မနက်စာစားအပြီးမှာ ကျနော့ဧည့်လမ်းညွှန်နဲ့တွေ့ပါရော။ သဘောကောင်းပုံပါပဲ။ သူရဲ့ ကိုယ်ရေးကိုယ်တာ တခုကို ကျနော်စိတ်အနှောက်အယှက်မဖြစ်ခင် ကြိုပြောပြီး ခွင့်တောင်းထားခဲ့တယ်။ အလုပ်တဖက်နဲ့မို့ သူ့ရဲ့တာဝန်ချိန် နေ့လည်တနာရီမထိုးခင်အထိပဲ သူက ကျနော့ကိုလိုက်ပို့နိုင်ပါတယ်။ ကျန်တဲ့နေလည်ပိုင်းကို သူနဲ့ကျနော်ညှိပြီး သူ့ရဲ့ Tuk Tuk ဆရာကိုညွှန်ကြားလိုက်ပို့ခိုင်းဖို့ပဲ။
မနက်ပိုင်းမှာ အန်ကောဝပ် ဧရိယာထဲကို ဝင်ဖို့ လက်မှတ်ဝယ်တယ်။ သုံးရက်စာတခါတည်း ဝယ်လိုက်တယ်။ ကန်ဒေါ်လာ ၄၀ပေးရပါတယ်။ နောက်တော့ ဧည့်လမ်းညွှန်လိုက်ပို့တဲ့ ဘုရားတွေကို တခုပြီးတခု။ ခရီးသွားလုပ်ငန်းအတွက် အတော်လေး စနစ်တကျ လုပ်ထားတာကိုတွေ့ရတယ်။ လမ်းတွေဟာ ဖြောင့်ပြီး မျက်စိတဆုံး ကောင်းလိုက်တဲ့ လမ်းတွေ။ အဲ့လိုမျိုးဖြစ်စေချင်လိုက်တာလို့ စိတ်ထဲကရည်မိတယ်။ အပေါ့အပါးသွားဖို့ကိုလည်း သန့်ရှင်းသပ်ရပ်တဲ့ အိမ်သာတွေမှာ လက်မှတ်ဝယ်ထားပြီး ပိုက်ဆံပေးစရာမလိုဘူးဆိုတယ်။ ကင်မရာခွန်ဆိုတဲ့ ကိစ္စလည်း ဘယ်ဘုရားမှာမှ ထပ်မပေးရတော့ဘူး။ မဟုတ်ရင် ကင်မရာတခုလုံး မှာ ဟိုဘုရားကချိတ်တဲ့အခွန်စာရွက် ဒီဘုရားကချိတ်တဲ့အခွန်စာရွက် အင်္ဂုလိမာဠလိုကို ဖြစ်နေတတ်တာ။
ကျနော့ကို ပထမဆုံး လိုက်ပို့တဲ့နေရာက Preah Khan ပါ။ ကျနော်က အစိမ်းရောင်ကျောင်းလို အမည်ပေးခဲ့တယ်။ ရေညှိတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဘုန်းကြီးကျောင်း ပေါ့။ အထဲမှာ ရှိတဲ့ ရုပ်တုတွေဟာ အစိမ်းရောင်တွေကြောင့် ပိုကြွရွလှပနေတယ်။ စာကြည့်တိုက်လို့ သတ်မှတ်ထားတဲ့ အဆောက်အအုံတိုင်းဟာ တိုင်လုံးကြီးတွေနဲ့ နှစ်ထပ် အမြင့်ရှိပြီး အမြတ်တနိုးထားတဲ့ နေရာမှန်း သိသာစေခဲ့တယ်။
နောက်တနေရာက Neak Pean ပါ။ ရေကန်အလယ်မှာ တည်ထားတဲ့ နဂါးရုံဘုရားလိုမျိုး။ မိုးရာသီမှာ အတော်လေး လှတယ်လို့ ဆိုတယ်။
လှေကားတွေ အမြင့်ကြီးတဆင့်ပြီးတဆင့် တက်သွားတဲ့ Ta Keo ကိုတက်ရတာ မောပေမယ့် မတက်ဘူးလို့ မငြင်းပယ်ခဲ့မိဘူး။ မင်းသုံးဆက်တောင် အဆင့်ဆင့် လက်လွှဲတည်ခဲ့ပြီး ဆုံးခန်းတိုင်အောင် မတည်ခဲ့နိုင်ဘူး။
သစ်မြစ်တွေ အများကြီးက ရစ်သိုင်းဆွဲလွှဲနေတဲ့ Ta Prohm ကြောင့် ရုပ်ရှင်ကားတကား ဟာ စိတ်ထဲမှာ ပြန်နိုးလာခဲ့တယ်။ သစ်မြစ်တွေကြောင့်ပဲ ပိုလှလာသလား၊ ပိုပျက်စီးသွားသလားဆိုတာကိုတော့ အချိန်က စကားပြောပါလိမ့်မယ်။
ဘုရားတွေ စုထားသလို လက်ရာမပျက် ကြွင်းကျန်ရစ်နေတဲ့ Thommanon ကလည်း ဓါတ်ပုံရိုက်လို့ သိပ်လှတယ်။ ရုပ်ထုတွေ ပန်းကြွ ပန်းပုတွေဟာ သူ့ခေတ်ရဲ့ တိုးတက်ထွန်းကားတဲ့ အနုပညာကို မားမားမတ်မတ် ဖော်ပြနေတယ်။ တကယ် ဓါတ်ပုံရိုက်လို့ လှတယ်ဆိုတဲ့ နေရာရောက်မှ ကျနော့ကင်မရာ ခလုပ်နှိပ်လို့ မရတော့ပြန်ဘူး။ ဘယ်လိုမှ ဆက်ရိုက်လို့ မရတော့တာမို့ ဧည့်လမ်းညွှန်လက်ထဲကို ထည့်ထားတဲ့ ကင်မရာအသေးလေးကို ပြန်တောင်းရတယ်။ ဒီတခေါက်လည်း ပျက်ပြန်ပြီကွာလို့ စိတ်ပျက်အားလျော့နေမိတာ တကယ်တမ်းက မှားသွားတယ်။ စင်္ကာပူပြန်ရောက်မှ စစ်ကြည့်တော့ ဒီတခေါက်ပျက်တာ Kit lens ပဲဖြစ်နေတာတွေ့ရတယ်။ ဒါပေမယ့် နောက်ခရီးတွေအကုန်လုံးကို ကင်မရာအသေးနဲ့ စိတ်တိုင်းမကျစွာ ရိုက်ခဲ့ရပါတော့တယ်။
နေ့လည်စာ စားဖို့ မြို့တံခါးကြီးကနေ ပြန်ဝင်ခဲ့တာကို အမှတ်တရ ရိုက်ဖြစ်ခဲ့သေးတာ။ ဧည့်လမ်းညွှန်က အလုပ်ခွင် ဝင်သွားပြီမို့ ကျနော့ကို နေ့လည်ပိုင်း TUK TUK ဆရာက ပန်းရောင်မင်းသမီးလေး ရှိတဲ့ နေရာကို လိုက်ပို့ခဲ့တယ်။ ကျနော်ရောက်တဲ့ ရက်ပိုင်းက မိုးလည်းမရွာ နေလည်းမပူပဲ ဆောင်းတွင်းတခုလို အေးမြမြရှိနေတာမို့ နေဝင်နေထွက် ဓါတ်ပုံတွေ ရိုက်ခွင့်မသာတာကလွဲရင် နေလို့ထိုင်လို့ အရမ်းကောင်းပါတယ်။
ခမာတို့ရဲ့ ကျောက်မျက်ရတနာလို့ တင်စားခေါ်ကြတဲ့ Banteay Srei ဟာအမည်နဲ့ ထိုက်တန်ရုံမက ကျော်လွန်နေခဲ့တယ်။ အနုစိပ်လွန်းတဲ့လက်ရာတွေဟာ သဲကျောက်အနီရောင်တွေပေါ်မှာ အချုပ်အနှောင်ကင်းမဲ့စွာ ရှင်သန်နေလျက်။ ဇာတ်နိပါတ်တွေကို ဖော်ပြထားတဲ့ နံရံအမွမ်းအပြောက်တွေဟာဖြင့် ကမ္ဘာ့ ခရီးသွား ဧည့်သည်တိုင်းကို ဖမ်းစားထားနိုင်တယ်ဆိုတာ မလွန်ဘူး။ ဟိန္ဒူဘာသာလွှမ်းမိုးမှု ဖြစ်တဲ့ ရာမဇာတ်တော်ထဲက သုချိပ်နဲ့ဘာလီ၊ ခေါင်းဆယ်လုံးရာဝဏတို့ဟာ အဲ့ဒီခေတ်ကတည်းက စခဲ့တယ်။
အဆောက်အအုံတွေတင် နီစွေးစွေးဖြစ်နေတာမဟုတ်ပဲ သူ့ဆီကို ခေါ်ဆောင်တဲ့ လမ်းကိုယ်တိုင်ကိုက နီနေခဲ့တယ်။ တရက်တည်းနဲ့ သွားတာလာတာ အတော်လေးများသွားခဲ့တယ်။ နောက်တနေ့ အစီအစဉ်ကို ကြိုသိခွင့် မရှိတာလည်း ရင်ခုန်ရခြင်းတမျိုးပါပဲ။ အခုထိ ကျနော် အန်ကောဝပ်ကို မရောက်သေးဘူး......
No comments:
Post a Comment