တကယ်တမ်းဆို သွားရမယ့် နေရာတွေက ကုန်ပြီလို့ပြောနိုင်တယ်။ ခပ်ဝေးဝေးမှာ သွားစရာရှိနေသေးပေမယ့် ကျန်တဲ့အချိန်နဲ့ တွက်တဲ့အခါ မလောက်ငတော့ဘူး။ အဲ့ဒီအချိန်မှာ အလုပ်က ထွက်ထားတာမို့ နောက်ကို လှည့်ကြည့်စရာ ဘာနှောင်ကြိုးမှ ရှိမနေခဲ့ဘူး။ ဒါပေမယ့် နောက်ထပ် တပတ်အကြာမှာလည်း ခရီးတခု ထပ်သွားဖို့ ပြင်ဆင်ထားတာမို့ ကျန်နေတဲ့ တရက်မှာ ယောင်နန ဖြစ်နေခဲ့တယ်။
ညတိုင်းသွားသွားထိုင်ဖြစ်တဲ့ ကော်ဖီဆိုင်က စားပွဲထိုးက ဒီတရက်ကို ဟိုတယ်မှာ နားမနေပဲ ပင်လယ်ကမ်းခြေတခုနဲ့ ထုံးကျောက်ဂူတခုကိုသွားပါလားလို့ အကြံပြုတယ်။ ကားလည်း သူ့မိတ်ဆွေဆီက ငှားပေးမယ်ဆိုတော့ ငြိမ်ငြိမ်မနေချင်တဲ့သူနဲ့ တွေ့ပြီပေါ့။ တကယ်က သူစာအုပ်ထဲမှာ ပြတဲ့ Kura Kura ကျွန်းစုတွေဆီကို သွားချင်နေတာ။ ရသေ့စိတ်ဖြေ အနီးက ကမ်းခြေလည်း ကမ်းခြေပါပဲလေ။
ကားအတော်လေး (တနာရီလောက်) မောင်းပြီးတဲ့အခါ ကမ်းခြေကိုရောက်ပါတယ်။ လှိုင်းက တော်တော်ကို ပြင်းတယ်။ ရေကူးမယ်လို့ မစီစဉ်ထားခဲ့သလို ရေလည်း မကူးဖြစ်ခဲ့ဘူး။ ကမ်းခြေရဲ့ ထူးခြားချက်က ကမ်းခြေမှာ အစိမ်းရောင် ဝတ်လို့မရဘူးဆိုတဲ့ ရာဇဝင်ရှိသတဲ့။ အစိမ်းရောင်ဝတ်လာတဲ့သူကို လှိုင်းတွေက ခေါ်ဆောင်သွားကြဖူးကြောင်း ခေတ်အဆက်ဆက် ပုံပြင်တွေအဖြစ် ထားရစ်ခဲ့တယ်။
ကမ်းခြေမှာ အိပ်စက်နားခိုစရာနေရာတွေ ရှိသလို အစားအသောက်တွေလည်း ရောင်းချပါတယ်။ ကမ်းခြေနဲ့အညီ အုန်းရည်သောက်ရင်း သူတို့ ဒေသစာ ကြက်စွပ်ပြုတ်ကိုလည်း မြည်းစမ်းခဲ့သေးတာ။ ကမ်းခြေက မြင်းလှည်းကိုတော့ မစီးခဲ့ပဲ ATV ကိုတော့ မစီးဘူးတာမို့ စမ်းကြည့်ခဲ့တယ်။ သောင်ပြင်တလျှောက် စီးရတာ ပျော်စရာပါ။ ဒါပေမယ့် သဲတွေကို ဘီးကယက်လိုက်တာမို့ တကိုယ်လုံး သဲတွေနဲ့လုံးလို့။
ကမ်းခြေက ပြန်လာတဲ့အခါ တောင်ပေါ်ကို တဖြည်းဖြည်း မြင့်လာလိုက်တာ။ တောင်အောက်က စိုက်ခင်းတွေကိုကြည့်ရင်း တိမ်တွေနဲ့ပဲ ပိုနီးနီးလာသလိုလို။ ဂူထဲကို ဝင်ဖို့ ဝင်ကြေးပေးရပါတယ်။ အန္တရာယ်သတိပေး စာတွေ အကုန်လုံးက သူတို့ဘာသာနဲ့ပဲ ရေးထားတယ်။ တောင်ပေါ်က ဆင်းလာတဲ့ တောင်ကျရေတွေကို လူနေအိမ်တွေဆီ သွယ်တန်းဖြန့်ဝေပေးထားတာမို့ ကောင်းလိုက်တဲ့ စိတ်ကူးလို့ ချီးကျူးမိရဲ့။ တကယ်တမ်း ဂူထဲကိုဝင်ဖို့တော့ မဖြစ်နိုင်ဘူး။ ဂူက အထဲမှာ မှောင်မည်းပိတ်ပိန်းနေတယ်။ ကျွမ်းကျင်သူ လမ်းပြလည်း မရှိတာမို့ ဒီဘဝအတွက်တော့ နှမလက်လျှော့ဖြစ်ခဲ့ရတယ်။
ပြန်ဆင်းတဲ့လမ်းမှာ စပါးခြွေလှေ့နေတာ တွေ့လို့ ကားကိုရပ်ပြီး ဓါတ်ပုံရိုက်ဖြစ်တယ်။ အာရှနိုင်ငံအများစုဟာ ဆန်ကိုအဓိက ထားစားသုံးကြတာမို့ စပါးခင်းတွေဟာ နိုင်ငံတိုင်းရဲ့ ဝမ်းကြာတိုက်တွေပါ။ ငယ်တုန်းက ရွာကိုပြန်ရင် နွေမို့ စပါးခြွေလှေ့တာမျိုး မကြုံပဲ မြေပဲနှုတ်တာပဲ ကြုံဖြစ်ခဲ့တယ်။ အနောက်နိုင်ငံတွေမှာ စက်မှုနဲ့တည်ဆောက်နေကြပေမယ့် ကျနော်တို့ အရှေ့ကတော့ ရိုးရာလက်မှုတွေနဲ့ ရုန်းကန်နေကြတုန်းပါလားဆိုတာ မြင်ရမယ်။
ဟိုတယ်ကို ညနေသုံးနာရီလောက် ပြန်ရောက်။ ခဏတဖြုတ်နားပြီးတဲ့အခါ အမှောင်ပြိုးတာနဲ့ မရောက်ဖြစ်သေးတဲ့ နာမည်ကျော် လမ်းမ Malioboro ဆီကိုပဲပေါ့။ စည်ကားလှတဲ့ လမ်းမကြီးမှာ ဆိုင်ကယ်တွေ ဆိုက်ကားတွေနဲ့ ပြည့်နှက်လို့။ မုန့်ဆိုင်တန်းတွေ၊ ဈေးသည်တွေနဲ့ လမ်းမကြီးဟာ လွန်းထိုးခေါက်ပြန်နေတဲ့ လူတွေကို ဝမ်းသာအားရ ကြိုတယ်။ အရောင်အသွေးစုံတွေတဲ့ လူတွေနဲ့အတူ ကျနော်လည်း မျောချင်သလိုမျောတယ်။ ကုန်တိုက်တခုထဲက လက်ရေးပါတိတ် ဆွဲပြနေတာကိုလည်း ငေးမောလို့ပေါ့။ ပါတိတ်တွေမြင်ရင် တောင်ဥက္ကလာပက ရေမြောင်းတွေကို သွားသတိရတယ်။
နောက်တနေ့ မနက် ခုနှစ်နာရီဆို ကျနော် ပြန်ရတော့မယ်။ စိတ်ကတော့ အဲ့ဒီမြေမှာ ကျန်နေတုန်း။ နောက်သွားရမယ့်ခရီးရှိသေးတယ်ဆိုတဲ့ အရှိန်နဲ့တွန်းမှ လေဆိပ်ကိုရောက်တော့တယ်။ အင်ဒိုနီးရှားမြေကို ပထမဆုံးနင်းရတာမို့ အဆန်းတကြယ်တော့ ဖြစ်မိတယ်။ နောက်ခဏခဏရောက်မိမယ်လို့တော့ တွေးမထားမိသေးဘူး။ ဂျိုဂျကာတာရေ နောက်တခေါက်တော့ ထပ်လာချင်ပါသေးတယ်…..
No comments:
Post a Comment