17 November 2014

ကျနော်နဲ့ ဂျိုဂျကာတာ (၆)





ဒီတခေါက်တော့ ကံကောင်းထောက်မှစွာ မိုးမရွာခဲ့ဘူး။ ဒါ့အပြင် ဧည့်လမ်းညွှန်ကောင်းကောင်းတယောက်နဲ့ တွေ့ရတာပဲ။





ပြိုပျက်မှုများဖြင့် ဗုဒ္ဓဘာသာ ဘုရားတဆူ

သေချာရှင်းပြပေးတဲ့အပြင် ကျနော်ကိုးကွယ်တဲ့ ဘာသာကို သိသွားတဲ့အခါ နောက်ထပ် ဗုဒ္ဓဘာသာ ဘုရားနှစ်ဆူ ဒီအနီးတဝိုက်မှာ ရှိနေသေးတယ်လို့ ပြောလာတယ်။ ပြောလာတာနဲ့ တိုက်တွန်းတာနဲ့ဟာ ကွာခြားတယ်။ တချို့နေရာတွေမှာ အတင်းတိုက်တွန်းတယ်၊ ဒီဧည့်လမ်းညွှန်ကတော့ မင်းသွားချင်မယ်ထင်တယ်ဆိုတာမျိုးလောက်နဲ့ ခြေဆင်းပေးလိုက်တာ။ ဟုတ်ကဲ့ ကျနော် အဲ့ဒီကိုသွားချင်ပါတယ်လို့ ပြောလိုက်ကရောပေါ့။










ပါရာဘန်နန်းက နောက်ထပ်ရိုက်လာတဲ့ ပုံတွေ၊ တချို့ပုံတွေကတော့ သူတို့ဘာသာရေးပုံတွေဖြစ်ပေမယ့် ဖော်ပြဖို့ အများသူငှာ ကြည့်ရှုရန်မသင့်တဲ့ပုံမျိုးမို့ ကျနော် အမှတ်တရ ရိုက်လာပေမယ့် ချန်လှပ်ပစ်ခဲ့ပါတယ်။







ရှေးဟောင်းပစ္စည်းခိုးယူမှုဟာ ကျနော်တို့ နိုင်ငံတခုတည်းမှာ မဟုတ်ပဲ ယဉ်းကျေးမှုထွန်းကားတဲ့ အရှေ့အာရှ နိုင်ငံ အသီးသီးမှာ ကြုံတွေ့ရတဲ့ ပြဿနာတခုပါ။ ပထမပုံမှာ မြင်ရတဲ့ အရုပ်ကလေးဟာ နောက်ပုံမှာ မပါရှိတော့တာ တွေ့ရပါလိမ့်မယ်။ အဲ့ဒါ ခိုးသူတွေရဲ့ လက်ချက်ပါပဲ။ 
ယူနက်စကိုရဲ့ ပြုပြင်ထိန်းသိမ်းမှုပါ။အစားထိုးထားတဲ့အုတ်တွေကို ခွဲခြားရလွယ်အောင် အမှတ်လေးတွေ မှတ်ပေးထားတာပါ။ ပုဂံက အုတ်အရောင်တွေကို ကြည့်မိတိုင်း သက်ပြင်းကို အခါခါချရစမြဲ။ အခုလိုမျိုး စနစ်တကျလေး ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ။
ဒါကတော့ ပါရာဘန်နန်းက မပြိုပျက်ပဲ ကျန်ရှိနေရစ်တဲ့ စေတီတွေအားလုံးကို မြင်ရတဲ့ နေရာကနေ ရိုက်လာတာပါ။






ဒုတိယ အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားတဆူဖြစ်တဲ့ ကန်ဒီဆီဝူးပါ။ သူတို့ဘာသာအရ စေတီတသောင်းလို့ အနက်ရှိတဲ့စေတီပါ။ ဘုရားပရဝုဏ်က အတော်လေးကို ကျယ်ပါတယ်။ ၂၀၀၆ခုနှစ် ငလျင်က အတော်လေးကို ပျက်စီးသွားစေခဲ့ပြီး အဓိက စေတီကြီး ထီးထီးကျန်နေခဲ့ပါတယ်။ ထူးခြားတာက ဘုရား အဝင်က အစောင့်တွေပါ။ ကြောက်စရာမကောင်းပဲ ချစ်စရာ တတုံးတခဲကြီးတွေ ဖြစ်နေတာပါပဲ။
ဒါကတော့ ဘုရားမီးပူဇော်တဲ့ ဆီမီးထွန်းတဲ့ နေရာလေးပါ..

ပြန်လာတဲ့လမ်းမှာ ပြတိုက်ကိုဝင်ပါတယ်။ ပြတိုက်ဝင်ခွင့် မပေးရပါဘူး။ ကျောက်စာတခုကိုပဲ ဓါတ်ပုံရိုက်ယူလာခဲ့မိတယ်။

နောက်တပုဒ် မှာတော့ အနားပတ်ဝန်းကျင် သွားခဲ့တာလေးနဲ့ ဒီခရီးစဉ်ကို အဆုံးသတ်ပါတော့မယ်..

No comments: