01 March 2009

နားလည်ရန်ခက်သော ချစ်ခြင်းတရားနဲ့ ကျနော်တို့




စနေနေ့ညက ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။ He’s Just Not That Into You ဆိုတဲ့ကားလေးပါ။ ဇာတ်ကားကို လုံးစေ့ပတ်စေ့နားမလည်ပေမယ့် ပျော်စရာလေးတွေပါ ပါဝင်တဲ့ ကားလေးတစ်ခုပါ။ ဇာတ်ကားပြီးသွားတော့ ထုံးစံအတိုင်း အတွေးတွေက ကျန်နေခဲ့ပြန်ရော…..

ဖုံးခေါ်ခြင်းကို စောင့်နေရတဲ့ သူတစ်ယောက်ဘ၀ကို တကယ်စာနာမိပါတယ်။ ဖုံးခေါ်လေမလားရယ်လို့ ခဏခဏကြည့်ရတာအမော။ လာသမျှဖုန်းတွေက ကိုယ်မျှော်တဲ့ ဖုန်းမဖြစ်ရင် ခဲလေသမျှ သဲရေကျပြန်ရော။ မခေါ်ပဲ ရက်စက်စွာနေနိုင်တယ်လို့လည်း ပြောခွင့်က မသာပြန်ဘူး။ ကိုယ်ကစခေါ်ပြန်တော့လည်း တစ်မျိုးဖြစ်နေပြန်တယ်။ မ၀ံ့မရဲ တွန့်ဆုတ်နေရတာမျိုးပါ။ ခေါ်ချင်တာကတော့ တစ်ပိုင်းကို သေလို့ပေါ့။ သူဖုံးမခေါ်ဖြစ်တာ ဖုံးနံပါတ်ပျောက်သွားလို့ဖြစ်မှာပါ၊ အလုပ်မအားလို့ဖြစ်မှာပါ၊ အရေးတကြီးလုပ်စရာရှိလို့ဖြစ်မှာပါနဲ့ ဖြည့်တွေးရင်း ဗျိုင်းလည်ပင်းကို ဖြစ်လို့။

နောက်တစ်မျိုးက ကိုယ်ချစ်မိတဲ့သူက လိမ်ညာခြင်း။ ကျနော်လည်းလိမ်ညာခြင်းကို ဘယ်လိုမှ ခွင့်မလွှတ်ချင်တတ်ဘူး။ ချစ်တဲ့သူရဲ့ လိမ်ညာတာကို ခံရရင် ပိုပြီး ခံရခက်ပါတယ်။ ယုံကြည်ထားသမျှအတွက် လုပ်ရက်လေခြင်းဆိုတဲ့ နာကျင်ခြင်းက ဘယ်အရာနဲ့မှ ဖြေသိမ့်လို့မရဘူးလေ။ ချစ်ခြင်းရဲ့နောက်မှာ မျက်စိတွေကန်းသွားတတ်ကြတာကိုး။ ဖြစ်နိုင်ရင် ကိုယ်ချစ်တဲ့သူတွေကို မလိမ်ညာသင့်ဘူးထင်တယ်။ သူတို့ဘယ်လို အလေးအနက်ထားသလဲ ကိုယ်မှ မသိနိုင်တာ။ လိမ်ညာတဲ့သူဟာ ချစ်တဲ့သူတွေကို စော်ကားနေတယ်လို့ ကျနော်တော့ သတ်မှတ်မိမလားပဲ။ ကတိတွေပေးပြီး မသိမသာ ချိုးဖောက်နေရင်လည်း လက်မခံချင်တတ်ဘူး။ မဖြစ်နိုင်တဲ့ ကတိဆိုရင် ချစ်တဲ့သူကိုအစတည်းက မပေးကြပါနဲ့လား။

ချစ်တဲ့သူရဲ့ဖောက်ပြန်ခြင်း။ အပျော်ရှာတယ်ပဲပြောပြောလေ ဘယ်သူက လက်ခံနိုင်မလဲ။ ကိုယ့်ကိုတော့ ချစ်ပါတယ် ဒါပေမယ့် အပျော်လေးတော့ ရှာပါရစေ ဆိုတာမျိုးကို ဘယ်နှလုံးသားနဲ့ နာခံနိုင်မလဲ။ မင်းကိုလည်းမစွန့်လွှတ်ပါရစေနဲ့ အပျော်တွေကိုလည်း ဆက်ရှာပါရစေဆိုတဲ့ လူမျိုးကို ချစ်မိရင်တော့ တစ်သက်စာ စိတ်ဆင်းရဲနေမှာပဲ ထင်ပါရဲ့။ ချစ်ခြင်းရဲ့ နောက်က ရယူပိုင်ဆိုင်လိုခြင်းနဲ့ သ၀န်တိုခြင်းဆိုတာတွေကို ဘယ်လို ကျော်ဖြတ်နိုင်မှာတဲ့လဲ။

အပျော်ရှာတဲ့သူတွေကရော တကယ့်ချစ်တတ်တဲ့ နှလုံးသားမဲ့လေရော့သလား။ ကိုယ့်ကို နှစ်နှစ်ကာကာ ချစ်တဲ့သူ ရှိပါလျက် ဘာအတွက်ရယ် စိတ်ကစားလေတယ်မသိ။ သူတို့မှာလည်း သူတို့အကြောင်းနဲ့ သူတို့တော့ ရှိရှာမယ်ထင်ပါတယ်။ ဒါပေမယ့် မဖြစ်သင့်ဘူးလေနော်။ ကိုယ်တစ်ကယ်ချစ်တယ်ဆိုရင် ချစ်တဲ့သူရဲ့ စိတ်ပင်ပန်းအောင်တော့ မလုပ်သင့်ဘူးထင်တာပါပဲ။ ချစ်သူကို စိတ်ချမ်းသာအောင်ထားခြင်းဖြင့် ကိုယ်တိုင်လည်း ရောင်ပြန်ဟပ်ပြီး စိတ်ချမ်းသာမှာပါ။

ကိုယ့်အိမ်ထောင်ဘက်က တစ်ခြားလူတစ်ယောက်နဲ့ အိပ်စက်ခဲ့မိပြီဆိုပါတော့။ ဘယ်လိုတုန့်ပြန်မလဲ။ လက်ခံမလား။ ဇာတ်ကားထဲမှာတော့ နင်ငါ့အသားကို မထိနဲ့ဆိုပြီး အော်မိတတ်ကြတာပါပဲ။ အနောက်နိုင်ငံအတွက် သိပ်မလေးနက်ပေမယ့် ကျနော်တို့အတွက်တော့ ကိုယ်ကျင့်သီလနဲ့ပါ ပတ်သတ်နေလေတော့ တကယ့်ကို မချိုးဖောက်သင့်ဘူးလေ။ အတွေ့ဆိုတာမျိုးကလည်း အခက်သားလား။ စံရှားတင်ရဲ့ သရုပ်ဆောင်မှုကိုတောင် ပြန်မြင်ယောင်မိတယ်။ ဆိုဖီယာလောရင်းကြီးဆိုလို့ပြောရင်း ပြန်ထိန်းချုပ်ရမှာတဲ့လား။ အခုခေတ်မှာတော့ သိပ်မထူးဆန်းတော့သလိုပါပဲ။ ဒီလူ့အပေါ်မှာလည်း ချစ်ခြင်းက ကျွံဝင်လျက် ပြီးတော့ သူရဲ့ ပြစ်မှုကိုလည်း လက်မခံနိုင် ဘယ်လောက်ပင်ပန်းတဲ့ စိတ်လွန်ဆွဲမှုကို ဖြစ်စေခဲ့မလဲ။

ချစ်ခြင်းဆိုတာက အဲ့ဒီလူကို အမြဲမပြတ်သတိရမိစေတာလား။ ဂရုစိုက်နေမိတတ်တာလား။ ဖုန်းတွေခေါ်နေမိတတ်တာလား။ ဇာတ်ကားထဲမှာတော့ ချစ်သူရဖို့အတွက် ဇွဲမလျော့လေတဲ့ ဂျီဂျီ့ကို ချစ်မိသွားပြီဆိုတာကို အဲလက်စ်က အဲဒီခံစားမှုတွေနဲ့ပြသသွားခဲ့ပါတယ်။

တကယ်တမ်းတော့ ချစ်ခြင်းတရားက နားလည်ရန်ခက်ခဲလွန်းပါတယ်။ မြုပ်ထားတဲ့ ဗုံးတစ်ခုလိုပဲ ဘယ်အချိန်ကွဲမလဲ ဘယ်လိုကွဲမလဲ ဘာအကြောင်းအရာနဲ့ ကွဲမလဲ မှန်းဆရခက်လွန်းတယ်။ မချစ်မိဖို့ကြိုးစားရင်း ချစ်မိသွားတတ်သလို မချစ်သင့်ဘူးဆိုတာသိသိကြီးနဲ့ ချစ်မိသွားတတ်တာမျိုးလေ။ အင်း..ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ချစ်ခြင်းတရားတွေ ပိုင်ဆိုင်သူတွေဖြစ်ကြပါစေတော့ရယ်လို့သာ ဆုတောင်းနေမိတော့တာပါ….

12 comments:

Moe Cho Thinn said...

ရွာသားလေးလဲ ပျော်ရွှင်ချမ်းမြေ့တဲ့ ချစ်ခြင်းတရားတွေသာ ပိုင်ဆိုင်နိုင်တဲ့သူ ဖြစ်ပါစေလို့ အမ ဆုတောင်းပေးလိုက်ပါတယ်။
နောက်ပြီး မKOM ဆီမှာလဲ အမောင်ကျောင်းသား ကျောင်းသွားတက်လိုက်ပါအုံးလေ။
အဲဒီကားတော့ မကြည့်ရသေးဘူး ရွာသားရေ.. ကြည့်အုံးမှာ။

khin oo may said...

ချစ်ခြင်းနဲ့ချမ်းမြေ့ကြပါစေ။

ThuHninSee said...

အဲဒိကားကြည့်ပြိးပြီ..ကောင်းတယ်သိလား။ မကြည့်ရသေးတ့သြူတွေ
အမြန်ကြည့်။
ဗုံးတွေ မြုပ်ထားတယ်လား။ လန့်စရာ။
ဆိုဖီရာလောရင်းကြီးဆို ဆိုတာ သီသီပြောတာ မဟုတ်လား။

Unknown said...

I have watched that movie last thursday.I like Gigi.I realize that herlife and my life are quite similar. She found true love finally... But I am still looking for true love..Dont know when I will meet my true love.

မီယာ said...

တို့လည်း ကြည့်ပြီးပြီ.. ပို့စ်လေးတောင် ရေးလိုက်သေးတယ်.. အဲ့သလိုပဲ ခံစားရလို့လေ..

RePublic said...

ရွာသားကြီး ရေးထားတာကိုပဲ စိတ်ကူးနဲ့ ပုံဖော်ကြည့်သွားပါတယ်ခင်ဗျ ၊၊

Phyo Evergreen said...

ွှအဲဒီကားမကြည့်ရသေးဘူး.........။ ရေးထားတာတွေ တကယ်ကောင်းတယ်..။

တန်ခူး said...

ဒီကားလေးတော့ ကြည့်ချင်သား… ညွှန်းတဲ့သူတွေများလို့ …
ဖုန်းဆက်ချင်ရင် ဆက်သာဆက်လိုက်… တကယ်ချစ်လာမိရင် ထိန်းချုပ်ဖို့ ဆိုတာ အခက်သားလား… တယောက်နဲ့ တယောက် ဟန်ဆောင် ထိန်းချုပ်နေရရင် ဘယ်လိုလုပ်ပျော်စရာကောင်းမလဲနော်… သစ္စာတရားမရှိရင် အချစ်လို့ ခေါ်နိုင်ပါဦးမလား… အနေနီးလို့ ပဲဖြစ်ဖြစ် မရှောင်နိုင်တဲ့ အခြေအနေတွေကြောင့်ပဲ ဖြစ်ဖြစ် အဲဒါကြီးကို အချစ်လို့ ခေါ်ဖို့  သံသယ၀င်သွားရော… ရွာသားလေးရေ... တယောက်နဲ့ တယောက် စေတနာမှန်တဲ့ အချစ်စစ်နဲ့ တွေ့ ရင် အချစ်ဆိုတာ သို့ လောသို့ လော နဲ့ သံသယ၀င်စရာတွေ ဘာမှရှိတော့မှာ မဟုတ်ပါဘူး…

ဝေလေး said...

မကြည့်ဖူးပါ.. ကောင်းတယ်ဆိုလို့မှတ်ထားဦးမယ် အားရင်ကြည့်ရအောင်.. :P
အချစ်က ဗုံးဆိုရင် ပေါက်ပြီးတာနဲ့ ပြီးရောပေါ့။ သေရောပေါ့.... အဟဲ.... စဉ်းစားမိတာပါ တိုက်ဆိုင်သွားလို့ ဒီစာသားနဲ့ (ချစ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်သတ်သေနဲ့နည်းတစ်မျိုးလားလို့) ဆိုတဲ့ မင်းခိုက်စိုးစံရဲ့စာသားကို သတိရသွားတယ်။ ဗုံး က
((ဝုန်း ))) ဆိုပေါက်ပြီးတာနဲ့ ပြီးသွားရော အမှတ်တရဆိုလို့ ဒဏ်ရာတွေပဲ ကျန်ခဲ့မယ်...... :)

စကားမစပ်
ကိုရွာသားလည်းဆုတောင်းတဲ့အတိုင်းပြည့်နိုင်ပါစေဗျို့...

ရွှေပြည်သူ (ShwePyiThu) said...

ငါ့အစ်ကိုမှာ အချစ်နဲ့ပတ်သက်တဲ့ ဒီလိုအတွေးတွေ စကားလုံးတွေ အများကြီး ရှိနေလိမ့်မယ်လို့ တခါမှ မထင်ခဲ့မိဘူး။ တကယ် တကယ်... မနောက်ဘူး။ “ဒီလူ့အပေါ်မှာလည်း ချစ်ခြင်းက ကျွံဝင်လျက် ပြီးတော့ သူရဲ့ ပြစ်မှုကိုလည်း လက်မခံနိုင် ဘယ်လောက်ပင်ပန်းတဲ့ စိတ်လွန်ဆွဲမှုကို ဖြစ်စေခဲ့မလဲ။” အတွေ့ဇာတ်ကားထဲက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြောသွားတဲ့ အဲဒီစကားကို သဘောကျမိပါတယ်။ “ချစ်ခြင်းဆိုတာက အဲ့ဒီလူကို အမြဲမပြတ် သတိရမိစေတာလား။ ဂရုစိုက် နေမိတတ်တာလား။ ဖုန်းတွေ ခေါ်နေမိတတ်တာလား။” ဇာတ်ကားထဲမှာမို့ မြင်သာတဲ့အချက်တွေနဲ့ ပြသွားတာပဲ ထင်ပါရဲ့။ တကယ်တော့ အပြင်မှာ အဲဒီထက်ပိုရှုပ်ထွေး နက်နဲလိမ့်မယ် ထင်တာပါပဲ။ “မချစ်မိဖို့ကြိုးစားရင်း ချစ်မိသွားတတ်သလို မချစ်သင့်ဘူး ဆိုတာသိသိကြီးနဲ့ ချစ်မိသွားတတ် တာမျိုးလေ။” ဒါလည်း မှန်တာပါပဲ။ တွေးမိဖူးတာက မချစ်သင့်တာကို ချစ်မိချိန်အထိ အပြစ်မရှိပါဘူး။ မဖြစ်သင့်မှန်းသိရက်နဲ့ အချစ်နောက်ကို တောက်လျှောက်လိုက်ရင်း အမှားတွေ စလုပ်မိချိန်မှာ အပြစ်က စရှိတော့တာပဲ ထင်ပါရဲ့။ ဇာတ်ကားကိုတော့ (ကြည့်ချင်ပေမယ့်) မကြည့်ဖြစ်လိုက်ပါဘူး။ အခုပြောဖြစ်သွားတာတွေက ဇာတ်ကားနဲ့လည်း ဆိုင်ရဲ့လားတော့ မသိပါဘူး။ တွေးစရာ စာကြောင်းတွေ အများကြီးပါလို့ ရေးမိသွားတာပါ။

Unknown said...

ပျော်ရွှင်ချမ်းမြေ့ စရာကောင်းတဲ့ ချစ်ခြင်းတွေနဲ့  ဘ၀ကို လက်တွေ့ ကျကျပိုင်ဆိုင်ပြီး တည်ဆောက်နိုင်ပါစေဗျာ
(တို့ က အချစ်နဲ့ ပတ်သက်ပြီး သိပ်မသိလို့  တခြားမှတ်ချက်မပေးတော့ဘူး)

ကြည်ဖြူပိုင် said...

ဒီလူ့အပေါ်မှာလည်းချစ်ခြင်းကကျွမ်းဝင်လျက် ပြီးတော့သူ့ရဲ့ပြစ်မှုကိုလည်းလက်မခံနိုင် ဘယ်လောက်ပင်ပန်းတဲ့စိတ်လွန်ဆွဲမှုကိုဖြစ်စေခဲ့မလဲ
။။။။။။။။။
ချစ်ခြင်းဆိုတာ အဲဒီလူကိုအမြဲမပြတ်သတိရစေတာလား
ဂရုစိုက်နေမိတတ်တာလား။ဖုန်းတွေခေါ်နေမိတတ်တာလား။
။။။။။။။။။။
မချစ်မိဖို့ကြိုးစားရင်း ချစ်မိသွားတတ်သလို မချစ်သင့်ဘူးဆိုတာကိုသိသိကြီးနဲ့ ချစ်မိသွားတတ်တာမျိုးလေ။
။။။။။။။။။။
အင်း...ဖြစ်နိုင်ပါတယ်။
မင်္ဂလာနှစ်သစ်ပါအကိုရွာသား