26 November 2014

ငယ်အိပ်မက်ထဲက မြို့ဟောင်းဆီသို့ (၃)



တကယ်တမ်း အရောက်ချင်ဆုံး နေရာကို ရောက်တော့ မနက်လေပြည်လေနုလေးတွေ ဆော့ကစားတဲ့အချိန်မှာပါ။ အဝင်ပေါက်ကနေ ကြည့်ရတာနဲ့တင် ခမ်းနားကြီးကျယ်မှုဆိုတာကို မြင်ရတယ်။ ပြိုပျက်နေတဲ့ အရုပ်တွေ၊ ကျုံးကိုဖြတ်ကူးတဲ့ တံတားက တခြမ်းပျက်နေတာတောင် အကျယ်ကြီးကျန်သေးတာ။



ဘုရားပရဝုဏ်ဟာ ကြီးမားကျယ်ပြန့်လွန်းတယ်။ ကျုံးကိုလည်း လုပ်ထားလိုက်တာ စင်္ကာပူက မြစ်ထက်တောင်ကျယ်သေးတယ်။ အဝင်ဝကနေ လျှောက်လိုက်ရတဲ့ခရီးဆိုတာ။ ကမ္ဘာအနှံ့က ခရီးသွား ဘုရားဖူးတွေဟာလည်း အဖွဲ့လိုက်ပြန့်ကျဲလို့။ ခရီးတဝက်လောက်မှာ ထန်းပင်ငယ်နဲ့အတူ ထန်းရည်တွေ မြင်ရတော့ ကိုယ့်အညာမြေကို သတိရပြန်ရော။








ကျနော့ကို တမုဟုတ်ချင်း ဖမ်းစားသွားတာတော့ အလျားလိုက် စီတန်းပြီး ရှိနေတဲ့ နံရံပေါ်က အရုပ်တွေပါပဲ။ ဒီအရုပ်တွေက ဟိန္ဒူရာဇဝင်ထဲက စစ်ပွဲတွေဆိုပါတယ်။ စစ်ဖြစ်ကြတဲ့ အရုပ်တွေဖြစ်လို့ အချင်းချင်း သတ်ဖြတ်နေတာတွေ၊ လူတွေ၊ နတ်တေ၊ွ ငှက်တွေ၊ သတ္တဝါပေါင်းစုံနဲ့ လူ့ပြည်က သေတဲ့အခါ ငရဲပြည်ကို ဆင်းသွားတာမျိုးအထိတောင်ပါတယ်။


နတ်တွေနေတဲ့ တောင်အလား ဖန်ဆင်းထားတယ်ဆိုတဲ့ အန်ကောဝပ်ရဲ့ တည်ဆောက်ပုံကတော့ စာဖွဲ့လို့ မမှီလောက်ပါဘူး။ ပထမဆုံး အနောက်နိုင်ငံသားဘုန်းတော်ကြီးကတောင် ခမာတွေ တည်ဆောက်ထားတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင် အချိုးအစားကျန လှပလွန်းတယ်လို့ ထောပနာပေးခဲ့တာ မဟုတ်လား။ ဟိန္ဒူဘာသာနဲ့ အတူ ဗုဒ္ဓဘာသာပါ နောက်ပိုင်းမှာ ရောယှက် လာခဲ့တယ်လို့ သမိုင်းကတော့ဆိုပါတယ်။ အဆောက်အအုံပုံစံကတော့ တကယ့်ကို ဟိန္ဒူဘုရားကျောင်းပုံဖြစ်ပြီး ဗောရောဗုဒ္ဓေါရယ်၊ ပါရာဘန်နန်းက တည်ဆောက်ပုံ၊ အရုပ်တွေဟာ တူသလောက်နီးပါးကို ရှိတယ်။ သဲကျောက်ကို ထွင်းထုဆောက်ထားတာခြင်းလည်း တူတယ်။ တကယ်တမ်း အန်ကောဝပ်က ၁၂ရာစုမှဆိုတော့ နောက်ကျမှတည်တာပဲဖြစ်တယ်။ အဲ့ဒီခေတ်ကို ပြန်လိုက်ကြည့်တဲ့အခါ Majapahit အင်ပိုင်ယာ ကြီးစိုးခဲ့တဲ့ ခေတ်အခါကလို့ မှန်းဆနိုင်တယ်။

