05 March 2009

မက်ဆီကိုဘမ်းလေး မမေ့သေး

ဟိုတစ်လောက ညီငယ်တစ်ယောက်ရဲ့ အားငယ်နေမှုကို အားပေးနေရင်း ကိုယ်အကြောင်းတွေ ပြန်ပြောင်း အောက်မေ့ပြန်ရော။ ဒီနေ့ကို ရောက်ဖို့ ဟိုတုန်းက အကြောင်းလေးတွေပေါ့။ နေရိပ်အလာကို နေပူက စောင့်ဆိုတာကိုး။ နေရိပ်ကလည်း ရောက်ခဲပြန်ရော။

မက်ဆီကိုဘမ်းလေးနဲ့ စတင်မိတ်ဆက်ခဲ့တာက မြိုင်ဟေဝန်ဆိုတဲ့ စတိုးဆိုင်လေးပါ။ အခုလို စီးတီးမတ်တို့လို ကြီးကြီးမားမားတွေ မပေါ်သေးတဲ့ ၁၉၉၈ခုနှစ်ကပါ။ အစ်မတစ်ယောက်ဆီက အလုပ်နေရာလပ်ပေါ်နေတယ်ကြားတာနဲ့ သင်တန်းတစ်ခု အပြီးမှာ တင်လိုက်မိတာ။ အင်တာဗျူးဆိုတာ ပထမဆုံး အလုပ်လုပ်မယ်ဆိုလည်း ပထမဆုံး ပြီးတော့အသက်ကလည်း ငယ်နေသေး (ကျနော်တို့ နိုင်ငံအနေအထားနဲ့ ကိုယ့်ဘာသာကို သတ်မှတ်နေမိတာပါ)။ ပိုဆိုးတာက နိုင်ငံခြားသားနဲ့ ဗျူးရမှာဆိုတော့ ခပ်လန့်လန့်နဲ့။ Excel sheet တစ်ရွက် အစမ်းရိုက်ခိုင်းပြီး အဲဒီအလုပ်ကို ရခဲ့တာပါ။ လုပ်ရမယ့်အလုပ်က EDP Clerk (Electronic Data Processing) ရတဲ့လခက ၆၅၀၀။ တစ်နေ့ကို နှစ်ဆိုင်းရှိတယ်။ အလုပ်ချိန်နည်းနည်းများပေမယ့် ပျော်ခဲ့ပါတယ်။

ဆိုင်လေးကငယ်တယ်ဆိုပေမယ့် စုံတော့စုံသား။ သတင်းစာတွေ ပန်းတွေက လေယာဉ်နဲ့အတူ နေ့စဉ်မပြတ် ပြီးတော့ ဖောက်သည်တွေကလည်း ပုံမှန်။ ကိုယ်တိုင်လုပ်တဲ့ မုန့်ဆိုင်လေးနဲ့ သပ်သပ်ခပ်ခပ်လှလှပပ။ တစ်နေ့ရောင်းရငွေ ဆယ်သိန်းဝန်းကျင်လောက်။

အဲဒီမုန့်ဆိုင်လေးမှာ ကျနော်မကြားဖူးတဲ့ မုန့်အဆန်းတွေ အများကြီး။ စျေးတွေကလည်း ကြီးသေး။ အားလုံးထဲမှာမှ မက်ဆီကိုဘမ်းလေးက စျေးအနည်းဆုံးလေ။ ခြောက်ဆယ်ထဲ။ ကျန်တာတွေမလှမ်းနိုင်တဲ့နောက် မက်ဆီကိုဘမ်းလေးနဲ့က အသင့်တော်ဆုံး။ တစ်လုံးဆိုတစ်လုံး ဗိုက်လည်းပြည့်တယ်လေ။ အပေါ်ယံအခွံ မာမာလေးကိုလည်း ကြိုက်မိတာကိုး။ ပူပူနွေးနွေး စားကောင်းတယ်ဆိုတဲ့ ပီဇာတို့ဘာတို့က ရာကျော်လေ။ အနားကပ်ဖို့နေနေသာသာ မှန်ပြတင်းထဲက မြင်ရတယ်ဆို ကျေနပ်သင့်ပြီ။

တကယ်တမ်း တစ်ဆိုင်လုံးရောင်းကုန်ထဲမှာ မက်ဆီကိုဘမ်းလေးက စျေးအနည်းဆုံး။ ဒါပေမယ့် ခြောက်ဆယ်ဆိုတဲ့ မုန့်ကို ဝယ်စားဖို့တောင် ချီတုံချတုံ နေရတာ။ တစ်နေ့ဝင်ငွေနဲ့ တွက်မျှကြည့်ရင် တော်တော်များနေပြီ။ ဒါပေမယ့် တစ်နေ့သား နောက်တစ်ချိန်အစားဝင်မယ့် အစ်မတစ်ယောက် နေမကောင်းလို့ မဝင်နိုင်တော့ ဆက်ဆင်းရတာပေါ့။ ညဘက်ဆိုင်ပိတ်ချိန်က ၁၀နာရီ။ ကောင်တာသိမ်း တစ်နေ့တာအရောင်းစာရင်းထုတ်ပြီး ဖယ်ရီပေါ်ရောက်ရင် ၁၁နာရီ မကျော်ရင် ကံကောင်း။ အိမ်ရောက်ရင်တော့ ၁၂နာရီအသာလေး။ အဲဒီတော့ နေ့လည်က စားထားလို့ပြောင်နေပြီဖြစ်တဲ့ ထမင်းချိုင့်လေးလည်း မကယ်နိုင်တော့။ ဆိုတော့ ခြောက်ဆယ်ဆိုတဲ့ မက်ဆီကိုဘမ်းလေးကိုပဲ ဝယ်စားလိုက်ရတယ်။ အဲဒီနေ့ကစပြီး အလုပ်ထွက်တဲ့ အချိန်အထိ မက်ဆီကိုဘမ်းလေးက ကျနော့အဖော်။ ကျနော့အတွက် အားထားရာသာဖြစ်ခဲ့တာ။

ရတဲ့လခလေးက အိမ်အတွက် စားစရိတ် လမ်းခရီးစရိတ် တက်နေတဲ့ ကျောင်းစရိတ်တွေ နှုတ်လိုက်ရင် သိပ်မကျန်ချင်တော့။ မှတ်မှတ်ယယ UFL အပြန် လမ်းကြုံလိုက်တဲ့ သူငယ်ချင်းကားနဲ့ တစ်ခြားကား ပြဿနာတက်လို့ ဆင်းပြီး ဖြေရှင်းပေးတုန်း ကျနော့ ထမင်းချိုင့်လေး အလစ်သုတ်ခံရဖူးတယ်။ အိမ်ကိုလည်း ပြန်မတောင်းရက်နဲ့ နှစ်လလောက် ပြန်စုပြီး တိတ်တိတ်လေးပြန်ဝယ်ဖို့ မက်ဆီကိုဘမ်းနဲ့ သုံးလလောက်ဝေးခဲ့ရသေးတယ်။ ဗိုက်ဆာရင်လည်း ထမင်းချိုင့် ထမင်းချိုင့်နဲ့ အားပေးရင်း မုန့်ဆိုင်ဖက် မလှမ်းဖြစ်အောင်ပေါ့။

မတန်ခူးရဲ့လွမ်းတဲ့အလွဲများထဲက လို အလွဲတွေကအများကြီး။ ပျားရည်ပုလင်း ကော်ဇောပေါ်မှောက်ကျလို့ ကွက်နေတဲ့ ကော်ဇောမြင်ရင် ဘော့စ်က ကျနော့ကို အမြဲ လက်ညိုးထိုးနေကျ။ ပြီးတော့ သိန်းကျော်တန်ပါတယ်ဆိုတဲ့ Crystal အရုပ်ကလေး သောင်းကျော်တန်တဲ့ တရုပ်ကြွေပန်းအိုးလည်ပင်းကျဉ်းကျဉ်းလေးထဲ ကျသွားလို့ ပြန်ထုတ်မရတဲ့ အချိန်ဇောချွေးတွေပြန်ရတဲ့ အချိန်တွေ။ လျော်ကြေးပေးရမယ်ဆို ဘယ်နှစ်နှစ်လောက်လစာမဲ့ လုပ်ပေးရမလဲ လုံးဝကိုမတွေးရဲ။ ကလေးဆန်နေတဲ့ ကျနော့ကို ဘော့စ်ကအမြဲဆူတာတွေတကယ့်ကို မက်ဆီကိုဘမ်းလေးနဲ့တွဲလျက်။

ခုတော့ ညီငယ်ကိုအားပေးရင်း အတိတ်ဘဝက မက်ဆီကိုဘမ်းလေးကို ပြန်မြင်ယောင်မိတယ်။ မုန့်ဖိုထဲက အထွက် ပူပူလေးဆို မွှေးတေးတေးနဲ့ အင်း မက်ဆီကိုဘမ်းရေ အခွင့်ရှိသေးရင် တို့နှစ်ယောက် ပြန်တွေ့ကြသေးတာပေါ့………..

11 comments:

khin oo may said...

MayMoe: ရန်ကုန်ပြန်မှဝယ်စားရမယ် :D
5 Mar 09, 00:40
MayMoe: မစားဘူးပါဖူး မက်ဆီကိုဘမ်း ဆိုတာ ကိုယ့်ကိုကိုယ်တောင် တနားသွားပြီ

khin oo may said...

ဟိုတုံးကလည်း မကြားဘူးဘူး။အခု လည်း မစားဘူးဘူး။ မေမိုးနု့ အတူတူဘဲ တစ်မူးတောင် ပိုရှူသွားသေးတယ်။

ksanchaung said...

“မက်ဆီကိုဘမ်း = မက်ဆီကိုဘိန်းမုန့်” ကိုပြောတာ။ သူတို့က “ဘေ့ဇစ်”နည်းကြတယ်။ ကလေးတွေလို အသေးစိတ်ရှင်းပြမှ သဘောပေါက်တာမျိုး။ ဟဲဟဲ။

Moe Cho Thinn said...

မက်ဆီကိုဘမ်း ဆိုတော့ ဘယ်လို မုန့်မျိုးလဲ။ ပုံတင်ပေးရင်တော့ ချက်ချင်း သိမှာပဲ။ ဒီမှာက မက်ဆီကို မုန့်တွေ ပေါမှ ပေါ ဆိုတော့လေ။ အခုတော့ မမြင်ဖူးပေမဲ့ ဘ၀တကွေ့မှာ ခဏတွေ့တဲ့ မုန့်ကလေးမို့ ချစ်သွားတယ်။

မီယာ said...

မြိုင်ဟေ၀န်ကို အဲ့ဒီအချိန်လောက်တုန်းက ခဏခဏ ရောက်တယ်.. အဖွားအတွက် မုန့်ဝယ်ပေးရတာ.. ခုထက်ထိလည်း အဲ့ဒီကမုန့်တွေ ကြိုက်ပါတယ်။ မက်ဆီကိုဘမ်းတော့ ဒီတခေါက်ပြန်ရင် ကြည့်လိုက်မယ် :)

sait phay yar said...

အင်းဒီတစ်ခါရွာပြန်ရင်တော့ သွားတွေ့လိုက်မယ်နော် ၇ွာသားကသတိရတယ်လို့လည်းပြောလိုက်မယ်

ThuHninSee said...

အဲဒီက မုန့်ဖုတ်တဲ့ သူက မမွန်အသိ အစ်ကိုကြီးလေ။ PNTမဟုတ်လား။
ဈေးကြီးပေမယ့် စားကောင်းတယ်။ ဒါပေမယ့် သူရှေ့တော့
တစ်ခါမှမပြောမိဘူး။

Anonymous said...

ဖတ်လို့ကောင်းတယ် ကျနော်ပြောသား အစ်ကိုက လူတော်ပါလို့။

အဲ့ ညီငယ်လေးကိုလည်းပြောလိုက်ပါ အားတင်းထားလို့ အရှေ့မှာ ချောက်ကမ်းပါ တစ်ခါတည်းသာ ခုန်ချလိုက် အနိစ္စသဘောနဲ့ ကိစ္စလျှောသွားအောင် :)

Anonymous said...

sorry ကျနော် အဲ့ညီလေးဆိုသူကိုစလိုက်တား)

ဝေလေး said...

မက်ဆီကိုဘမ်းလား မသိဘူး ဘာမုန့်လဲ
ပူတင်းပေါင်မုန့်လိုမျိုးလား။ အပေါ်ယံမာမာဆိုတော့ အဲဒါကို သွားသတိရတယ်။ ဟုတ်ဘူးထင်ပါတယ်နော်....

Unknown said...

ဖတ်ရင်းနဲ့  သနားသွားတယ်
မက်ဆီကိုဘမ်းလေးကို မစားဖူးဘူးထင်နေတဲ့ ကိုယ့်ကိုယ်ကိုပါ
(စာရေးသူက အောက်ခြေသိပ်ပါတယ် ဒါကြောင့်လည်း ခံစားပြီးရေးတာတွေက သိပ်ကောင်းတယ်)