သုတ်သုတ်ချီတိုက်နေတဲ့ လေပြည်ထဲမှာ ရနံ့တွေ ပါတတ်သည်။ မွှေးသလို အေးသလို အဆွေးပိုအောင် တိုက်တတ်သည်လေ။ ဒီရနံ့တွေက ဒီအချိန်ကာလမှာပဲ ရတတ်သည်။ ရနံ့နဲ့အတူ အသံတွေလည်း သိုးသိုးသန့်သန့်ကြားရတတ်သည်။ လူတွေအားလုံး လှုပ်ရွလှုပ်ရွ ဖြစ်စေတတ်သည်။ အပေါ်ကိုလည်း ခဏခဏ မျှော်ကြည့်တတ်ကြသည်။ စောင့်နေသည့် ကာလ မရောက်မချင်း အားလုံး စိတ်လှုပ်ရှားနေကြသည်သာ။
ကျနော်တို့ငယ်တုန်းကတော့ ဒီအချိန်ရောက်ရင် စီစဉ်စရာတွေ စီစဉ်ရပြီလေ။ ဗုံတိုခေါက်မည့်သူ လင်ကွင်းကိုင်မည့်သူ အဆို အကနဲ့စကြရပြီ။ မြို့လေးမှ ချစ်စရာကောင်းသည့် အလေ့အထမှာ မိမိရပ်ကွက် ခင်ရာမင်ရာ အိမ်တွေမှာ တစ်နိုင် အဆိုအကဖြင့် အလှူခံကြသည်လေ။ ဆရာ၊ဆရာမအသိုင်းအ၀ိုင်းဆိုတော့ အိမ်မှာက ဧည့်ပြတ်သည်မရှိ။ အိမ်ကလူကြီးတွေမှာ ကျပ်တန်လေးတွေ ငါးကျပ်တန်လေးတွေ တတ်နိုင်သလောက်ကြိုစုထားသမျှလေးတွေ သင့်ရာတော်ရာ ထည့်ကြရသည်ပေါ့။
ပြီးရင်တော့ အားလုံးကောက်ခံရသမျှထဲက ရပ်ကွက်အတွက် အလှူအတွက် ကျနော်တို့အတွက် သုံးပုံချပြီး ဒီနှစ်အတွက် အစီအစဉ်ကို စတင်ရေးဆွဲကြသည်။ မည်မျှစိတ်လှုပ်ရှားစရာကောင်းသည်ကိုတော့ လူတိုင်းခံစားမိမည်ထင်ပါသည်။
ဘယ်အတွက်နည်း။ သင်းပျံ့သော ရနံ့နဲ့ ဆူညံလှုပ်ရွ ပိုးထစေသော အကြင်ပွဲသည် သင်္ကြန်ဟုအမည်ရှိလေသည်။ မသိသူ ရှိမည်မထင်။
ငယ်စဉ်ကတည်းက သင်္ကြန်နဲ့ ထိတွေ့ဖူးသည်။ ပျော်ရွှင်ဖူးခဲ့ကြသည်သာလေ။ ကျနော်တို့ငယ်တုန်းက သင်္ကြန်မှာ ပျော်ရွှင်ဖွယ်အတိ။ ငါးရက်ဆိုလျှင် နှစ်ရက်က အိမ်တွင် ကျန်သုံးရက်က သင်္ကြန်လည်သည်။ အိမ်ရှေ့ တွင် ဇလားထဲရေဖြည့်၍ ရေပက်သည်။ မိုးစုံးစုံးချုပ်မှ ရပ်တော့သည်လေ။ သင်္ကြန်လည်သည့် ဂျစ်ကားများက တစ်နေ့လုံးနေမှ လေးငါးစီးရယ်။ အိမ်ရှေ့ဖြတ်သမျှ စက်ဘီးဆိုက်ကား လွတ်သည်မရှိစေရ။ လည်သည့်ရက်များတွင်တော့ မိုလာဗုံးလေးလွယ်အိတ်နဲ့ ကျောပိုးပြီး သင်္ကြန်မတိုင်ခင်က ၀ယ်ထားသော ရေပြွတ်များနှင့် စုပေါင်းလည်တတ်ကြသည်။ ဈေးဟောင်းနားက မဏ္ဍပ်နားက လူစည်တယ်။ အုန်းခြံဘက်ကလူများတယ် ခြေညောင်းသည်မရှိအောင် တစ်နေကုန်လျှောက်လို့လည်တတ်သည်။ ညဘက်ကျတော့ ကားအလှပြိုင်ပွဲနဲ့ အကတွေရှိတဲ့စီ။ များသောအားဖြင့်တော့ သစ်တောမဏ္ဍပ်က အန်တီ ကြီးကြီးတို့ ငယ်ငယ်တို့ (သူတို့ကအမွှာညီအစ်မလေ) ရှိတဲ့စီပေါ့။ ဆုကလည်း သူတို့ပဲရနေကြလေ။
မြို့ကနေခွာလာပြန်တော့ စက်ရုံသင်္ကြန်။ အကြိုနေ့မတိုင်ခင်တည်းက စက်ရုံထဲက ဌာနပေါင်းစုံ စတုဒိသာ။ ဗိုက်ကားအောင်စား ရေ၀အောင်ပက်ခဲ့သည်။ တစ်ခုတည်းရှိတဲ့ ဓမ္မာရုံမဏ္ဍပ်မှာ ရေကစားရင်း စက်ရုံက ကျွေးတဲ့ နေ့စဉ်စတုဒိသာများကို တစ်နေ့တစ်မျိုးမရိုးရအောင် ကြိုးစား စားခဲ့သည်ချည်း။ ညဘက်များတော့ မိသားစု အဆိုအက ဖြေဖျော်ပွဲ ပြီးတော့ ပျောက်ကွယ်လုနီးပါး သံချပ်ထိုးပွဲ မိုး..မိုးလား မောင်တို့ လေ…လေလားမောင်တို့က နေစလိုက်တာ စက်ရုံက အကြီးအကဲတွေကို စချင်စ ပြောင်ချင်ပြောင်ကြသည့် ပွဲ။ စိတ်ဆိုးရလည်း ခက်သည်မို့ အားလုံးက ဟဲဟဲနဲ့ မချိသွားဖြဲလေးတွေဖြစ်နေ။ ခုတော့ ဘယ်အရာမှ မရှိတော့။
အမှတ်တရအဖြစ်ဆုံးက မန်းသင်္ကြန်တွေ။ ဦးလေးတွေ ရှိတဲ့ မန္တလေးမှာ သုံးလေးနှစ်လောက်တော့ ပျော်ခဲ့ဖူးသည်လေ။ နန်းဆန်တဲ့ မန်းသင်္ကြန်ပွဲက အကြိုနေ့ ညနေက စသည်။ ကျုံးဘေးမှာ ကွေးနေအောင်ကသည့် မင်းသမီးတွေကို တမေ့တမော ငေးရသည်။ နင့်မေကလွှား လွှတ်လှတာပါလားဆိုသည့် တောကဦးရီးတွေ အသံက အားရစရာ။ မနက် ခြောက်နာရီကနေ ထပြီး ကျုံးဘေးမှာ တန်းစီနေကြ။ ကျုံးတစ်ဖက်ပြည့်ဖို့အရေး တကယ့်ကို အကြာကြီး။ ဗိုက်ဆာပြီဆို အပြင်ထွက် မန္တလေးတောင်ခြေက နန်းကြီးသုတ်စားပြီး ဘုရားတွေကြားမှာ နားတတ်သည်။ ဒါမှမဟုတ်ရင်တော့ ဦးပိန်တံတားအောက် မယ်ဇယ်ပင်တွေကြားမှာ အကြော်စားရင်းနားသည်လည်း ရှိသည်။ ထို့ထက်ပိုရင်တော့ ပြင်ဦးလွင်ကို တက် လမ်းတစ်လျှောက် ပန်းပိတောက်တွေ ကြွေအောင် သီချင်းတွေ မနားတမ်းဆိုပြီး တက်ကြပြန်သေးသည်။ အင်း မန်းသင်္ကြန်နဲ့ဝေးသည်လည်း ကြာခဲ့ပြီကော…
ရန်ကုန်မှာကျောင်းတက်ပြန်တော့။ ကျောင်းပြီးမှသည် ရန်ကုန်သင်္ကြန်နဲ့ တွေ့ထိရသည်။ ကျောင်းပိတ်ရက်တိုင်း အိမ်ပြန်ရသည်မို့။ မှတ်မှတ်ရရ နှစ်ခါသာ လည်လိုက်ရသည်။ ပထမအခေါက်က အစ်ကိုတွေနဲ့။ နောက်ဆုံးအခေါက်က သူငယ်ချင်းနှစ်ယောက်နဲ့။ စိုင်းစိုင်းဆိုပြီး လူကြီးတွေထအခုန် သံတန်းပေါ်က မစ်ကီလေးပြုတ်ကျတာ သတိမထားမိ။ စိုင်းစိုင်းမဏ္ဍပ်ကျော်မှ မစ်ကီလေးကို အစကပြန်ရှာရတယ်။ အဲ့လောက်ထိ။ ပြီးတော့ ပီးရေ မျက်မှန်သတိထား ဆိုပြီး သတိပေးတဲ့ အန်ကယ်ယောတစ်ယောက် သူ့မျက်မှန် ကျတော့မှ ဟောဗျာ ကွဲသွားပြီဆိုတဲ့ အဖြစ်ကိုလည်း အမှတ်ရမိပြန်ရော။
အလုပ်ထဲဝင်ပြီးနောက်ပိုင်းမှာတော့ သင်္ကြန်ရက်တိုင်း အသံနဲ့ပဲကျေနပ်နေရတဲ့အဖြစ်။ အပြင်မှာ တန်းစီစောင့်နေတဲ့ customer တွေ စတိုကလူတွေရဲ့ request တွေ planner ရဲ့ အစီအစဉ်တွေကြားမှာ လုံးချာလည်ရင်း ကုန်ဆုံးခဲ့သည်ချည်း။
ချစ်တဲ့မြေကို ကျောခိုင်းပြီးတော့ကော မနှစ်က သင်္ကြန်ဆိုတာ ဘာမှန်းမသိလိုက်။ ဆရာလေးကျောင်းမှာ စတုဒိသာစားလိုက်တာကလွဲလို့ သင်္ကြန်ဆိုတဲ့ အထိမ်းအမှတ်ဘာမှ မရှိခဲ့။ အသက်ပဲကြီးလာလို့လေလား အပျော်အပါးတွေကလည်း ဝေးကွာနေပြန်တယ်။
အခုလည်း အသံတွေကြားနေပြန်ပြီ စည်သံဗျောသံညံလေတဲ့ပွဲ။ လေထဲမှာ လွင့်နေတယ်။ လေထဲမှာ ပွင့်နေတဲ့ ပိတောက်တွေနဲ့ လွမ်းနေ ဆွေးနေ ရပေဦးတော့မည်လေ……….
အိုဘယ့် သင်္ကြန်
အလွမ်းပြေ သင်္ကြန်မိုး သီချင်းလေးတွေ တင်ထားပေးပါတယ်ဗျာ။
ဒီနေ့သင်္ကြန်ကို လွမ်းစေတဲ့ တရားခံကတော့ ချင်းတွင်းက ကိုကေအမ်တီရဲ့ ချင်းတွင်းသင်္ကြန် ကြောင့်ပါခင်ဗျာ…
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
8 comments:
ရှာပုံတော်မင်းသားကြီး..
ဘလောဂ့်တကာ ရောက်ခဲ့သည်
သင်္ကြန်အကြောင်းလေးများ ရေးထားကြရင်..
ဖတ်ချင်ပါသည်..
သီချင်းဆိုသွားသည်..ဒန် တန့် တန်
လင်းဒီိပ က ကနေတယ် ဆိုတော့ ဒီကလည်းလိုက်ကပေးလိုက်တယ် ဒိန်..တိန် တိန်...
လိုက်ခဲ့လေ မန်းသင်္ကြန်.. ကရအောင်လို့...
ဟယ် သင်္ကြန်ကျတော့ မှာလား... မနွှဲတာတောင် ကြာလှပေါ့... ဟိုးအရင်က ညဘက် မဏ္ဍပ်တွေကို လိုက်ကြည့်ရတာ အရမ်းပျော်စရာကောင်းတယ်
ထပ်တူလွမ်းသွားပါတယ်.......။
သင်္ကြန်ကအဝေးကြီးကျန်သေးတယ် သူကကြိုလွမ်းနေပါလားကွဲ့း)
သင်္ကြန်အမှတ်တရသိပ်မရှိဘူး သင်္ကြန်ရက်ဆို ဈေးရောင်းကောင်းတော့ဆိုင်မှာစားပွဲဝိုင်းထိုးနေရတာနဲ့
ပဲ ကုန်ဆုံခဲ့တာများလွန်းလို့ ။
ပြီးတော့ ပီးရေ မျက်မှန်သတိထား
မျက်မှန်လေးနဲ့လား..ဟိဟိ
(စုံထောက်ကြီးလာသွားသည်)
သင်္ကြန်ရနံ့ကို ရှူရှိုက်သွားပါတယ်။ ဘ၀ရဲ့အစိတ်အပိုင်းတိုင်းမှာ ပြန်ရေးစရာ အတွေ့အကြုံတွေနဲ့ ပြည့်နေတာကို အားကျမိပါတယ်။
သင်္ကြန်ကို ပြန်လွမ်းသွားတယ် အရေးအသားလေးက ငယ်ကနေ ခုထိကို တိုပေမယ့် ထိ၂မိရှိတယ်
အသက်ပဲ ကြီးလာလို့ လေလား အပျော်အပါးတွေက ဝေးကွာနေပြန်တယ်ဆိုတဲ့ စာ ဖတ်မိတော့ ပါးပါးလေး ပြုံးမိတယ် (စိတ်သာ အဓိကတဲ့ဗျ)
Post a Comment