11 November 2014

ကျနော်နဲ့ ဂျိုဂျကာတာ (၂)


စိတ်လှုပ်ရှားမှုတွေနဲ့ နိုးထတဲ့ မနက်ခင်းတခုပါ။ အဲ့ဒီညက လက ထိန်ထိန်ဝါအာင် သာနေခဲ့တယ်။


ခရီးတော်တော် ဝေးဝေးကို မောင်းနှင်ပြီးတဲ့အခါ ဟိုတယ်တခုရဲ့ တံခါးနားကို ချဉ်းကပ်လာခဲ့တယ်။

"ဘုရားဝင်းက မနက်ကိုးနာရီမှ ဖွင့်မှာ" လို့ ကားသမားဘိုးတော်ကြီးက စလာခဲ့တယ်။

"မဟုတ်ပါဘူး အရုဏ်မတက်ခင် ဖွင့်ပါတယ်" လို့ ကျနော်က အပြင်းအထန်ငြင်းတယ်။

ချီတုံချတုံ ဖြစ်နေကြတုန်း ကားကို လမ်းဘေးမှာ ခဏရပ်ထားရင်းပေါ့။


ကျနော်လိုချင်တာ မနက်အရုဏ်တက်တဲ့ ပုံကိုဓါတ်ပုံရိုက်ချင်တာ လို့ အသေအချာပြောတော့ ဝင်လို့တော့ ရတယ် ဆိုပြီး လျှောချသွားပြန်ရော။ ဝင်ကြေးက ပုံမှန်ထက် အဆအတော်လေး များတာမို့ ကျနော့ကို တားတာဆိုတာ နောက်မှ ကျေးဇူးရှင်က ပြောဖော်ရတော့တယ်။ အဲ့ဒီအတွက် ဓါတ်မီးလေး တချောင်းအပြင် အဲ့ဒီ ဟိုတယ်မှာ မနက်စာ မုန့်တခုနဲ့ ကော်ဖီဒါမှမဟုတ် လက်ဖက်ရည် စားခွင့် အပိုပေးပါတယ်။ လေးစားဖို့ကောင်းတာတခုက သူတို့ဘုရားပေါ်ကို ဒီအတိုင်း တက်ခွင့်မပေးပါဘူး။ သူတို့သတ်မှတ်ထားတဲ့ ပါတိတ်တထည်ကို လူတိုင်း လုတိုင်းခါးမှာ ပတ်ပြီးမှ ဝင်ခွင့်ပြုတာမျိုးပါ။





ဘုရားအကြောင်းကို သေချာရှင်းပြပေးမယ့် ဧည့်လမ်းညွှန်ကို ကျနော်ရှာပါတယ်။ အင်္ဂလိပ်လို မရှင်းပြတတ်ဘူးဆိုတာနဲ့ပဲ ဘုရားကိုတက်လိုက်ဆင်းလိုက် ရှာရင်း တယောက်မှကိုမတွေ့ခဲ့။ ဘုရားပေါ်က လေ့လာစရာ အချက်တွေကို ကျနော်ဒီနည်းနဲ့ လက်လွှတ်ခဲ့ရပါတော့တယ်။ 





စိတ်ဝင်စားဆုံးအရာက ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဗိသုကာပညာပါ။ ကျောက်တုံးတွေကို အထပ်လိုက် ဖွဲ့တည်ထားပြီး အင်္ဂတေ စတဲ့ အရာတွေနဲ့ ဆက်စပ်ထားတာမဟုတ်ပဲ ကျောက်တုံးတွေတခုနဲ့တခုကြားမှာ တွယ်ချိတ်ထားတဲ့ အတတ်ပညာနဲ့ဆောက်လုပ်ထားတာမို့ စိတ်ဝင်စားစရာကောင်းနေခဲ့တယ်။ ငလျင်နဲ့မီးတောင်တွေရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ ဆောက်လုပ်ခဲ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘုရားရဲ့ အကြောင်း အသေးစိတ်ကိုတော့ ဝီကီမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။


 
ကျနော့အတွက်တော့ မုဒြာတွေအမျိုးမျိုးနဲ့ ဆင်းတုတော်တွေဟာ ဖူးလို့ကို မဝနိုင်ဘူး။ ခုနှစ်ဆင့်အမြင့်ရှိတဲ့ ဘုရားကို တက်လိုက်ဆင်းလိုက် ဓါတ်ပုံရိုက်ရင်း လက်ထဲက ကင်မရာအသေးလေးကို တချိန်လုံး အားမရနေခဲ့လိုက်တာ။ လိုချင်တဲ့ ပုံတခုမှ မထွက်ပါ။ အလင်း မပြည့်တဲ့အခါ ကင်မရာအသေးက ကျနော့ကို အတော်လေး စိတ်ဒုက္ခပေးတယ်။ ဘုရားပေါ်ကနေ ဟိုးအဝေးက မီးတောင်ကို လှမ်းရိုက်တဲ့အချိန်မှာ လုံးဝကို စိတ်လျှော့လိုက်မိသွားပြီ။ ဖြစ်သမျှအကြောင်းအကောင်းပေါ့။ ရိုက်ထားသမျှလေးတွေထဲက ကောင်းမိကောင်းရာလေးတွေ ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ ဓါတ်ပုံရိုက်တဲ့လူညံ့တာလည်း ဝန်ခံပါတယ်။ ကင်မရာကိုချည်း အပြစ်မပုံပါဘူးဗျာ.သည်းခံကြပါလို့


တကယ်က ညနေ နေဝင်ချိန်ကို ဓါတ်ပုံလာရိုက်ချင်သေးပေမယ့် မဖြစ်နိုင်တော့ဘူးလို့ပဲ စိတ်ထဲထားလိုက်တော့တယ်။








ဘုရားက အပြန်မှာ တခြား ဗုဒ္ဓဘာသာ ဘုရား တစ်ဆူနဲ့ မီရာပီတောင်ကို ဝင်ဖြစ်ပါတယ်။ ဘုရားကတော့ Mendut Temple ပါ။ အထဲမှာ ဘုရားဆင်းတု သုံးဆူ ရှိပြီး အဲ့ဒီသုံးဆူက ကိုယ်၊ နှုတ်၊ စိတ် ဆိုတဲ့ ကံသုံးပါးကို ကိုယ်စားပြုနေခဲ့တယ်။

ပုံတွေများတာမို့ အဲ့ဒီနေ့ကို နှစ်ပိုင်းခွဲလိုက်ပါတယ်။ သည်းခံလော့ ငါ့ရှင်တို့..:P

reference:

ညီမတယောက် မေးလာတဲ့ မေးခွန်းဟာ ခရီးစဉ်အကြောင်းလား၊ ဘယ်လိုသွားရသလဲဆိုတဲ့ အကြောင်းလား ကျနော် သိပ်မသဲကွဲဘူး။ ခရီးစဉ်ဆိုရင်တော့ ဆက်ရေးမယ့်စာတွေထဲမှာ ဘယ်တွေကိုသွားတယ်ဆိုတာ ပါလာပါလိမ့်မယ်။ ဘယ်လိုသွားသလဲ ဘာတွေကိုသိချင်သလဲဆိုတာ ကျနော် လှမ်းမေးထားတာလေး ပြန်ဖြေပေးပါလို့ ဒီနေရာက ပြောလိုပါတယ်ခင်ဗျာ။

No comments: