနေမိတာပါ။

No comments: