13 November 2014

ကျနော်နဲ့ဂျိုဂျကာတာ (၄)


















ကျနော့ကို ဗုဒ္ဓဘာသာမှန်းသိတဲ့ ကားဆရာက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း နှစ်ခု (Candi Kasalan နဲ့ Sari Temple) ကိုလည်း လိုက်ပို့ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းကို သူတို့ဆီမှာလည်း ပါဠိလို ဝိဟာရ Vihara ဆိုတဲ့ အသံထွက်နဲ့ပဲ သုံးနေဆဲပါ။ ဗုဒ္ဓဘာသာဟာ ဒီနိုင်ငံမှာ ပထမဆုံး အဦးပိုင်းမှာပေါ်ခဲ့တဲ့ဘာသာဖြစ်တာမို့ အခုနောက်ပိုင်း ကိုးကွယ်သူမရှိတဲ့အပြင် ဘုန်းကြီးကျောင်းတွေကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှု အလွန့်ကို နည်းပါးနေတာကို စိတ်မကောင်းစရာတွေ့ခဲ့ရပါတယ်။


ဘုန်းကြီးကျောင်းတွေက အပြန်မှာ ကျနော့ရဲ့ အကြိုက် ဒူးရင်းသီးကို စားချင်တယ်လို့ ကားသမားကို တောင်းဆိုတာမို့ ဆိုင်တခုမှာ ကားရပ်ပေးခဲ့ပါတယ်။ မိုးတွင်းမို့လား မသိ ဒူးရင်းသီးက စားလို့ မကောင်းပါဘူး။ 



ဒီနေ့ အစီအစဉ်က ပါရာဘန်နန်းနဲ့ ရာမယဏဇာတ်ပွဲပဲဖြစ်ပါတယ်။ ပါရာဘန်နန်းက ဟိန္ဒူဘုရားကျောင်းတော်တွေရှိတဲ့ အရပ်ပါ။ နာမည်ကျော်ကြားတဲ့ ပုံပြင်လေးအနေနဲ့ မင်းသမီးလေးတပါး ကျောက်ရုပ်ဖြစ်နေတဲ့ နေရာလို့လည်း သိရတယ်။ စေတီပေါင်း ၂၄၀ ရှိခဲ့ပေမယ့် အတော်လေး ပြိုပျက်နေခဲ့ပြီး အဓိက စေတီသုံးခုနဲ့အခြား အရံစေတီတွေပဲကျန်ရစ်တော့တယ်။ မီးတောင်တွေ၊ ငလျင်တွေ အကြိမ်ကြိမ်လှုပ်ခတ်ပြီး နောက်မှာ ဘယ်အရာကများ မပြိုမပျက် ကျန်နေဦးမှာတဲ့လဲ။ 


ဘိလပ်မြေတွေ ဘာတွေနဲ့ တွဲစပ်ထားတာ မဟုတ်ပဲ ကျောက်ချပ်တွေကြား အံဝှက်တွေ မြောင်းတွေဖော်ပြီး တခုနဲ့တခု တွယ်ဆက် ဆောက်လုပ်ထားတဲ့ အတတ်ပညာမို့ လေ့လာဖို့ အထူးပဲကောင်းလှတယ်။


ကံဆိုးတဲ့နေ့ပဲဖြစ်ပါတယ်။ မိုးကော လေကော ပြင်းတာမို့ နည်းနည်းလောက်ပဲ ဝင်ရသေးတယ် ကျနော့ ပါရာဘန်နန်း ခရီးကို ကျနော် ရပ်လိုက်ရတော့တယ်။ တခြားစေတီတွေထက် ပါရာဘန်နန်းစေတီဝင်ကြေးက နည်းနည်းများပြီး ဧည့်လမ်းညွှန်ခလည်း ပေးထားပြီးဖြစ်သွားတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး တကိုယ်လုံးလည်း ရေက တုပ်တုပ်ကျနေပြီ။ ဟိုတယ်ကို ပြန်ဖို့လည်း အတော်လေး လှမ်းတယ်။ ရာမယဏပွဲက ညနေမှ စမှာဖြစ်လို့ တကယ့်ကို ကန့်လန့်ပါ။ ဒါနဲ့ အနီးနားမှာ အဝတ်အစားနဲ့ ဖိနပ်ဝယ်ဖို့ ဖြစ်လာပြန်တယ်။ အဝတ်အစားလဲပြီးမှပဲ လူက နွေးနွေးထွေးထွေး ရှိသွားတော့တယ်။



 
ရာမယဏကို ပွင့်လင်းရာသီတွေမှာ ပါရာဘန်နန်းစေတီတွေကို နောက်ခံထားပြီး outdoor stadium နဲ့ ကပြပါတယ်။ ဒါပေမယ့် ကျနော်သွားတဲ့ အချိန်က မိုးရာသီဖြစ်နေတာမို့ indoor stadium ကိုပဲကြည့်လိုက်ရတော့တယ်။ စောရောက်သွားတာမို့ ကျနော့အတွက် အတော်လေး စူးစမ်းဖို့ဖြစ်လာတယ်။


`
သူတို့လူမျိုးလည်း ပုဆိုးဝတ်တာမို့ သူတို့ဘယ်လို ဝတ်လည်း မေးကြည့်တဲ့အခါ ကျနော့ကို စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းလာပါတယ်။ ကျနော်ထင်တာက ပုဆိုးဝတ်နည်းပြမယ်လို့ ထင်ခဲ့ပေမယ့် တကယ်က ဝတ်စုံပြည့်ဝတ်ခိုင်းတာဖြစ်နေခဲ့တယ်။ အဝတ်လဲခန်းထဲမှာ ဝတ်စုံလဲရင်း ပွဲမစခင် သူတို့ အလှပြင်နေတာတွေကို ဓါတ်ပုံရိုက်ခဲ့သေးတယ်။







မြန်မာရာမယဏဇာတ်နဲ့ အတော့ကို ဆင်ပါတယ်။ သူတို့တွေရဲ့ ခါးပန်းစည်းကို အတော်လေး နေရာပေး ကတာတွေ့ရတယ်။ ပွဲစဉ်တလျှောက်လုံး သူတို့ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတာမို့ လူတွေက သူတို့လူမျိုးထင်ပြီး စကားတွေလာပြောရင် ကျနော်က အင်ဒိုနီးရှန်းမဟုတ်ပါဘူးလို့ ပြန်ပြောရင်း ရီနေမိတယ်။ 


စိတ်ကို ဒုက္ခအပေးဆုံးကတော့ ကင်မရာပါပဲ။ အဝေးကိုလည်း ဆွဲလို့မရ၊ ကနေတဲ့လူတွေကို ရိုက်ရတဲ့အခါ တုန်မှုန်ဝါးနေလို့ စိတ်တိုင်းမကျဖြစ်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ်လေ ကြည့်ခဲ့ရတယ်ဆိုပြီး ရသေ့စိတ်ဖြေ ဖြေရတော့တယ်။ 

အဲ့ဒီညကတော့ အတော်လေး မိုးချုပ်သွားတယ်ဆိုပါတော့…

No comments: