10 November 2014

က်ေနာ္နဲ႕ ဂ်ိဳဂ်ကာတာ (၁)


ဂျိုဂျကာတာကို သွားချင်နေတာကြာခဲ့ပြီ။ ခရီးတွေ သွားဖို့ အစီအစဉ်ဆွဲတိုင်း သူ့ကိုထည့်ထည့်ဆွဲတယ်။ ဒါပေမယ့် အမြဲကျန်ကျန်နေခဲ့တတ်တယ်။ နယ်မြေမကျွမ်းကျင်တာရော တခါမှ အင်ဒိုနီးရှားကို မရောက်ဖူးတာရော အကြောင်းကြောင်းတွေကြောင့်ဆိုပါတော့။ ဒါပေမယ့် ကျနော့စိတ်ထဲမှာ အမြဲထည့်ထားတယ်။ ဗုဒ္ဓဘာသာဘုရားတစ်ဆူ ကြီးကြီးမားမား ရှိနေခဲ့တဲ့နေရာ…

လေယာဉ်လက်မှတ်စျေးချပြီဆိုတာနဲ့ ကျနော်ဝယ်လိုက်တယ်။ အသွားအပြန် အစားအသောက်ပါထည့်လိုက်တာကို စလုံး၁၀၇ကျပ် ပေးရပါတယ်။ သက်သာတဲ့ အဲအေးရှားပဲဆိုပါတော့။ တည်းဖို့ ခိုဖို့ကိုလည်း အဲအေးရှားကိုပဲ အပူကပ်လိုက်တော့ ၁၈ရက်နေ့ဝင်ပြီး ၂၂ရက်နေ့ ပြန်ထွက် လေးညအိပ်ကို မနက်စာ အပါအဝင် ၉၅ကျပ်လောက်နဲ့ အလုပ်ဖြစ်သွားခဲ့တယ်။ လေယာဉ်လက်မှတ်ကော တည်းခိုခန်းကပါ စျေးချိုသလောက် ဗီဇာကတော့ ထိတယ်။ တခေါက်ပဲ အသုံးပြုနိုင်တဲ့ ဗီဇာကို ကိုးဆယ်ကျော်ပေးလိုက်ရတယ်။


အဲ့ဒီအချိန်က မြန်မာပတ်စပို့ဟာ ဗီဇာပါမှ ဝင်လို့ရတယ်(ကျနော်သွားတာ ၂၀၁၀ခုနှစ်ထဲမှာပါ)။ ဒီခရီးစဉ်ပြီးရင် နောက်ခရီးတစ်ခုလည်း တပတ်လောက်ခြားပြီးသွားဖို့ စီစဉ်ထားပြီးပြီ။ အဓိဦးတည်ချက်က ဒေသန္တရ ဗဟုသုတနဲ့ ဓါတ်ပုံရိုက်ဖို့ပဲ။ လေယာဉ်ပေါ်ကနေ အမှတ်တရ ပုံတွေစရိုက်နေခဲ့တယ်။ ဒီမြို့ကို စရောက်ပြီဆိုတော့ စိတ်တွေလှုပ်ရှားလို့။ အင်ဒိုနီရှား လူဝင်မှုက အတော်လေးတင်းကြပ်သလိုလို။ ဓါတ်ပုံရိုက်သလို လက်ဗွေဆယ်ချောင်းလုံးကိုလည်း နှိပ်ယူထားလိုက်သေးတယ်။ “မင်းဘာလာလုပ်တာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေရတာတော့ အောင့်သီးအောင်သက် နိုင်ပါတယ်။ ဒါပေမယ့် ကျနော်က မြို့ထဲကို ရောက်ချင်လှပြီ မဟုတ်လား။

စ စချင်း ခရီးသွားအေဂျင်စီနဲ့ ခရီးစဉ်ကို ဆွဲတယ်။ ကျနော်သွားချင်တဲ့ နေရာတွေကို ပြော၊ နေမယ့်ရက်နဲ့တိုက်ပြီး စျေးနှုန်းတွေ ဘာတွေပေါ့။ အင်္ဂလိပ်စကား ပြောတတ်တဲ့ ကားသမားနဲ့ အဆင်ပြေတဲ့ ကားစီစဉ်ပေးမယ်ဆိုပြီး ကြိုက်စျေးတည့်သွားကြတယ်။ ကားပေါ်ရောက်လို့ ကားသမားကို စကားပြောကြည့်တဲ့အခါ သေဟဲ့ နန္ဒိယလို့ အော်လိုက်မိတယ်။ အိုင်အမ်ဆောရီး အိုင်ကန်နော့စပိတူးမက်ချ်တဲ့။ မြန်မာဆိုတဲ့ စိတ်နှလုံးက တခါတခါ အသုံးမတည့်ဘူး။ အဘိုးအရွယ်လောက်ဆိုပြီး အားနာစွာပဲ လက်ခံလိုက်မိတယ်။ တကယ်က ငြင်းပစ်ခဲ့သင့်တာ။


သူတို့ဆီက မီးပွိုင့်မှာတွေ့ရတဲ့ လမ်းပေါ်က အနုပညာရှင်

သူတို့ရွာက အုန်းမောင်း


အသီးတန်းမှာ အမှတ်တရ

အင်တာနက်က ကြည့်လာခဲ့တာ ဒီရက်ပိုင်းအတွင်း အဲ့ဒီအနီးအနားက ရွာတရွာမှာ ရိုးရာပွဲတခုရှိနေခဲ့တယ်။ အဲ့ဒီအကြောင်းကို မေးတော့ ဘယ်သူမှ သေသေချာချာ မပြောပြနိုင်ကြဘူး။ ရွာကိုသာ သွားမေးပါတဲ့။ ဒါနဲ့ လေယာဉ်ကအဆင်းမှာ ဟိုတယ်ကို မဝင်သေးပဲ ကားနှစ်နာရီကြာမောင်းရတဲ့ အဲ့ဒီရွာကိုပဲ တိုက်ရိုက်သွားဖြစ်တယ်။ လမ်းတလျှောက် ဓါတ်ပုံရိုက်ချင်ပေမယ့် အပြန်မှာမှောင်နေခဲ့ရင်ဆိုပြီး မရိုက်ဖြစ်ခဲ့ဘူး။ ရွာကိုရောက်တော့ ဟုတ်တယ် အစီအစဉ်ကို ငါးလပိုင်းကိုရွှေ့ထားတယ်လို့ ရွာသူကြီးက ရှင်းပြတယ်။ အခုလို သတင်းမှားသွားတဲ့ အတွက် တောင်းပန်ပါတယ်လို့ တလေးတစားဆိုတော့ ကျနော်တို့ အာရှလူမျိုးတိုင်းဟာ ဒီလိုနေရာမှာ အတူတူပါပဲလားလို့ ကောက်ချက်ချမိရော။ 


ဒါနဲ့လာရာလမ်းကို ပြန်ရင်း တောင်ပေါ်ကနေ မြို့ကို တပုံနှစ်ပုံလောက် ရိုက်ဖြစ်သေးတယ်။ မနက်အရုဏ်တက်ကို ဗောရောဗုဒေါ္ဓမှာ နေထွက်ချိန် မတိုင်ခင် ရောက်ချင်တာမို့ လေးနာရီမှာလာခေါ်ဖို့ တိုင်ပင်ထားတယ်။








သိပ်မမှောင်သေးခင် မြို့ကို ပြန်ရောက်တော့ ပါတိတ်ပန်းချီတွေ ကြည့်မလားလို့ စကားခေါ်တယ်။ စက္ကူတွေပေါ်မှာ မဟုတ်ပဲ ပါတိတ်အဝတ်စပေါ်မှာဆွဲထားတဲ့ ပန်းချီကားတွေက ကျနော့ကင်မရာခလုတ်ကို ဆက်တိုက်နှိပ်ဖြစ်သွားအောင် ဆွဲဆောင်တယ်။ ကံမကောင်းဘူးကွယ်။ ရိုက်နေတုန်းလက်စမှာ ကင်မရာက အလုပ်မလုပ်ဖြစ်တော့ဘူး။ ဟာ သွားပြီပေါ့။ မနက်ဓါတ်ပုံရိုက်ဖို့ ဘယ်လိုလုပ်မလဲ။ အရင်လောက်ကြီး သွေးမဆူတော့တော်သေးတယ်။ အရာရာ အားလုံးဟာ ကိုယ်လိုချင်သလို ဖြစ်မလာဘူးလို့ စိတ်မှာ ချွန်းတခု ရှိနေခဲ့လို့။ 

ကင်မရာပြင်ပေးနိုင်တဲ့ ဆိုင်ကိုလိုက်ရှာပေမယ့် တမြို့လုံး တဆိုင်မှ မရှိဘူး။ ဒါနဲ့ ကင်မရာတလုံးထပ်ဝယ်ဖို့။ IXUS လေးတလုံးလောက်ဆိုလည်း မဆိုးဘူးပေါ့။ စလုံးနဲ့ လေးရာလောက်တော့ ကျမယ်ထင်တယ်။ ဝယ်လိုက်တယ်။ မိုက်မယ့်မိုက် အဆုံးထိမိုက်ပြီ။ အကြွေးဝယ်ကဒ်ကို သူတို့စက်တွေက လုံးဝလက်မခံဘူး။ ဒါနဲ့ အေတီအမ်ကိုပြေးပြီး ငွေထုတ်ရတယ်။ အေတီအမ်က တခါထုတ်ရင် IDR ၅၀,၀၀၀ အမြင့်ဆုံး။ လေးကြိမ်ထုတ်တော့ တခါထုတ် ဆားဗစ်ကြေး စလုံးငါးကျပ်ဘဏ်က ဖြတ်တယ်။ ထားပါတော့ ကျနော်က မရှိမဖြစ် လိုအပ်နေပြီလေ။ 

ဟိုတယ်ကို လိုက်ပို့တော့ ကားဆရာက သူ့ဟိုတယ်ကို ခေါ်သွားသေးတယ်။ ကျနော်လည်း မသိဘူးလေ ကိုယ်ဘွတ်လာတဲ့ ဟိုတယ်ဘောက်ချာလေးနဲ့ ချက်ကင် ဝင်မယ်ဆိုတော့ ဟိုတယ်က မဟုတ်ဘူးတဲ့ မှားနေတယ်ဆိုမှ ကျေးဇူးရှင်ကို ကျေးဇူးတွေ တင်မိရော။ ငါပြောတဲ့ဆီပဲပို့ဆိုပြီး အတင်းပို့ခိုင်းမှ လိုက်ပို့တော်မူတယ်။ ဒါတောင် ပြန်ခါနီး ထမင်းဖိုးတဲ့။ အဲ့ဒီမှာက တက္ကဆီစီးရင်တောင် ကျသင့်ငွေထက် သူတို့ဖို့ အပိုဆောင်းငွေလေး ပေးရတယ်ဆိုတဲ့ အလေ့အထ ရှိပါတယ်။ သူတို့ငွေတစ်သောင်းပေးတဲ့ အခါ ကျေးဇူးရှင်က နည်းတယ်တဲ့ နောက်ထပ်ပေးပါဆိုလို့ နှစ်သောင်းပါသွားပါရောလား။

အခန်းထဲရောက်လို့ အထုတ်ချပြီးတဲ့အခါ ကင်မရာအသစ်ရဲ့ ဘက်ထရီတွေကို အားအမြန်ဖြည့်ဖို့လုပ်။ လူက တနေ့လုံး ပင်ပန်းပြီး အိပ်ငိုက်နေခဲ့ပြီ။ မနက်အစောကြီးထရမှာမို့ ဟိုတယ်ကို မောနင်းကော ခေါ်ပေးဖို့အကြောင်းကြား။ ဟိုတယ်က ဆားဗစ်ပေးတာ အတော်လေးတော်ပါတယ်။ ကျနော် မနက်အစောကြီးသွားမှာဆိုရင် မနက်စာကို သူတို့ ထုတ်ပိုးပေးထားမယ်လို့ အလိုက်သိပြောရှာတယ်။ ပေါင်မုန့်နှစ်ချပ် ကြက်ဥပြုတ်တလုံးရယ် ငှက်ပျောသီးတလုံးနဲ့ ထောပတ်၊ဂျမ်ယို အထုတ်ကလေးတွေနဲ့ စနစ်တကျလေး ထုတ်ပိုးပေးထားတယ်။ မနက်မှာ ကျနော်ရောက်ချင်တဲ့ ဘုရားကို ဖူးရတော့မယ်။ အားရှိအောင် အိပ်ဦးမှ…

No comments: