ဘုရားတွေ သွားပြီးတဲ့ အခါ ကျနော် သွားဖို့ စိတ်သန်နေတာက မောင့် မီရာပီပါ။ ပြီးခဲ့တဲ့ နှစ်က ဒီမြို့ကို အတော်လေး ဖျက်ဆီးပစ်ခဲ့တဲ့ မီးတောင်ပေါ့။ သူရဲ့ အကြွင်းအကျန် အစအနတွေကို သွားကြည့်ရင်း၊ မီးတောင်ရှင်လည်း တခါမှ မမြင်ဖူးတာမို့ စူးစမ်းလိုတာပါ။
ဘုရားကိုသွားတဲ့ လမ်းနဲ့ တဆက်တည်းမို့ အေဂျင်စီက ဒီနေ့မှာ ဒီလမ်းကို အစီအစဉ်ဆွဲပေးလိုက်တာလည်း ဖြစ်တယ်။ ဒါတောင် အတော်လေး မောင်းရပါတယ်။ လမ်းတွေ ကျဉ်းပြီး မြန်မာပြည်နဲ့ သိပ်မကွာသလိုပဲ။ ကတ္တရာလမ်းတွေ ကောင်းတာတော့ သူတို့ဆီက သာပါတယ်။
မီးတောင်ရဲ့ ချော်ရည်တွေဟာ တလမ်းလုံးမှာ အရာအားလုံးကို ဖုံးလွှမ်းထားခဲ့တာ တွေ့ရပါတယ်။ တချို့ဆို မီးတောင်ပေါက်တာတောင် သိမသွားလိုက်ပဲ ချော်ရည်အောက်မှာ နှစ်မြုပ်သွားကြတယ်လို့ ပြောတယ်။
ပြိုပျက်မှုတွေကို ပြင်ပြီး ပြန်နေထိုင်ဖို့ လုပ်နေတဲ့ လူတွေကို တွေ့တဲ့အခါ အရမ်းအံ့သြမိတယ်။ ဒီမီးတောင်ဟာ အချိန်မရွေး ထပေါက်နိုင်သေးတာပဲ မဟုတ်လား။ လူသားတွေရဲ့ လူသားဆန်မှုတခုအနေနဲ့ အရာရာကို အရှုံးမပေးပဲ ပြန်လည်တည်ဆောက်ခြင်းတခုလို့ ဆိုနိုင်တယ်။
မီးတောင်နေရာကို လေ့လာဖို့ ဝင်ကြေးကောက်ခံပါတယ်။ အမှိုက်ထဲက ရွှေပေါ့။ ချော်ရည်ပြာတွေကြောင့် အပိုင်းပိုင်းကျိုးနေတဲ့ ဝါးရုံတွေကိုလည်းတွေ့တယ်။ လေ့လာသူများ၊ ပြုပြင်တည်ဆောက်သူများ အတွက် ရိက္ခာ ရောင်းချမယ့်သူတွေကိုလည်း တွေ့တယ်။ အမှတ်တရ ဓါတ်ပုံ ရိုက်မလားလို့ လာမေးတဲ့သူတွေလည်းရှိတယ်။
တောင်မကြီးကို လှမ်းကြည့်ရင်း သူဖျက်ဆီးခဲ့သမျှတွေကို မမှိတ်မသုန်စိုက်ကြည့်ခဲ့တယ်။ သူကတော့ ပြုလုပ်သူ သူမဟုတ်ခဲ့သလို အပြစ်ကင်းစွာ ခပ်တည်တည်နဲ့ မှုန်ပြာမှိုင်းလို့ပေါ့။
ပြန်အဆင်းမှာ အလာတုန်းက စပါးခင်းစိမ်းစိမ်းကိုလည်း အမှတ်တရ ဝင်ရိုက်ခဲ့သေးတယ်။
လမ်းမှာ နေ့လည်စာ စားဖို့ အဆင်မပြေတာမို့ ဟိုတယ်က ထုပ်ပေးလိုက်တဲ့ မနက်ခင်းစာကို နေ့လည်စာလုပ်လိုက်ရတယ်။ ကင်မရာက ဘက်ထရီကလည်းကုန်တော့မယ်။ compact camera လေးတွေရဲ့ ဘက်ထရီက ကျနော့လို မည်းမည်းမြင်ရာ ရိုက်တတ်သူအတွက်တော့ တကယ့်ကို တွက်ခြေမကိုက်လှဘူး။
Candi Sambisari ကိုရောက်မှပဲ အစောင့်ဆီမှာ အားဖြည့်ဖို့ အကူအညီတောင်းရတယ်။ ဒီစေတီကတော့ ဗုဒ္ဓဘာသာ စေတီမဟုတ်ပါဘူး။ ဟိန္ဒူစေတီဖြစ်တာမို့ သူတို့ကိုးကွယ်တဲ့ အရာတွေကို မြင်တွေ့ရမှာဖြစ်တယ်။
အဲ့ဒီလိုနဲ့ ဒုတိယနေ့ ကုန်ဆုံးသွားခဲ့ပါတော့တယ်….
No comments:
Post a Comment