အလယ်က အမြင့်ဆုံးကျောင်းဆောင်ကို တက်မယ်ဆိုရင် ဦးထုပ်ဆောင်းခွင့်မပြုပါဘူး။ လက်ယမ်းကို ဆွဲပြီး မတ်လှတဲ့ လှေကားကို တဖြည်းဖြည်းချင်းတက်နိုင်တယ်။ လေကလည်း တဟူးဟူးတိုက်နေတာမို့ အပေါ်ကိုရောက်မှပဲ တဖြည်းဖြည်း အမောပြေလာနိုင်တယ်။ ရှေးတုန်းက ဘုရားအဆူဆူတိုင်းဟာ လှေကားကို မတ်နေအောင် တည်ထားတာ ဘာကြောင့်ပါလိမ့်ပဲ….
ဘုရားရင်ပြင်တော်ပေါ်က ဘုန်းကြီးတွေရဲ့ သင်္ကန်းအရောင်ဟာ ကျနော့အတွက်တော့ အတော်လေး အမြင်ဆန်းတယ်။



ရင်ပြင်တော်ပေါ်က အရုပ်တွေ အတော်များများဟာ ကချေသည်တွေချည်း။ သူ့ခေတ်အခါက အနုပညာကိုပဲ ဦးစားပေးလေသလား။ အကသင်တန်းကျောင်းတခုကို ဝင်ကြည့်တဲ့အခါ ငယ်ငယ်ကတည်းက ခမာ အကကို စနစ်တကျ သင်ကြားပေးနေတာကို တွေ့ခဲ့ရတယ်။ ကဟန်တွေကိုတော့ ဒီနံရံတွေဆီကပဲ စုတုပြုကြပုံပါ..

ဒီကျောင်းတဝန်းလုံးမှာ သွားပေါ်အောင် ပြုံးပြီးကနေတဲ့ ကချေသည် ရုပ်ဟာ ဒီတရုပ်ပဲရှိသတဲ့။
နောက်တခုက ခမာအမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ အထက်ပုံထဲကလို အ၀တ်ဖြူဝတ်၊ ကတုံးတုံးပြီး မယ်သီလရင်လုပ်သတဲ့။ ဘုရားကျောင်းတွေမှာ အခုလို အမျိုးသမီးကြီးတွေကို တွေ့လို့ ကျနော်က မေးတဲ့အခါ ကျနော့ကို အဲ့လိုပဲရှင်းပြပါတယ်။



အန်ကောဝပ်ကထွက်လာတော့ ခမာ သတို့သား သတို့သမီး မင်္ဂလာဆောင် ဓါတ်ပုံလာရိုက်တာနဲ့ ဆုံတယ်။ သတို့သား၊ သတို့သမီးတင်မက သတို့သမီးအရံလေးတွေကိုပါ ရိုက်ခွင့်ပေးပါဆိုပြီး ရိုက်လာခဲ့တယ်။ ခေတ်သစ် ရိုးရာဝတ်စုံကလည်း အဆန်းတကြယ်.


ထွက်လာပြီဆိုတော့ နောက်ဆံတတင်းတင်းနဲ့ ပြန်ကြည့်မိပြန်တယ်..ရှေ့က အစောင့် ခြင်္သေ့ရုပ်ကြီးတွေနဲ့အတူ တချိန်က ဘယ်လောက်တောင် စည်ကားခမ်းနားခဲ့တဲ့ အတိတ်…..

အရှေ့မှာ အဲ ပေါင်းတင်း တွေပါလား…. 


No comments: